မာတိကာဆီ ကျော်သွား

သက်သေခံ ကျောင်းသူကျောင်းသား ၁၅ ယောက်ထဲက ၃ ယောက်က ဆုရစာရွက်တွေကို ဝမ်းသာအားရ ပြနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်
ဂျာမနီ

နာဇီတွေလက်ချက်နဲ့ သေဆုံးခဲ့တဲ့ ဗီဟယ်မီနာ ပေါ်တာအကြောင်း တင်ဆက်တဲ့ သက်သေခံလူငယ် တစ်ဆယ့်ငါးယောက် ဆုချီးမြှင့်ခံရ

နာဇီတွေလက်ချက်နဲ့ သေဆုံးခဲ့တဲ့ ဗီဟယ်မီနာ ပေါ်တာအကြောင်း တင်ဆက်တဲ့ သက်သေခံလူငယ် တစ်ဆယ့်ငါးယောက် ဆုချီးမြှင့်ခံရ

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ ကက်ဆဲလ်မြို့က ယေဟောဝါသက်သေ လူငယ် ၁၅ ယောက် ပထမဆု ချီးမြှင့်ခံရတယ်။ နာဇီတွေရဲ့ နှိပ်စက်ညှဉ်းဆဲမှုကြောင့်သေဆုံးခဲ့တဲ့ ညီအစ်မ ဗီဟယ်မီနာ ပေါ်တာရဲ့ ရဲစွမ်းသတ္တိအကြောင်း သူတို့ ရှာဖွေတင်ဆက်ခဲ့ကြတာပါ။

နာဇီ အုပ်ချုပ်မှုအောက် ကျဆုံးခဲ့သူတွေကို သတိရအောက်မေ့တဲ့အနေနဲ့ လူမှုအဖွဲ့အစည်းတစ်ခု (Stolpersteine) က ကက်ဆဲလ်မြို့အနှံ့က လူသွားလမ်းတွေပေါ် အထိမ်းအမှတ်ကျောက်ပြားငယ်တွေ ခင်းခဲ့ကြတယ်။ အဲဒီထဲမှာ ညီအစ်မ ဗီဟယ်မီနာနဲ့ ခင်ပွန်း ဂျက်စတက် ပေါ်တာအတွက်လည်း ပါတယ်။ နီးစတယ်ထာလို့ခေါ်တဲ့ အနီးနားရွာက လမ်းတစ်လမ်းကိုလည်း ညီအစ်မ ဗီဟယ်မီနာအတွက် ရည်စူးပြီး သူ့နာမည်နဲ့ မှည့်ခေါ်ထားတာ။ လူမှုအဖွဲ့အစည်းရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် နာဇီတွေလက်ချက်နဲ့ သေဆုံးသူတွေရဲ့ ဘဝအတ္ထုပ္ပတ္တိနဲ့ သင်ယူရရှိတဲ့ သင်ခန်းစာတွေကို ဆွေးနွေးတင်ဆက်ကြဖို့ တစ်မြို့လုံးက ကျောင်းသူကျောင်းသားတွေကို ဖိတ်ခေါ်ခဲ့တယ်။

ညီအစ်မ ဗီဟယ်မီနာ နာမည်နဲ့ မှည့်ခေါ်ထားတဲ့ ဗီဟယ်မီနာ ပေါ်တာလမ်းရဲ့ ဘတ်စကားမှတ်တိုင်မှာ သူရေးခဲ့တဲ့ စာတွေကို ပိုစတာကပ်ထား

အသက် ၁၃ နှစ်ကနေ ၂၃ နှစ် အရွယ်ရှိတဲ့ ညီအစ်ကို/မငယ်အုပ်စုက ညီအစ်မ ဗီဟယ်မီနာအကြောင်း တင်ဆက်ဖို့ ရွေးချယ်ကြတယ်။ သူ့ဘဝအသက်တာအကြောင်း ဖော်ပြဖို့ ဘုရားကိုပဲ နာခံခဲ့ ဆိုတဲ့ ၂၄ မိနစ်ကြာ ဗီဒီယိုကို ပြင်ဆင်ထုတ်လုပ်တယ်။ ၁၉၃၇ မှာ ဗီဟယ်မီနာကို နာဇီတွေ ဖမ်းခေါ်သွားတဲ့အကြောင်း၊ ၁၉၄၂ ခုနှစ် အသက် ၄၉ နှစ်အရွယ်မှာ ရာဗန်ဘရွတ် ချွေးတပ်စခန်းမှာ သေဆုံးခဲ့တဲ့အကြောင်း ဗီဒီယိုမှာ တင်ဆက်ထားတယ်။ ခင်ပွန်းနဲ့ မိသားစုဆီ ထောင်ထဲကနေ ရေးပို့ခဲ့တဲ့စာတွေကိုလည်း ဓာတ်ပုံပိုစတာအဖြစ် ပြင်ဆင်ကြတယ်။ ဒီပိုစတာတွေကို ဗီဟယ်မီနာ နာမည်နဲ့ မှည့်ခေါ်ထားတဲ့လမ်းရဲ့ ဘတ်စကားမှတ်တိုင်မှာ ပြသကြတယ်။

၁၉၃၇ ခုနှစ်၊ ဧပြီ ၂၅ ရက်စွဲနဲ့ ခင်ပွန်းဆီ ဗီဟယ်မီနာ ရေးပို့တဲ့စာမှာ အခုလို ဖတ်ရတယ်– “ချစ်ရတဲ့ ဂျက်စတက်၊ စီရင်ချက် ချမှတ်ခံရချိန်မှာ ကျွန်မတို့ နှစ်ယောက်စလုံး တည်တည်ငြိမ်ငြိမ် ရှိနေပြီး ယုံကြည်ခြင်းခိုင်မာနေလို့ ကျွန်မ ဝမ်းသာမိတယ်။ အခုတော့ အရာအားလုံးကို သခင့်လက်ထဲပဲ အပ်လိုက်ကြရအောင်။ ကျွန်မတို့ကို သခင် ဆက်ပြီး လမ်းပြကူညီပေးနေမှာပါ။ ကျန်တဲ့အရာတွေထက် အဆုံးထိ သစ္စာရှိပါမယ်ဆိုတဲ့ ကတိကို တည်နိုင်အောင် ကျွန်မတို့ကို ဘုရားရေးရာပိုင်းကော ကာယပိုင်းမှာပါ ခွန်အားပေးသနားဖို့ပဲ သခင့်ဆီ ဆုတောင်းပါတယ်။ ကျွန်မတို့ မခံနိုင်တာကို ဘယ်တော့မှ ဖြစ်ခွင့်ပြုမှာ မဟုတ်လို့ သခင့်ကိုပဲ ယုံကြည်မှုအပြည့်နဲ့ မျှော်ကိုးကြရအောင်။” ဗီဟယ်မီနာရဲ့ ဆုတောင်း ပြည့်ခဲ့တယ်။ လင်မယား နှစ်ယောက်စလုံး သေဆုံးတဲ့အထိ သစ္စာရှိနိုင်ခဲ့လို့ပါ။

၁၉၃၇ ခုနှစ်၊ ဧပြီ ၂၅ ရက်စွဲနဲ့ ခင်ပွန်းအတွက် ဗီဟယ်မီနာ ရေးခဲ့တဲ့ စာ

ဗီဒီယိုထဲမှာ ၂၃ နှစ်အရွယ် ညီအစ်မ အလက်ဇန်ဒရာ အာသီမီရာက အခုလို ပြောပြတယ်– “ခရစ်တော်ရဲ့ နောက်လိုက်မှန်ရင် နှိပ်စက်ညှဉ်းပန်းမှု ကြုံရမယ်ဆိုတာ ဗီဟယ်မီနာနဲ့ သူ့ခင်ပွန်း သိပြီးသား။ ဒါတောင် ကိုယ်ယုံကြည်ရာအတွက် ဖမ်းဆီးနှိပ်စက်ခံဖို့၊ အသက်ပေးဖို့အထိ တလိုတလား ရှိခဲ့ကြတာ။ ဘုရားသခင် သူတို့ကို ဘယ်တော့မှ မမေ့ဘူးဆိုတာ သိနေကြလို့ပါ။” အစီအစဉ်မှာ ကူညီပံ့ပိုးခဲ့တဲ့ ၁၈ နှစ်အရွယ် ညီအစ်ကို အိုလ်ရှရိုဒါလည်း အခုလို ပြောတယ်– “ညီအစ်မ ဗီဟယ်မီနာ ပေါ်တာက ကျွန်တော့်အတွက် တကယ့်စံနမူနာကောင်းပဲ။ ဘုရားအပေါ် သစ္စာရှိတာ၊ ယုံကြည်ခြင်း၊ ခံနိုင်ရည် ရှိတာ၊ ရွှင်လန်းမှုကို ဆက်ထိန်းနိုင်တာတွေဟာ တကယ် တုပထိုက်တယ်ဗျာ။ သူ့ပုံသက်သေကောင်းကနေ ဘုရားနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရတာ ဘယ်လောက် တန်ဖိုးရှိလိုက်သလဲဆိုတာ ကျွန်တော် သိလာတယ်။”

ဗီဒီယို အစအဆုံးကို ဆုပေးပွဲမှာ ပြသခဲ့တယ်။ ပရိသတ် ၁၈၀ ထဲမှာ ကျောင်းသူကျောင်းသားတွေ၊ သတင်းထောက်တွေ၊ မြို့တော်ဝန်၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှူးနဲ့ ကျောင်းခရိုင် ညွှန်ကြားရေးမှူးတို့လည်း ပါတယ်။

အစီအစဉ်မှာ ပါဝင်သွားတဲ့ ညီအစ်ကို၊ ညီအစ်မတွေလို ကျွန်တော်တို့လည်း ဂျက်စတက်နဲ့ ဗီဟယ်မီနာတို့ တင်ပြခဲ့တဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိကြောင့်ခွန်အားရကြတယ်။ မိမိရဲ့ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဟီဘရူး ၆:၁၀