“အန္တရာယ်များတဲ့ အားကစားနည်းများ” ကစားသင့်သလား
သမ္မာကျမ်းစာရှုထောင့်
“အန္တရာယ်များတဲ့ အားကစားနည်းများ” ကစားသင့်သလား
“ အရင်တုန်းကတော့ လူတွေဟာ လေထီးခုန်တာ၊ တောင်ပေါ်ကနေ ခုန်ချတာ၊ ရေတံခွန်တွေမှာ လှေလှော်တာ၊ ငါးမန်းတွေရှိတဲ့ နေရာတွေဆီ ဒိုင်ဗင်ထိုးချတာတွေကို ဘေးကနေ ထိုင်ကြည့်ခဲ့ကြပေမဲ့ အခုတော့ ကိုယ်တိုင်လုပ်သူတွေ များသည်ထက် များလာပြီ။”—ဝီးလိုးဂလန်းမြို့ သတင်းစာ။
ဒီသတင်းက အားကစားကို လူတွေ ပိုစိတ်ဝင်စားလာတယ်ဆိုတာ ဖော်ပြတယ်။ လေဟုန်စီးတာ၊ ရေခဲတောင် တက်တာ၊ လေထီးခုန်တာ၊ အမြင့်ကနေ ခုန်ချတာတွေ * ခေတ်စားလာတာက အန္တရာယ်များတဲ့ အားကစားနည်းတွေကို လူတွေ နှစ်သက်စွဲလမ်းလာမှန်း ဖော်ပြတယ်။ နှင်းလျှောစီးတဲ့ ဘုတ်တွေ၊ တောင်တက် စက်ဘီးတွေ၊ စကိတ်စီးဖိနစ်တွေကို အသုံးပြုပြီး အမြင့်ဆုံးတောင်စွန်းတွေကနေ ခုန်ချပြီး သာမန်လူ မလုပ်နိုင်တဲ့ လုပ်ရပ်တွေ လုပ်ကြတယ်။ တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြတဲ့အတိုင်း “စနေ၊ တနင်္ဂနွေမှ အားကစားလုပ်သူတွေနဲ့ ကြေးစား အားကစားသမားတွေဟာ စိတ်လှုပ်ရှားမှုကို ခံစားချင်လို့ သူတို့ရဲ့စွမ်းရည်ကို အသုံးချပြီး အန္တရာယ်များတဲ့၊ သာမန်ထက်လွန်ကဲတဲ့ အားကစားနည်းတွေကို ကစားကြတယ်။”
ဒါ့အပြင် အဲဒီကစားနည်းတွေက ကိုယ့်ကိုလည်း ထိခိုက်နစ်နာစေတယ်။ အားကစားနည်းတွေက ပျော်စရာကောင်းပေမဲ့ အန္တရာယ်များတဲ့နည်းနဲ့ ကစားလို့ လူတွေ ထိခိုက်ဒဏ်ရာ ရကြတယ်။ ၁၉၉၇ ခုနှစ်အတွင်းမှာ စကိတ်ဘုတ်ကြောင့် ၃၃ ရာခိုင်နှုန်း၊ နှင်းလျှောစီးဘုတ်ကြောင့် ၃၁ ရာခိုင်နှုန်း၊ တောင်တက်တဲ့အတွက်ကြောင့် ၂၀ ရာခိုင်နှုန်း ထိခိုက်ဒဏ်ရာရပြီး အမေရိကန်နိုင်ငံ အရေးပေါ်ဌာနတွေကို ရောက်လာကြတယ်။ အန္တရာယ်များတဲ့ တခြားအားကစားနည်းတွေကြောင့် အသက် ဆုံးရှုံးသူ အရေအတွက် ပိုများလာတယ်။ အဲဒီအားကစားနည်းတွေကို ကြိုက်နှစ်သက်သူတွေဟာ အန္တရာယ်ကို မြင်ကြတယ်။ အန္တရာယ်များတဲ့ နှင်းလျှောစီးစကီး အားကစားမှာ ပါဝင်တဲ့ အမျိုးသမီးတစ်ယောက်က “ဒီတစ်ခါ ငါ သေရင် သေသွားနိုင်တယ်လို့ အမြဲ တွေးနေမိတယ်” ဆိုပြီး ပြောတယ်။ ကြေးစား နှင်းလျှောဘုတ် ပြိုင်ပွဲဝင်သူတစ်ယောက်ကတော့ “ဒဏ်ရာမရဘူးဆိုရင် ကြိုးစားအားထုတ်မှု နည်းသေးလို့ပဲ” ဆိုပြီး ပြောတယ်။
အဲဒီအချက်တွေကြောင့် အန္တရာယ်များတဲ့ အားကစားနည်းတွေကို ခရစ်ယာန်တွေ ဘယ်လို ရှုမြင်သင့်သလဲ။ အဲဒီအားကစားနည်းတွေကို ကစားသင့် မသင့် ဆုံးဖြတ်တဲ့အခါ ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ။ အသက်နဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကနေ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိနိုင်တယ်။
အသက်နဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်
ယေဟောဝါဘုရားဟာ “အသက်ရဲ့ပင်ရင်း” လို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၃၆:၉) လူသားတွေကို ဖန်ဆင်းလိုက်ရုံ မဟုတ်ဘဲ ဘဝကို ပျော်မွေ့ဖို့ လိုအပ်တာတွေ ဂရုတစိုက် ဖြည့်ဆည်းပေးထားတယ်။ (ဆာလံ ၁၃၉:၁၄။ တမန်တော် ၁၄:၁၆၊ ၁၇။ ၁၇:၂၄-၂၈) ဒါကြောင့် ဘုရားက မိမိ မေတ္တာနဲ့ပေးထားတာတွေကို တန်ဖိုးထားဖို့ မျှော်လင့်တာ ကျိုးကြောင်းညီညွတ်ပါတယ်။ ဘုရားရဲ့ အဲဒီသဘောထားကို အစ္စရေးတွေ ရထားတဲ့ ပညတ်တွေ၊ မူတွေမှာ တွေ့နိုင်တယ်။
တခြားသူရဲ့အသက်ကို တန်ဖိုးထားဖို့ မောရှေပညတ်က တောင်းဆိုတယ်။ အဲဒီပညတ်ကို မလိုက်နာလို့ ကိုယ့်ကြောင့် တစ်ယောက်ယောက် သေသွားရင် လူသတ်မှု ကျူးလွန်ရာရောက်တယ်။ ဥပမာ၊ အိမ်ဆောက်တဲ့အခါ အိမ်မိုးပတ်လည်မှာ အကာအရံ လုပ်ဖို့ မိန့်မှာထားတယ်။ အဲဒီလို မလုပ်လို့ တစ်ယောက်ယောက်က အိမ်မိုးပေါ်က ပြုတ်ကျပြီး သေသွားရင် အိမ်ရှင်က လူသတ်မှု ကျူးလွန်တာပဲ။ (တရားဟောရာ ၂၂:၈) အမှတ်မထင် နွားခွေ့ခံရလို့ တစ်ယောက်ယောက် သေသွားရင် နွားပိုင်ရှင်မှာ တာဝန်မရှိဘူး။ ဒါပေမဲ့ နွားက ခွေ့တတ်မှန်း ပိုင်ရှင်ကို သတိပေးထားပါလျက်နဲ့ နွားကို မချည်ထားတဲ့အတွက် လူကို ခွေ့သတ်မိရင် ပိုင်ရှင်ကို လူသတ်မှုကျူးလွန်တဲ့အတွက် သေဒဏ်ပေးရမယ်။ (ထွက်မြောက်ရာ ၂၁:၂၈၊ ၂၉) အသက်ကို ယေဟောဝါ တန်ဖိုးထားတဲ့အတွက် အသက်ကို ကာကွယ်စောင့်ရှောက်ဖို့ ပညတ်တရားက အလေးပေး ဖော်ပြတယ်။
အဲဒီမူတွေက အသက်အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေနဲ့လည်း သက်ဆိုင်မှန်း ဘုရားရဲ့သစ္စာရှိ ကျေးကျွန်တွေ နားလည်တယ်။ ကျမ်းစာမှတ်တမ်းတစ်ခုမှာ ဒါဝိဒ်က “ဘက်သလီဟင်မြို့ တံခါးနားမှာရှိတဲ့ ရေလှောင်ကန်ထဲက ရေကို သောက်ချင်လိုက်တာ” လို့ တောင့်တပြီး ပြောတယ်။ အဲဒီအချိန်မှာ ဘက်သလီဟင်မြို့က ဖိလိတိလူတွေ လက်အောက်ရောက်နေတယ်။ ဒါဝိဒ်ရဲ့ဆန္ဒကို သူရဲကောင်းသုံးယောက် ကြားတဲ့အခါ ဖိလိတိတပ်ကို ထိုးဖောက်ပြီး ဘက်သလီဟင်မြို့ တံခါးနားမှာရှိတဲ့ ရေလှောင်ကန်ထဲက ရေကို ခပ်ယူလာတယ်။ အဲဒါကို ဒါဝိဒ် ဘယ်လို တုံ့ပြန်သလဲ။ ဒါဝိဒ်က မသောက်ဘဲ ယေဟောဝါရှေ့မှာ သွန်ချလိုက်ပြီး ဒီလို ပြောတယ်– “ဘုရားသခင်ရဲ့ရှုထောင့်ကနေ ကြည့်ရင် ဒီရေကိုသောက်ဖို့ ကျွန်တော် စဉ်းတောင် မစဉ်းစားဝံ့ပါဘူး။ သူတို့က အသက်ကို ရင်းပြီး ဒီရေကို ယူလာခဲ့တာ။ အဲဒီလို အသက်ကိုရင်းပြီး စွန့်စားခဲ့သူတွေရဲ့ သွေးကို ငါမသောက်ဘူး။” (၁ ရာဇဝင်ချုပ် ၁၁:၁၇-၁၉) မိမိရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ သူတို့ အသက်ကို စွန့်စားတယ်လို့ ဒါဝိဒ် သဘောထားခဲ့တယ်။
ယေရှုလည်း အဲဒီလိုပဲ တုံ့ပြန်ခဲ့တယ်။ ရူပါရုံတစ်ခုမှာ မာရ်နတ်က ယေရှုကို ဗိမာန်တော် အမိုးပေါ်ကနေ ခုန်ချလိုက်ပါ။ ကောင်းကင်တမန်တွေ ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်။ ယေရှုက “ယေဟောဝါ ဘုရားကို အကဲမစမ်းရ” ဆိုပြီး ပြန်ဖြေတယ်။ (မဿဲ ၄:၅-၇) မလိုအပ်ဘဲ စွန့်စားတာကို မှားတယ်လို့ ယေဟောဝါ ရှုမြင်မှန်း ဒါဝိဒ်ကော ယေရှုပါ အသိအမှတ်ပြုတယ်။
အဲဒီနမူနာတွေကို မှတ်သားပြီး ဒီလို စဉ်းစားနိုင်တယ်– ‘ဘယ်အားကစားနည်းတွေကို အသက်အန္တရာယ်ရှိတယ်လို့ ယူမှတ်မလဲ။ အန္တရာယ်မရှိတဲ့ ရိုးရိုး အားကစားနည်း ဖြစ်ရင်တောင် ဘယ်အတိုင်းအတာထိ ကစားရင် အစွန်းရောက်သွားနိုင်မှန်း ဘယ်လို ဆုံးဖြတ်မလဲ။’
ထိခိုက်ဒဏ်ရာရဖို့ တန်ရဲ့လား
ကိုယ်ကစားချင်တဲ့ အားကစားနည်းကို အကဲဖြတ်ပြီး ဆုံးဖြတ်ပါ။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးနိုင်တယ်– ‘ဒီအားကစားနည်းကြောင့် ဘယ်နှယောက် ထိခိုက်ဒဏ်ရာ ရသွားသလဲ။ ထိခိုက်ဒဏ်ရာ မရအောင် လေ့ကျင့်မှု ခံထားသလား၊ ဒဏ်ရာမရအောင် လိုအပ်တဲ့ အကာအကွယ်တွေ ရှိသလား။ လဲသွားရင်၊ အချိန်အဆမှားပြီး ခုန်မိရင်၊ အကာအကွယ်ပစ္စည်း ကျွတ်သွားရင် ဘာဖြစ်နိုင်သလဲ။ ဒဏ်ရာ အသေးအမွှားလောက်ပဲရနိုင်သလား ဒါမှမဟုတ် ကြီးမားတဲ့ ဒဏ်ရာရနိုင်သလား၊ အသက်တောင် ဆုံးရှုံးသွားနိုင်သလား။
အပန်းဖြေရာမှာ မလိုအပ်ဘဲ စွန့်စားတာက ယေဟောဝါနဲ့ အဖိုးတန်ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ အသင်းတော်မှာ အခွင့်ထူးရနိုင်တဲ့ အလားအလာတွေကိုလည်း ဆုံးရှုံးသွားနိုင်တယ်။ (၁ တိမောသေ ၃:၂၊ ၈-၁၀။ ၄:၁၂။ တိတု ၂:၆-၈) အပန်းဖြေဖို့ အားကစားလုပ်တဲ့အခါ အသက်ရဲ့ မြင့်မြတ်မှုနဲ့ပတ်သက်တဲ့ ဖန်ဆင်းရှင်ရဲ့ အမြင်ကို ထည့်စဉ်းစားသင့်နေတယ်ဆိုတာ ရှင်းနေပါတယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 အမြင့်ဆိုတာ အဆောက်အဦ၊ ဆက်သွယ်ရေး ဧရိယာတိုင်၊ တံတား၊ တောင်စွန်းကို ဆိုလိုတယ်။ အဲဒီကစားနည်းတွေက အန္တရာယ်များလွန်းလို့ အမေရိကန် အမျိုးသားဥယျာဉ်က တားမြစ်ထားတယ်။