မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်
တာဂျစ်ကစ္စတန်

ယေဟောဝါသက်သေတွေကို ပိတ်ပင်တဲ့ တာဂျစ်ကစ္စတန်အစိုးရရဲ့ လုပ်ရပ် ဥပဒေနဲ့မညီကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကော်မတီ ကြေညာ

ယေဟောဝါသက်သေတွေကို ပိတ်ပင်တဲ့ တာဂျစ်ကစ္စတန်အစိုးရရဲ့ လုပ်ရပ် ဥပဒေနဲ့မညီကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကော်မတီ ကြေညာ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ (CCPR) က အရေးပါတဲ့စီရင်ချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့တယ်။ ယေဟောဝါသက်သေတွေကို ခွဲခြားဆက်ဆံတဲ့ တာဂျစ်ကစ္စတန်အစိုးရကို အရှုံးပေးစီရင်ခဲ့တာဖြစ်တယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်မှာလည်း လူ့အခွင့်အရေးကော်မတီက အက်ဒရစ်ကေးယေ့ဗ် နဲ့ တာဂျစ်ကစ္စတန် အမှုမှာ ယေဟောဝါသက်သေတွေကို အနိုင်ပေးဆုံးဖြတ်ခဲ့တယ်။ တာဂျစ်ကစ္စတန်အစိုးရက ယေဟောဝါသက်သေတွေကို တရားဝင်အသိအမှတ်ပြုဖို့ ငြင်းဆန်ပြီး သက်သေခံတွေရဲ့ လုပ်ဆောင်မှုတွေကို ပိတ်ပင်ခဲ့လို့ အဲဒီအမှု ပေါ်ပေါက်ခဲ့တာဖြစ်တယ်။

တာဂျစ်ကစ္စတန်နိုင်ငံမှာ ယေဟောဝါသက်သေတွေ ရှိနေတာ အနှစ် ၅၀ ကျော်ပြီ။ ၁၉၉၄ ခုနှစ်မှာ ယေဟောဝါသက်သေ ဘာသာရေးအသင်းအဖွဲ့ (RAJW) ကို တရားဝင် မှတ်ပုံတင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက မှတ်ပုံတင်ထားတာကို ဖျက်သိမ်းလိုက်ပြီး ယေဟောဝါသက်သေတွေရဲ့ဝတ်ပြုရေးကို ပိတ်ပင်တယ်။ ယေဟောဝါသက်သေတွေ ဟောပြောခြင်းလုပ်ငန်း ဆောင်ရွက်တာ၊ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတာ၊ မိမိတို့မှာ စစ်မှန်တဲ့ဘာသာရှိတယ်လို့ ယုံကြည်တာဟာ အစွန်းရောက်တယ်လို့ အစိုးရက ဆိုတယ်။ တရားဝင် ပြန်လည်မှတ်ပုံတင်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်း ပယ်ချခံရတယ်။

ယေဟောဝါသက်သေတွေကို တာဂျစ်ကစ္စတန်အစိုးရ ပိတ်ပင်တာ ဥပဒေနဲ့မညီကြောင်း လူ့အခွင့်အရေးကော်မတီက စီရင်ချက်မှာ သုံးသပ်ထားတယ်။ RAJW အသင်းအဖွဲ့ကို ပိတ်ပင်ရတဲ့၊ ပြန်လည်မှတ်ပုံခွင့်မပြုတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး တာဂျစ်ကစ္စတန်အစိုးရက အကြောင်းပြချက်တွေပေးခဲ့ပေမဲ့ ခိုင်လုံတဲ့ “အကြောင်းပြချက် တစ်ခုမှမရှိဘူး” လို့ စီရင်ချက်မှာ ဖော်ပြထားတယ်။

တာဂျစ်ကစ္စတန်အစိုးရက RAJW အသင်းအဖွဲ့ကို ပြန်လည်မှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် နောက်ဆက်တွဲအနေနဲ့ “ဖမ်းဆီးမှု၊ အကျဉ်းချမှု၊ စစ်ဆေးမေးမြန်းမှု၊ ဝင်ရောက်ရှာဖွေမှု၊ ရိုက်နှက်မှု၊ ဘာသာရေးစာပေတွေ သိမ်းဆည်းမှု၊ ယေဟောဝါသက်သေ (တစ်ယောက်) ကို ပြည်နှင်ဒဏ်ပေးမှု” တွေ ဖြစ်လာတယ်လို့လည်း လူ့အခွင့်အရေးကော်မတီက မှတ်ချက်ချတယ်။ ယေဟောဝါသက်သေတွေအပေါ် အဲဒီလိုမတော်မတရားဆက်ဆံတာက ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး ပဋိညာဉ်စာတမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

အသက် ၇၁ နှစ်အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ဟာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ထောင်ကျနေတာဖြစ်တယ်။

ယေဟောဝါသက်သေတွေ တင်ထားတဲ့ မှတ်ပုံတင်လျှောက်လွှာတွေကို ပြန်စဉ်းစားသုံးသပ်ဖို့၊ အခွင့်အရေးချိုးဖောက်ခံရသူတွေကို နစ်နာကြေးပေးဖို့ လူ့အခွင့်အရေးကော်မတီက တာဂျစ်ကစ္စတန်အစိုးရကို ညွှန်ကြားခဲ့တယ်။ “ရှေ့လျှောက်လည်း အလားတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်စေဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားဖို့” တာဂျစ်အစိုးရကို အမိန့်ပေးခဲ့တယ်။

လူ့အခွင့်အရေးကော်မတီရဲ့ ဆုံးဖြတ်ချက်က အသက် ၇၁ နှစ်အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ရဲ့ အမှုအပေါ် အကျိုးသက်ရောက်နိုင်တယ်။ ညီအစ်ကိုဟာ ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်မှုကြောင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ထောင်ကျနေတာဖြစ်တယ်။ ယေဟောဝါသက်သေတွေကို အစိုးရ ပိတ်ပင်ထားတယ်ဆိုတဲ့ တစ်ခုတည်းသော ဥပဒေအကြောင်းပြချက်နဲ့ အာဏာပိုင်တွေ သူ့ကို ဖမ်းဆီးထောင်ချခဲ့တာဖြစ်တယ်။

လူ့အခွင့်အရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကြောင့် တာဂျစ်ကစ္စတန်မှာရှိတဲ့ ယေဟောဝါသက်သေတွေ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ရလာမယ်လို့ မျှော်လင့်ပါတယ်။ “သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်” ဖို့ ကြိုးပမ်းနေမှုတွေအပေါ် ယေဟောဝါဘုရား ဆက်လက်ကောင်းချီးပေးပါစေလို့ ဆုတောင်းပါတယ်။—ဖိလိပ္ပိ ၁:၇