မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ​ကို ယုံကြည်​စိတ်ချ​ရသည့် အကြောင်းရင်း​များ

၁။ သမိုင်း​ဆိုင်ရာ တိကျ​မှန်ကန်မှု

၁။ သမိုင်း​ဆိုင်ရာ တိကျ​မှန်ကန်မှု

တိကျ​မှန်ကန်​စွာ မဖော်​ပြ​ထား​သည့် စာအုပ်​တစ်အုပ်​ကို ယုံကြည်​စိတ်ချ​ရန် ခဲယဉ်း​ပေမည်။ ဒုတိယ​ကမ္ဘာ​စစ်သည် ၁၈၀၀ ပြည့်လွန်​နှစ်များ​တွင် ဖြစ်ပွား​ခဲ့​သည်၊ အမေရိကန်​သမ္မတ​ကို ဘုရင်​ဟု​ခေါ်​သည်​ဟူ၍ ဖော်ပြ​ထားသော ခေတ်​သစ်​သမိုင်း​စာအုပ်​တစ်အုပ်​ကို ဖတ်ရှု​နေသည်​ဟု တွေးကြည့်​လိုက်ပါ။ ယင်း​သို့​သော မမှန်မကန်​ဖော်ပြချက်များ​ကြောင့် ဤ​စာအုပ်​တစ်အုပ်လုံး​အပေါ် ယုံကြည်​စိတ်ချ​ရ​မှု​နှင့်​ပတ်သက်​၍ သင့်​စိတ်ထဲ​တွင် မေးစရာ​မေးခွန်းများ ပေါ်ပေါက်​လာပေမည်။

သမ္မာကျမ်းစာ​၏ သမိုင်း​ဆိုင်ရာ တိကျ​မှန်ကန်မှု​နှင့်​ပတ်သက်သော အငြင်းပွားမှု​တွင် အောင်မြင်​ခဲ့​ဖူး​သူ​မရှိ​ချေ။ သမ္မာကျမ်းစာ​သည် အမှန်တကယ်​ရှိခဲ့​သော​လူ​ပုဂ္ဂိုလ်​များ၊ ဖြစ်ရပ်မှန်များ​အကြောင်းကို​သာ ဖော်ပြ​၏။

လူ​ပုဂ္ဂိုလ်​များ။

ယေရှု​အား နှက်တိုင်​တင်​သတ်​ရန် ထုတ်ပေး​ခဲ့​သည့် ယုဒ​နယ်​၏ ရောမ​ဘုရင်ခံ ပုန္တိပိလတ် သက်ရှိ​ထင်ရှား​ရှိခဲ့​မှု​ကို သမ္မာကျမ်းစာ​ဝေဖန်ရေး​သမားများ​က သံသယဝင်​ခဲ့​ကြ​၏။ (မဿဲ ၂၇:၁-၂၆) ပိလတ်​သည် တစ်ချိန်​တစ်ခါ​က ယုဒနယ်ကို အုပ်စိုး​ခဲ့​သူ​ဖြစ်​ကြောင်း အထောက်အထားကို ၁၉၆၁ ခုနှစ်​တွင် မြေထဲပင်လယ် စီ​စ​ရီ​အာ​ဆိပ်ကမ်း​မြို့၌ တွေ့ရှိ​ခဲ့​သည့် ထုံး​ကျောက်စာ  တွင် တွေ့​နိုင်​ပါ​သည်။

အစ္စရေး​ဘုရင်​ဖြစ်လာ​သည့် ရဲစွမ်းသတ္တိ​ရှိ သိုး​ကျောင်းသား​လေး ဒါဝိဒ်​၏ သမိုင်း​ဆိုင်ရာ​တိကျ​မှန်ကန်မှု​ကို ထောက်ခံ​သည့် သာဓက​သည် ၁၉၉၃ ခုနှစ်​မတိုင်မီ​က​ဆိုလျှင် သမ္မာကျမ်းစာ​အပြင် အခြား​အထောက်အထား​မရှိ​ချေ။ သို့သော် ထို​နှစ်​၌ ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် အစ္စရေး​မြောက်ပိုင်း​တွင် ဘီစီ ကိုး​ရာစု​က ဗ​ဆော့​ကျောက်တုံး​တစ်တုံး ကို တူးဖော်​တွေ့ရှိ​ခဲ့​ကြ​၏။ ယင်း​ကျောက်တုံး​တွင် “ဒါဝိဒ်​၏​အမျိုးအနွယ်” နှင့် “အစ္စရေး​ဘုရင်” ဟူသော​စကားလုံး​များ ပါရှိကြောင်း ပညာရှင်​များ​က​ဆို​သည်။

ဖြစ်ရပ်​များ။

ပညာရှင်​များစွာ​သည် ဒါဝိဒ်​ခေတ်တွင် အစ္စရေး​လူမျိုး​နှင့် ဧဒုံ​လူမျိုး​တို့ တိုက်ပွဲ​ဆင်နွှဲ​ခဲ့​သည့် ကျမ်းစာ​မှတ်တမ်း​၏ တိကျ​မှန်ကန်မှု​ကို မကြာသေးမီ​အချိန်​က​အထိ သံသယဝင်​ခဲ့​ကြသည်။ (၂ ဓမ္မ​ရာဇဝင် ၈:၁၃၊ ၁၄) ထို​အချိန်​က ဧဒုံ​လူမျိုး​သည် သိုးထိန်း​များ​သာ​ဖြစ်​ပြီး စနစ်တကျ​ဖွဲ့စည်းထား​သော လူ့​အဖွဲ့အစည်း​ဖြစ်​မလာ​သေး​ကြောင်း၊ နောက်ပိုင်း​တွင်​လည်း အစ္စရေး​လူမျိုး​ကို ခြိမ်းခြောက်​နိုင်​သည့် စွမ်းပကား​မရှိကြောင်း ပညာရှင်​များ​က စောဒကတက်​ကြသည်။ သို့သော် မကြာသေးမီ​က တူးဖော်​တွေ့ရှိချက်​များ​အရ “သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ဧဒုံ​သည် [ယခင်​က တွေးထင်​ထား​သည်ထက်] ရာစုနှစ်​ပေါင်း​များစွာ ရှေးကျ​သည့် ရှုပ်ထွေး​သော​လူ့​အဖွဲ့အစည်း​တစ်ခု​ဖြစ်သည်” ဟု Biblical Archaeology Review ဂျာနယ်​ပါ ဆောင်းပါး​တစ်ပုဒ်​က​ဆို​သည်။

တိကျသော​ဘွဲ့​အမည်များ။

သမ္မာကျမ်းစာ​ကို ရေးသားခဲ့​သည့် ရာစု ၁၆ ခု​အတွင်း​တွင် ကမ္ဘာ​ကို​အုပ်စိုး​ခဲ့​သူ များစွာ​ရှိသည်။ အုပ်စိုးရှင်​တစ်ပါး​ကို သမ္မာကျမ်းစာ ရည်ညွှန်း​သည့်​အခါ အမြဲ​ပင် ၎င်း​၏​တိကျသော​ဘွဲ့​အမည်​ကို အသုံးပြု​သည်။ ဥပမာ၊ ဟေရုဒ်အန္တိပ​ကို “နယ်စားမင်း” ဟူ၍လည်း​ကောင်း၊ ဂါ​လျုန်​ကို “ဘုရင်ခံ” ဟူ၍လည်း​ကောင်း တိကျ​မှန်ကန်​စွာ ဖော်ပြ​ထား​သည်။ (လုကာ ၃:၁က​ဘ; တမန်​တော် ၁၈:၁၂က​ဘ) ဧဇရ ၅:၆ တွင် တာ​တ​နဲ​ကို ယူဖရေးတီး​မြစ် “အနောက်ဘက်” ပါးရှား​နယ်​၏ မြို့ဝန်​အဖြစ် ဖော်ပြ​ထား​သည်။ ဘီစီ လေး​ရာစု​ထုတ် ဒ င်္ဂါး​ပြား​တစ်ပြား​တွင် အလားတူ​ဖော်ပြချက်​တစ်ခု ပါရှိ​၏။ ယင်း​တွင် ပါးရှား​မြို့ဝန် မာ​ဇ​အပ်​စ်​ကို “မြစ်​အနောက်ဘက်” ရှိ နယ်ပယ်​ကို​အုပ်စိုးသူ​အဖြစ် ဖော်ပြ​ထား​၏။

တိကျ​မှန်ကန်မှု​သည် အသေးအဖွဲ​ဟု​ထင်​ရသော အချက်အလက်​များ​၌​ပင် အရေးပါ​၏။ အသေးအဖွဲ​ကိစ္စ​များ​၌​ပင် ကျမ်း​ရေးသူ​များ​ကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​သည်​ဆိုလျှင် ၎င်း​တို့​ရေးသားခဲ့​သော အခြား​အကြောင်းအရာများ​ကိုလည်း ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​သင့်​ပေ​သည်။