မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါကို မှီခိုအားကိုးတာက အကျိုးခံစားရ

ယေဟောဝါကို မှီခိုအားကိုးတာက အကျိုးခံစားရ

ကျွန်တော်တို့ဘဝမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်တော့မှ အတိအကျ မသိနိုင်ဘူး။ တစ်ခါတလေမှာ မသေချာမရေရာတာတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အားမကိုးဘဲ ကိုယ်တော့်ကို မှီခိုအားကိုးတဲ့သူတွေကို ယေဟောဝါကောင်းချီးပေးတယ်။ ဒီအချက်ကို ကျွန်တော်တို့ဇနီးမောင်နှံရဲ့ ရှည်လျားပြီး အကျိုးခံစားရတဲ့ ဘဝခရီးကနေ သင်ယူသိရှိခဲ့ကြတယ်။ ဒါကတော့ ကျွန်တော့်တို့ ဘဝရဲ့ ဇာတ်ကြောင်းတိုလေးပါ။

ကျွန်တော့်အဖေနဲ့ အမေဟာ ၁၉၁၉၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားတွေရဲ့ စည်းဝေးကြီးမှာ တွေ့ခဲ့ကြတယ်။ အဲဒီနှစ်မှာပဲ သူတို့ လက်ထပ်လိုက်တယ်။ ကျွန်တော့်ကို ၁၉၂၂ ခုနှစ်မှာ မွေးခဲ့ပြီး နောက်နှစ်နှစ်အကြာမှာ ကျွန်တော့်ညီလေး ပေါလ်ကို မွေးတယ်။ ကျွန်တော့်ဇနီး ဂရေ့စ်ကတော့ ၁၉၃၀ ခုနှစ်ဖွားဖြစ်တယ်။ သူ့မိဘတွေဖြစ်တဲ့ ရွိုင်နဲ့ ရုသ် ဟောင်းဝဲလ်ဟာ ကျမ်းစာကျောင်းသားတွေအဖြစ် ကြီးပြင်းလာကြတယ်၊ သူ့အဘိုးအဘွားတွေကလည်း ကျမ်းစာကျောင်းသားတွေဖြစ်ပြီး ညီအစ်ကို ချား တေ့စ် ရပ်စယ်လ်ရဲ့မိတ်ဆွေတွေဖြစ်တယ်။

ကျွန်တော်နဲ့ ဂရေ့စ်က ၁၉၄၇ ခုနှစ်မှာ တွေ့ခဲ့ပြီး ၁၉၄၉၊ ဇူလိုင် ၁၆ ရက်မှာ လက်ထပ်လိုက်ကြတယ်။ ကျွန်တော်တို့နှစ်ယောက် လက်မထပ်ခင်မှာ ကျွန်တော်တို့ရဲ့ ရှေ့ရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြတယ်။ ကျွန်တော်တို့ ကလေးမယူဘဲ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၁၉၅၀၊ အောက်တိုဘာ ၁ ရက်မှာ ကျွန်တော်တို့ ရှေ့ဆောင်စလုပ်တယ်။ ၁၉၅၂ ခုနှစ်မှာတော့ တိုက်နယ်လုပ်ဖို့ ဖိတ်ခေါ်ခံရတယ်။

နယ်လှည့်လုပ်ငန်းနဲ့ ဂိလဒ်သင်တန်း

ကျွန်တော်တို့ရဲ့ တာဝန်အသစ်ကို ထမ်းဆောင်နိုင်ဖို့ အကူအညီအများကြီးလိုတယ်လို့ ကျွန်တော်တို့နှစ်ယောက်စလုံး ခံစားခဲ့ရတယ်။ ကျွန်တော်က ရင့်ကျက်တဲ့ညီအစ်ကိုတွေဆီကနေ သင်ယူနေရပေမဲ့ ဂရေ့စ်ကိုလည်း လေ့ကျင့်မှုကောင်းကောင်း ရစေချင်တယ်။ ကျွန်တော်က ကျွန်တော့်မိသားစုနဲ့ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့တဲ့ နယ်လှည့်လုပ်ငန်းအတွေ့အကြုံရှိသူ မာဗင် ဟိုလင်ဆီသွာပြီး “ဂရေ့စ်က အသက်ငယ်ပြီး အတွေ့အကြုံမရှိဘူး။ လေ့ကျင့်မှုရဖို့ သူခဏလောက် တွဲအမှုဆောင်နိုင်တဲ့သူ တစ်ယောက်ယောက် မရှိဘူးလား” လို့ မေးလိုက်တယ်။ ဒါနဲ့ သူက အက်ဒ်နာ ဝင်ကယ်လ်ဟာ အတွေ့အကြုံရှိတဲ့ ရှေ့ဆောင်ဖြစ်လို့ ဂရေ့စ်ကို အများကြီး ကူညီပေးနိုင်တယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ ဂရေ့စ်က အက်ဒ်နာအကြောင်း ဒီလိုပြောတယ်– “သူက ကျွန်မကို အိမ်တံခါးဝမှာ လူတွေကိုဟောပြောတဲ့အခါ စိတ်အေးအေးထားတတ်ဖို့ ကူညီပေးတယ်။ အတိုက်အခံကြုံရတဲ့အခါ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သူ ကောင်းကောင်းသိတယ်။ အိမ်ရှင်တွေပြောတာကို ကောင်းကောင်းနားထောင်ပေးပြီး အကောင်းဆုံးပြန်ဖြေတတ်အောင် သင်ပေးတယ်။ သူဟာ ကျွန်မ တကယ်လိုအပ်နေတဲ့သူပဲ။”

ဘယ်ဘက်ကစ– နေသန်နော၊ မယ်လ်ကန် အယ်လန်၊ ဖရက် ရာ့စ်၊ လိုင်း ရူးရှ်၊ အင်ဒရူး ဝဂ္ဂနာ

ဂရေ့စ်နဲ့ ကျွန်တော်ဟာ အိုင်အိုဝါပြည်နယ်မှာရှိတဲ့ တိုက်နယ်နှစ်ခုမှာ အမှုဆောင်ခဲ့တယ်။ ဒီတိုက်နယ်တွေထဲမှာ မင်နီစိုတာပြည်နယ်နဲ့ တောင်ဒါကိုတာပြည်နယ်ရဲ့ တချို့အပိုင်းတွေပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ဟာ နယူးယောက်ပြည်နယ်ရဲ့ တိုက်နယ် ၁ ကိုပြောင်းရတယ်၊ အဲဒီတိုက်နယ်မှာ ဘရွတ်ကလင်နဲ့ ကွင်းစ်မှာရှိတဲ့ နယ်မြေတွေလည်း ပါတယ်။ ဒီတာဝန်အတွက် ကျွန်တော်တို့မှာ အရည်အချင်းမရှိဘူးလို့ ခံစားခဲ့ရတာကို ကျွန်တော်တို့ ဘယ်တော့မှမမေ့ဘူး။ ကျွန်တော်လည်ပတ်တဲ့တိုက်နယ်ထဲမှာ ဗေသလနိုင်ငံတော်ခန်းမကို အသုံးပြုတဲ့ ဘရွတ်ကလင်ဟိုက် အသင်းတော်ပါတယ်။ အဲဒီအသင်းတော်မှာ အတွေ့အကြုံရှိတဲ့ ဗေသလမိသားစုဝင်တွေ အများကြီးရှိတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး လုပ်ငန်းတော်ဟောပြောချက် ဟောပြီးတဲ့အခါမှာ ညီအစ်ကို နေသန်နောက ကျွန်တော့်ဆီလာပြီး “မယ်လ်ကန်၊ ခင်ဗျားက ကျွန်တော်တို့လုပ်ရမယ့်အချက်တွေအတွက် သွန်သင်ချက်တွေပေးခဲ့တယ်၊ အဲဒါကောင်းတယ်။ ခင်ဗျား ဒီလိုသွန်သင်ချက်တွေမပေးရင် အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့သူ ဖြစ်မှာမဟုတ်ဘူးဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ ဒီအတိုင်း ဆက်လုပ်ပါ” လို့ပြောတယ်။ စည်းဝေးပြီးတဲ့နောက်မှာ ဒီအကြောင်းကို ကျွန်တော် ဂရေ့စ်ကို ပြောပြတယ်။ ပြီးတဲ့နောက် အပေါ်ထပ်မှာရှိတဲ့ ကျွန်တော်တို့တည်းခိုတဲ့ ဗေသလအခန်းကို ပြန်သွားလိုက်တယ်။ ကျွန်တော်တို့ဟာ ဖိစီးမှုတွေကြောင့် ငိုခဲ့ကြရတယ်။

“ခင်ဗျား ဒီလိုသွန်သင်ချက်တွေမပေးရင် အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့သူ ဖြစ်မှာမဟုတ်ဘူးဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ ဒီအတိုင်း ဆက်လုပ်ပါ”

လအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ၂၄ ကြိမ်မြောက် ဂိလဒ်ကျောင်းတက်ဖို့ ကျွန်တော်တို့ ဖိတ်ခေါ်စာရတယ်။ အဲဒီကျောင်းက ၁၉၅၅၊ ဖေဖော်ဝါရီလမှာ ပြီးသွားတယ်။ ကျွန်တော်တို့ကို သာသနာပြုအနေနဲ့ လွှတ်မှာမဟုတ်ဘူးလို့ ဂိလဒ်ကျောင်းမသွားခင်မှာ ကြိုပြောထားတယ်။ အဲဒီအစား နယ်လှည့်လုပ်ငန်းကို ပိုထိထိရောက်ရောက် လုပ်နိုင်ဖို့ သင်တန်းက ကူညီပေးမှာဖြစ်တယ်။ ကျောင်းတက်ရတာ တကယ်အကျိုးရှိတယ်၊ ကျွန်တော်တို့ကို နှိမ့်ချမှုရှိဖို့လည်း သင်ပေးတယ်။

ဖဲန်နဲ့ ဂျော့ခ်ျ ကို့ခ်ျ၊ ဂရေ့စ်နဲ့ ကျွန်တော် ၁၉၅၄ ခုနှစ်၊ ဂိလဒ်ကျောင်းမှာ

ဂိလဒ် သင်တန်းပြီးတဲ့အခါ ကျွန်တော်တို့ကို ခရိုင်လုပ်ငန်းမှာ တာဝန်ပေးတယ်။ ကျွန်တော်တို့ရဲ့ခရိုင်ထဲမှာ အင်ဒီယန်းနား၊ မစ်ရှီဂန်နဲ့ အိုဟိုင်အို ပြည်နယ်တွေပါတယ်။ ၁၉၅၅၊ ဒီဇင်ဘာလမှာ ညီအစ်ကိုနောဆီကနေ စာတစ်စောင်ရတယ်။ အဲဒီမှာ ဒီလိုရေးထားတယ်– “ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ခင်ဗျားတို့ ဗေသလကိုလာပြီး ဗေသလမှာပဲ ဆက်နေချင်သလား၊ ဒါမှမဟုတ် ဗေသလမှာ ခဏနေပြီး တိုင်းတစ်ပါးမှာ အမှုဆောင်ချင်သလား။ ခရိုင်နဲ့တိုက်နယ်လုပ်ငန်းကိုပဲ ပိုကြိုက်တယ်ဆိုရင်လည်း ပြောပါ။” ကျွန်တော်တို့ကို ဘာတာဝန်ပဲပေးပေး ပျော်ရွှင်စွာ လက်ခံပါမယ်လို့ စာပြန်လိုက်တယ်။ ချက်ချင်းဆိုသလို ကျွန်တော်တို့ကို ဗေသလလာဖို့ ဖိတ်ခေါ်လိုက်တယ်။

ဗေသလမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်တွေ

ဗေသလမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အဲဒီနှစ်တွေမှာ ကျွန်တော်ဟာ အမေရိကန်နိုင်ငံအနှံ့မှာရှိတဲ့ အသင်းတော်တွေ၊ စည်းဝေးကြီးတွေနဲ့ စည်းဝေးပွဲတွေမှာ ဟောပြောချက်တွေ ပေးခဲ့ရတယ်။ နောက်ပိုင်း ယေဟောဝါရဲ့အဖွဲ့အစည်းမှာ အရေးပါတဲ့တာဝန်တွေကို ရခဲ့တဲ့ လူငယ်ညီအစ်ကိုများစွာကို လေ့ကျင့်ပေးရာမှာလည်း ကျွန်တော်ကူညီပေးခဲ့တယ်။ နောက်တော့ ကမ္ဘာတစ်ဝန်းဟောပြောခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်းတဲ့ရုံးခန်းမှာ ညီအစ်ကိုနောရဲ့ အတွင်းရေးမှူးအဖြစ် အလုပ်လုပ်ခဲ့တယ်။

၁၉၅၆ ခုနှစ်တုန်းက လုပ်ငန်းတော်ဌာနမှာ အလုပ်လုပ်နေ

ကျွန်တော့်အတွက်တော့ လုပ်ငန်းတော်ဌာနမှာ အမှုဆောင်ခဲ့ရတဲ့အချိန်က တကယ့်ကို ပျော်စရာဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်ဟာ တီ ဂျေ (ဘတ်) စူလီဗန်နဲ့အတူ အလုပ်လုပ်ရတယ်။ သူက အဲဒီဌာနရဲ့ ကြီးကြပ်မှူးအဖြစ် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တယ်။ တခြားသူတွေဆီကလည်း ကျွန်တော်အများကြီး သင်ယူခဲ့ရတယ်။ ဥပမာအနေနဲ့ ကျွန်တော့်ကို လေ့ကျင့်ပေးဖို့ တာဝန်ရထားတဲ့ ဖရက် ရာ့စ် ဆီကနေလည်း အများကြီး သင်ယူခဲ့ရတယ်။ ကျွန်တော်ရေးတဲ့စာတွေကို ဘာဖြစ်လို့ အများကြီးပြင်တာလဲလို့ သူ့ကို မေးခဲ့တာကို သတိရသေးတယ်။ သူက ရယ်ပြီး “မယ်လ်ကန်၊ တစ်ခုခုကို ခင်ဗျားက စကားနဲ့ပြောတဲ့အခါမှာ နားမလည်ရင် ထပ်ရှင်းပြလို့ရတယ်။ ဒါပေမဲ့ ခင်ဗျားက စာနဲ့ရေးတဲ့အခါ အထူးသဖြင့် ဒီဌာနကလာတဲ့စာဆိုရင် အတတ်နိုင်ဆုံး တိကျမှန်ကန်ဖို့လိုတယ်။ ပြီးတဲ့နောက် ကျွန်တော့်ကို ဒီလိုပြောတယ်– “ရဲရဲလုပ်ပါ။ ခင်ဗျားလုပ်နေတာတွေ ကောင်းပါတယ်။ နောက်ဆိုရင် ခင်ဗျား အဆင်ပြေသွားမှာပါ။”

ကျွန်တော်တို့ ဗေသလမှာ ရှိနေတဲ့နှစ်တွေမှာ ဂရေ့စ်ဟာ အခန်းသန့်ရှင်းရေး အပါအဝင် အလုပ်အမျိုးမျိုး လုပ်ခဲ့တယ်။ အဲဒီအလုပ်တွေမှာ သူပျော်တယ်။ ကျွန်တော်တို့ဗေသလမှာ ရှိတုန်းက လူငယ်ပဲရှိသေးတဲ့ ညီအစ်ကိုတချို့နဲ့ အခုအချိန်မှာ ပြန်တွေ့ရင်တောင် သူတို့က ပြုံးပြီး ဂရေ့စ်ကို “ခင်ဗျားက ကျွန်တော့်ကို အိပ်ရာခင်းနည်း သင်ပေးခဲ့တာ၊ အဲဒီလိုသင်ပေးတာကို ကျွန်တော့်အမေ သဘောကျတယ်ဆိုတာ ခင်ဗျားကိုပြောပြချင်တယ်” လို့ပြောတယ်။ ဂရေ့စ်ဟာ မဂ္ဂဇင်းဌာန၊ စာပေးစာယူနဲ့ တိတ်ခွေတွေကူးတဲ့ဌာနတွေမှာလည်း လုပ်ဆောင်ခဲ့တယ်။ အဲဒီလို တာဝန်အမျိုးမျိုး လုပ်ဆောင်ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဘယ်နေရာမှာ ဘာပဲလုပ်ရလုပ်ရ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ အမှုဆောင်ရတာက အခွင့်ထူးနဲ့ ကောင်းချီးပဲဆိုတာ သူသိရှိခဲ့တယ်။ အခုအချိန်အထိလည်း သူ အဲဒီလို ခံစားနေရတုန်းပဲ။

ကျွန်တော်တို့ အပြောင်းအလဲလုပ်ခဲ့ကြ

၁၉၇၅ ခုနှစ်လောက်မှာ ကျွန်တော်တို့ရဲ့မိဘတွေ အသက်ကြီးလာလို့ အကူအညီပိုလိုအပ်လာပြီဆိုတာ သတိထားမိတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြတယ်။ ဗေသလနဲ့ ကျွန်တော်တို့ချစ်တဲ့ ညီအစ်ကိုညီအစ်မတွေကို ကျွန်တော်တို့ မခွဲခွာချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ မိဘတွေကို ကြည့်ရှုရမယ့်တာဝန်ရှိတယ်လို့ ခံစားရတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဗေသလက ထွက်လိုက်တယ်၊ ဒါပေမဲ့ အခြေအနေပြောင်းသွားရင် ဗေသလကိုပြန်သွားမယ်လို့ မျှော်လင့်ခဲ့ကြတယ်။

မိသားစုဝင်ငွေအတွက် ကျွန်တော် အာမခံကုမ္ပဏီမှာ အရောင်းတာဝန်ခံလုပ်တယ်။ ကျွန်တော် အလုပ်သင်နေချိန်မှာ မန်နေဂျာတစ်ယောက် ဒီလို ပြောတာကို အမြဲမှတ်မိနေတယ်– “ဒီအလုပ်က ညနေပိုင်းမှာပဲ အဓိကလုပ်ရတာ။ အဲဒီအချိန်က လူတွေကို တွေ့နိုင်တဲ့အချိန်ဖြစ်တယ်။ ညနေတိုင်း လူတွေဆီအရောက်သွားဖို့ထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး။” ကျွန်တော် ဒီလိုပြန်ပြောလိုက်တယ်– “ခင်ဗျားအတွေ့အကြုံအရ ဒီလိုပြောတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ခင်ဗျားပြောတာကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ ဘုရားသခင်ကိုဝတ်ပြုတာက အဓိကဖြစ်လို့ အဲဒါကို မပြောင်းလဲနိုင်ဘူး။ ညနေပိုင်းတွေမှာ လူတွေဆီသွားဖို့ ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ညနေတွေမှာတော့ ကျွန်တော် သိပ်အရေးကြီးတဲ့စည်းဝေးတွေကို တက်ရမယ်။” လောကအလုပ်ကြောင့် စည်းဝေးမပျက်တဲ့အတွက် ယေဟောဝါ ကျွန်တော့်ကို တကယ် ကောင်းချီးပေးခဲ့တယ်။

၁၉၈၇၊ ဇူလိုင်မှာ ပြုစုစောင့်ရှောက်ရေးဂေဟာမှာ အမေဆုံးသွားတော့ ကျွန်တော်တို့ အမေ့ဘေးနားမှာ ရှိခဲ့တယ်။ သူနာပြုအုပ်က ဂရေ့စ်နားလာပြီး ဒီလိုပြောတယ်– “မစ္စစ်၊ အယ်လ်လန်၊ အိမ်ပြန်ပြီး အနားယူပါ။ ရှင်က ရှင့်ယောက္ခမဘေးမှာ အချိန်ပြည့်ရှိနေတာကို ဒီကလူတွေ အားလုံးသိတယ်။ ရှင် အတတ်နိုင်ဆုံး ပြုစုပေးခဲ့ပြီးပြီပဲ။”

၁၉၈၇၊ ဒီဇင်ဘာလမှာ ကျွန်တော်တို့နှစ်သက်တဲ့ဗေသလမှာ အမှုဆောင်ဖို့ လျှောက်လွှာပြန်တင်တယ်။ ဒါပေမဲ့ ရက်ပိုင်းလောက်မှာပဲ ဂရေ့စ်မှာ အူမကြီးကင်ဆာ ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ခွဲစိတ်ကုသပြီး ပြန်နေကောင်းလာတဲ့အခါ သူ့ရဲ့ကင်ဆာရောဂါ ပျောက်သွားပြီလို့ ပြောတယ်။ အဲဒီအချိန်အတွင်းမှာ ဒေသခံအသင်းတော်နဲ့ ပူးပေါင်းပြီး ဆက်အမှုဆောင်ဖို့ အကြံပြုထားတဲ့ ဗေသလကစာကို ရရှိခဲ့တယ်။ ယေဟောဝါကို ဆက်ပြီး အမှုဆောင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ကျွန်တော်က တက္ကဆက်စ်မှာ အလုပ်တစ်ခုရတယ်။ အဲဒီက နွေးထွေးတဲ့ရာသီဥတုက ကျွန်တော်တို့နဲ့ သင့်တော်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့တယ်၊ အဲဒီအတိုင်းပဲ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အဲဒီကိုရောက်တာ ၂၅ နှစ်ရှိပြီ၊ အဲဒီမှာ ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးလာတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ မေတ္တာနဲ့စောင့်ရှောက်မှုကို ခံခဲ့ရတယ်။

ကျွန်တော်တို့ရခဲ့တဲ့ သင်ခန်းစာ

နှစ်တွေတစ်လျှောက် ဂရေ့စ်ဟာ အူမကြီး၊ သိုင်းရွိုက်နဲ့ ရင်သားကင်ဆာ ဝေဒနာတွေ ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူ တစ်ခါမှ မညည်းညူခဲ့ဘူး။ ကျွန်တော်နဲ့ အမြဲပူးပေါင်းလုပ်ဆောင်ပြီး အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံတယ်။ လူတွေက ကျွန်တော်တို့အိမ်ထောင် ဘာကြောင့် သာယာတာလဲလို့ သူ့ကို မေးတတ်တယ်။ သူက အကြောင်းရင်းလေးခုကို ပြောပြတယ်။ ကျွန်တော်တို့က မိတ်ဆွေကောင်းတွေဖြစ်တယ်၊ နေ့တိုင်း စကားပြောတယ်၊ အတူတူ အချိန်ဖြုန်းရတာကို နှစ်သက်တယ်၊ တစ်ယောက်ကိုတစ်ယောက် ဒေါသထွက်နေရင်းနဲ့ ဘယ်တော့မှ အိပ်ရာမဝင်ဘူးလို့ သူ ပြောပြတယ်။ တစ်ခါတလေ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးတာတော့ ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အမြဲပဲ ခွင့်လွှတ်ပြီး မေ့လိုက်တယ်၊ အဲဒါက တကယ်အကျိုးရှိတယ်။

“ယေဟောဝါကို အမြဲ ယုံကြည်အားကိုးပြီး ကိုယ်တော်ခွင့်ပြုတာကို လက်ခံပါ”

ကျွန်တော်တို့ အခက်အခဲကြုံတွေ့ချိန်တစ်လျှောက်မှာ ဒီသင်ခန်းစာကောင်းတွေကို သင်ယူရရှိခဲ့ကြတယ်–

  1. ယေဟောဝါကို အမြဲ ယုံကြည်အားကိုးပြီး ကိုယ်တော်ခွင့်ပြုတာကို လက်ခံပါ။ ကိုယ့်ရဲ့ဉာဏ်ပညာကို ဘယ်တော့မှ အားမကိုးပါနဲ့။—သု. ၃:၅၊ ၆; ယေ. ၁၇:၇

  2. ဘာပဲ ကြုံရကြုံရ လမ်းညွှန်ချက်ရဖို့ သမ္မာကျမ်းစာမှာ ရှာပါ။ ယေဟောဝါစကားနားထောင်ပြီး ကိုယ်တော့်ပညတ်တွေကို လိုက်လျှောက်ခြင်းက အရေးကြီးဆုံးပဲ။ ယေဟောဝါပြောတာကို နားထောင်မလား၊ နားမထောင်ဘူးလားဆိုတဲ့ ရွေးချယ်စရာနှစ်လမ်းပဲရှိတယ်။—ရော. ၆:၁၆; ဟေဗြဲ ၄:၁၂

  3. ဘဝမှာ အရေးကြီးဆုံးက ယေဟောဝါရဲ့ မျက်နှာသာရဖို့ပါပဲ။ သင့်ဘဝမှာ ငွေကိုမဟုတ်ဘဲ ယေဟောဝါ နှစ်သက်တာကို ပထမနေရာမှာထားပါ။—သု. ၂၈:၂၀; ဒေ. ၇:၁; မ. ၆:၃၃၊ ၃၄

  4. ယေဟောဝါရဲ့အမှုတော်မှာ ကြိုးကြိုးစားစား လုပ်ဆောင်နိုင်ဖို့နဲ့ အောင်မြင်မှုရဖို့ ဆုတောင်းပါ။ သင် လုပ်နိုင်တာကိုပဲစဉ်းစားပါ၊ မလုပ်နိုင်တာကို မစဉ်းစားပါနဲ့။—မ. ၂၂:၃၇; ၂ တိ. ၄:၂

  5. ယေဟောဝါရဲ့ ကောင်းချီးနဲ့ မျက်နှာသာရတဲ့ နောက်ထပ်အဖွဲ့အစည်းမရှိဘူးဆိုတာ သိထားပါ။—ယော. ၆:၆၈

အခုဆိုရင် ကျွန်တော်တို့ အိမ်ထောင်သက် ၆၅ နှစ်နီးပါးရှိပြီ၊ အမှုဆောင်သက်တမ်းက တစ်ယောက်ကို ၇၅ နှစ်ကျော်ရှိပြီ။ ယေဟောဝါကို အဲဒီလောက် အကြာကြီး အတူတူ အမှုဆောင်ရတာ တကယ်ကောင်းတယ်။ ယေဟောဝါကို မှီခိုအားကိုးတဲ့အခါ ဘဝက အကျိုးရှိတယ်ဆိုတာ ညီအစ်ကိုညီအစ်မတွေအားလုံး သိမြင်ခံစားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပြီး ဆုတောင်းပါတယ်။