မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေကြောင်းထိန်းသိမ်းရေး သင့်အား အန္တရာယ်ကင်းရှင်းစေနိုင်ပုံ

လေကြောင်းထိန်းသိမ်းရေး သင့်အား အန္တရာယ်ကင်းရှင်းစေနိုင်ပုံ

လေကြောင်းထိန်းသိမ်းရေး သင့်အား အန္တရာယ်ကင်းရှင်းစေနိုင်ပုံ

ဖိလစ်ပိုင်မှ နိုးလော့! စာရေးသူပေးပို့သည်

လေယာဉ်ပျံသန်းနေချိန်တွင် လေယာဉ်မှူးသည် မိမိ သွားမည့်နေရာကို မည်သို့သိရသနည်းဟု သင်စဉ်းစားဖူးသလော။ ကောင်းကင်ယံတွင် ဒါဇင်နှင့်ချီသော သို့မဟုတ် ရာနှင့်ချီသောလေယာဉ်များသည် တစ်ချိန်တည်း၌ အရပ်မျက်နှာအသီးသီးသို့ ပျံသန်းနေသည်ဟု သင်စိတ်ကူးကြည့်ပါက စိုးရိမ်မိပေမည်။ မတိုက်မိအောင် သူတို့ မည်သို့ထိန်းသိမ်းကြသနည်း။

ဤမေးခွန်းများကို ခရီးသည်များ အလေးထားကြသည်မှာ သဘာဝပင်ဖြစ်၏။ သို့သော် ခရီးသည်တင်လေကြောင်းလိုင်းများဖြင့် ခရီးသွားခြင်းသည် အလွန်အန္တရာယ်ကင်းပါသည်၊ * အမှန်မှာ မော်တော်ဆိုင်ကယ် သို့မဟုတ် ကားဖြင့် ခရီးသွားသည်ထက်ပင် ပို၍အန္တရာယ်ကင်းသည်ဟု စာရင်းဇယားများက ဖော်ပြ၏။ အန္တရာယ်ကင်းရှင်းရေးအတွက် အဓိကကျသောအချက်မှာ လေကြောင်းထိန်းသိမ်းရေးစနစ်ဖြစ်သည်။

သင့်လေယာဉ်အား အန္တရာယ်ကင်းစွာ လမ်းညွှန်ခြင်း

လေယာဉ်တစ်စင်း အန္တရာယ်ကင်းစွာပျံသန်းရေးတွင် အဓိကတာဝန်ရှိသူတစ်ဦးမှာ လေယာဉ်မှူးဖြစ်သည်။ သို့သော် သူသည် မိမိပတ်ဝန်းကျင်တွင် ပျံသန်းနေသော အခြားလေယာဉ်များအား မတွေ့မြင်နိုင်သည့်၊ ၎င်းတို့ရှိနေသည်ကို မသိသည့် အချိန်အခါများစွာရှိသည်။ ဤအကြောင်းကြောင့် နိုင်ငံများစွာတွင် လေကြောင်းထိန်းသိမ်းရေးစနစ် ထားရှိသည်။ မြေပြင်အခြေစိုက်လုပ်သားများသည် လေကြောင်းထိန်းသိမ်းရေးထိန်းချုပ်မှုအောက်တွင် ပျံသန်းသော လေယာဉ်တိုင်း၏လမ်းကြောင်းကို ခြေရာခံသည်။

ကယ်လီဖိုးနီးယားတွင် လေကြောင်းထိန်းသိမ်းသူအဖြစ် ၁၃ နှစ်ကြာ အမှုထမ်းခဲ့သူ ဆမ်မြူအယ်လ်က ဤသို့ပြောသည်– “လေကြောင်းအန္တရာယ်ကင်းရှင်းရေးမှာ လေကြောင်းထိန်းသိမ်းမှုကျွမ်းကျင်သူတွေဟာ အဓိကကျတယ်။ ပထမဦးစားပေးက လေယာဉ်တွေကို လမ်းကြောင်းခွဲခြင်းဖြစ်တယ်။” လေကြောင်းကြီးကြပ်သူ မဲလ်ဘာက ဤသို့ထပ်ဆင့်ရှင်းပြသည်– “အရေးကြီးဆုံးနဲ့ အဓိကအကျဆုံးကတော့ အန္တရာယ်ကင်းရှင်းရေးဖြစ်ပေမဲ့ လေယာဉ်တွေ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ ပျံသန်းနိုင်ရေးအတွက်လည်း ကျွန်မတို့ စီမံပေးတယ်။” ထို့ကြောင့် လေယာဉ်တိုက်မှုများမဖြစ်စေရန် ကူညီပေးသည့်အပြင် လေကြောင်းထိန်းသိမ်းသူများသည် လေယာဉ်များ၏ သွားလာမှုကို ထိန်းသိမ်းရာတွင်လည်း ကူညီပေးကြသည်။

ဤအချက်များက လေယာဉ်မှူးသည် ၎င်း၏ အခန်းကျဉ်းလေးတွင် တာဝန်ထမ်းဆောင်နေစဉ် မြေပြင်ရှိ မျက်လုံးများနှင့် နားများစွာက လေယာဉ်၏သွားလာမှုကို စောင့်ကြည့်နားထောင်နေသည်ဟူသော အဓိပ္ပာယ်ဖြစ်၏။ လေယာဉ်မှူးသည် ထွက်ခွာသည့်လေဆိပ်နှင့် ဆင်းသက်သည့်လေဆိပ်မှ ထိန်းသိမ်းသူများနှင့်သာ ရေဒီယိုဖြင့် မှန်မှန်စကားပြောသည်မဟုတ်ဘဲ ကြားတွင်လည်း ထိန်းသိမ်းရေးစခန်းများစွာနှင့် ဆက်သွယ်ပြောဆိုပါသည်။

လေယာဉ်ပျံသန်းမှုနှုန်းမြင့်သော ဤခေတ်တွင် လေယာဉ်မှူးမမြင်နိုင်သေးသည့်အရာကို စောင့်ကြည့်ခြင်းသည် အလွန်ပင် အရေးကြီးလှ၏။ ဂျက်လေယာဉ်နှစ်စင်း မျက်နှာချင်းဆိုင် ပျံသန်းလာနေသည်ဟု စိတ်ကူးကြည့်ပါ။ လေယာဉ်မှူးများ အချင်းချင်း ပကတိမျက်စိဖြင့်တွေ့ မြင်ချိန်တွင် ရှောင်တိမ်းရန် စက္ကန့်ပိုင်းလောက်သာ အချိန်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် လေကြောင်းထိန်းသိမ်းသူများ၏တာဝန်မှာ ဤအခြေအနေမျိုးမဖြစ်စေရန် တားဆီးခြင်းဖြစ်သည်။ လေယာဉ်မှူးများ တစ်ဦးကိုတစ်ဦး မြင်နိုင်ရန် အချိန်များစွာလိုနေသေးချိန်၌ပင် အန္တရာယ်ကင်းသော အကွာအဝေးတွင် သီးခြားရှိနေစေရန် လေကြောင်းထိန်းသိမ်းသူတို့က ညွှန်ကြားချက်များပေးရန်ဖြစ်သည်။

သင့်လေယာဉ်ကို ခြေရာခံခြင်း

မြေပြင်အခြေစိုက် လမ်းညွှန်ရေဒီယိုအသံလွှင့်စက်များသည် လေယာဉ်များကို လမ်းညွှန်ရန် သတိပေးအချက်ပြများ ထုတ်လွှင့်ပေးသည်။ လေယာဉ်မှူးတွင် အသံလွှင့်စက်မှထုတ်လွှင့်သော သတိပေးအချက်ပြများကို ဖမ်းယူနိုင်သည့် စက်ကိရိယာများရှိပြီး ယင်းတို့က သူမည်သည့်နေရာသို့ရောက်နေသည်ကို အတိအကျဖော်ပြသည်။ အသံလွှင့်စက်များသည် သတ်မှတ်ထားသောနေရာအသီးသီးတွင် တည်ရှိကြသောကြောင့် လေယာဉ်များသည် ခရီးလမ်းဆုံးသို့ရောက်သည်အထိ တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ်ပြီး ပျံသန်းသွားသည်။ အမှန်မှာ ဤလေကြောင်းသွားလာမှုအထောက်အကူများသည် သတ်သတ်မှတ်မှတ် လေယာဉ်လမ်းကြောင်းများကို ဖန်တီးပေးသည်။

လေကြောင်းထိန်းသိမ်းသူများသည် လေယာဉ်များကို လမ်းကြောင်းများတစ်လျှောက်တွင် ခြေရာခံသည်။ လေယာဉ်မထွက်ခွာမီတွင် လေယာဉ်မှူးများသည် သူတို့ပျံသန်းမည့်လမ်းကြောင်းများကို ပြသသော လေယာဉ်လမ်းကြောင်းအစီအစဉ်တွင် စာရင်းသွင်းရသည်။ ထိန်းချုပ်သူတွင် လေယာဉ်ခရီးစဉ်စာရွက်မိတ္တူ ရှိထားသည်။ လေကြောင်းထိန်းချုပ်ရေး အရာရှိချုပ် ဆာဗေဒေါ ရာဖာအယ်က ၎င်းအသုံးဝင်ပုံကို ဤသို့ရှင်းပြသည်– “လေယာဉ်လမ်းကြောင်းတွေပေါ်မှာ ဆုံမှတ်တွေရှိတယ်။ အဲဒီနေရာတွေကို ရောက်တဲ့အခါ လေယာဉ်မှူးက ထိန်းချုပ်သူထံ သတင်းပို့ရတယ်။ အဲဒီနောက် ထိန်းချုပ်သူက လေယာဉ်ခရီးစဉ်စာရွက်ပေါ်မှာ မှတ်သားမယ်။” ယခု ထိန်းချုပ်သူ၏စိတ်တွင် ၎င်းလေယာဉ်ပျံသန်းသည့်လမ်းကြောင်း ပေါ်လာသည်။

ဤသတင်းများကို ရရှိရန် ထိန်းချုပ်သူတွင် နောက်ထပ်ကိရိယာတစ်ခုဖြစ်သော ရေဒီယိုရှိသည်။ သူသည် လေယာဉ်ရောက်ရှိနေသောနေရာကို သိရှိပြီး လေယာဉ်မှူးသည် အခြားလေယာဉ်များနှင့် အန္တရာယ်ကင်းသောအကွာအဝေးတွင်ရှိနေရန် ညွှန်ကြားချက်ရရှိမည်ဖြစ်သည်။ သာမန်အားဖြင့် ထိန်းချုပ်သူများနှင့် လေယာဉ်မှူးများတွင် ရေဒီယိုနှင့် လှိုင်းနှုန်း တစ်ခုထက်မက ရှိသည်။ တစ်ခုပျက်သွားပါက နောက်တစ်ခုကို အသုံးပြုနိုင်သည်။

ဘာသာခြားစကားပြောသည့် အပြည်ပြည်ဆိုင်ရာလေကြောင်းများနှင့် တွေ့ ကြုံရသောအခါတွင်ကော အသို့နည်း။ ဆက်သွယ်ရာတွင် အမှားမှားအယွင်းယွင်းနှင့် အန္တရာယ်ရှိသည့်အဖြစ်မျိုးကိုရှောင်ရန် နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့အစည်းသည် လေကြောင်းဆိုင်ရာ ဘုံဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားကို ရွေးချယ်ထားသည်။ ထို့ပြင် အချို့စကားလုံးများ၊ စာများနှင့် ဂဏန်းအသံထွက်များသည် ရေဒီယိုဖြင့် ပြောသည့်အခါ ဆင်တူသည်။ ထို့ကြောင့် လေယာဉ်မှူးများအား ညွှန်ကြားချက်ပေးသောအခါ အသုံးပြုသည့် စံအဖြစ်သတ်မှတ်ထားသော စကားစုများနှင့် အသံထွက်များကို ထိန်းချုပ်သူများအား သင်ကြားပေးထားသည်။ ပို၍အန္တရာယ်ကင်းရှင်းရေးအတွက် လေယာဉ်မှူးများသည် ထိန်းချုပ်သူအား တစ်စုံတစ်ရာသောညွှန်ကြားချက်များကို နောက်တစ်ခေါက်ပြန်ပြောရန် တောင်းဆိုနိုင်သည်။

လေကြောင်းထိန်းသိမ်းသူ အသုံးပြုသော နောက်ကိရိယာတစ်ခုမှာ ရေဒါဖြစ်သည်။ လေယာဉ်များအား ထိကာ ပြန်ကန်ထွက်လာသော ရေဒီယိုလှိုင်းများကို ရေဒါအင်တင်နာများက ဖမ်းယူသည်။ ထို့နောက် ထိန်းသိမ်းသူ၏ ရေဒါဖန်သားပြင်တွင် လေယာဉ်များသည် မြင်နိုင်သောအရာများ သို့မဟုတ် ပစ်မှတ်များအဖြစ် ပေါ်လာသည်။ လေယာဉ်အများစုတွင် အမျိုးအမည်ဖော်ထုတ်ကာ ရေဒါသို့ ပြန်ပို့ပေးသည့် ကူးပြောင်းကိရိယာ တပ်ဆင်ထားသည်။ ဤအချက်ပြကို ကွန်ပျူတာအချက်အလက်ဖြင့် ပေါင်းစပ်လိုက်သောအခါ ရေဒါဖန်သားပြင်တွင် လေယာဉ်ခရီးစဉ်အမှတ်၊ အမြန်နှုန်း၊ အမြင့်နှင့် လေယာဉ်အမျိုးအစားများ ပေါ်လာသည်။

ထိန်းသိမ်းသူသည် လေယာဉ်မတိုက်မိစေရန် လမ်းကြောင်းပြောင်းပေးဖို့ လိုအပ်ပါက သူ့တွင် ရွေးချယ်စရာ နည်းလမ်းများရှိသည်။ သူသည် လေယာဉ်မှူးအား (၁) ဦးတည်ရာ၊ သို့မဟုတ် လမ်းကြောင်းပြောင်းရန် ညွှန်ကြားမည်။ သို့မဟုတ် လေယာဉ်တစ်စင်းက အခြားလေယာဉ်တစ်စင်းကို မီလာပါက သူသည် (၂) အမြန်နှုန်း ပြောင်းရန် ညွှန်ကြားပေမည်။ လေယာဉ်များအား လမ်းကြောင်းခွဲရန် အသုံးများသောနည်းတစ်နည်းမှာ (၃) အမြင့်ပေ ပြောင်းသောနည်းဖြစ်သည်။

အန္တရာယ်ပိုမိုကင်းရှင်းစေရန် ထူးခြားသောအသွင်အပြင်တစ်ခုအနေဖြင့် ရေဒါစနစ်အများစုသည် အန္တရာယ်ရှိသောအခြေအနေပေါ်လာပါက ထိန်းသိမ်းသူအား အချက်ပြနိုင်သည်။ ဥပမာ၊ လေယာဉ်နှစ်စင်း အလွန်နီးကပ်လာသည်ကို ရေဒါစနစ်မှ ကြိုတင်ထောက်လှမ်းမိပါက မြင်နိုင်ကြားနိုင်သော အချက်ပြများ ပေါ်လာသည်။ ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြေပြင်နှင့်အလွန်နီးကပ်နေပုံပေါက်ပါက အခြားအချက်ပေးသံ ထွက်ပေါ်လာသည်။

သင်အန္တရာယ်ကင်းရှင်းရေးသည် အဓိက

လေကြောင်းထိန်းသိမ်းရေးစနစ် တိုးတက်ရေးအတွက် အစီအစဉ်များကို အကောင်အထည်ဖော်ပြီးဖြစ်သည်။ မြေပြင်အခြေစိုက် လေကြောင်းသွားလာရေးစနစ်သည် လေယာဉ်အား သတ်သတ်မှတ်မှတ်လမ်းကြောင်းနှင့် အမြင့်ပေကို ကန့်သတ်ပေးရန် လိုအပ်လေ့ရှိသည်။ ယင်းကြောင့် လေပိုင်နက်ကျယ်ကျယ်လိုအပ်စေပြီး ပျံသန်းမှုလမ်းကြောင်းကို ပိုရှည်စေသည်။ အနာဂတ်လေယာဉ်များသည် ကမ္ဘာ့နေရာပြစနစ်ကဲ့သို့သော ဂြိုလ်တုအခြေစိုက်စနစ်များကို ပိုမိုအားပြုလာကြလိမ့်မည်။ ယင်းသည် လေယာဉ်များ၏လမ်းကြောင်းဆွဲရာတွင် ပို၍ပြောင်းရလွယ်စေကာ သမုဒ္ဒရာများအပေါ် ဖြတ်သန်းသောလေယာဉ်များအား ပို၍ ထိန်းသိမ်းရ လွယ်ကူစေမည်။

ကျွန်ုပ်တို့၏ လေကြောင်းထိန်းသိမ်းရေးအကြောင်း အကျဉ်းချုပ်သုံးသပ်ချက်က ဖော်ပြသည့်အတိုင်း သင့်လေယာဉ် မည်သည့်နေရာသို့ ရွေ့ရှားနေသည်ကို သင့်လေယာဉ်မှူးတစ်ဦးတည်းသာ သိသည်မဟုတ်ပါ။ အမှန်မှာ အခြားသူများစွာသည် မြေပြင်ပေါ်မှနေ၍ သင့်လေယာဉ်၏သွားလာမှုကို ထိန်းချုပ်ကွပ်ကဲနေသည်။ ဤစနစ်သည် အန္တရာယ်များကို လျော့နည်းစေ၍ ပို၍ဘေးကင်းစေသည်။ ခရီးသည်တင်လေယာဉ်များ မတော်တဆမှု အလွန်နည်းပါးသည်မှာ အံ့ဩစရာမဟုတ်ပါ။

သင်သည် ခရီးသည်တစ်ဦးဖြစ်မည်ဆိုလျှင် အနည်းငယ် စိုးရိမ်ပူပန်နိုင်ပါသည်။ နောက်တစ်ကြိမ် သင်လေယာဉ်ခရီးရှည်စီးပါက လေကြောင်းထိန်းသိမ်းရေး၏ မျက်စိနှင့်နားများသည် သင်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်နေကြောင်း သတိရပါ။ စိတ်အေးလက်အေးထိုင်ချပြီး သက်သောင့်သက်သာရှိလှသော လေယာဉ်ခရီးတွင် ပျော်မွေ့ပါလေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 မကြာသေးမီတစ်နှစ်က အမေရိကန်တွင် လေကြောင်းပို့ဆောင်ရေးသည် မိုင်ပေါင်း ၆.၈ ဘီလီယံပျံသန်းခဲ့ပြီး ပျမ်းမျှအားဖြင့် ၃၃၄,၄၄၈ နာရီလျှင် တစ်ကြိမ်သာ မတော်တဆမှုဖြစ်ခဲ့သည်။

[စာမျက်နှာ ၁၄ ပါ ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သင့်လေယာဉ်ကို ခြေရာခံခြင်း

ကမ္ဘာ့နေရာပြစနစ်

လေကြောင်း ထိန်းသိမ်းရေးစနစ်

မြေပြင်အခြေစိုက်လမ်းညွှန် ရေဒီယိုအသံလွှင့်စက်များ

ရေဒီယို

ရေဒါအင်တာနာ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လေကြောင်းထိန်းသိမ်းရေးမျှော်စင်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လေကြောင်း ထိန်းသိမ်းသူများ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လေကြောင်း ထိန်းသိမ်းရေးဌာန

[Picture Credit Lines on page 15]

Tower and controllers: NASA Ames Research Center; control center: U. S. Federal Aviation Administration