မာတိကာဆီ ကျော်သွား

၂၀၁၉၊ ဖေဖော်ဝါရီလ ညီအစ်ကို ရှာမီ ခါကီမို့ ထောင်မကျခင်

၂၀၂၁၊ မတ် ၄
တာဂျစ်ကစ္စတန်

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကော်မရှင်က တာဂျစ်ကစ္စတန်မှာ ထောင်ကျနေတဲ့ ညီအစ်ကို ရှာမီ ခါကီမို့ကို လွှတ်ပေးဖို့ တောင်းဆိုမယ်

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကော်မရှင်က တာဂျစ်ကစ္စတန်မှာ ထောင်ကျနေတဲ့ ညီအစ်ကို ရှာမီ ခါကီမို့ကို လွှတ်ပေးဖို့ တောင်းဆိုမယ်

၂၀၂၁၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ USCIRF a ကော်မရှင်နာ နူရီ တာကယ်လ်က ဘာသာရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အသက် ၇၀ အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ လွတ်မြောက်ဖို့ ကူညီပေးမယ်လို့ ကြေညာခဲ့တယ်။ ကြေညာချက်မှာ ကော်မရှင်နာ တာကယ်လ်က “ကျန်းမာရေး မကောင်း၊ အားနည်းနေတဲ့ ဒီသက်ကြီးရွယ်အိုဟာ ဟောင်းနွမ်းပြီး လူပြည့်ကျပ်နေတဲ့ ထောင်မှာ ၂၀၁၉ ကတည်းက ခုနစ်နှစ်ခွဲ မတရား ထောင်ချခံရတယ်။ ဘာသာရေး ယုံကြည်ချက်အတိုင်း အေးအေးဆေးဆေး နေထိုင်တဲ့ ယေဟောဝါသက်သေ တစ်ယောက်ကို ဒီလို မတရား ထောင်ချတာဟာ သေဒဏ် ပေးလိုက်သလိုပဲ” လို့ ပြောတယ်။

အိမ်ထောင်ဖက် ဆုံးသွားလို့ မုဆိုးဖို ဖြစ်နေတဲ့ ညီအစ်ကို ခါကီမို့ဟာ တာဂျစ်ကစ္စတန် မြောက်ပိုင်းမှာ ၂၀၁၉၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတုန်းက ရာဇဝတ်မှု ထိန်းချုပ်ရေး ဌာနရဲ့ (DOCC) စစ်ဆေးခံရတဲ့ သက်သေခံ ၂၄ ယောက်ထဲက တစ်ယောက် ဖြစ်တယ်။ DOCC က ညီအစ်ကို ခါကီမို့ကို ဖမ်းပြီး အဖွဲ့အစည်းရဲ့ ဖွဲ့စည်းလုပ်ဆောင်ပုံ၊ ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာပုံတွေကို စစ်မေးကြတယ်။

ညီအစ်ကို ခါကီမို့ကို ရှစ်နာရီလောက် ထိန်းသိမ်းထားတယ်။ ခွဲစိတ်ဖို့ လိုနေတာကိုလည်း ဂရုမစိုက်ကြဘူး။ ခါကီမို့မှာ သွေးတိုးရောဂါလည်း ရှိတယ်။ နောက်ပိုင်း အိမ်ပြန်ပို့တဲ့အချိန် သူ့ရဲ့ အီလက်ထရောနစ် ပစ္စည်းတွေ၊ ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေတွေနဲ့ စိစစ်ရေးကတ်ကို ရဲတွေ သိမ်းသွားတယ်။ စိစစ်ရေးကတ် မရှိရင် ဆေးကုသမှု ကုန်ကျစရိတ် ပေးဖို့ ပင်စင် မထုတ်နိုင်ဘူး။

၂၀၁၉၊ ဖေဖော်ဝါရီ ၂၈ မှာ ဟူဂျန်မြို့ တရားရုံးက ညီအစ်ကို ခါကီမို့ကို ယာယီ အချုပ်ချထားဖို့ အမိန့်ချတယ်။ ဆက်ချုပ်ထားဖို့ ဆုံးဖြတ်တာ သုံးကြိမ် ရှိပြီ။ စုံစမ်းစစ်မေးချိန်၊ ရုံးတင်ချိန် တစ်လျှောက်လုံး အချုပ်မှာပဲ ဆက်နေခဲ့ရတယ်။

၂၀၁၉၊ စက်တင်ဘာ ၁၀ မှာ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရတယ်။ ဒါပေမဲ့ ၂၀၂၀၊ ဇူလိုင် ၄ ရက်မှာ တာဂျစ်ကစ္စတန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအရ ညီအစ်ကို ခါကီမို့ရဲ့ ပြစ်ဒဏ်ကို နှစ်နှစ်၊ သုံးလနဲ့ ၁၀ ရက် လျှော့ချလိုက်တယ်လို့ ထောင်အာဏာပိုင်တွေ အသိပေးတယ်။ ၂၀၂၄၊ မေ ၁၆ ရက်မှ လွတ်မှာ ဖြစ်တယ်။

ယေဟောဝါဘုရားက ညီအစ်ကို ညီအစ်မတွေ စိတ်ရှည်စွာ၊ ပျော်ရွှင်စွာ ခံရပ်နိုင်ဖို့ ဆက်ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၂၀:၂

a နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကော်မရှင်