၂၀၂၂ ခုနှစ်၊ ဇွန် ၁၅ ရက်
လစ်သူယေးနီးယား
ညီအစ်ကို စတန်နစ်လေ့ တီလီယက်နီကို့ဗ်ကို စစ်မှုထမ်းခြင်းအစား အရပ်ဘက်လုပ်ငန်းလုပ်ဖို့ ခွင့်မပြုတဲ့ လစ်သူယေးနီးယားနိုင်ငံကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး အရှုံးပေးစီရင်
၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ညီအစ်ကို စတန်နစ်လေ့ တီလီယက်နီကို့ဗ်အမှုမှာ လစ်သူယေးနီးယားနိုင်ငံကို အရှုံးပေးစီရင်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်း အပိုဒ် ၉ (လွတ်လပ်စွာ တွေးခေါ်ခြင်း၊ ခံယူခြင်း၊ ယုံကြည်ခြင်း) မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ခံယူချက်အရ ငြင်းဆန်ခွင့်ရှိတယ်လို့ ECHR ဆုံးဖြတ်ခဲ့တယ်။ ပဋိညာဉ်စာတမ်း ဖောက်ဖျက်ကြောင်း တွေ့ရှိတဲ့အတွက် စတန်နစ်လေ့ကို ယူရို ၃,၀၀၀ (ယူအက်စ်ဒေါ်လာ ၃,၁၉၆) ပေးဖို့ လစ်သူယေးနီးယားကို အမိန့်ချမှတ်ခဲ့တယ်။
ဥရောပကောင်စီအဖွဲ့ဝင်နိုင်ငံ အားလုံးလိုလိုဟာ အရပ်ဘက်အစားထိုးလုပ်ငန်းကို လိုအပ်သလို အကောင်အထည်ဖော် ဆောင်ရွက်ပြီးကြပြီ။ စတန်နစ်လေ့ဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါ ဥရောပစံနှုန်းနဲ့အညီ အရပ်ဘက်အစားထိုးလုပ်ငန်းမှာ လုပ်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ လစ်သူယေးနီးယားနိုင်ငံမှာ အဲဒီလိုအစီအစဉ်မျိုး မရှိဘူး။ လစ်သူယေးနီးယားအပေါ် ချမှတ်ခဲ့တဲ့ ECHR ရဲ့ဆုံးဖြတ်ချက်မှာ စစ်ဘက်ဆိုင်ရာနဲ့ လုံးဝကင်းရှင်းတဲ့၊ ပြစ်ဒဏ်ပေးရာ၊ ခွဲခြားဆက်ဆံရာမရောက်တဲ့၊ စစ်မှုထမ်းခြင်းကို အစားထိုးတဲ့ အလုပ်ကို ဥရောပကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံး ပြင်ဆင်ပေးရမယ်လို့ ထပ်မံပြောကြားခဲ့တယ်။ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ တူရကီနိုင်ငံတွေအပေါ်လည်း အလားတူ စီရင်ချက် ချခဲ့ဖူးတယ်။
အာမေးနီးယားနိုင်ငံမှာ အရပ်ဘက်အစားထိုးလုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်လို့ ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ငြင်းဆန်တဲ့ လူငယ်တွေဟာ လူထုအကျိုးပြုအလုပ်တွေလုပ်ဖို့ တာဝန်ရကြတယ်။
လစ်သူယေးနီးယားနိုင်ငံလည်း ECHR ရဲ့လမ်းညွှန်ချက်ကို လိုက်နာပြီး ညီအစ်ကိုတွေနဲ့ ဒေသခံပြည်သူတွေ နှစ်ဖက်လုံး အကျိုးရစေမယ့် အရပ်ဘက်အစားထိုးလုပ်ငန်းတွေ ပြင်ဆင်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီအတောအတွင်း ယေဟောဝါက လစ်သူယေးနီးယားနိုင်ငံက ညီအစ်ကိုတွေကို လမ်းညွှန်မှုနဲ့ လိုအပ်တဲ့အကူအညီပေးမယ်ဆိုတာ ယုံကြည်ပါတယ်။—မြည်တမ်းစကား ၃:၂၅။