မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ​ကို ယုံကြည်​စိတ်ချ​ရသည့် အကြောင်းရင်း​များ

၂။ ပွင့်လင်း​ရိုးသားမှု

၂။ ပွင့်လင်း​ရိုးသားမှု

ယုံကြည်​စိတ်ချမှု​သည် ပွင့်လင်း​ရိုးသားမှု​အပေါ် အခြေပြု​သည်။ ပွင့်လင်း​ရိုးသား​သူ​အဖြစ် နာမည်​ကောင်း​ရှိ​ထား​သူ​တစ်ဦး​သည် သင်၏​ယုံကြည်​စိတ်ချမှု​ကို ရနိုင်​သော်လည်း ၎င်း​သည် သင့်​အား တစ်ကြိမ်​သာ လိမ်ညာ​လိုက်ပါ​က သင်၏​ယုံကြည်​စိတ်ချမှု​ကို ဆုံးရှုံး​ရ​ပေမည်။

ကျမ်း​ရေးသူ​များသည် ပွင့်လင်း​ရိုးသား​သူများ​ဖြစ်​ကြသည်။ ၎င်းတို့၏​အရေးအသား​များသည် ယုံကြည်​စိတ်ချ​ရ​ကြောင်း ၎င်းတို့၏​ပွင့်လင်း​ရိုးသားမှု​က အထင်အရှား​ဖော်ပြ​သည်။

အားနည်းချက်များ။

ကျမ်း​ရေးသူ​များသည် မိမိတို့၏​အားနည်းချက်များ​ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ​ဝန်ခံခဲ့​ကြ​၏။ မောရှေ​သည် မိမိ​အမှား​ပြု​မိ​သဖြင့် ဆိုးရွား​သော​အကျိုးဆက်များ ခံစား​ခဲ့​ရ​ကြောင်း ပြောပြ​သည်။ (တောလည်ရာ ၂၀:၇-၁၃) အာသပ်​သည် တစ်ချိန်​တွင် လူဆိုးများ​၏​ဘဝ ကောင်းစား​နေသည်​ကို မနာလို​ဖြစ်​မိ​ကြောင်း ရှင်းပြ​ခဲ့​၏။ (ဆာလံ ၇၃:၁-၁၄) ယောန​သည် မနာခံ​ခဲ့​ကြောင်း၊ နောင်တ​ရသော​အပြစ်သား​များ​အပေါ် ဘုရားသခင် သနား​ကြင်နာ​မှု​ပြ​သောအခါ အစပိုင်း​တွင် မိမိ​၌ အပျက်သဘောထား​ရှိခဲ့​ကြောင်း ၎င်း​က​ပြောပြ​၏။ (ယောန ၁:၁-၃; ၃:၁၀; ၄:၁-၃) မဿဲ​သည် ယေရှု​အဖမ်းခံရ​သည့်​ည​တွင် မိမိ​ကိုယ်​လွတ်​ရုန်းထွက်​ပြေး​ခဲ့​ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြ​သည်။—မဿဲ ၂၆:၅၆

ဟေဗြဲ​ကျမ်းစောင်​များ​ကို ရေးသားခဲ့​သူတို့သည် မိမိတို့​အမျိုးသားချင်း​များ​၏ ထပ်ခါတလဲ​လဲ ညည်းတွား​မြည်တမ်း​မှု​နှင့် ပုန်ကန်မှု​တို့ကို ထုတ်ဖော်​ရေးသားခဲ့​ကြ​၏။ (၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆) အဆိုပါ​ကျမ်း​ရေးသူ​တို့သည် မိမိတို့​တိုင်းပြည်​၏ အုပ်စိုးရှင်​များ​အကြောင်းကို​ပင် မချန်​ဘဲ ရေးသားခဲ့​ကြ​လေ​သည်။ (ယေဇကျေလ ၃၄:၁-၁၀) တမန်​တော်​များ​၏​စာ​များ​တွင်​လည်း တာဝန်​ရှိ​သူများ​အပါအဝင် ခရစ်ယာန်​တစ်ဦးချင်း​စီ​နှင့် အေဒီ​ပထမ​ရာစု​ရှိ အသင်းတော်​တချို့ တွေ့ကြုံ​ခဲ့​ရသည့် ကြီး​လေး​သော​ပြဿနာ​များ​ကို ပွင့်ပွင့်လင်းလင်း တင်ပြ​ထား​ကြသည်။—၁ ကောရိန္သု ၁:၁၀-၁၃; ၂ တိမောသေ ၂:၁၆-၁၈; ၄:၁၀

ယောန​ကဲ့သို့​သော ကျမ်း​ရေးသူ​တို့သည် မိမိတို့၏​အမှား​များ​ကို မှတ်တမ်းတင်​ခဲ့​ကြ

မနှစ်မြို့ဖွယ်​ရာ အမှန်တရား။

ကျမ်း​ရေးသူ​တို့သည် စိတ်​အနှောင့်အယှက်​ဖြစ်စေ​သော အမှန်တရား​ဟု တချို့​ယူဆ​ကောင်း​ယူဆကြ​မည့်​အရာ​ကို ဖုံးကွယ်​ဖို့ မကြိုးစား​ခဲ့​ကြ​ချေ။ ပထမ​ရာစု​ခရစ်ယာန်​များသည် လောက​၏​ချီးမွမ်းမှု​ကို ခံရ​မည့်​အစား စဉ်းစားဉာဏ်​မဲ့​သူ၊ ယုတ်ညံ့​သူ​အဖြစ် အထင်အမြင်​သေး​ခံရ​ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့​ကြသည်။ (၁ ကောရိန္သု ၁: ၂၆-၂၉) ယေရှု၏​တမန်​တော်​များသည် “ပညာတတ်​များ​မဟုတ်၊ သာမန်​လူများ” သာ​ဖြစ်သည်ဟု ရှုမြင်​ခံရ​ကြောင်း ကျမ်း​ရေးသူ​များ​က ဖော်ပြ​ခဲ့​ကြသည်။—တမန်​တော် ၄:၁၃က​ဘ။

ခရစ်ဝင်​ကျမ်း​ရေးသူ​များသည် ယေရှုကို ပို​၍​အထင်ကြီး​စေရန် အဖြစ်မှန်​များ​ကို လို​ရာ​ဆွဲ​၍​မပြောခဲ့​ကြ​ချေ။ ယင်းအစား ယေရှုသည် အလုပ်သမား​လူတန်းစား​မိသားစုတွင် နိမ့်ကျသော​အခြေအနေ​ဖြင့် မွေးဖွား​လာ​ခဲ့​ကြောင်း၊ သူ့​ခေတ်​က နာမည်ကြီး​ကျောင်း​များ​တွင် စာ​မသင်​ခဲ့​ရ​ကြောင်း၊ သို့​နှင့် ကိုယ်တော်​၏​တရားကို နားထောင်သူ​အများစုက လက်မခံခဲ့​ကြ​ကြောင်း ရိုးသား​ပွင့်လင်း​စွာ ဖော်ပြ​ခဲ့​ကြသည်။—မဿဲ ၂၇:၂၅; လုကာ ၂:၄-၇; ယောဟန် ၇:၁၅

ကျမ်းစာ​ကို ပွင့်လင်း​ရိုးသား​သူများ​က ရေးသားခဲ့​ကြောင်း လုံလောက်​သော အထောက်အထား​များ​ကို သမ္မာကျမ်းစာ​က​ဖော်ပြ​သည်​မှာ ရှင်းနေပါသည်။ ၎င်းတို့၏​ပွင့်လင်း​ရိုးသားမှု​ကြောင့် သမ္မာကျမ်းစာ​ကို သင်​ယုံကြည်​စိတ်ချ​နိုင်​သည် မဟုတ်ပေ​လော။