မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာကြောင့် မုန်းတီးမှု သံသရာ လည်​နေသလဲ

ဘာကြောင့် မုန်းတီးမှု သံသရာ လည်​နေသလဲ

ကမ္ဘာ​ပေါ်မှာ ဘာကြောင့် အမုန်း​သံသရာ လည်​နေသလဲ။ အကြောင်းရင်းကို သိဖို့ မုန်းတီးမှု​ဆိုတာ ဘာလဲ၊ လူတွေ ဘာကြောင့် မုန်း​ကြသလဲ၊ မုန်းတီးမှု ဘယ်လို ပျံ့နှံ့​သွား​သလဲ​ဆိုတာ နားလည်​ဖို့ လိုတယ်။

မုန်းတီးမှု​ဆိုတာ ဘာလဲ

မုန်းတီးမှု​ဆိုတာ လူတစ်ယောက်၊ အုပ်စု​တစ်စု​ကို အလွန်အမင်း မနှစ်မြို့​တာ၊ ရန်လိုစိတ် ပြင်းထန်​တာ ဖြစ်တယ်။ အဲဒါက တစ်ခဏ​လောက် ဒေါသ​ထွက်​တာ​ပဲ မဟုတ်ဘူး။

မုန်းတီးတဲ့​စိတ် ဘယ်လို ဝင်လာသလဲ

အကြောင်း​အမျိုးမျိုး​ကြောင့် လူတွေမှာ မုန်းတီးစိတ် ဝင်​လာတယ်။ သူတို့ရဲ့ လုပ်ရပ်​ကြောင့် မဟုတ်ဘဲ လူမျိုးတစ်မျိုး၊ လူတန်းစား​တစ်ရပ် ဖြစ်နေ​လို့ မုန်းတီး​ကြတယ်။ သူတို့က ဆိုးတယ်၊ အန္တရာယ်​ပေး​နိုင်တယ်၊ ဘယ်တော့မှ လူကောင်း​ ဖြစ်လာ​မှာ မဟုတ်ဘူးလို့ သတ်မှတ်ပြီး မုန်းတီး​ကြတယ်။ နိမ့်ကျ​သူတွေ၊ ဒုက္ခ​ပေး​သူတွေ၊ ပြဿနာကောင်​တွေ​အဖြစ် သူတို့ကို ရှုမြင်​ကြတယ်။ အမုန်း​ခံရ​တဲ့​သူတွေဟာ အကြမ်းဖက်​ခံရ၊ မတရား​ဆက်ဆံခံရ၊ အနိုင်ကျင့်​ခံရ​လို့ ရန်လိုစိတ် အမြစ်စွဲ​သွားတယ်။

မုန်းတီးမှု ဘယ်လို ပျံ့နှံ့​သွား​သလဲ

တစ်ခါ​တ​လေ လူတွေဟာ ကိုယ်​မတွေ့ဖူး​တဲ့သူတွေကို​တောင် မုန်း​ကြတယ်။ ဥပမာ၊ လူမျိုးတစ်မျိုး၊ အုပ်စု​တစ်စု​အပေါ်​ထား​တဲ့ ကိုယ့်​မိသားစု၊ မိတ်ဆွေ​တွေ​ရဲ့ သဘောထား​က ကိုယ့်ကို လွှမ်းမိုး​နိုင်တယ်။ အဲဒီလိုနဲ့ သဘောထား ကူးစက်​ပြီး မုန်းတီးမှု အလွယ်တကူ ပျံ့နှံ့​သွားနိုင်တယ်။

မုန်းတီးမှု​က အလွယ်တကူ ကူးစက်​တယ်​ဆိုတာ သိရတဲ့အခါ တခြား​သူတွေကို မုန်းတဲ့​သူ ဘာကြောင့် ဒီလောက်​ များ​တယ်​ဆိုတာ နားလည်​လာတယ်။ ဒါပေမဲ့ ကမ္ဘာ​ပေါ်​က မုန်းတီးမှု သံသရာ​ကို ချေဖျက်​ဖို့ မုန်းတီးမှု အစပြု​ခဲ့​ပုံ​ကို သိဖို့​လိုတယ်။ အဲဒီ​အကြောင်းကို သမ္မာကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။

မုန်းတီးမှု​ရဲ့ အစ​ကို ကျမ်းစာ​မှာ ဖော်ပြ​ထား

မုန်းတီးမှု​ဟာ လူသားတွေ​ကနေ အစပြု​တာ မဟုတ်ဘူး။ ကောင်းကင်​မှာ စာတန်​မာရ်နတ်လို့ ခေါ်​တဲ့ ကောင်းကင်တမန်​က ဘုရားသခင်​ကို ပုန်ကန်​တဲ့​အချိန်မှာ မုန်းတီးမှု အစပြု​ခဲ့တယ်။ မာရ်နတ်ဟာ ပုန်ကန်မှု “စ​ကတည်းက လူ့​အသက် သတ်​တဲ့​သူပဲ။” “မုသား​ပြောသူ၊ မုသားရဲ့​ အဖ” ဖြစ်လို့ အခုထက်ထိ မုန်းတီးမှု​နဲ့ ရန်လိုမှု​ကို ဆက်​အားပေး​အား​မြှောက် လုပ်​နေတုန်းပဲ။ (ယောဟန် ၈:၄၄။ ၁ ယောဟန် ၃:၁၁၊ ၁၂) ကျမ်းစာ​မှာ မာရ်နတ်ကို မလို​တ​မာ​စိတ်​ရှိသူ၊ ဒေါသကြီး​သူ​အဖြစ် ဖော်ပြ​ထား​တယ်။—ယောဘ ၂:၇။ ဗျာဒိတ် ၁၂:၉၊ ၁၂၊ ၁၇

မစုံလင်​တဲ့​သူတွေဟာ အလွယ်တကူ မုန်းတီး​တတ်တယ်။ ပထမ​လူသား အာဒံဟာ စာတန်​ရဲ့ အပြစ်​လမ်းစဉ်​နောက် လိုက်ခဲ့​တယ်။ ဒါ​ကြောင့် လူသား​အားလုံး​ဟာ အပြစ်နဲ့ မစုံလင်မှုကို အမွေ​ရခဲ့တယ်။ (ရောမ ၅:၁၂) အာဒံရဲ့ သားဦး ကာအိနဟာ ညီအာဗေလ​ကို မုန်းတဲ့​စိတ်​နဲ့ သတ်​ခဲ့တယ်။ (၁ ယောဟန် ၃:၁၂) လူ​အတော်များများမှာ မေတ္တာနဲ့ ထောက်ထား​စာနာမှု ရှိကြတာ​တော့ မှန်ပါတယ်။ ဒါပေမဲ့ အပြစ်ကို အမွေ​ရထားလို့ လူများစွာဟာ အတ္တကြီး​တယ်၊ မနာလို​ဖြစ်တယ်၊ မာနကြီး​ကြတယ်။ ဒါကြောင့် မုန်းတီးမှု ဖြစ်ပေါ်​လာတယ်။—၂ တိမောသေ ၃:၁-၅

သဘောထား​ သေးသိမ်​မှု​က မုန်းတီးစိတ်​ကို ဖြစ်ပေါ်​စေတယ်။ အကြင်နာ​မဲ့တဲ့၊ ထိခိုက်​နစ်နာ​စေ​တဲ့ သဘောထားတွေ၊ လုပ်ရပ်တွေကြောင့် ကမ္ဘာ​ပေါ်မှာ မုန်းတီးမှု​တွေ ပို​များ​လာတယ်။ သဘောထား​ သေးသိမ်၊ မလိုမုန်းထား၊ စော်ကား​တဲ့ အပြောအဆို၊ အနိုင်ကျင့်​ဗိုလ်ကျ၊ ဖျက်​လို​ဖျက်ဆီးမှု​တွေ များနေ​တာ​က တစ်လောက​လုံး​ဟာ ဆိုးညစ်သူ စာတန်​ မာရ်နတ်ရဲ့ ဩဇာ​အောက်မှာ ရှိနေလို့ပဲ။—၁ ယောဟန် ၅:၁၉

ကျမ်းစာ​မှာ မုန်းတီးမှု​ရဲ့ အစ​ကို​သာမက ဖြေရှင်း​နည်းကို​ပါ ဖော်ပြ​ထား​တယ်။