မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆိုက်ဘေးရီးယား ကျား— ဆက်လက်ရှင်သန်နိုင်ပါမည်လော

ဆိုက်ဘေးရီးယား ကျား— ဆက်လက်ရှင်သန်နိုင်ပါမည်လော

ဆိုက်ဘေးရီးယား ကျား— ဆက်လက်ရှင်သန်နိုင်ပါမည်လော

ရုရှားနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ရုရှားနိုင်ငံအရှေ့ဖျားရှိ ကြည်လင်သာယာသော ဆောင်းရာသီနေ့တစ်နေ့၌ ကျားကြီးတစ်ကောင်သည် ရဟတ်ယာဉ်တစ်စင်း၏ လိုက်လံဖမ်းဆီးမှုကြောင့် တလက်လက်တောက်ပနေသော နှင်းထုများအကြား ဖြတ်ပြေးနေ၏။ ရဟတ်ယာဉ်ပေါ်မှ ရိုင်ဖယ်တစ်လက်ကိုင်ထားသော လက်ဖြောင့်သေနတ်သမားတစ်ဦး ပြူထွက်လာသောအခါ ကျားကြီးသည် သစ်ပင်တစ်ပင်ပေါ် ရုတ်တရက်ခုန်တက်လိုက်ပြီး ဟိန်းဟောက်မာန်ဖီလိုက်၏။ လက်ဖြောင့်သေနတ်သမားသည် ကျားကို ပစ်ထည့်လိုက်သည်။ ရဟတ်ယာဉ်သည် မြေပြင်ပေါ်သို့ဆင်းသက်လာပြီး စီးနင်းလိုက်ပါလာသူများက ထိမှန်ထားသော သားရဲအနားသို့ သတိနှင့်ချဉ်းကပ်လာကြသည်။

ထိုသူတို့သည် တရားမဝင် ကျားဖမ်းနေကြခြင်းလော။ မဟုတ်ပါ၊ မေ့ဆေးမြားများကို အသုံးပြု၍ သုတေသနပြုနေသူများ ဖြစ်ကြပါသည်။ ထိုသူတို့သည် ကမ္ဘာပေါ်တွင် အန္တရာယ်နှင့် ရင်ဆိုင်နေရသော တိရစ္ဆာန်တစ်မျိုးဖြစ်သည့် တွေ့ရခဲသော ဆိုက်ဘေးရီးယားကျားကို လေ့လာရန် ရောက်လာကြခြင်းဖြစ်သည်။ *

ခံ့ညားသောသတ္တဝါ

ဆိုက်ဘေးရီးယားကျားများသည် တစ်ချိန်က ကိုရီးယား၊ တရုတ်ပြည်မြောက်ပိုင်း၊ မွန်ဂိုးလီးယားနှင့် ရုရှားနိုင်ငံ အနောက်ဖျားရှိ ဘိုင်ကယ်လ်ရေအိုင်အထိ ကျက်စားခဲ့ကြသည်။ သို့သော် လွန်ခဲ့သောရာစုနှစ်တစ်လျှောက်တွင် ၎င်းတို့၏အရေအတွက်မှာ တစ်စတစ်စလျော့နည်းလာသည်။ ၎င်းတို့၏တစ်ခုတည်းသော ခိုလှုံရာနေရာမှာ ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့၏မြောက်ဘက် ဂျပန်ပင်လယ်အနီးရှိ ဝေးခေါင်လှသည့် တောင်တန်းများပင်ဖြစ်သည်။

ကျားများသည် ၎င်းတို့၏အနံ့ဖြင့် တစ်ကောင်နှင့်တစ်ကောင် မှတ်မိကြပြီး ယင်းက မိတ်လိုက်ချိန်ရောက်သောအခါ ကျားထီးများအား ကျားမများကို ရှာတွေ့စေနိုင်သည်။ ကျားသားပေါက်များသည် တစ်သားလျှင် နှစ်ကောင် သို့မဟုတ် သုံးကောင်ပေါက်ကာ မျက်စိမမြင်ဘဲ လူးလွန့်၍ ပေါက်ဖွားလာကြသည်။ ကြောင်သားပေါက်များနှင့်မတူသည့်အချက်မှာ ဆိုက်ဘေးရီးယားကျားများသည် မည်သည့်အခါမျှ မြည်သံသဲ့သဲ့မပြုတတ်ခြင်းဖြစ်သည်။ ညင်သာစွာမာန်ဖီကာ မိခင်၏နို့ရည်ကို ငါးလ သို့မဟုတ် ခြောက်လအထိ သောက်သုံးပြီးနောက် စတင်၍အသားစားကြသည်။ အစပိုင်းတွင် ၎င်းတို့၏မိခင်နှင့်အတူ အမဲလိုက်ထွက်သော်လည်း အသက် ၁၈ လတိုင်အောင် ၎င်းတို့ဘာသာ အမဲလိုက်ရန် အဆင်သင့်မဖြစ်သေးချေ။ ကျားပေါက်လေးများသည် ၎င်းတို့၏မိခင်နှင့်အတူ နှစ်နှစ်အထိနေသည်။ ထို့နောက် ထွက်ခွာသွားကာ ၎င်းတို့ကိုယ်ပိုင် ပိုင်နက်ထူထောင်ကြသည်။

အချို့သောကျားများသည် အရိုင်းဓလေ့အတိုင်း အလွန်အမင်း ကြီးထွားလာကြသည်။ ကျားထီးများသည် ပေါင် ၆၀၀ ခန့်အလေးချိန်ရှိပြီး ကိုယ်အရှည်မှာ အမြီးအပါအဝင် ဆယ်ပေကျော်သည်။ ကျားများသည် ချမ်းအေး၍ ဆီးနှင်းများကျသော ဆောင်းရာသီများတွင် ကောင်းစွာ အသက်ရှင်နေနိုင်ကြသည်။ ထူထပ်သောအမွေးများက ၎င်းတို့၏ကိုယ်ခန္ဓာကို ဖုံးအုပ်ထားပြီး ကျား၏ကြီးမားသော ခြေထောက်များတွင် အမွေးများပေါက်နေခြင်းက ၎င်းတို့အား ဆီးနှင်းများပေါ်တွင် လျှောက်သွားစေနိုင်သည်။

ဆိုက်ဘေးရီးယားကျားများ၏ လိမ္မော်ရောင်အမွေးများပေါ်တွင် နက်မှောင်သည့် အစင်းကြောင်းများရှိသည်။ လူများကို လက်ဗွေရာကခွဲခြားပေးသကဲ့သို့ ကျားများကို တစ်မူထူးစေသည့် ထိုအစင်းကြောင်းများက တစ်ကောင်နှင့်တစ်ကောင်ကို ခွဲခြားနိုင်စေသည်။ တောထဲတွင် ကျား၏ ထူးခြားသောအမှတ်အသားများနှင့် အရောင်များက တစ်ခါတစ်ရံ မလှုပ်မရှားရှိနေသည့်ကျားကို ပုံဖျက်ပေးသည်။ သို့သော် ဆောင်းရာသီ၌ ကျားသည် သစ်ပင်မရှိသည့် နေရာသို့ထွက်လာလျှင်မူ နှင်းများကြားတွင် အထင်းသားပေါ်လွင်နေသည်။ ဆောင်းရာသီတွင် ကျားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်းကြောင့် ၎င်း၏တစ်ဦးတည်းသောရန်သူဖြစ်သည့် လူသား၏လက်မှ မလွတ်မြောက်နိုင်ပါ။

ဆက်လက်ရှင်သန်ရေး ခြိမ်းခြောက်ခံနေရ

ဆိုက်ဘေးရီးယားကျားသည် အသက်ရှင်သန်ရေးအတွက် သမင်၊ ဆတ်နှင့် တောဝက်သိုးများအပါအဝင် အကောင်ကြီးသော တိရစ္ဆာန်များကို ကိုက်ဖြတ်စားသောက်ရမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သောသားကောင်များသည် ဆိုက်ဘေးရီးယားအရှေ့ပိုင်း တောရိုင်းများထဲတွင် တဖြည်းဖြည်း လျော့နည်းလာနေပြီ။ စတုရန်းမိုင် ၅၀၀ ရှိသော သစ်တောဧရိယာတစ်ခုသည် ကျား လေးငါးကောင်အတွက်သာ အစာကို အလုံအလောက်ထောက်ပံ့ပေးနိုင်ပေမည်။ ထို့ကြောင့် ဆိုက်ဘေးရီးယားကျားများသည် တောရိုင်းထဲတွင် ဆက်လက်အသက်ရှင်နိုင်ရန် နယ်မြေအကျယ်အဝန်း အလုံအလောက်ရှိရပေမည်။

ဆိုက်ဘေးရီးယား၏ ကြီးမားကျယ်ပြန့်ပြီး လူသူအရောက်အပေါက်နည်းသော သစ်တောများသည် အဆိုပါကျားများအတွက် အကောင်းဆုံးနယ်မြေဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပေပြီ။ ကြောင်မျိုးဝင် ကျားများ၏ အသက်ရှင်သန်ရေးကို အကြီးအကျယ်ခြိမ်းခြောက်နေသော လူသားများသာ ထိုသို့သောတောများသို့ သွားခဲသည်။ သို့သော် မကြာသေးမီအချိန်ကာလအတွင်း ပြည်ပမှသစ်ကုမ္ပဏီများသည် သစ်တောများထဲမှ သစ်ပင်များစွာကို ခုတ်ယူခဲ့ကြသည်။

သစ်ပင်များ ကွယ်ပျောက်သွားသကဲ့သို့ သမင်၊ ဆတ်၊ တောဝက်သိုးများသာမက ဆိုက်ဘေးရီးယားကျားများလည်း ပျောက်ကွယ်သွားသည်။ ၎င်းတို့၏အရေအတွက် ကျဆင်းလာမှုကို ရပ်တန့်သွားစေရန် ရုရှားအစိုးရသည် (the Sikhote Alin Nature Reserve ကဲ့သို့သော) ဘေးမဲ့တောများကို ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ သို့သော် ကျားများသည် အဆိုပါဘေးမဲ့တောဧရိယာများကိုကျော်၍ အပြင်ရောက်သွားသောအခါ ရှားပါးပစ္စည်းများရောင်းဝယ်သော တရားမဝင်မုဆိုးများ၏ သတ်ဖြတ်မှုကို ကြုံတွေ့ကြရသည်။ ကျားပေါက်လေးများအပါအဝင် ကျား၏သွားများ၊ ခြေသည်းလက်သည်းများ၊ အရိုးများနှင့် ကျားအရေခွံများမှာ အလွန်တန်ဖိုးကြီးလှ၏။

ကျားများကို ကယ်တင်ခြင်း

ဆိုက်ဘေးရီးယားကျားများကို ကယ်တင်ရန် ခွန်အားများစွာ စိုက်ထုတ်လာကြပြီး ဒေသခံပြည်သူများကလည်း ထိုလုပ်ငန်းတွင် ဦးစီးဦးဆောင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ကျားကောင်ရေ အနည်းငယ်တိုးတက်လာသည်။ ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့သောစာရင်းအရ ဆိုက်ဘေးရီးယားတွင် ကျားကောင်ရေ ၄၃၀ မှ ၅၄၀ အကြား ကျက်စားနေကြောင်း တွေ့ရှိခဲ့ရသည်။

အခြားတစ်ဖက်တွင်မူ ဆိုက်ဘေးရီးယားကျားများကို လှောင်အိမ်ဖြင့်မွေး၍ သားဖောက်ရာ မဆိုးလှပေ။ ကမ္ဘာတစ်ဝန်းရှိ တိရစ္ဆာန်ရုံများတွင် ဆိုက်ဘေးရီးယားကျား အကောင် ၅၀၀ ကျော်ရှိသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အချို့ကို တောထဲသို့ပြန်လွှတ်ပြီး အရေအတွက်တိုးများလာစေရန် မပြုလုပ်သနည်း။ သိပ္ပံပညာရှင်များသည် ထိုကဲ့သို့မပြုလုပ်လိုကြပေ။ သုတေသီတစ်ဦးက ဤသို့ရှင်းပြခဲ့သည်– “သူတို့ရဲ့အနာဂတ်ကို စိတ်မချရသေးဘဲနဲ့ တောရိုင်းထဲကို ပြန်လွှတ်လိုက်စရာအကြောင်းမရှိဘူး။”

ကြောင်မျိုးဝင်ကျားများအပါအဝင် သက်ရှိသတ္တဝါအားလုံးသည် ဘုရားသခင်၏ဉာဏ်ပညာနှင့် တန်ခိုးတော်၏ အထောက်အထားများဖြစ်ပြီး ကိုယ်တော်သည် ထိုအရာများကို ဂရုစိုက်စောင့်ရှောက်ထိုက်သောအရာများအဖြစ် ယူမှတ်တော်မူသည်။ (ဆာလံ ၁၀၄:၁၀၊ ၁၁၊ ၂၁၊ ၂၂) ဖန်ဆင်းရှင်၏လက်ရာတော်များကို အလွန်ကျေးဇူးတင်လေးမြတ်သူများစွာသည် ဆိုက်ဘေးရီးယားကျားများ မျိုးသုဉ်းမည့်အန္တရာယ် ဘယ်သောအခါမျှ မကြုံရတော့မည့် အချိန်ရောက်လာမည်ကို ယုံကြည်စိတ်ချထားပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ထိုဆိုက်ဘေးရီးယားကျားများကို ရုရှားအရှေ့ဖျားရှိ အာမူးရ်မြစ်ဝှမ်းတွင် အများဆုံးတွေ့ရသောကြောင့် တစ်ခါတစ်ရံ အာမူးရ်ကျားဟု ခေါ်သည်။

[စာမျက်နှာ ၁၆၊ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အကြီးဆုံးကြောင်

ခြင်္သေ့နှင့် ကျားမတို့မျိုးစပ်၍ ပေါက်ဖွားသော လိုင်းဂါး (liger) သည် ဆိုက်ဘေးရီးယားကျားထက် အရွယ်အစားပိုကြီး၏။ လိုင်းဂါးများသည် ကိုယ်အရှည် ၁၀ ပေကျော်အထိ ကြီးထွားလာနိုင်ပြီး ယင်း၏ကိုယ်အလေးချိန်မှာ ပေါင် ၁,၀၀၀ ကျော်ရှိနိုင်သည်။ လိုင်းဂါးကို တိရစ္ဆာန်ရုံများတွင် သားဖောက်မွေးမြူကြပြီး ယင်းတို့ကို တောရိုင်းထဲတွင် တွေ့ရခဲ၏။

[Picture Credit Lines on page 16]

Top: © photodisc/​age fotostock; bottom: Hobbs, courtesy Sierra Safari Zoo, Reno, NV