မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေ​တဲ့​လမ်း

မျှော်လင့်ချက် ရှိခြင်း

မျှော်လင့်ချက် ရှိခြင်း

“မင်း​တို့​ကို ငြိမ်သက်​အေးချမ်း​စေချင်တယ်။ ဘေးဆိုး မ​ကြုံ​စေချင်ဘူး။ မင်း​တို့ မျှော်လင့်​တဲ့ အနာဂတ်​မျိုး ပေးချင်​တယ်။”​ယေရမိ ၂၉:၁၁

“လူ​ဆိုတာ မျှော်လင့်ချက်​နဲ့ အသက်ရှင်​တာပါ။ ကူ​ကယ်​ရာ​မဲ့​ခြင်း၊ အထီးကျန်​ခြင်း၊ ကြောက်ရွံ့ခြင်း ခံစားချက်တွေ​အတွက် မျှော်လင့်ချက်​ဟာ အကောင်းဆုံး​ဆေးတစ်ခွက် ဖြစ်တယ်” လို့ Hope in the Age of Anxiety စာအုပ်​မှာ ဖော်ပြထားတယ်။

မျှော်လင့်ချက် ရှိ​ဖို့ လိုအပ်​ကြောင်း၊ မှားယွင်းတဲ့ မျှော်လင့်ချက် မထား​သင့်​ကြောင်း ကျမ်းစာမှာ သတိပေး​ထားတယ်။ ဆာလံ ၁၄၆:၃ မှာ “မက​ယ်​တင်​နိုင်တဲ့ အုပ်စိုးရှင်​ကို၊ မက​ယ်​တင်​နိုင်တဲ့​လူ​ကို မကိုးစား​ကြ​နဲ့” လို့ ဖော်ပြထားတယ်။ ကျွန်တော်တို့ကို ကယ်တင်​ဖို့ လူ​ကို ကိုးစား​မယ့်အစား ကတိ​အားလုံးကို ပြည့်စုံစေနိုင်စွမ်း​ရှိတဲ့ ဖန်ဆင်းရှင်ကို ကိုးစား​သင့်တယ်။ ကျွန်တော်တို့ကို ဘယ်လို ကတိပေး​ထားသလဲ။ အောက်ပါ​အချက်တွေကို သုံးသပ်ကြည့်ပါ–

ဆိုးသွမ်းမှု အဆုံးတိုင်​မယ်။ ဖြောင့်မတ်သူတွေ တည်မြဲ​တဲ့​ငြိမ်သက်မှု ခံစား​ကြ​မယ်။ “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ . . . စိတ်နူးညံ့​သူတွေက​တော့ ကမ္ဘာမြေ​ကို ပိုင်ဆိုင်​ရ​လိမ့်မယ်။ များပြား​လှတဲ့ ငြိမ်သက်ခြင်း​ကြောင့် ပျော်ရွှင်​ကြည်နူး​ရ​လိမ့်မယ်။” (ဆာလံ ၃၇:၁၀၊ ၁၁) “ဖြောင့်မတ်သူတွေ​ဟာ ကမ္ဘာမြေ​ကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရ​လိမ့်မယ်” လို့ ဆာလံ ၃၇:၂၉ မှာ ဖော်ပြထားတယ်။

စစ်မှု မရှိတော့​ဘူး။ “ယေဟောဝါ . . . က မြေ​တစ်ခွင်​လုံးမှာ စစ်မှုကို ငြိမ်း​စေတယ်။ လေး​တွေကို ချိုး​ပြီး လှံ​တွေကို အပိုင်း​ပိုင်းဖြတ်ပစ်​တယ်။ စစ်မြင်းရထား​တွေကို မီးရှို့​ပစ်​တယ်။”—ဆာလံ ၄၆:၈၊ ၉

ဆင်းရဲဒုက္ခ၊ ဖျားနာခြင်း၊ သေခြင်း မရှိတော့​ဘူး။ “ဘုရား​သခင်​က သူတို့ရဲ့ မျက်ရည်ရှိသမျှ​ကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း​ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်း​တာ၊ အော်ဟစ်​တာ၊ နာကျင်​တာ​တွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က​ဖြစ်​ဖူး​တာ​တွေ ကွယ်ပျောက်​သွား​ပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄

အစားအသောက် ပေါများ​မယ်။ “ကောက်နှံ​တွေဟာ မြေ​ပေါ်မှာ တောင်​ပုံ​ရာ​ပုံ ရှိနေ​လိမ့်မယ်။ တောင်ပေါ်​မှာ ဖွေးဖွေးလှုပ်​နေ​လိမ့်မယ်။”—ဆာလံ ၇၂:၁၆

ခရစ်တော်ရဲ့ နိုင်ငံ၊ တရားမျှတ​တဲ့ ကမ္ဘာ့အစိုးရတစ်ခု။ “သူ [ယေရှု​ခရစ်] က အုပ်ချုပ်ခွင့်​အာဏာ၊ ဂုဏ်ကျက်သရေ​နဲ့ နိုင်ငံ​တစ်ခုကို ရတယ်။ ဒါကြောင့် ဘာသာစကား အမျိုးမျိုး​ပြောတဲ့ လူမျိုးအပေါင်း​ဟာ သူ့​ဆီမှာ အမှုထမ်း​ကြ​တယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်​အာဏာ​ဟာ မ​ကွယ်ပျောက်​ဘဲ ထာဝစဉ် တည်တံ့​လိမ့်မယ်။ သူ့​နိုင်ငံ​ဟာ ပျက်စီး​မှာ မဟုတ်ဘူး။”—ဒံယေလ ၇:၁၄

အဲဒီ​ကတိ​တွေကို ဘယ်လို ယုံကြည်​စိတ်ချ​နိုင်သလဲ။ ယေရှု ကမ္ဘာ​ပေါ် ရှိ​စဉ်​က မင်းလောင်း​အဖြစ် အရည်အချင်း ပြည့်မီ​ကြောင်း လူသိရှင်ကြား ဖော်ပြခဲ့တယ်။ ဖျားနာသူ​တွေကို ရောဂါ​ပျောက်ကင်း​စေတယ်။ ဆင်းရဲ​သား​တွေကို ကျွေးမွေး​တယ်။ လူသေ​တွေကို အသက်ပြန်ရှင်​စေခဲ့တယ်။ ပို​အရေးကြီးတာက​တော့ ယေရှုရဲ့ သွန်သင်ချက်​တွေပဲ။ သင့်မြတ်​စည်းလုံးစွာ အတူ​ယှဉ်တွဲ​နေထိုင်​နိုင်တဲ့ အခြေခံ​မူတွေ သင်ပေးတယ်။ နောက်ဆုံး​ကာလ​နိမိတ်​တွေ အပါအဝင် အနာဂတ်​ဖြစ်ရပ်​တွေကိုလည်း ကြိုဟော​ခဲ့တယ်။

မုန်တိုင်း​ပြီးရင် လေပြေ​လာမယ်

နောက်ဆုံး​ကာလမှာ ငြိမ်သက်မှုနဲ့ လုံခြုံမှု မရှိဘဲ ဆန့်ကျင်ဘက် ဖြစ်မယ်​လို့ ယေရှု ကြိုဟော​ခဲ့တယ်။ “လောက​စနစ်​နိဂုံးပိုင်း” နိမိတ်​တွေမှာ နိုင်ငံတကာ စစ်ပွဲ၊ အစာခေါင်းပါး​မှု၊ ကပ်ရောဂါ၊ ငလျင်ကြီး​တွေ ပါဝင်တယ်။ (မဿဲ ၂၄:၃၊ ၇။ လုကာ ၂၁:၁၀၊ ၁၁။ ဗျာဒိတ် ၆:၃-၈) “မတရားမှုတွေ များသည်​ထက် များ​လာတဲ့အတွက် လူအတော်များများ​ဟာ မေတ္တာတရား ခေါင်းပါး​လာ​လိမ့်မယ်” လို့လည်း ယေရှု ပြောခဲ့တယ်။—မဿဲ ၂၄:၁၂

မေတ္တာ​ခေါင်းပါး​မှု​ကို နည်း​အမျိုးမျိုး​နဲ့ တွေ့ရတယ်။ ကျမ်း​ရေးသူ​နောက်​တစ်​ဦး​ကလည်း ဒီ​အကြောင်း အတိအကျ ကြိုဟော​ခဲ့တယ်။ “နောက်ဆုံး​ကာလ” မှာ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်၊ ငွေ၊ အပျော်အပါး​ကို​ပဲ အလေးထား​ကြ​မယ်လို့ ၂ တိမောသေ ၃:၁-၅ မှာ ဖော်ပြထားတယ်။ မောက်မာ​ကြ​မယ်။ ကြမ်းကြုတ်​ကြ​မယ်။ မိသားစု​တွေမှာ ချစ်ခင်တွယ်တာ​စိတ် မရှိ​ကြဘူး။ သားသမီး​တွေ မိဘ​စကား နားမထောင်​ကြဘူး။ ဘုရားတရား ကြည်ညိုဟန်​ဆောင်​သူတွေ များကြ​မယ်။

မုန်တိုင်း​နဲ့​တူ​တဲ့ အခြေအနေ​တွေ​က နောက်ဆုံး​ကာလ ရောက်နေ​ပြီ​ဖြစ်ကြောင်း အတည်ပြု​တယ်။ ဘုရား​နိုင်ငံ​တော်​အုပ်ချုပ်မှု လေပြေ​လာ​တော့မယ်​ဆိုတာကိုလည်း ဖော်ပြတယ်။ နောက်ဆုံး​ကာလ​နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်​ထဲမှာ ဒီ​အာမခံချက်​လည်း ပါတယ်– “လူမျိုး​အားလုံး​အတွက် သက်သေ​ဖြစ်စေဖို့ နိုင်ငံ​တော်​သတင်းကောင်းကို လူ​နေထိုင်​ရာ မြေ​တစ်ခွင်​လုံးမှာ ဟောပြော​ရ​လိမ့်မယ်။ ပြီးမှ အဆုံး​ရောက်လာ​လိမ့်မယ်။”—မဿဲ ၂၄:၁၄

ဒီ​သတင်းကောင်း​ဟာ လူဆိုးတွေ​အတွက် သတိပေးချက် ဖြစ်ပြီး ဖြောင့်မတ်သူတွေ​ကိုတော့ မျှော်လင့်ချက် ပေးတယ်။ ကတိ​ပေးထားတဲ့​အတိုင်း ကောင်းချီးတွေ တကယ်​ခံစားရ​တော့မယ်​ဆိုတာ စိတ်ချ​စေတယ်။ အဲဒီ​ကောင်းချီးတွေ​အကြောင်း ထပ်​သိချင်​ပါသလား။ ဒါဆိုရင် ဒီမဂ္ဂဇင်း​ကျောဘက်​ကို ကြည့်ပါ။