မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွင် ချစ်ခင်ကြင်နာမှု ပြကြလော့

မိသားစုတွင် ချစ်ခင်ကြင်နာမှု ပြကြလော့

မိသားစုတွင် ချစ်ခင်​ကြင်နာ​မှု ပြ​ကြလော့

“မင်း​ရှို့​ရဲ​ရင် ရှို့​လိုက်! ရှို့​လိုက်​လေ!” တိုရူး​သည် သူ၏​ဇနီး ယို​ကို​အား စိန်ခေါ်​လိုက်​သည်။ * “ငါ​တကယ်​ရှို့​ပစ်​မယ်” ဟု ဇနီး​က ခွန်းတုံ့ပြန်​၍ နှစ်ယောက်​တွဲ​ဓာတ်​ပုံ​ကို မီးရှို့​ရန် မီးခြစ်,ခြ​စ်​လိုက်​သည်။ ထို့နောက် “အိမ်ကိုပါ မီးရှို့​ပစ်​မယ်!” ဟု​ခပ်​ကြမ်း​ကြမ်း ဆက်​ပြော​သည်။ ထို​အခါ တိုရူး​သည် သူ့​ဇနီး​ကို ပါးရိုက်​လိုက်​ရာ အငြင်းပွားမှု​မှာ အကြမ်းဖက်မှု​ဖြင့် ပြီးဆုံး​သွားလေသည်။

လွန်ခဲ့သော​သုံးနှစ်​က တိုရူး​နှင့်​ယို​ကို​တို့သည် ပျော်ရွှင်သော မောင်နှံစုံ​အဖြစ် အိမ်ထောင်သည်​ဘဝကို စတင်​ခဲ့​ကြ​၏။ သို့​ဖြစ်​လျှင် ဘာ​မှားသွား​ခဲ့​ကြ​သနည်း။ တိုရူး​သည် ရည်​မွန်​သူ​ဖြစ်ပုံရ​သော်လည်း သူ၏​ဇနီး​မှာ မိမိ​အား ချစ်ခင်​ကြင်နာ​မှု​မပြ၊ မိမိ၏​ခံစားချက်​များ​ကို လျစ်လျူရှု​သည်​ဟု ယူမှတ်​လာ​လေ​သည်။ ယို​ကို​၏​ချစ်ခင်​ကြင်နာ​မှု​ကို တိုရူး​တုံ့ပြန်​တတ်​ပုံ​မရချေ။ ယို​ကို​သည် ယင်းကို မျိုသိပ်​မထား​နိုင်​တော့​ဘဲ မကျေနပ်မှု​နှင့် ဒေါသ​တိုးလာ​ခဲ့​သည်။ ဤသို့ဖြင့် ယို​ကို​သည် အိပ်မရ​ခြင်း၊ စိုးရိမ်​ပူပန်ခြင်း၊ ခံတွင်း​ပျက်​ခြင်း၊ စိတ်​တို​ခြင်း၊ စိတ်ဓာတ်ကျ​ခြင်း​နှင့် ထိတ်လန့်​ခြင်း စ​သည့်​ဝေဒနာ​များ​ကို ခံစားရ​လေ​သည်။ သို့​တိုင် တိုရူး​သည် သူ၏​အိမ်တွင်း​အခြေအနေ တင်းမာ​နေသည်​ကို သတိထား​မိ​ပုံ​မရချေ။ သူ့​အတွက် သာမန်​သာ​ဖြစ်နေ​ပုံ​ရှိ၏။

“ခဲယဉ်း​သော​ကာလ”

ယနေ့ ဤသို့​သော​ပြဿနာ​များသည် သာမန်​ဖြစ်နေ​၏။ ကျွန်ုပ်​တို့၏​ကာလ​တွင် လူတို့သည် “ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့် ကင်း​သော​သူ” တို့​ဖြစ်​ကြလိမ့်မည်​ဟု တမန်​တော်​ပေါလု​က ကြို​ဟောခဲ့​သည်။ (၂ တိမောသေ ၃:၁-၅) ဤ​တွင် “ပကတိ​ချစ်ခင်​ကြင်နာ​မှုမရှိ​ခြင်း” ကို​ပြန်ဆို​ထားသော မူရင်း​ဂရိ​စကားလုံး​သည် မိသားစု​အတွင်း တွေ့ရှိ​ရသော ပကတိ​ကြင်နာ​စုံမက်ခြင်း​ကို ဖော်ပြ​သော​စကားလုံး​နှင့် အလွန်​နီးစပ်​၏။ ကျွန်ုပ်​တို့​ခေတ်တွင် ဤသို့​သော​ချစ်ခင်​ကြင်နာ​မှု ကင်းမဲ့​နေသည်​ကို အမှန်ပင်​တွေ့ရှိ​ရ၏။ မိသားစုတွင် ချစ်ခင်​ကြင်နာ​မှု ရှိကြသည်​တိုင် တစ်ဦး​ကိုတစ်​ဦး ထုတ်ဖော်​ပြ​ခဲ​ကြ​ပေမည်။

ယနေ့ မိဘများ​စွာ​တို့သည် သားသမီး​များ​အား မည်သို့​ချစ်ခင်​ကြင်နာ​မှု​ပြ​ရမည်ကို မသိကြ​ချေ။ အချို့​သည် ချစ်ခင်​ကြင်နာ​မှု​ကင်းမဲ့​သော မိသားစု​အသိုင်းအဝိုင်း​တွင် ကြီးပြင်း​လာ​ခဲ့​ကြသည်၊ ချစ်ခင်​ကြင်နာ​မှု​ကို​သာ ခံစား​ရပြီး ထုတ်ဖော်​ပြ​မည်​ဆိုလျှင် ဘဝ​သည် သာ၍​ပျော်ရွှင်​ချမ်းမြေ့​စ​ရာ ကောင်း​နိုင်​သည်ကို သူတို့​မသိကြ​ပေ။ တိုရူး​၏​အဖြစ်​သည် ထိုသို့​ဖြစ်ပုံရ​၏။ ကလေး​ဘဝတွင် သူ၏​ဖခင်​သည် အလုပ်ခွင်​၌ အမြဲ​အလုပ်များ​လေ့​ရှိပြီး မိုးချုပ်​မှ အိမ်ပြန်ရောက်​လာ​တတ်​သည်။ တိုရူး​နှင့်​စကားပြော​ခဲ​သည်၊ ပြော​သည့်​အခါ​တွင်​လည်း ရင့်ရင့်သီးသီး​ပြောဆို​တတ်​သည်။ တိုရူး​၏​မိခင်​သည်လည်း အချိန်ပြည့်​အလုပ်​လုပ်ပြီး သူ့ကို အချိန်​မပေးခဲ့​ချေ။ ရုပ်မြင်သံကြား​စက်​သည် သူ၏​ကလေးထိန်း​ဖြစ်​ခဲ့​သည်။ သူတို့​မိသားစုတွင် ချီးမွမ်း​ခြင်း၊ စကားပြော​ဆို​ဆက်သွယ်ခြင်း မရှိခဲ့​ချေ။

ယဉ်ကျေးမှု​ကြောင့်​လည်း ဖြစ်​နိုင်​သည်။ လက်တင်အမေရိက​၏ ဒေသ​အချို့​တွင် အမျိုးသား​တစ်ဦး​သည် သူ၏​ဇနီး​ကို ချစ်ခင်​ကြင်နာ​မှု ထုတ်ဖော်​ပြ​ခြင်း​က ရိုးရာ​ယဉ်ကျေးမှုကို ဆန့်ကျင်​ရာ​ကျ​၏။ အရှေ့တိုင်း​နိုင်ငံ​များနှင့် အာဖရိက​နိုင်ငံ​များ​တွင်​လည်း ချစ်ခင်​ကြင်နာ​မှု​ကို စကား​အားဖြင့် သို့​မဟုတ် အပြု​အမူ​များ​အားဖြင့် ထုတ်ဖော်​ပြ​ခြင်း​သည် ရိုးရာ​ဓလေ့​နှင့်​မကိုက်ညီ​ချေ။ ခင်ပွန်း​များသည် သူတို့၏​ဇနီး​များ၊ သို့​မဟုတ် သားသမီး​များ​ကို “ချစ်တယ်” ဟု​ပြောဆို​ရန် ရှက်​ကြ​ပေမည်။ မည်သို့​ပင်​ဖြစ်ပါစေ၊ အချိန်​ကြာမြင့်စွာ တည်တံ့​ခဲ့​သည့် ဦးဆုံး​မိသားစု​၏​ဆက်ဆံ​ရေး​မှ ကျွန်ုပ်​တို့​သင်ခန်းစာယူ​နိုင်​သည်။

စံ​ထား​အပ်သော မိသားစု​ဆက်ဆံ​ရေး

မိသားစု​အတွက် အကောင်းဆုံး​စံနမူနာ​ကို ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​တစ်ပါး​တည်း​သော သားတော်​စပ်ကြား​ရှိ ရင်းနှီးသော​ဆက်ဆံ​ရေး​တွင် တွေ့ရှိ​ရ၏။ သူတို့သည် အလွန်​ကောင်းသော​နည်းဖြင့် တစ်ဦး​ကိုတစ်​ဦး ချစ်​ကြောင်း ထုတ်ဖော်​ပြ​ကြသည်။ နောက်ပိုင်း​တွင် ယေရှု​ခရစ်​ဖြစ်လာ​သော ဝိညာဉ်​သား​သည် မရေတွက်​နိုင်သော နှစ်ထောင်​ပေါင်း​များစွာ​ကျော်​ကတည်းက ခမည်းတော်​နှင့် ပျော်ရွှင်စွာ​ဆက်ဆံ​ပေါင်းသင်း​ခဲ့​သည်။ သူတို့၏​သံယောဇဉ်​နှောင်ကြိုး​ကို ကိုယ်တော် ဤသို့​ဖော်ပြ​ခဲ့​သည်– “တစ်နေ့​ထက်​တစ်နေ့ ငါသည် အထူးသဖြင့် ကိုယ်တော်​ချစ်ခင်​သော​သူ​ဖြစ်လာ​၏။ ရှေ့တော်၌ အစဉ်မပြတ်​ရွှင်လန်း​ဝမ်းမြောက်​လျက်” ရှိ၏။ (သု. ၈:၃၀) သားတော်​သည် ခမည်းတော်​၏​မေတ္တာ​ခံစားရ​ကြောင်း မည်မျှ​စိတ်ချ​သနည်း​ဟူ​မူ ယေဟောဝါ​သည် အထူးသဖြင့် မိမိကို နေ့စဉ်​နှင့်​အမျှ ချစ်ခင်​သည်​ဟု အခြား​သူများကို ပြောပြ​နိုင်​ခဲ့​၏။ ကိုယ်တော်​သည် ခမည်းတော်​ရှေ့မှောက်တော်​တွင် အစဉ်​ပျော်ရွှင်​ခဲ့​၏။

လူသား​ယေရှု​အနေ​နှင့် မြေကြီးပေါ်​ရှိ​စဉ်​အခါ​က​ပင် ခမည်းတော်​၏​မေတ္တာကို သားတော်​ခံစားရ​ကြောင်း အာမခံချက်​ရခဲ့​သည်။ ယေရှု​နှစ်ခြင်း​ခံ​ပြီး​နောက် “ဤ​သူ​ကား ငါ​နှစ်သက်​မြတ်နိုးရာ ငါ​၏​ချစ်​သား​ပေ​တည်း” ဟူသော ခမည်းတော်​၏​စကားသံ​ကို ကြား​ခဲ့​၏။ (မဿဲ ၃:၁၇) မြေကြီးပေါ်​တွင် ယေရှု၏​ဓမ္မ​အမှု​အစပြုချိန်​၌ အားရှိဖွယ် မေတ္တာ​စကား​ပါ​တကား! ကိုယ်တော်​၏​ကောင်းကင်​အသက်တာကို အပြည့်အဝ​ပြန်​အမှတ်​ရစေ​ကာ ခမည်းတော်​၏​အလိုတော်နှင့်​တွေ့​ကြောင်း ကြားသိ​ရ​လိုက်ခြင်း​အတွက် ကိုယ်တော် စိတ်​ကြည်နူး​ခဲ့​မည်။

ဤသို့ဖြင့် ယေဟောဝါ​သည် မိမိ၏​စကြဝဠာ​မိသားစုကို အပြည့်အဝ မေတ္တာ​ထုတ်ဖော်​ပြ​ခြင်း​၌ အကောင်းဆုံး​ပုံသက်သေ​ဖြစ်​တော်​မူ​၏။ ယေရှု​ခရစ်​ကို ကျွန်ုပ်​တို့​လက်ခံ​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည်​လည်း ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ကို ခံစား​ရနိုင်​သည်။ (ယောဟန် ၁၆:၂၇) ကောင်းကင်​မှ ဘုရားသခင်​၏​အသံတော်​ကို ကျွန်ုပ်​တို့ ကြားကြ​ရမည်​မဟုတ်သော်လည်း သဘာဝတရား​တွင်​လည်းကောင်း၊ ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို ပြင်ဆင်​ပေး​မှု​တွင်​လည်းကောင်း၊ အခြား​နည်း​များ​တွင်​လည်းကောင်း ထုတ်ဖော်​ပြ​ထားသော ယေဟောဝါ​၏​မေတ္တာတော်ကို ကျွန်ုပ်​တို့​တွေ့ရ​မည်​ဖြစ်သည်။ (၁ ယောဟန် ၄:၉၊ ၁၀) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို နားထောင်ပေး​သည့်​အပြင် ကျွန်ုပ်​တို့အတွက် အကျိုး​အရှိဆုံး​နည်းဖြင့် ဖြေကြား​တော်​မူ​၏။ (ဆာလံ ၁၄၅:၁၈; ဟေရှာယ ၄၈:၁၇) ယေဟောဝါ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ကျွန်ုပ်​တို့​ပြုစု​ပျိုးထောင်​ကြ​လေ ကိုယ်တော်​၏​မေတ္တာပါ​ဂရုစိုက်​မှု​အတွက် ပိုမို​ကျေးဇူး​တင်​လေးစား​ကြ​လေ ဖြစ်သည်။

သူတစ်ပါးကို စာနာ​ဖို့၊ ညှာတာ​ဖို့၊ ကြင်နာ​မှု​ရှိဖို့​နှင့် သူတို့​အတွက် အလွန်​စိုးရိမ်​ပူပန်​ဖို့ ခမည်းတော်​ထံ​မှ ယေရှု သင်ယူ​ခဲ့​သည်။ ကိုယ်တော်​က “ခမည်းတော်​ပြု​တော်​မူသမျှ​အတိုင်း သားတော်လည်း​ပြု​၏။ ခမည်းတော်​သည် သားတော်ကို ချစ်တော်မူ​၍ ပြု​တော်​မူသမျှ​တို့ကို သားတော်​အား ပြတော်မူ​၏” ဟု​ရှင်းပြ​ခဲ့​သည်။ (ယောဟန် ၅:၁၉၊ ၂၀) ကျွန်ုပ်​တို့​လည်း ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ်​က ပြသ​ခဲ့​သော ပုံ​နမူနာကို လေ့လာခြင်း​ဖြင့် ချစ်ခင်​ကြင်နာ​မှု​ပြ​နည်းကို သင်ယူ​နိုင်​ကြသည်။—ဖိလိပ္ပိ ၁:၈

မိသားစုတွင် ချစ်ခင်​ကြင်နာ​မှု—မည်သို့​နည်း

“ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ” ပြီး ကျွန်ုပ်​တို့ကို “ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ” ဖန်ဆင်း​ထားသော​ကြောင့် ကျွန်ုပ်​တို့သည် မေတ္တာကို ခံစား​ရပြီး ထုတ်ဖော်​ပြ​နိုင်စွမ်း ရှိကြ​၏။ (၁ ယောဟန် ၄:၈; ကမ္ဘာဦး ၁:၂၆၊ ၂၇) သို့​တိုင် ထို​တတ်စွမ်း​မှု​သည် အလိုအလျောက်​ဖြစ်ပေါ်​လာ​မည်​မဟုတ်​ချေ။ ချစ်ခင်​ကြင်နာ​မှု​ကို ထုတ်ဖော်​ပြ​ရန် ဦးစွာ ကျွန်ုပ်​တို့၏​အိမ်ထောင်ဖက်​နှင့် သားသမီး​များ​ကို ကိုယ်​ကိုယ်တိုင် ချစ်ခင်​ကြင်နာ​ရမည်​ဖြစ်သည်။ သူတို့၏​ချစ်စရာ​အရည်အချင်းများ​သည် ထူးထူးခြားခြား​မဟုတ်သည့်​တိုင် ၎င်းတို့ကို မြင်တတ်ဖို့​ကြိုးစား​ပြီး ယင်း​တို့ကို ဆင်ခြင်​သုံးသပ်ပါ။ ‘ကျွန်မ​ခင်ပွန်း [ဇနီး ဒါမှ​မဟုတ် သားသမီးတွေ] မှာ ကောင်းကွက်​တစ်​ကွက်​မှ မရှိဘူး’ ဟု​သင်​ပြော​ပေမည်။ မိဘ​ပေး​စား၍ ယူရ​သူများ​သည် မိမိတို့၏​အိမ်ထောင်ဖက်​များ​ကို မကြင်နာ​နိုင်​ဟု ယူဆကြ​ပေမည်။ အချို့​က သားသမီး​မယူ​လို​ကြ​ချေ။ သို့​တိုင် ဘီ.စီ.အီး. ဆယ်ရာစု​နှစ်​တွင် ယေဟောဝါ​သည် မိမိ၏​ပုံဆောင်​ဇနီး​ဖြစ်သူ ဣသရေလလူ​မျိုး​အပေါ် မည်သို့​သဘောထားကြောင်း​ကို သုံးသပ်ကြည့်​ပါ။ ကိုယ်တော်​၏​ပရောဖက်​ဧလိယ​က ဣသရေလ​ဆယ်နွယ်​တွင် ယေဟောဝါ​အား​ဝတ်ပြုသူ​မရှိ​ဟု ကောက်ချက်​ချ​ခဲ့​သော်လည်း ယေဟောဝါ​သည် ထို​လူမျိုး​ကို သေချာ​စွာ​စိစစ်​လိုက်​သောအခါ ကိုယ်တော်​၏​ရှေ့တွင် နှစ်သက်ဖွယ်​အရည်အချင်းများ​ရှိသူ အတော်များများ​ရှိကြောင်း၊ စုစုပေါင်း ၇,၀၀၀ ပင်​ရှိကြောင်း တွေ့ရှိ​ခဲ့​၏။ သင့်​မိသားစု​မှ​သူတို့၏ ကောင်းကွက်​များ​ကို ရှာဖွေခြင်း​ဖြင့် ယေဟောဝါ​အား သင်​တုပ​နိုင်​သလော။—၃ ဓမ္မ​ရာဇဝင် ၁၉:၁၄-၁၈

သို့သော် မိသားစုဝင်​များသည် သင်၏​ချစ်ခင်​ကြင်နာ​မှု​ကို ခံစားရ​ရန် ယင်းကို သင်​ကြိုးစား​ဖော်ပြ​ရမည်။ ချီးမွမ်းစရာ​ကောင်းသော အရည်အချင်း​တစ်ခုခု​ကို သင်​သတိပြုမိ​သည့်​အခါတိုင်း ချီးမွမ်း​ပေး​ပါ။ အရည်အချင်း​ပြည့်မီ​သော ဇနီး​တစ်ဦး​အကြောင်း သရုပ်ဖော်​ရာ​တွင် သမ္မာကျမ်းစာ​က မိသားစုဝင်​များ​၏ စိတ်ဝင်စားစရာ အရည်အသွေး​တစ်ခု​ကို ဤသို့​ဖော်ပြ​သည်– “သူ၏​သားသမီးတို့​သည်​ထ၍ အမိကို ကောင်းချီး​ပေး​တတ်ကြ​၏။ သူ၏​ခင်ပွန်း​က​လည်း . . . သူ့ကို ချီးမွမ်း​တတ်၏။” (သု. ၃၁:၂၈၊ ၂၉) ထို​မိသားစု​သည် တစ်ဦး​ကိုတစ်​ဦး လေးစား​တန်ဖိုး​ထား​ကြောင်း စိတ်လို​ကိုယ်​လျောက် ထုတ်ဖော်​ပြ​ကြ​ပုံ​ကို သတိပြုပါ။ ဖခင်​သည် သူ၏​ဇနီး​ကို ချီးမွမ်း​စကားပြော​ဆို​ခြင်း​အားဖြင့် သူ၏​သား​အတွက် ပုံသက်သေ​ကောင်း​ပြပြီး သား​ဖြစ်သူ​လည်း အိမ်ထောင်ပြု​သောအခါ သူ၏​အိမ်ထောင်ဖက်​ကို စိတ်လို​ကိုယ်​လျောက် ချီးမွမ်း​စကား​ဆို​ရန် အားပေးနေ​ခြင်း​ဖြစ်သည်။

ထို့​ပြင် မိဘများသည် မိမိတို့​သားသမီး​များ​ကို ချီးမွမ်း​စကားပြော​ဆို​သင့်​သည်။ ဤသို့​ပြုခြင်း​ဖြင့် သားသမီး​များသည် သူတို့​ကိုယ်ကို​သူတို့ လေးစား​တတ်လာ​ကြလိမ့်မည်။ အမှန်​ဆို​ရ​သော် လူတစ်ဦး​သည် ကိုယ့်​ကိုယ်ကို​မလေးစား​လျှင် ‘သူ၏​အိမ်နီးချင်း​ကို ကိုယ်​နှင့်​အမျှ​ချစ်’ ရန်​မည်သို့​ဖြစ်​နိုင်​မည်​နည်း။ (မဿဲ ၂၂:၃၉) အခြား​တစ်ဖက်​တွင်​မူ၊ မိဘများသည် သားသမီး​များ​ကို မ​ချီးမွမ်း​ဘဲ တစ်ချိန်​လုံး အပြစ်တင်​ဝေဖန်​နေ​မည်​ဆိုလျှင် သားသမီး​များသည် သူတို့​ကိုယ်ကို​သူတို့ လေးစားမှု​မရှိ​နိုင်​ဘဲ သူတစ်ပါးကို​လည်း ချစ်ခင်​ကြင်နာ​တတ်​မည်​မဟုတ်ပေ။—ဧဖက် ၄:၃၁၊ ၃၂

အကူအညီ သင်​ရှာတွေ့နိုင်

သင်သည် မေတ္တာ​ရှိသော အိမ်ထောင်စု​အသိုင်းအဝိုင်း​တွင် ကြီးပြင်း​လာ​သူ မဟုတ်လျှင်​ကော။ ချစ်ခင်​ကြင်နာ​မှု​ကို ထုတ်ဖော်​ပြ​တတ်​ရန် သင်​ယူ၍​ရနိုင်​ပါ​သည်။ ဦးဆုံး​ပြု​ရမည်​မှာ အခက်အခဲ​ပြဿနာ​ကို အသိအမှတ်​ပြုပြီး တိုးတက်​ပြုပြင်​ဖို့​လို​ကြောင်း ဝန်ခံခြင်း​ဖြစ်သည်။ ဤ​ကိစ္စ​တွင် သမ္မာကျမ်းစာ​သည် များစွာ​အကူအညီ​ပေး​သည်။ ကျမ်းစာ​ကို ကြေး​မုံ​မှန်​တစ်ချပ်​နှင့် နှိုင်းယှဉ်​နိုင်၏။ ကြေး​မုံ​မှန်​ကဲ့သို့​သော ကျမ်းစာ​သွန်သင်ချက်​များ​ဖြင့် ကျွန်ုပ်​တို့​ကိုယ်ကို ဆန်းစစ်​သောအခါ ကျွန်ုပ်​တို့​စဉ်းစား​တွေးခေါ်မှု​၏ အပြစ်​အနာအဆာ​များ​ကို တွေ့ရှိ​ပေမည်။ (ယာကုပ် ၁:၂၃) ကျမ်းစာ​သွန်သင်ချက်​များနှင့်​အညီ မတော်လျော်​သော စိတ်ထား​များ​ကို ပြုပြင်​ပြောင်းလဲ​နိုင်၏။ (ဧဖက် ၄:၂၀-၂၄; ဖိလိပ္ပိ ၄:၈၊ ၉) ဤသို့​မှန်မှန်​ပြုလုပ်​၍ “အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို​ကျင့်​ကြ” ဖို့​လို​သည်။—ဂလာတိ ၆:၉

အချို့​က သူတို့​ကြီးပြင်း​လာပုံ၊ သူတို့၏​ယဉ်ကျေးမှု​ကြောင့် ချစ်ခင်​ကြင်နာ​မှု​ကို ထုတ်ဖော်​ပြ​ရန် ခက်ခဲ​ပေမည်။ သို့သော် မကြာသေးမီ​က ပြုလုပ်​သော လေ့လာမှု​များ​က ဤသို့​သော​အခက်အခဲ​များ​ကို ကျော်လွှား​အောင်မြင်​နိုင်​ကြောင်း ဖော်ပြ​၏။ ‘ကလေး​ဘဝက​တည်း​က နှလုံး​ထဲ အခိုင်အမာ​အမြစ်စွဲ​နေသော အကျင့်​များ​ကို​ပင် ပြောင်းလဲ​ပစ်​နိုင်​သည်’ ဟု စိတ်ရောဂါ​အထူးကု ဒေါက်တာ​ဒယ်နီယယ် ဂို​လ်​မ​န်​က ရှင်းပြသည်။ သမ္မာကျမ်းစာ​က​လည်း ဘုရားသခင်​၏​ဝိညာဉ်​တော်​အကူအညီ​ဖြင့် နှလုံး​ထဲ အခိုင်အမာ​စွဲ​နေသော စိတ်​သဘောထားများကို ပယ်ဖျက်​နိုင်​သည်​ဟု လွန်ခဲ့သော ၁၉ ရာစုနှစ်​ကျော်​က ဖော်ပြ​ခဲ့​သည်။ ကျွန်ုပ်​တို့ကို ဤသို့​ဆုံးမ​၏– “လူဟောင်း​၏​အကျင့်​တို့​နှင့် လူဟောင်း​၏​ကိုယ်ကို ချွတ်ပယ်​၍ . . . အသစ်​ပြုပြင်​သော​လူသစ်​ကို ယူတင်​ဝတ်ဆောင်​သော​သူ​ဖြစ်​ကြ” လော့။—ကောလောသဲ ၃:၉၊ ၁၀

မိသားစု​သည် မိမိတို့၏​အခက်အခဲ​ပြဿနာ​ကို သတ်သတ်မှတ်မှတ် သိရှိ​ပြီ​ဆိုလျှင် မိမိတို့​လိုအပ်ရာ​ကို စွဲမှတ်​ပြီး ကျမ်းစာ​လေ့လာ​နိုင်​ကြသည်။ ဥပမာ၊ “ချစ်ခင်​ကြင်နာ​မှု” ကို​သဘောပေါက်​ရန် ကျမ်းစာ​မာတိကာ​တွင် ရှာဖွေ​လေ့လာ​ကြည့်​နိုင်​သည်။ “ယောဘသည် သည်းခံ​ကြောင်းကို သင်တို့​ကြား​ရပြီ။ ထာဝရ​ဘုရား​သည် မိမိ​အမှုကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အလွန်​သနားစုံမက် [“ချစ်ခင်​ကြင်နာ၊” က​ဘ] တော်​မူ​ကြောင်းကို​လည်း သိမြင်​ရ​ကြပြီ” ဟု​ဆို​သော ကျမ်းချက်​မျိုးကို သင်​တွေ့ရှိ​ပေမည်။ (ယာကုပ် ၅:၁၁) ထို့နောက် ယေဟောဝါ​သည် ယောဘ​အား ချစ်ခင်​ကြင်နာ​မှု မည်သို့​ပြ​၍ သက်ညှာ​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ သင်သည် သင့်​မိသားစုကို ယေဟောဝါ​နည်းတူ ချစ်ခင်​ကြင်နာ​မှု​ပြ​လို​မည်​မှာ သေချာ​သည်။

သို့သော် ကျွန်ုပ်​တို့သည် မစုံလင်သူ​များ​ဖြစ်​ကြသော​ကြောင့် လျှာ​ကို အသုံးပြုရာတွင် “အများ​သော​အားဖြင့် မှား​တတ်ကြ​၏။” (ယာကုပ် ၃:၂) မိသားစု​အတွင်း ကျွန်ုပ်​တို့၏​လျှာ​ကို အားပေး​တည်ဆောက်မှု​ဖြစ်သည့်​နည်းဖြင့် အသုံးမပြု​ဘဲ နေခဲ့​ကြ​ပေမည်။ ဤ​အချိန်​အခါ​မျိုး​တွင် ယေဟောဝါ​ကို ဆုတောင်း​ပြီး မှီခို​အားထား​ရန် လိုအပ်​လာ​မည်။ လက်မလျှော့​ဘဲ ကြိုးစား​ပါ။ “မခြားမလပ်​ဆုတောင်း” ပါ​လေ။ (၁ သက်သာလောနိတ် ၅:၁၇) မိသားစုတွင် ချစ်ခင်​ကြင်နာ​မှု​ကို ရလိုသည့်​အပြင် ထုတ်ဖော်​ပြ​လို​သော်လည်း ထိုသို့​ပြု​ရန် အဟန့်အတား​ဖြစ်နေ​သူများကို ယေဟောဝါ ကူညီပေး​ပါ​လိမ့်​မည်။

ထို့​ပြင် ယေဟောဝါ​သည် ခရစ်ယာန်​အသင်းတော်တွင် ကြင်နာ​စွာ ကူညီပေး​ခဲ့​သည်။ ယာကုပ်​က “နာ​သော​သူ​ရှိလျှင် သင်း​အုပ်​တို့ကို​ခေါ်​၍ သူတို့သည် သခင်​ဘုရား​၏​နာမတော်​ကို အမှီပြုလျက် လူနာ​ကို ဆီ​နှင့်​လူး၍ သူ့​အပေါ်မှာ ဆုတောင်း​ကြ​စေ” ဟု​ရေးသားခဲ့​သည်။ (ယာကုပ် ၅:၁၄) မှန်ပါသည်၊ ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​ရှိ အကြီးအကဲ​များသည် အချင်းချင်း ချစ်ခင်​ကြင်နာ​မှု ထုတ်ဖော်​ပြ​ရန် အခက်တွေ့​နေသော မိသားစု​မှ​သူများကို အကူအညီ​များစွာ ပေး​နိုင်​ကြသည်။ အကြီးအကဲ​များသည် ကုထုံး​ပညာရှင်​များ မဟုတ်​ကြသော်လည်း သူတို့၏​ယုံကြည်သူချင်း​များ​အား အဘယ်အရာ ပြုလုပ်​သင့်​သည်​ဟု မပြော​ဘဲ ယေဟောဝါ​၏​ရှုထောင့်​ကို ပြန်သတိရ​စေပြီး သူတို့နှင့်​အတူ​ဖြစ်စေ၊ သူတို့​အတွက်​ဖြစ်စေ ဆုတောင်း​ပေးခြင်း​ဖြင့် စိတ်ရှည်​စွာ ကူညီပေး​နိုင်​ကြ​ပါ​သည်။—ဆာလံ ၁၁၉:၁၀၅; ဂလာတိ ၆:၁

တိုရူး​နှင့် ယို​ကို​တို့​ကိစ္စ​တွင် ခရစ်ယာန်​အကြီးအကဲ​များသည် သူတို့၏​အခက်အခဲ​ပြဿနာ​များ​ကို နားထောင်ပေး​ရန် အမြဲ​အသင့်ရှိ​ပြီး သူတို့ကို နှစ်သိမ့်​ပေး​လေ့​ရှိ၏။ (၁ ပေတရု ၅:၂၊ ၃) ယို​ကို​သည် “ကိုယ်​ခင်ပွန်း​ကို​ချစ်သော​သူ” ဖြစ်လာ​စေရန် အကြီးအကဲ​တစ်ဦး​နှင့် သူ၏​ဇနီး​တို့​က ယို​ကို​ထံ ရံဖန်ရံခါ လည်ပတ်​ခဲ့​ကြ​၏၊ ထိုသို့​ဖြင့် ယို​ကို​သည် အတွေ့အကြုံ​ရှိ ခရစ်ယာန်​အမျိုးသမီးနှင့် ပေါင်းသင်း​ခြင်း​မှ အကျိုး​ခံစားရ​၏။ (တိတု ၂:၃၊ ၄) အကြီးအကဲ​များသည် ခရစ်ယာန်​ချင်း​များ​၏ စိတ်​ဆင်းရဲမှု​များနှင့် ဝမ်းနည်း​ကြေကွဲမှု​များ​ကို နားလည်​ပေး​ကြ​ခြင်း​အားဖြင့် “လေ​လုံ၍ မိုးသက်မုန်တိုင်း​ကွယ်ရာ အရပ်​ကဲ့သို့​လည်းကောင်း၊ သွေ့ခြောက်​သော​မြေ​၌ စီး​သော ချောင်းရေ​ကဲ့သို့​လည်းကောင်း” ဖြစ်လာ​ကြ​ပါ​သည်။—ဟေရှာယ ၃၂:၁၊ ၂

ကြင်နာ​သော​အကြီးအကဲ​များ​၏ အကူအညီ​ဖြင့် တိုရူး​သည် မိမိ၏​ခံစားချက်​များ​ကို ထုတ်ဖော်​မပြ​တတ်​ကြောင်း​နှင့် ‘နောက်ဆုံး​ကာလ’ တွင် စာတန်​သည် မိသားစု​အစီအစဉ်ကို တိုက်ဖျက်​နေကြောင်း သဘောပေါက်​လာ​လေ​သည်။ (၂ တိမောသေ ၃:၁) တိုရူး​သည် မိမိ၏​အခက်အခဲ​ကို ကြိုးစား​ဖြေရှင်းရန် ဆုံးဖြတ်​လိုက်​၏။ သူကြီး​ပြင်း​လာချိန်​တွင် မေတ္တာ​မခံစား​ခဲ့​ရ​သဖြင့် ကိုယ်တိုင်​လည်း မေတ္တာ​မထုတ်ဖော်​ပြ​တတ်​သည်ကို သဘောပေါက်​လေ​သည်။ တိုရူး​သည် ကျမ်းစာ​ကို လေးလေးနက်နက်​လေ့လာ​ပြီး ဆုတောင်းခြင်း​ဖြင့် ယို​ကို​၏​စိတ်ပိုင်း​ဆိုင်ရာ လိုအပ်ချက်​များ​ကို တဖြည်းဖြည်း ဖြည့်ဆည်း​ပေး​နိုင်​လေ​သည်။

ယို​ကို​သည် တိုရူး​အပေါ် ဒေါသ​ထွက်​ခဲ့​သော်လည်း တိုရူး​၏​မိသားစု​နောက်ခံ​ကို သဘောပေါက်​လာပြီး မိမိ၏​အမှား​များ​ကို တွေ့မြင်​လာသော​အခါ မိမိ​ခင်ပွန်း​၏ ကောင်းကွက်​များ​ကို တွေ့မြင်​ရန် အကြီးအကျယ်​ကြိုးစား​အားထုတ်​ခဲ့​သည်။ (မဿဲ ၇:၁-၃; ရောမ ၅:၁၂; ကောလောသဲ ၃:၁၂-၁၄) ယို​ကို​သည် မိမိ၏​ခင်ပွန်း​ကို ဆက်​ချစ်​သွား​နိုင်​ရန် ခွန်အား​ပေးဖို့ ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ အသနားခံ​တောင်းလျှောက်​ခဲ့​သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) အတန်ကြာ​လေ​သော် တိုရူး​သည် ဇနီး​ကို ချစ်​မြတ်နိုး​ကြောင်း သူ၏​ချစ်ခင်​ကြင်နာ​မှု​ကို ထုတ်ဖော်​ပြ​တတ်လာ​လေ​သည်။

မှန်ပါသည်၊ သင်သည် မိသားစု​အတွင်း ချစ်ခင်​ကြင်နာ​မှု​ကို မခံစား​ရ၊ ထုတ်ဖော်​ပြ​ရန်​လည်း အခက်တွေ့​မည်​ဆိုလျှင် ထို​ပြဿနာ​ကို အမှန်ပင် ကျော်လွှား​နိုင်​ပါ​သည်။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို အကျိုးပြု​လမ်းညွှန်ချက် ပေး​ထား​၏။ (ဆာလံ ၁၉:၇) ဤ​ကိစ္စ​ကို အလေးအနက်​ထား​မည်၊ သင့်​မိသားစုဝင်​များ​၏ ကောင်းကွက်​များ​ကို မြင်တတ်​ရန် ကြိုးစား​မည်၊ သမ္မာကျမ်းစာ​ကို လေ့လာ​ကျင့်သုံး​မည်၊ ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ ဆုတောင်း​ပြီး မှီခို​အားထား​မည်၊ ရင့်ကျက်သည့် ခရစ်ယာန်​အကြီးအကဲ​များ​၏ အကူအညီကို တောင်းဆို​မည်​ဆိုလျှင် သင်​နှင့် သင့်​မိသားစု​စပ်ကြား အလွန်​တ​ရာ​ကြီးမား​သည့် အတားအဆီး​ဟု ထင်မြင်​ရ​ဖွယ်​ရှိရာ​ကို အောင်မြင်​ကျော်လွှား​နိုင်​ပါ​မည်။ (၁ ပေတရု ၅:၇) ယူနိုက်တက်​စ​တိတ်​မှ ခင်ပွန်း​တစ်ဦး​ကဲ့သို့ အသင်​သည်လည်း ရွှင်လန်း​နိုင်​ပေမည်။ သူ၏​ဇနီး​ကို ချစ်ခင်​ကြင်နာ​မှု ထုတ်ဖော်​ပြ​ရန် အားပေး​ခံ​ခဲ့​ရသည်။ နောက်ဆုံး​၌ သူသည် အားယူ၍ “မင်းကို ငါ​ချစ်တယ်” ဟု​ဇနီး​အား ပြောလိုက်​သောအခါ ဇနီး​၏​တုံ့ပြန်​ပုံ​က သူ့ကို အကြီးအကျယ်​အံ့အားသင့်​စေ​ခဲ့​သည်။ ဇနီးသည် ဝမ်းသာ​မျက်ရည်များ​စီးကျ​လျက် “ကျွန်မ​လည်း ချစ်ပါ​တယ်၊ ဒါပေမဲ့ ချစ်တယ်​လို့ ရှင်​ပြော​တာ ၂၅ နှစ်​အတွင်းမှာ ဒါ​ပထမ​ဆုံး​အကြိမ်​နော်” ဟု​ပြော​ခဲ့​သည်။ အသင်​သည် သင့်​အိမ်ထောင်ဖက်​နှင့် သားသမီး​များ​အပေါ် ချစ်ခင်​ကြင်နာ​မှု ထုတ်ဖော်​ပြ​ရန် ထိုသို့ နှစ်​ရှည်​လ​များ မ​စောင့်ပါ​လေ​နှင့်!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အချို့​အမည်များ​ကို ပြောင်း​ထား​သည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင် အကူအညီ​ပေး​ထား