မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးဆောင်မှုတွေကို ငါဘယ်လို တွန်းလှန်နိုင်မလဲ

သွေးဆောင်မှုတွေကို ငါဘယ်လို တွန်းလှန်နိုင်မလဲ

လူငယ်များအမေး

သွေးဆောင်မှုတွေကို ငါဘယ်လို တွန်းလှန်နိုင်မလဲ

▪ ကာရင် ပါတီပွဲသို့ရောက်ပြီး ဆယ်မိနစ်ခန့်အကြာတွင် ယောက်ျားလေးနှစ်ဦးသည် စက္ကူအိတ်ကြီးများသယ်၍ ရောက်လာသည်ကို တွေ့လိုက်ရ၏။ ယင်းအိတ်များထဲတွင် အဘယ်အရာများပါရှိသည်ကို အလွယ်တကူသိမြင်နိုင်ပါသည်။ အစောပိုင်းလေးတွင် ထိုယောက်ျားလေးနှစ်ဦးသည် ဤပါတီပွဲတွင် “သောက်စရာအရက်များစွာ” ရှိမည်ဖြစ်ကြောင်း ပြောဆိုနေသည်ကို ကာရင် အမှတ်မထင်ကြားလိုက်၏။ သို့သော် ကာရင်သည် ဤအကြောင်းကို သူ့မိဘများအား မပြောပြခဲ့ချေ။ ယောက်ျားလေးများ နောက်ပြောင်နေခြင်းသာဖြစ်သည်ဟု မိမိဘာသာပြောနေမိသည်။ ထို့ပြင် ဤအိမ်၏တစ်နေရာရာတွင် လူကြီးအချို့ ရှိနေနိုင်သည်ဟု ယူဆရ၏။

ရုတ်တရက် ကာရင်သည် ရင်းနှီးနေသောအသံတစ်သံကို အနောက်ဘက်မှ ကြားလိုက်ရ၏။ “ဘာဖြစ်လို့ ဒီမှာ လာရပ်နေတာလဲ၊ ပွဲဖျက်သမားရဲ့။” ကာရင်သည် ဖောက်ပြီးစ ဘီယာပုလင်းနှစ်လုံးကိုင်ထားသော သူငယ်ချင်းဖြစ်သူ ဂျက်စီကာဘက်သို့ လှည့်လိုက်သည်။ ဂျက်စီကာသည် တစ်ပုလင်းကို ကာရင်၏မျက်နှာရှေ့တွင်ထားကာ “နည်းနည်းပါးပါး အပျော်အပါးရှာဖို့ နင်ငယ်သေးတယ်လို့ မပြောနဲ့” ဟုပြော လိုက်သည်။

ကာရင် ငြင်းပယ်လိုသည်။ သို့သော် သူရင်ဆိုင်နေရသောဖိအားသည် ထင်သည်ထက် ပိုအားကြီးသည်။ ယင်းသည် အရက်ယမကာမဟုတ်ချေ။ ဂျက်စီကာသည် မိမိ၏သူငယ်ချင်းဖြစ်ပြီး ၎င်းခေါ်သကဲ့သို့ ပွဲဖျက်သမားတစ်ဦး ကာရင် မဖြစ်လိုပါ။ ထို့ပြင် ဂျက်စီကာသည် မိန်းမကောင်းလေးတစ်ဦးဖြစ်၏။ ဂျက်စီကာပင် သောက်သည်ဆိုလျှင် ကာရင်လည်း အဘယ်ကြောင့် မသောက်နိုင်ရသနည်း။ ‘ဒါက ဘီယာသောက်တာပဲ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ လိင်မှုကိစ္စကျူးလွန်တာမှမဟုတ်တာ’ ဟု ကာရင်ဘာသာပြောနေမိသည်။

သင် ငယ်ရွယ်စဉ်တွင် သွေးဆောင်မှုများသည် ပုံစံအမျိုးမျိုးဖြင့်လာသည်။ မကြာခဏပင် ဆန့်ကျင်ဘက်လိင်ရှင်များ ပါဝင်ပတ်သက်လေ့ရှိသည်။ အသက် ၁၇ နှစ်ရှိ ရေမွန် * ဤသို့ပြောပြသည်– “ကျောင်းကမိန်းကလေးတွေက အတင်းအဓမ္မပဲ၊ ခင်ဗျားကို တို့ထိချင်ကြတယ်၊ ပြီးတော့ သူတို့ကို ဘယ်လောက်အထိ ခွင့်ပြုမလဲဆိုတာ စမ်းကြည့်ချင်ကြတယ်။ တော်တော်နဲ့ လက်မလျှော့ကြဘူး။” အသက် ၁၇ နှစ်ရှိ ဒီယန်းနာလည်း ထိုသို့ပင် တွေ့ကြုံရသည်။ “ကောင်လေးတစ်ယောက်က ကျွန်မအနားလာပြီး ကျွန်မကိုဖက်တယ်။ ကျွန်မ သူ့လက်ကို ရိုက်ထုတ်လိုက်ပြီး ‘ဒါဘာလုပ်တာလဲ၊ သိလည်းမသိဘဲနဲ့’ လို့ပြောလိုက်တယ်” ဟုဆိုသည်။

သင်လည်း သွေးဆောင်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းဖိအားများသည် အဆက်မပြတ် လာနေပုံပေါက်မည်။ “သွေးဆောင်မှုဆိုတာ သင့်တံခါးပေါက်မှာ မနှောင့်ယှက်ပါနှင့်လို့ ရေးထားတာကို ဂရုမစိုက်ဘဲ တစ်ယောက်ယောက်ကလာပြီး အဆက်မပြတ် တံခါးခေါက်နေတာနဲ့တူတယ်” ဟုခရစ်ယာန်တစ်ဦးက ဆိုသည်။ သင်ထင်သည်ထက်ပိုဆူညံသော တံခါးခေါက်သံကို ကြားနေရပါသလော။ ဥပမာ၊ အောက်ပါတို့ထဲမှ တစ်ခုခုက သင့်ကို သွေးဆောင်နေပါသလော။

□ ဆေးလိပ်သောက်ခြင်း

□ အရက်သောက်ခြင်း

□ မူးယစ်ဆေးဝါး သုံးစွဲခြင်း

□ အပြာရုပ်ပုံစာပေများ ကြည့်ရှုခြင်း

□ လိင်အကျင့်ယိုယွင်းခြင်း

□ အခြား ․․․․

အထက်ပါတို့မှ တစ်ခုခုကို သင်မှတ်သားမိပါက သင်သည် ခရစ်ယာန်တစ်ဦးမဖြစ်နိုင်တော့ဟု ကောက်ချက်မချလိုက်ပါနှင့်။ မှားယွင်းသောဆန္ဒများကို ထိန်းချုပ်ရန်နှင့် သွေးဆောင်မှုကို တွန်းလှန်ရန် သင် သင်ယူနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။

ယင်းသည် သွေးဆောင်မှု၏နောက်ကွယ်တွင် အဘယ်အရာရှိကြောင်း သိမြင်ရန် အထောက်အကူပြုသည်။ အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။

၁။ မစုံလင်မှု။ အမှားပြုလုပ်လိုသောဆန္ဒသည် မစုံလင်သူလူသားအားလုံးတွင်ရှိသည်။ ရင့်ကျက်သည့်ခရစ်ယာန်တစ်ဦးဖြစ်သူ တမန်တော်ပေါလုပင်လျှင် ဤသို့အမှန်အတိုင်း ဝန်ခံခဲ့သည်– “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။” (ရောမ ၇:၂၁ကဘ) ရှင်းနေသည်မှာ အဖြောင့်မတ်ဆုံးပုဂ္ဂိုလ်ပင်လျှင် တစ်ခါတစ်ရံ “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း” တို့ကို စိတ်ဝင်စားမိပေမည်။ (၁ ယောဟန် ၂:၁၆ကဘ) သို့သော် “တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏” ဟုသမ္မာကျမ်းစာဆိုသည့်အတိုင်း အမှားပြုမိစေသည့် သွေးဆောင်မှုအကြောင်းကို တစ်ချိန်လုံးတွေးတောနေခြင်းကသာ ကိစ္စရပ်များကို ပို၍ဆိုးဝါးသွားစေသည်။—ယာကုပ် ၁:၁၅ကဘ။

၂။ ပြင်ပသြဇာလွှမ်းမိုးမှုများ။ သွေးဆောင်မှုများသည် နေရာတိုင်းတွင်ရှိ၏။ “ကျောင်းနဲ့အလုပ်ခွင်မှာဆိုရင် လူတွေက တစ်ချိန်လုံး လိင်အကြောင်းပဲ ပြောနေကြတယ်။ တီဗွီနဲ့ ရုပ်ရှင်တွေမှာဆိုရင် အဲဒီအကြောင်းကို စွဲမက်စရာ၊ စိတ်လှုပ်ရှားစရာအဖြစ် အမြဲတင်ပြထားသည်။ ဆိုးကျိုးတွေကိုတော့ တွေ့ရခဲတယ်” ဟုထရူဒီကဆိုသည်။ ဤသို့သောလွှမ်းမိုးမှုများသည် မည်မျှသြဇာကြီးမားကြောင်းကို အတွေ့အကြုံမှ ထရူဒီသိရှိခဲ့သည်။ “ကျွန်မအသက် ၁၆ နှစ်မှာ ရည်းစားထားခဲ့တယ်လို့ထင်တယ်။ အမေက ကျွန်မနဲ့အတူထိုင်ပြီး ကျွန်မဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ကိုယ်ဝန်ရလိမ့်မယ်လို့ ပြောတယ်။ အမေ ဒီလိုပြောလိုက်လို့ ကျွန်မလန့်သွားတယ်။ နှစ်လကြာပြီးနောက်တော့ ကျွန်မကိုယ်ဝန်ရလာတယ်” ဟုပြန်ပြောပြသည်။

၃။ လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများ။” (၂ တိမောသေ ၂:၂၂ကဘ) ဤစကားစုတွင် လူအများ၏လက်ခံမှုကိုရလိုခြင်း သို့မဟုတ် လူကြီးတစ်ဦးအဖြစ် ရှုမြင်ခံလိုခြင်း စသည့် လူငယ်များတွင်ရှိတတ်သော အလိုဆန္ဒများ အားလုံးပါဝင်သည်။ ဤအလိုဆန္ဒများကိုယ်နှိုက်သည် မမှားပါ။ သို့သော် ယင်းတို့ကိုမထိန်းချုပ်ပါက သွေးဆောင်မှုများကို တွန်းလှန်ရန် အခက်တွေ့စေနိုင်သည်။ ဥပမာ၊ သင်သည် လူကြီးတစ်ဦးအဖြစ် အလွန်ရှုမြင်ခံလိုပါက အိမ်တွင် သွန်သင်ခံရသည့် မွန်မြတ်သောအကျင့်စရိုက်စံနှုန်းများကို ငြင်းပယ်သည့်အဖြစ်သို့ တဖြည်းဖြည်းကျရောက်သွားနိုင်သည်။ အသက် ၁၇ နှစ်ရှိ စတိဗ် ထိုသို့ပင်ဖြစ်သွားသည်။ “ကျွန်တော်နှစ်ခြင်းခံပြီး သိပ်မကြာခင်မှာပဲ မိဘတွေကို ပုန်ကန်ပြီး လုပ်ရဘူးလို့ သူတို့သင်ပေးထားတဲ့အရာအားလုံးကို ကျွန်တော်လုပ်ခဲ့တယ်” ဟုသူဆိုသည်။

အထက်တွင်ဖော်ပြခဲ့သောအရာများသည် ဩဇာကြီးမားသည်မှာ မှန်ပါသည်။ သို့သော် သင်သည် သွေးဆောင်မှုများကို တွန်းလှန်နိုင်ပါသည်။ မည်သို့အားဖြင့်နည်း။

▪ ဦးစွာ သင်တွန်းလှန်ရအခက်ဆုံး သွေးဆောင်မှုများကို ခွဲခြားသိမြင်ပါ။ (အထက်တွင် ဖော်ပြထားသောအရာကို သင်ပြုလုပ်ပြီးဖြစ်ပေမည်။)

▪ ထို့နောက် ‘သွေးဆောင်မှုက ဘယ်အချိန်မှာ အများဆုံးပေါ်လာသလဲ’ ဟူ၍ သင့်ကိုသင် မေးပါ။ အောက်ပါတို့မှတစ်ခုကို မှတ်သားပါ–

□ ကျောင်းတွင်ရှိစဉ်

□ အလုပ်တွင်ရှိစဉ်

□ တစ်ကိုယ်တည်းရှိစဉ်

□ အခြားအချိန်

သွေးဆောင်မှုသည် အဘယ်အချိန်တွင် ပေါ်လာတတ်ကြောင်း သိရှိခြင်းက ယင်းတို့ကို လုံးလုံးရှောင်နိုင်ရန် သင့်အား အထောက်အကူပြုပေမည်။ ဥပမာ၊ ဤဆောင်းပါး၏အစပိုင်းတွင် ဖော်ပြထားသော စိတ်ကူးယဉ်ဇာတ်လမ်းကို သုံးသပ်ကြည့်ပါ။ ကာရင်တက်ရောက်ခဲ့သည့် တွေ့ဆုံပွဲတွင် သူရင်ဆိုင်ရနိုင်သောပြဿနာနှင့်ပတ်သက်၍ မည်သည့်သတိပေးချက်ရှိသနည်း။ အစကတည်းကပင် သွေးဆောင်မှုကို သူမည်သို့ ရှောင်ရှားနိုင်ခဲ့မည်နည်း။

▪ ယခု သင်သည် (၁) သွေးဆောင်မှုများကို ခွဲခြားသိမြင်ပြီး (၂) အဘယ်အချိန်တွင်ဖြစ်ပျက်မည်ကို ပိုင်းခြားသိမြင်၍ တုံ့ပြန်ရန်အသင့်ဖြစ်နေပြီ။ သင်ဦးစားပေးလုပ်ရမည်မှာ သွေးဆောင်မှုကို လျော့ပါးအောင် သို့မဟုတ် ပျောက်သွားအောင် မည်သို့ပြုလုပ်ရမည်ကို အကြံထုတ်ရန်ဖြစ်သည်။ သင်လုပ်ဆောင်နိုင်ရာကို အောက်တွင် ရေးချပါ။

․․․․․

․․․․․

(ဥပမာ၊ သင်သည် ကျောင်းဆင်းပြီးနောက် သင့်အား ဆေးလိပ်သောက်ရန် တိုက်တွန်းသည့် ကျောင်းနေဖက်များနှင့် ပုံမှန်တွေ့နေရသည်ဆိုလျှင် သူတို့ကိုရှောင်ရန် အခြားလမ်းမှ သွားနိုင်ပေမည်။ သင်သည် မတောင်းဆိုဘဲ အင်တာနက်မှ အပြာရုပ်ပုံများရတတ်သည်ဆိုလျှင် ပေးပို့သူထံမှ အချက်အလက်များနှင့် ၎င်းနှင့်ဆင်တူသောဆိုက်များကို တားဆီးနိုင်သော ပရိုဂရမ်တစ်ခု ထည့်သွင်းရန် စဉ်းစားပေမည်။ ထို့ပြင် အချက်အလက်များရှာဖွေရာတွင် ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သော အဓိကစကားလုံးများကို ရိုက်သွင်းနိုင်ပေမည်။)

သို့သော် သွေးဆောင်မှုအားလုံးကို သင်ရှောင်နိုင်မည်မဟုတ်ပါ။ သင်သည် အနှေးနှင့်အမြန်ပင် သင်မထင်ထားသည့် ဩဇာကြီးမားသောသွေးဆောင်မှုတစ်ခုခုနှင့် ပက်ပင်းတိုးနိုင်ပါသည်။ ယင်းနှင့်ပတ်သက်၍ သင်မည်သို့ပြုလုပ်နိုင်သနည်း။

ကြိုတင်ပြင်ဆင်ပါ။ “စာတန်၏သွေးဆောင်ခြင်းကို ခံရ” သောအခါ ယေရှုချက်ချင်း ငြင်းဆန်ခဲ့သည်။ (မာကု ၁:၁၃ကဘ) အဘယ်ကြောင့်နည်း။ အကြောင်းမှာ မိမိ ဤသို့သွေးဆောင်ခံရမည်ကို သိထားသောကြောင့်ဖြစ်သည်။ ယင်းအချက်ကို စဉ်းစားကြည့်ပါ။ ယေရှုသည် စက်ရုပ်တစ်ရုပ်မဟုတ်ပါ။ သွေးဆောင်မှုနောက် ကိုယ်တော်ပါသွားနိုင်သည်။ သို့သော် ခမည်းတော်အား အချိန်ပြည့်နာခံရန် ကိုယ်တော်စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ (ယောဟန် ၈:၂၈၊ ၂၉) “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏” ဟုမိန့်တော်မူခဲ့ချိန်တွင် ကိုယ်တော် ယင်းကိုဆိုလိုခြင်းဖြစ်သည်။—ယောဟန် ၆:၃၈ကဘ။

သင်တွေ့ ကြုံရတတ်သော သွေးဆောင်မှုကို တွန်းလှန်သင့်သည့် အကြောင်းရင်းနှစ်ရပ်နှင့် ဖြေရှင်းနည်းနှစ်ခုကို ရေးချပါ။

၁။ ․․․․․

၂။ ․․․․․

သွေးဆောင်မှုကို သင်အလျှော့ပေးလိုက်ပါက သင်သည် သင့်အလိုဆန္ဒ၏ကျွန်ဖြစ်သွားကြောင်း သတိရပါ။ (တိတု ၃:၃ကဘ) အဘယ်ကြောင့် သင့်အလိုဆန္ဒ၏ထိန်းချုပ်မှုကို ခံရမည်နည်း။ သင့်အလိုဆန္ဒ၏ထိန်းချုပ်မှုကို ခံမည့်အစား သင့်အလိုဆန္ဒကို ထိန်းချုပ်ရန် ရင့်ကျက်မှုရှိပါ။—ကောလောသဲ ၃:၅

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့ နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဤဆောင်းပါးမှအမည်များကို ပြောင်းထားသည်။

ချင့်တွေးစရာ

▪ စုံလင်သောသတ္တဝါများသည် သွေးဆောင်ခံရနိုင်ပါသလော။—ကမ္ဘာဦး ၆:၁-၃; ယောဟန် ၈:၄၄

▪ သွေးဆောင်မှုများကို သင်တွန်းလှန်သည့်အခါ သင်၏သစ္စာရှိမှုသည် အခြားသူများအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။—သု. ၂၇:၁၁; ၁ တိမောသေ ၄:၁၂

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

ဤစမ်းသပ်မှုကို လုပ်ကြည့်ပါ

သံလိုက်အိမ်မြှောင်တစ်ခုကိုယူ၍ ချထားပါ၊ လက်တံသည် မြောက်အရပ်သို့ ညွှန်ပြနေသည်။ ယခု သံလိုက်အိမ်မြှောင်အနီးတွင် သံလိုက်တုံးတစ်တုံးကို ချထားလိုက်ပါ။ အဘယ်အရာဖြစ်ပျက်မည်နည်း။ လက်တံသည် မှန်ကန်ရာဘက်သို့ မညွှန်ပြတော့ချေ။ ယင်းအစား သံလိုက်ရှိရာဘက်သို့ ညွှန်ပြသည်။

သင်၏ ကိုယ်ကိုကိုယ်သိသောစိတ်သည် ထိုသံလိုက်အိမ်မြှောင်နှင့်တူသည်။ ကောင်းစွာလေ့ကျင့်ထားပါက ယင်းသည် မှန်ကန်ရာဘက်သို့ညွှန်ပြပြီး ပညာရှိသည့်ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးမည်ဖြစ်သည်။ သို့သော် သံလိုက်နှင့်တူသော ဘေးဖြစ်စေသည့် ပေါင်းသင်းမှုသည် သင်၏ကိုယ်ကျင့်တရားဆိုင်ရာ ပိုင်းခြားသိမြင်မှုကို ပြောင်းလဲသွားစေနိုင်သည်။ သင်ခန်းစာမှာအဘယ်နည်း။ သင်၏ကောင်းသော ကိုယ်ကျင့်တရားဆိုင်ရာ ပိုင်းခြားသိမြင်မှုကို ပျက်ပြားစေနိုင်သည့် လူများနှင့် အခြေအနေများကို ကြိုးစားရှောင်ပါ။—သု. ၁၃:၂၀

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

အကြံပြုချက်

တစ်စုံတစ်ဦးက သင့်အား အမှားပြုလုပ်ရန် သွေးဆောင်လှာပါက သင်မည်သို့တုံ့ပြန်မည်ကို ကြိုတင်စီစဉ်ထားပါ။ မစိုးရိမ်ပါနှင့်။ သင်သည် အခြားသူများထက် သာလွန်ကောင်းမွန်သည်ဟူသောစကားမျိုး မပြောမိပါစေနှင့်။ ရိုးရိုးရှင်းရှင်းနှင့် ခိုင်မာစွာငြင်းပယ်လိုက်ရန်သာလိုသည်။ ဥပမာ၊ ကျောင်းနေဖက်တစ်ဦးက သင့်အား စီးကရက်တစ်လိပ် ကမ်းပေးလျှင် “ကျွန်တော့်အတွက် အဲဒါကို မဖြုန်းတီးပါနဲ့။ ကျွန်တော်မသောက်ဘူး” ဟုပြောနိုင်သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သွေးဆောင်မှုကို သင်အလျှော့ပေးလိုက်ပါက သင်သည် သင့်အလိုဆန္ဒ၏ကျွန်ဖြစ်သွားသည်