အခန်း ၂၉
ပါတီပွဲအားလုံးကို ဘုရားသခင် ကြိုက်သလား
ကလေးတို့ ပါတီပွဲ တက်ချင်ကြသလား။— ပါတီပွဲတွေဟာ ပျော်စရာ သိပ်ကောင်းနိုင်တယ်။ ကြီးမြတ်တဲ့ဆရာက တို့တစ်တွေကို ပါတီပွဲ တက်စေချင်တယ်လို့ ထင်သလား။— ပါတီပွဲလို့ ခေါ်နိုင်တဲ့ မင်္ဂလာဆောင်ပွဲတစ်ခုကို ယေရှုကိုယ်တိုင် တက်ခဲ့တယ်။ ယေရှုနဲ့အတူ တပည့်တချို့လည်း တက်ခဲ့တယ်။ ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်တာမို့ သင့်မြတ်လျော်ကန်တဲ့ ပါတီပွဲမျိုးမှာ ပျော်မွေ့ကြတာကို ဘုရားသခင် ကြိုက်ပါတယ်။—၁ တိမောသေ ၁:၁၁။ ယောဟန် ၂:၁-၁၁။
ဒီစာအုပ်ရဲ့ စာမျက်နှာ ၂၉ မှာ အစ္စရေးလူမျိုး ဖြတ်သွားဖို့ ပင်လယ်နီကို ယေဟောဝါ ခွဲလိုက်တဲ့အကြောင်း ပြောထားတယ်။ အဲဒီအကြောင်း ဖတ်ခဲ့တာကို မှတ်မိသေးသလား။— ပင်လယ်နီကို ဖြတ်ပြီးနောက်မှာ အစ္စရေးလူမျိုးဟာ သီဆိုကခုန်ပြီး ယေဟောဝါရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခဲ့ကြတယ်။ ပါတီပွဲ တစ်ခုလိုပါပဲ။ လူတွေက သိပ်ပျော်ကြတယ်။ ဘုရားသခင်လည်း ပျော်မယ်ဆိုတာ သေချာတယ်။—ထွက်မြောက်ရာ ၁၅:၁၊ ၂၀၊ ၂၁။
နှစ်ပေါင်း ၄၀ နီးပါးလောက် ကြာတော့ အစ္စရေးလူမျိုးဟာ တခြား ပါတီပွဲကြီးတစ်ခုကို သွားတက်ကြတယ်။ ဒီတစ်ခါ သူတို့ကို ဖိတ်တဲ့ လူမျိုးဟာ ယေဟောဝါကိုတောင် ကိုးကွယ်ကြတာ မဟုတ်ဘူး။ တကယ်ဆိုရင် အဲဒီလူမျိုးဟာ တခြား နတ်ဘုရားတွေကို ကိုးကွယ်တဲ့အပြင် ကိုယ်နဲ့ လက်မထပ်ထားတဲ့ လူတွေနဲ့လည်း လိင်ဆက်ဆံကြတယ်။ ဒီလိုမျိုး ပါတီပွဲကို သွားသင့်တယ်လို့ ထင်သလား။— ဒီလိုသွားတာကို ယေဟောဝါ မကြိုက်လို့ အစ္စရေးလူမျိုးကို ဒဏ်ခတ်ခဲ့တယ်။—တောလည်ရာ ၂၅:၁-၉။ ၁ ကောရိန္သု ၁၀:၈။
ကျမ်းစာမှာ မွေးနေ့ပါတီပွဲ နှစ်ခုအကြောင်းလည်း ပြောထားတယ်။ အဲဒီထဲကတစ်ခုဟာ ကြီးမြတ်တဲ့ဆရာရဲ့ မွေးနေ့အတွက် ကျင်းပတာလား။— မဟုတ်ဘူး။ မွေးနေ့ပါတီပွဲ နှစ်ခုစလုံးဟာ ယေဟောဝါကို ဝတ်မပြုတဲ့ လူတွေအတွက် ကျင်းပတာ။ တစ်ခုက ဘုရင် ဟေရုဒ် အန္တိပအတွက် မွေးနေ့ပွဲ။ ဟေရုဒ် အန္တိပဟာ ဂါလိလဲနယ်မှာ ယေရှု နေထိုင်တုန်းက အဲဒီနယ်ကို အုပ်ချုပ်တဲ့မင်း ဖြစ်တယ်။
ဟေရုဒ်ဘုရင်ဟာ မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။ သူ့ညီရဲ့မိန်းမကို သိမ်းပိုက်တယ်။ အဲဒီမိန်းမရဲ့ နာမည်က ဟေရောဒိ လို့ခေါ်တယ်။ ဘုရားသခင်ကို ကိုးကွယ်တဲ့ နှစ်ခြင်းဆရာ ယောဟန်က အဲဒီလိုလုပ်တာဟာ မကောင်းဘူးဆိုပြီး ဟေရုဒ်ကို ပြောတယ်။ ဟေရုဒ်က ယောဟန် ပြောတာကို မကြိုက်ဘူး။ ဒါကြောင့် ယောဟန်ကို ထောင်ထဲမှာ ချုပ်ထားလိုက်တယ်။—လုကာ ၃:၁၉၊ ၂၀။
ယောဟန် ထောင်ထဲမှာ ရှိနေတုန်း ဟေရုဒ်ရဲ့ မွေးနေ့ပွဲ ကျင်းပမယ့်နေ့ ရောက်လာတယ်။ ဟေရုဒ်လည်း ပါတီပွဲ အကြီးအကျယ် လုပ်တာပေါ့။ ပြီးတော့ လူကုံထံတွေ အများကြီး ဖိတ်တယ်။ ဒါနဲ့ စားကြ၊ သောက်ကြ၊ ပျော်ပါးကြတာပေါ့။ အဲဒီအခါ ဟေရောဒိရဲ့ သမီးက ထွက်လာပြီး ကပြဖျော်ဖြေတယ်။ သူကတာကို လူတိုင်း သဘောကျကြတယ်။ ဟေရုဒ်ဘုရင်လည်း သိပ်သဘောကျတာနဲ့ အထူးဆုကြီးတစ်ခု ပေးချင်စိတ် ပေါက်လာတယ်။ ဒါနဲ့ “ဘာပဲတောင်းတောင်း နိုင်ငံတစ်ဝက်အထိ ငါပေးမယ်” ဆိုပြီး အဲဒီမိန်းကလေးကို ပြောလိုက်တယ်။
သူ ဘာတောင်းမလဲ။ ငွေလား။ အဝတ်အစား လှလှလေးတွေလား။ ကိုယ်ပိုင်နန်းတော် တစ်ဆောင်လား။ မိန်းကလေးက ဘာတောင်းရမှန်း မသိဘူး။ ဒါနဲ့ သူ့အမေ ဟေရောဒိဆီသွားပြီး “ဘာတောင်းရင် ကောင်းမလဲ” ဆိုပြီး မေးတယ်။
ဟေရောဒိဟာ နှစ်ခြင်းဆရာ ယောဟန်ကို သိပ်မုန်းတယ်။ ဒါကြောင့် သမီးကို ယောဟန်ရဲ့ခေါင်း တောင်းခိုင်းလိုက်တယ်ကွဲ့။ မိန်းကလေးကလည်း ဘုရင်ဆီ ပြန်သွားပြီး “နှစ်ခြင်းပေးသူ ယောဟန်ရဲ့ခေါင်းကို အခုပဲ လင်ပန်းထဲ ထည့်ပေးစေချင်ပါတယ်” ဆိုပြီး တောင်းလိုက်တယ်။
ဟေရုဒ်ဘုရင်က ယောဟန်ဟာ သူတော်ကောင်းဖြစ်မှန်း သိတဲ့အတွက် ယောဟန်ကို မသတ်ချင်ဘူး။ ဒါပေမဲ့ ကတိပေးပြီးသား ဖြစ်နေပြီလေ။ ပြီးတော့ သူစိတ်ပြောင်းလိုက်ရင် ပါတီပွဲတက်တဲ့လူတွေက သူ့ကို ဘယ်လို ထင်မလဲဆိုတာကို စိုးရိမ်တယ်။ ဒါကြောင့် လူတစ်ယောက်ကို ထောင်ထဲလွှတ်ပြီး ယောဟန်ရဲ့ခေါင်းကို ဖြတ်ခိုင်းလိုက်တယ်။ မကြာမီ အဲဒီလူ ပြန်ရောက်လာတယ်။ ယောဟန်ရဲ့ခေါင်းကို လင်ပန်းနဲ့ ယူလာပြီး မိန်းကလေးကို ပေးလိုက်တယ်။ မိန်းကလေးကလည်း သူ့အမေကို သွားပေးလိုက်တယ်။—မာကု ၆:၁၇-၂၉။
ကျမ်းစာ ပြောတဲ့ မွေးနေ့ပါတီပွဲ နောက်တစ်ခုလည်း ဒီ့ထက်ပိုပြီး မကောင်းပါဘူး။ အီဂျစ်ဘုရင်တစ်ပါးရဲ့ မွေးနေ့ပါတီပွဲပါ။ အဲဒီပါတီပွဲမှာလည်း ရှင်ဘုရင်က လူတစ်ယောက်ရဲ့ခေါင်းကို ဖြတ်ခဲ့တယ်။ ပြီးတော့ အဲဒီလူကို ငှက်တွေစားဖို့ တိုင်မှာ ချိတ်ထားလိုက်တယ်။ (ကမ္ဘာဦး ) ဒီပါတီပွဲနှစ်ခုကို ဘုရားသခင် သဘောကျမယ်လို့ ကလေးတို့ ထင်သလား။— အဲဒီလိုပွဲတွေမှာ ပါဝင်ချင်ကြသလား။— ၄၀:၁၉-၂၂
ကျမ်းစာမှာ ရေးထားသမျှဟာ သူ့အကြောင်းရင်းနဲ့သူ ရှိတယ်။ မွေးနေ့ပါတီပွဲ နှစ်ခုအကြောင်းပဲ ဖော်ပြထားတယ်။ ပြီးတော့ နှစ်ခုစလုံးမှာ ပါတီပွဲရဲ့ အစိတ်အပိုင်းအနေနဲ့ မကောင်းမှုတွေ လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် မွေးနေ့ပါတီပွဲတွေ အကြောင်းနဲ့ပတ်သက်ပြီး ဘုရားသခင်က တို့တစ်တွေကို ဘာပြောပြနေတယ်လို့ ကလေးတို့ ပြောမလဲ။ ဘုရားသခင်က တို့တစ်တွေကိုလည်း မွေးနေ့ပွဲတွေ ကျင်းပစေချင်သလား။—
ဒီကနေ့ အဲဒီလိုပါတီပွဲတွေမှာ လူတွေရဲ့ခေါင်းကို မဖြတ်တာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မွေးနေ့ပါတီလုပ်တဲ့ ဒီအယူအဆဟာ မှန်တဲ့ဘုရားသခင်ကို မကိုးကွယ်တဲ့ လူတွေဆီက စခဲ့တာပါ။ ကျမ်းစာထဲမှာ ဖော်ပြထားတဲ့ မွေးနေ့ပွဲတွေနဲ့ပတ်သက်ပြီး ကက်သလစ် စွယ်စုံကျမ်းက ဒီလိုဆိုထားတယ်– “အပြစ်သားများသာ . . . ၎င်းတို့ မွေးဖွားသည့်နေ့တွင် ပျော်ပွဲရွှင်ပွဲ ခမ်းခမ်းနားနား ကျင်းပကြသည်။” တို့တစ်တွေလည်း အဲဒီအပြစ်သားတွေလို လိုက်လုပ်ချင်သလား။—
ကြီးမြတ်တဲ့ဆရာကော ဘယ်လိုလဲ။ သူ့မွေးနေ့ပွဲကို ကျင်းပခဲ့သလား။— မကျင်းပဘူးကွဲ့။ ကျမ်းစာက ယေရှုရဲ့ မွေးနေ့ပါတီပွဲအကြောင်း ဘာမှ ပြောမထားဘူး။ တကယ်ဆိုရင် ယေရှုရဲ့ စောစောပိုင်းက တပည့်တွေဟာ ယေရှုရဲ့မွေးနေ့ပွဲကို မကျင်းပခဲ့ကြဘူး။ နောက်ပိုင်းမှ လူတွေက ယေရှုရဲ့မွေးနေ့ပွဲ ကျင်းပဖို့ ဒီဇင်ဘာလ ၂၅ ရက်ကို ဘာဖြစ်လို့ ရွေးချယ်ခဲ့တယ်ဆိုတာ ကလေးတို့ သိကြသလား။—
အဲဒီနေ့ကို ရွေးရတာကတော့ ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း ပြောတဲ့အတိုင်း “ထိုနေ့သည် ရောမတို့၏ လယ်ယာစိုက်ပျိုးမှု နတ်ဘုရား၏ အထိမ်းအမှတ်ပွဲ ဖြစ်သည့်အပြင် ရောမလူမျိုးသည် ထိုနေ့တွင် နေ၏မွေးနေ့ပွဲကို ကျင်းပကြသည်။” လက်စသတ်တော့ လူတွေက တိတ္ထိတွေရဲ့ အားလပ်ရက်ကို ယေရှုရဲ့ မွေးနေ့အဖြစ် ရွေးချယ်ပြီး ပွဲလုပ်ကြတာကိုး။
ယေရှုဟာ ဒီဇင်ဘာလထဲမှာ မွေးတာ မဖြစ်နိုင်ဘူးဆိုတာ ကလေးတို့ သိသလား။— ယေရှုမွေးတုန်းက သိုးထိန်းတွေဟာ ညအခါ ကွင်းပြင်မှာ သိုးကျောင်းနေကြတယ်လို့ ကျမ်းစာက ဆိုထားလို့ပဲ။ (လုကာ ၂:၈-၁၂) ဒီဇင်ဘာလလို ချမ်းကလည်း ချမ်း၊ မိုးကလည်းရွာတဲ့ အချိန်အခါမျိုးမှာ သိုးထိန်းတွေဟာ ကွင်းပြင်မှာ ရှိနေကြမှာ မဟုတ်ဘူး။
ခရစ္စမတ်နေ့ဟာ ယေရှုရဲ့မွေးနေ့ မဟုတ်ဘူးဆိုတာ လူတော်တော်များများ သိကြတယ်။ ပြီးတော့ တိတ္ထိတွေက အဲဒီနေ့မှာ ဘုရားသခင် မကြိုက်တဲ့ပွဲ ကျင်းပကြတယ် ဆိုတာကိုတောင် သိကြတယ်။ ဒါပေမဲ့ ခရစ္စမတ်ပွဲကို ဆက်လုပ်ကြတယ်။ သူတို့ဟာ ဘုရားသခင် ကြိုက်သလား၊ မကြိုက်ဘူးလား ဆိုတာထက် ပါတီပွဲမှာ ပျော်ဖို့လောက်ပဲ စဉ်းစားကြတယ်။ ဒါပေမဲ့ တို့တစ်တွေကျတော့ ဘုရားသခင် ကြိုက်တာကိုပဲ လုပ်ချင်ကြတယ်၊ ဟုတ်တယ် မဟုတ်လား။—
ဒီတော့ ပါတီပွဲတစ်ခု လုပ်တော့မယ်ဆိုရင် ဘုရားသခင် ကြိုက်သလား၊ မကြိုက်ဘူးလားဆိုတာ သေသေချာချာ အရင်သိထားဖို့ လိုမယ်နော်။ တစ်နှစ်အတွင်း ဘယ်ရက်မှာမဆို လုပ်နိုင်တယ်။ နေ့ထူးနေ့မြတ်တစ်ခုကို စောင့်နေစရာ မလိုဘူး။ အထူးချက်ပြုတ်တဲ့ အစားအစာကို စားနိုင်သလို ပျော်ရွှင်စရာတွေ ကစားနိုင်တယ်။ အဲဒီလိုလုပ်တာ ကြိုက်သလား။— ကလေးတို့ရဲ့ မိဘကို ပြောပြပြီး သူတို့အကူအညီနဲ့ ပါတီပွဲ လုပ်ဖို့ စီစဉ်နိုင်တယ်။ ဒါဆိုရင် သိပ်ပျော်စရာ ကောင်းမှာပဲ၊ ဟုတ်တယ် မဟုတ်လား။— ဒါပေမဲ့ ပါတီပွဲအတွက် အစီအစဉ် မလုပ်ခင်မှာ ဘုရားသခင် ကြိုက်သလား၊ မကြိုက်ဘူးလား ဆိုတာ သိအောင် လုပ်ရမယ်။
ဘုရားသခင် ကြိုက်တာကို အမြဲတမ်း လုပ်ဖို့ အရေးကြီးတဲ့အကြောင်းကို ပညာအလိမ္မာ ၁၂:၂။ ယောဟန် ၈:၂၉။ ရောမ ၁၂:၂။ ၁ ယောဟန် ၃:၂၂ တို့မှာလည်း ဖော်ပြထားတယ်။