မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခက်​ဆစ်

က

က

  • က​ရ​ဝေး။

    သစ်​ကြံ​ပိုး​မျိုး​ဝင် က​ရ​ဝေး​သစ်​ခေါက်​က​နေ​ရ​တယ်။ ရေ​မွှေး​အဖြစ်​သာ​မက သန့်​ရှင်း​တဲ့​ ဘိသိက်​ဆီ ဖော်​စပ်​ရာ​မှာ​လည်း အသုံး​ပြု​တယ်။—ထွ​ ၃၀:၂၄။ ဆ ၄၅:၈။​ ယဇ ၂၇:၁၉

  • ကော​ရ။

    အရည်​နဲ့ ကုန်​ခြောက်​အခြင်​အတွယ်။ ဗတ်​အခြင်​အတွယ်​ကို အခြေ​ခံ​ပြီး တွက်​ချက်​ရင် ၂၂၀ လီ​တာ (၅၈.၁ ဂါလံ)​ ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ ရှိ​တယ်။ (၁ဘု ၅:၁၁)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ကပ်​ရော​ဂါ​ဘေး။

    အလျင်​အမြန် ကူး​စက်​ပြန့်​ပွား​ပြီး လူ​အများ​အပြား​ကို သေဆုံး​စေ​နိုင်​တဲ့ ရော​ဂါ​အမျိုး​မျိုး။ ဘုရား​သခင်​ရဲ့ စီ​ရင်​ချက်​နဲ့ ဆက်​စပ်​နေ​လေ့​ရှိ​တယ်။—တလ​ ၁၄:၁၂။ ယဇ ၃၈:၂၂၊ ၂၃။ အ ၄:၁၀

  • ကိုးကွယ်​ရာ​ကျောက်​တိုင်။

    ထောင်​မတ်​နေ​တဲ့ တိုင်။ အများ​အား​ဖြင့် ကျောက်​တိုင်​ဖြစ်​လေ့​ရှိ​ပြီး ဗာလ​နတ်​ဘုရား​ ဒါ​မှ​မဟုတ် မှား​ယွင်း​တဲ့​နတ်​ဘုရား​တစ်ပါး​ရဲ့ လိင်​အင်္ဂါ​ပုံ​စံ​ဖြစ်​တယ်။—ထွ ၂၃:၂၄

  • ကိုးကွယ်​ရာ​သစ်​တိုင်။

    ဟီ​ဘ​ရူး​လို (အာ​ရှ​ရ) လို့​ခေါ်​ပြီး (၁) ခါနန်​လူမျိုး​တွေ ကိုးကွယ်​တဲ့ မျိုး​ပွား​နတ်​ဘုရား​မ အာရှရ​ကို ကိုယ်​စား​ပြု​တဲ့ ကိုးကွယ်​ရာ​သစ်​တိုင်၊ (၂) အာ​ရှ​ရ​နတ်​ဘုရား​မရဲ့ ရုပ်​တု​ကို ရည်​ညွှန်း​တယ်။ မတ်​မတ်​စိုက်​ထူ​ထား​တဲ့ တိုင်​ကို အများ​အား​ဖြင့် သစ်​သား​နဲ့ လုပ်​လေ့​ရှိ​တယ်။ မထွင်း​ထား​တဲ့​တိုင် ဒါ​မှ​မဟုတ် သစ်​ပင်​လည်း ဖြစ်​နိုင်​တယ်။—တ​ရ ၁၆:၂၁။ သူ ၆:၂၆။ ၁​ဘု ၁၅:၁၃

  • ကောက်​သင်း​ကောက်​ခြင်း။

    ကောက်​ရိတ်​သမား​တွေ တမင်​တ​ကာ​ဖြစ်​ဖြစ်၊ မတော်​တ​ဆ​ဖြစ်​ဖြစ် ချန်​ရစ်ခဲ့​တဲ့ ကောက်​နှံ​တွေ​ကို ကောက်​သိမ်း​ခြင်း။ လယ်​ကွက်​အနား​တစ်​လျှောက်​မှာ​ရှိ​တဲ့ ကောက်​ပင်​တွေ​ကို အကုန်​မရိတ်​သိမ်း​ဖို့၊ သံ​လွင်​သီး၊ စ​ပျစ်​သီး​တွေ​ကို အကုန်​မဆွတ်​ခူး​ဖို့ မော​ရှေ​ပညတ်​မှာ ညွှန်​ကြား​ထား​တယ်။ နွမ်း​ပါး​သူ၊ ဒုက္ခရောက်​သူ၊ တိုင်း​တစ်ပါး​သား​ဧည့်​သည်၊ မိ​ဘ​မဲ့၊ မု​ဆိုး​မတွေ ကောက်​သင်း​ကောက်​နိုင်​တဲ့ အခွင့်​အရေး​ကို ဘုရား​သခင်​ပေး​ထား​တယ်။—ရု ၂:၇

  • ကင်း​စောင့်။

    အများ​အား​ဖြင့် ည​အချိန်​မှာ အသက်​အိုး​အိမ် စည်း​စိမ်​အတွက် အန္တရာယ်​ရှိ​တဲ့ အရိပ်​အခြည်​တွေ​ကို စောင့်​ကြည့်​ပြီး အချက်​ပြသတိ​ပေး​ရ​သူ။ ကင်းစောင့်​က မြို့​ရိုး​ပေါ်​မှာ စောင့်​ကြပ်​ရ​တဲ့​အတွက် အန္တရာယ်ရောက်​မလာ​ခင် အဝေး​က​နေ ကြို​မြင်​နိုင်​တယ်။ စစ်​တပ်​မှာ​တော့ အစောင့်​တပ်​သား၊ ကင်း​တပ်​သား​လို့ ခေါ်​လေ့​ရှိ​တယ်။ ပရော​ဖက်​တွေ​ဟာ အစ္စရေးတွေ​အတွက် ပုံ​ဆောင်​သဘော​အရ ကင်း​စောင့်​တာဝန် ယူ​ရ​ပြီး ရောက်​လာ​မယ့် ဖျက်​ဆီး​ခြင်း​ဘေး​ကို ကြို​သတိ​ပေး​တယ်။—၂​ဘု ၉:၂၀။ ယ​ဇ ၃:၁၇

  • ကောင်း​ကင်​တ​မန်​များ။

    ဟီ​ဘ​ရူး​လို ‘မာ​လာ့ခ်၊’ ဂရိ​လို​ ‘အဲဂျ​လော့စ်။’ နှစ်​မျိုး​စ​လုံး​ဟာ “တ​မန်” လို့​အဓိပ္ပာယ်​ရှိ​ပေမဲ့ ဝိညာဉ်​ပု​ဂ္ဂိုလ် စေ​တ​မန်​တွေ​ကို ရည်​ညွှန်း​တဲ့​အခါ “ကောင်း​ကင်​တ​မန်” လို့​ပြန်​ဆို​ထား​တယ်။ (က ၁၆:၇။ ၃၂:၃။ ယာ ၂:၂၅။ ဗ ၂၂:၈) ကောင်း​ကင်​တ​မန်​တွေ​ဟာ လူ​ကို​မဖန်​ဆင်း​ခင် ကြာ​မြင့်​စွာ​က​တည်း​က ဖန်​ဆင်း​ခံ​ရ​တဲ့ တန်ခိုး​ကြီး​ဝိညာဉ်​ပု​ဂ္ဂိုလ်တွေ ဖြစ်​တယ်။ ကျမ်း​စာ​မှာ “သန့်​ရှင်း​တဲ့ ကောင်း​ကင်​တ​မန် အထောင်​အသောင်း၊” “ဘုရား​သခင်​ရဲ့ သား​တွေ၊” “မိုး​သောက်​ကြယ်​တွေ” လို့​လည်း ဖော်​ပြထား​တယ်။ (တ​ရ ၃၃:၂။ ယ​ဘ ၁:၆။ ၃၈:၇) မျိုး​ပွား​နိုင်​စွမ်း​ရှိ​သူ​တွေ​အနေ​နဲ့ မဟုတ်​ဘဲ တစ်ပါး​ချင်း​စီ​အနေ​နဲ့ ဖန်​ဆင်း​ခံ​ခဲ့ရ​တယ်။ အရေ​အတွက် သန်း​ရာ​နဲ့​ချီ ရှိတယ်။ (ဒံ ၇:၁၀) နာမည်​ကိုယ်​စီ၊ အရည်​အသွေး​ကိုယ်​စီ ရှိ​တယ်​လို့ ကျမ်း​စာ​ဆို​ထား​တယ်။ ဒါ​ပေမဲ့ သူတို့​ကို ကိုးကွယ်​တာ​ကို လက်မခံ​ဘူး၊ နှိမ့်​ချ​မှု​ရှိ​ကြ​တယ်။ အများ​စု​က သူတို့​နာ​မည်​ကို​တောင် မဖော်​ပြကြ​ဘူး။ (က ၃၂:၂၉။ လု ၁:၂၆။ ဗ ၂၂:၈၊ ၉) သူတို့​မှာ အဆင့်​အမျိုး​မျိုး​ရှိ​တယ်၊ ယေဟောဝါ​ရဲ့ ရာ​ဇ​ပလ္လင်​ရှေ့​မှာ အမှု​ဆောင်​ရ​တာ၊ ဘုရား​ရဲ့ သတင်း​စကား​ကို ကြား​ပြော​ရ​တာ၊ ယေဟော​ဝါ​ရဲ့ မြေကြီး​ပေါ်​ရှိ ကျေး​ကျွန်​တွေ​အတွက် ကြား​ဝင်​ဆောင်​ရွက်​ပေး​ရ​တာ၊ ဘုရား​ရဲ့ တ​ရား​စီ​ရင်​ချက်​အတိုင်း လုပ်​ဆောင်​ပေး​ရ​တာ၊ သတင်း​ကောင်း​ဟော​ခြင်း​ကို ကူညီ​ပံ့​ပိုး​ပေး​ရ​တာ​စ​တဲ့ တာဝန်​အမျိုး​မျိုး ရှိ​တယ်။ (၂​ဘု ၁၉:၃၅။ ဆ ၃၄:၇။ လု ၁:၃၀၊ ၃၁။ ဗ ၅:၁၁။ ၁၄:၆) လာ​မယ့် အာမ​ဂေဒုန်​စစ်​ပွဲ​မှာ ယေရှု​ဘက်​က​နေ ကူညီ​တိုက်​ခိုက်​ပေး​ကြ​လိမ့်​မယ်။—ဗ ၁၉:၁၄၊ ၁၅

  • ကောင်း​ကင်​တ​မန်​မင်း။

    “ကောင်း​ကင်​တ​မန်​များ​ရဲ့ အကြီး​အမှူး” လို့​အဓိပ္ပာယ်​ရှိ​တယ်။ ဒီ​အနက်​ဖွင့်​ချက်​အပြင် ကျမ်းစာ​မှာ​ “ကောင်း​ကင်​တ​မန်​မင်း” ဆို​တဲ့​စကား​လုံး​ကို အနည်း​ကိ​န်း​နဲ့​ပဲ သုံး​နှုန်း​ထား​တဲ့​အတွက်​ ကောင်းကင်​တ​မန်​မင်း တစ်ပါး​တည်း​ရှိ​ကြောင်း ဖော်ပြ​တယ်။ ကောင်းကင်​တမန်​မင်း​ရဲ့ နာ​မည်​ကို မိက္ခေလ​ဆို​ပြီး​တော့​လည်း ဖော်​ပြတယ်။—ဒံ ၁၂:၁။ ယု ၉။ ဗ ၁၂:၇

  • ကောင်း​ကင်​မိ​ဖု​ရား။

    ယေ​ရ​မိ​လက်​ထက် အယူ​ဖောက်​ပြန်​တဲ့ အစ္စရေးတွေ ကိုးကွယ်​တဲ့ ဘုရား​မရဲ့​ဘွဲ့။ ဗာ​ဗု​လုန်​ဘုရား​မ အက်​ရှ​တာ(အက်​စ​တာ)ကို ရည်​ညွှန်း​တယ်​လို့ တချို့​ယူ​ဆ​တယ်။ ဆူ​မေး​ရီး​ယန်း​နာ​မည်​ကွဲ​ဖြစ်​တဲ့ အီ​နန်​နာ​က “ကောင်း​ကင်​မိ​ဖု​ရား” လို့ အဓိပ္ပာယ်ရ​တယ်။ ကောင်း​ကင်​နဲ့ ဆက်​စပ်​နေ​တဲ့​အပြင် မျိုး​ပွား​ခြင်း​နဲ့​ဆိုင်​တဲ့ နတ်​ဘုရား​မလည်း​ဟုတ်​တယ်။ အီဂျစ်​က​မ္ပည်း​စာ​တွေ​မှာ အက်​စ​တာ​ကို “ကောင်း​ကင်​သခင်​မ” လို့​လည်း ရေး​ထား​တယ်။—ယေ ၄၄:၁၉

  • ကန့်​လန့်​ကာ။

    တဲ​တော်​နဲ့ ဗိမာန်​တော်​မှာ သန့်​ရှင်း​ရာ​အခန်း​နဲ့ အသန့်​ရှင်း​ဆုံး​အခန်း​ကို ခြား​ထား​တဲ့၊ ခေရုဗိမ်​ရုပ်​တွေ လှပ​စွာ​ထိုး​ထား​တဲ့ ပိတ်​ထည်။ (ထွ ၂၆:၃၁။ ၂​ရ ၃:၁၄။ မ ၂၇:၅၁။ ဟီ ၉:၃)—နောက်​ဆက်​တွဲ ခ​၅ ကို​ကြည့်။

  • ကိုယ်​စား​လှယ်​ချုပ်။

    ဂရိ​လို “ခေါင်း​ဆောင်​ချုပ်” လို့​အဓိပ္ပာယ်ရ​တယ်။ သစ္စာ​ရှိ​လူ​သား​တွေ​ကို အပြစ်​ရဲ့ သေ​စေ​နိုင်​တဲ့ ဆိုး​ကျိုး​တွေ​က​နေ လွတ်​မြောက်​စေ​ပြီး ထာ​ဝ​ရ​အသက်​ရ​စေ​မယ့် ယေရှု​ခ​ရစ်ရဲ့ အရေး​ပါ​တဲ့ အခန်း​ကဏ္ဍ​ကို ဆိုလို​တယ်။—တ ၃:၁၅။ ၅:၃၁။ ဟီ ၂:၁၀။ ၁၂:၂

  • ကျာ​ပွတ်​နဲ့ ရိုက်။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​ပါ​တဲ့ ဒီ​စကား​လုံး​က အဖျား​ပိုင်း​မှာ သံ​လုံး​လေး​တွေ၊ ဆူး​ထစ်​တွေ​ပါ​တဲ့ ကျာပွတ်​နဲ့ ရိုက်​နှက်​ဒဏ်​ပေး​တာ​ကို ဆိုလို​တယ်။—ယ​ဟ ၁၉:၁

  • ကျောက်​ဖြူ​ဘူး။

    အီဂျစ်​နိုင်​ငံ၊ အလာ​ဘာ​စ​ထ​ရွန်​မြို့​အနီး​မှာ တွေ့​ရ​တဲ့ ကျောက်​တစ်​မျိုး​နဲ့ လုပ်​ထား​တဲ့ ရေ​မွှေး​ဘူး။ ဘူး​အဝ ကျဉ်း​ပြီး အလုံ​ပိတ်​ထား​လို့ ရေ​မွှေး မစိမ့်​ထွက်​နိုင်​ဘူး။—မာ ၁၄:၃

  • ကျူ​ရိုး။

    ၆ တောင်​ရှည်​တဲ့ ကျူ​တံ။ တောင် [အများ​သုံး] အတိုင်း​အတာ​အရ ၂.၆၇ မီ​တာ (၈.၇၅ ပေ)။ တောင် [ရှည်] အတိုင်း​အတာ​အရ ၃.၁၁ မီ​တာ (၁၀.၂ ပေ)။ (ယဇ ၄၀:၃၊ ၅။ ဗ ၁၁:၁)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ကျိုင်း​ကောင်။

    အုံ​ဖွဲ့​နေ​ထိုင်​ပြီး ပြောင်း​ရွှေ့​ကျက်​စား​လေ့​ရှိ​တဲ့ ကျိုင်း​ကောင်​အမျိုး​မျိုး။ မော​ရှေ​ပညတ်​အရ သန့်​ရှင်း​တဲ့​အစာ​ထဲ​မှာ ပါ​တယ်။ ကျိုင်း​ကောင်​တွေ​ဟာ သွား​ရာ​လမ်း​ကြောင်း​တစ်​လျှောက် ရှိ​သမျှ​ကို ကိုက်​စား​ပြီး ပြုတ်​ပြုတ်​ပြုန်း​စေ​တဲ့​အတွက် ကျိုင်း​ကောင်​အုပ်​ကို ကပ်​ဘေး​အဖြစ် သတ်​မှတ်​တယ်။—ထွ ၁၀:၁၄။ မ ၃:၄

  • ကျေး​ဇူး​တင်​ချီး​မွမ်း​ရာ​အလှူ။

    ဘုရား​သခင် ပေး​သနား​ထား​ရာတွေ​နဲ့ ခိုင်​မြဲတဲ့​မေတ္တာ​တော်​အတွက် ကျေး​ဇူး​တင်​တဲ့​အနေ​နဲ့ ဆက်​သတဲ့ မိတ်​သဟာ​ယ​အလှူ။ ပေး​လှူ​တဲ့ တိရစ္ဆာန်ရဲ့​အသား၊ တ​ဆေး​ပါ​တဲ့​မုန့်၊ တ​ဆေး​မဲ့​မုန့်​ကို စားရ​တယ်။ အသား​ကို ဆက်​သတဲ့​နေ့​မှာ​ပဲ စား​ရ​တယ်။—၂​ရ ၂၉:၃၁

  • ကျိန်​ဆဲ​ခြင်း ကျိန်​စာ။

    တစ်​စုံ​တစ်​ဦး၊ တစ်​စုံ​တစ်​ရာ​ကို ကြိမ်း​မောင်း​ခြင်း၊ ဘေး​တွေ့​ပါ​စေ​လို့ ပြော​ဆို​ခြင်း။ ဘုရား​တ​ရား စော်​ကား​ပြော​ဆို​တာ၊ ဒေါသ​ကြီး​တာ​နဲ့ မရော​ထွေး​သင့်​ဘူး။ တ​ရား​စီ​ရင်​ချက်​တွေ၊ ဘေး​ဆိုး​ရောက်​မယ့် ကြို​ဟော​ချက်​တွေ​ကို တ​ရား​ဝင်​ကြေ​ညာ​တာ ဖြစ်​လေ့​ရှိ​တယ်။ ဘုရား​သခင်​က​ဖြစ်​ဖြစ်၊ အခွင့်​အာ​ဏာ​ရှိ​သူ​က​ဖြစ်​ဖြစ် ကျိန်​စာ​တိုက်​တဲ့​အခါ ပရော​ဖက်​ပြု​ချက် သဘော​ဆောင်​တယ်။—က ၁၂:၃။ တ​လ ၂၂:၁၂။ ဂ ၃:၁၀

  • ကျမ်း​တတ်။

    ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​ကို ကူး​ရေး​သူ။ ကမ္ဘာ​ပေါ် ယေရှု​ရောက်​လာ​ချိန်​မှာ​တော့ ပညတ်​ကျမ်း​နှံ့​စပ်​တဲ့ အုပ်​စု​ကို ဆိုလို​တယ်။ ယေရှု​ကို အတိုက်​အခံ​လုပ်​ကြ​တယ်။—ဧဇ ၇:၆၊ အောက်​ခြေ​မှတ်​ချက်။ မာ ၁၂:၃၈၊ ၃၉။ ၁၄:၁

  • ကြီး​ကြပ်​မှူး။

    အသင်း​တော်​ကို ကြည့်​ရှု၊ ထိန်း​ကျောင်း​ဖို့ အဓိ​က​တာဝန်​ယူ​ရ​တဲ့ အမျိုး​သား။ ဂရိ​စကား​လုံး​က​တော့ ‘အီပစ္စ​ကို​ပေါ့စ်’ ဖြစ်​ပြီး ကာ​ကွယ်​ကြီး​ကြပ်​ခြင်း​ဆို​တဲ့ သဘော​ဆောင်​တယ်။ “ကြီး​ကြပ်​မှူး၊” “အကြီး​အကဲ”​ (ပရက်စ်​ဘီ​တဲ​ရော့စ်) ဆို​တဲ့ စကား​လုံး​တွေ​ဟာ ခ​ရစ်​ယာန်​အသင်း​တော်​မှာ တာဝန်​တစ်​မျိုး​တည်း​ကို​ပဲ ဆိုလို​တယ်။ “အကြီး​အကဲ” ဆို​တာ ခန့်​အပ်​ခံ​ရ​သူ​ရဲ့ ရင့်ကျက်​တဲ့ အရည်​အသွေး​တွေ​ကို ဖော်​ပြပြီး “ကြီးကြပ်​မှူး” ကတော့ ရ​တဲ့​တာဝန်​ကို အလေး​ပေး​တယ်။—တ ၂၀:၂၈။ ၁​တိ ၃:၂-၇။ ၁​ပ ၅:၂

  • ကြီး​စွာ​သော​ဒုက္ခ။

    ယေရှု​က ဂျေရု​ဆ​လင်​မြို့​အပေါ် ကျရောက်​လာ​မယ့်၊ အထူး​သဖြင့် ‘ဘုန်း​တန်ခိုး​နဲ့ လာတဲ့​အခါ’ လူ​သား​တွေ​အပေါ် ကျ​ရောက်​မယ့် မကြုံ​စ​ဖူး​ “ကြီးစွာ​သော​ဒုက္ခ” အကြောင်း ကြို​ဟော​ခဲ့​တယ်။ (မ ၂၄:၂၁၊ ၂၉-၃၁) ဒီ​ဒုက္ခ​ဟာ “ဘုရား​သခင်​ကို မသိ​သူ​တွေ၊” ယေရှု​ခ​ရစ်​အကြောင်း “သတင်း​ကောင်း​ကို မနာ​ခံ​သူ​တွေ” အပေါ် ဘုရား​သခင်​ရဲ့ ဖြောင့်​မတ်​တဲ့ တ​ရား​စီ​ရင်​ချက်​ဖြစ်​တယ်​လို့ ပေါလု ဖော်​ပြခဲ့​တယ်။ “သား​ရဲ​နဲ့ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ၊ သူတို့​ရဲ့​တပ်​တွေ” ကို​တိုက်​ခိုက်​မယ့် ကောင်း​ကင်​တပ်​မဟာ​ကြီး​ကို ယေရှု ဦး​ဆောင်​မယ်​ဆို​ပြီး ဗျာဒိတ် ၁၉ မှာ ဖော်​ပြထား​တယ်။ (၂သ​ ၁:၆-၈။​ ဗ ၁၉:၁၁-၂၁) အဲဒီ​ဒုက္ခ​က​နေ “လူ​အုပ်​ကြီး” လွတ်​မြောက်​လာ​မယ်​လို့ ဖော်​ပြထား​တယ်။ (ဗ ၇:၉၊ ၁၄)—အာမ​ဂေဒုန်​ကို​ကြည့်။

  • ကြိတ်​ဆုံ​ကျောက်။

    ကောက်​နှံ​ကြိတ်​တဲ့​အခါ သုံး​တဲ့ ပုံစံ​တူ​ကျောက်​ပြား​ဝိုင်း။ အပေါ်​ကျောက်​ပြား​နဲ့ အောက်​ကျောက်​ပြား​ရဲ့ အလယ်​မှာ လက်​လှည့်​သပ်​ကို တပ်​ဆင်​ထား​တယ်။ ကျမ်း​စာ​ခေတ်​တုန်း​က အိမ်​တိုင်း​လို​လို​မှာ အမျိုး​သမီး​သုံး လက်​လှည့်​ကြိတ်​ဆုံ​တွေ ရှိ​တယ်။ မိသား​စု​ရဲ့ နေ့​စဉ်​အစာ​ဟာ လက်​လှည့်​ကြိတ်​ဆုံ​ကျောက်​ပေါ်​မှာ​ မူတည်​နေ​တဲ့​အတွက် မော​ရှေ​ပညတ်​မှာ ကြိတ်​ဆုံ​ကို​ဖြစ်​စေ၊ အပေါ်​ကျောက်​ပြား​ကို​ဖြစ်​စေ အပေါင်​ပစ္စည်း​အဖြစ် မယူ​ဖို့ တား​မြစ်​ထား​တယ်။ ကြိတ်​ဆုံ​ကျောက်​ကြီး​ကို​တော့ တိ​ရစ္ဆာန်​က ဆွဲ​လှည့်​ပေး​ရ​တယ်။—တရ ၂၄:၆။ မာ ၉:၄၂

  • ခ​ရာ။

    သတ္တု​နဲ့​လုပ်​ထား​တဲ့ လေ​မှုတ်​တူ​ရိ​ယာ။ အချက်​ပြ၊ တီး​မှုတ်​ရာ​မှာ သုံး​တယ်။ တော​လည်​ရာ ၁၀:၂ အရ ယေဟော​ဝါ​က ငွေ​ခ​ရာ​နှစ်​ခု လုပ်​ခိုင်း​တယ်။ လူ​စု​ခိုင်း​ဖို့၊ စခန်း​သိမ်း​ဖို့၊ စစ်​ကြေ​ညာ​ဖို့ ခ​ရာ​မှုတ်​သံ​တစ်​မျိုး​စီ​ ရှိတယ်။ တိရစ္ဆာန်ဦး​ချို “တံ​ပိုး” နဲ့​မတူ​ဘဲ တစ်​ဖြောင့်​တည်း ဖြစ်​တယ်။ ဗိမာန်​တော်​မှာ တီး​မှုတ်​တဲ့ ခ​ရာ​တ​ချို့​ကို​တော့ ပုံ​စံ​အတိ​အကျ မဖော်​ပြထား​ဘူး။ ခ​ရာ​မှုတ်​သံ​ကို ယေဟောဝါ​ရဲ့ တ​ရား​စီ​ရင်​ချက်​ကို ကြေ​ညာ​တာ၊ အရေး​ကြီး​ဖြစ်ရပ်တစ်​ခု​ခု​ကို ဘုရား​ဖြစ်​ပေါ်​စေ​တာ​နဲ့ ဆက်​စပ်​ထား​တယ်။—၂​ရ ၂၉:၂၆။ ဧ​ဇ ၃:၁၀။ ၁က ၁၅:၅၂။ ဗ ၈:၇–၁၁:၁၅

  • ခ​ရစ်​တော်။

    ယေရှု​ရဲ့ ဘွဲ့​နာ​မည်။ ‘ခ​ရစ္စ​တောစ်’ ဆို​တဲ့ ဂရိ​စကား​လုံး​က​နေ ဆင်း​သက်​လာ​ပြီး “မေရှိ​ယ” ဒါ​မှ​မဟုတ် “ဘိသိက်​ပေး​ခံ​ရ​သူ” လို့​ပြန်​ဆို​ထား​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​နဲ့ တူ​တယ်။—မ ၁:၁၆။ ယ​ဟ ၁:၄၁

  • ခ​ရစ်​ယာန်။

    ယေရှု​ခ​ရစ်ရဲ့ နောက်​လိုက်​တွေ​ကို ဘုရား​သခင် ပေး​ထား​တဲ့ နာ​မည်။—တ ၁၁:၂၆။ ၂၆:၂၈

  • ခါ​နန်။

    နော​ဧ​ရဲ့​မြေး။ ဟာ​မရဲ့ စ​တုတ္ထ​သား။ ခါ​နန်​က​နေ ဆင်း​သက်​တဲ့ မျိုး​နွယ် ၁၁ နွယ်​ဟာ အီဂျစ်​ပြည်​နဲ့ ဆီး​ရီး​ယား​ပြည်​ကြား မြေထဲ​ပင်လယ် အရှေ့​ပိုင်း​ဒေ​သမှာ နေ​ထိုင်​ကြ​တယ်။ အဲဒီ​ဒေ​သကို “ခါ​နန်​ပြည်” လို့​ခေါ်​တယ်။ (ဝ ၁၈:၃။ က ၉:၁၈။ တ ၁၃:၁၉)—နောက်​ဆက်​တွဲ ခ​၄ ကို​ကြည့်။

  • ခါလဒဲ​ပြည် ခါလဒဲ​လူမျိုး။

    အစ​ပိုင်း​မှာ တိုက်​ဂရစ်​နဲ့ ယူဖရေး​တီး​မြစ်​ဝှမ်း​ဒေ​သမှာ နေ​ထိုင်​တဲ့ လူမျိုး​နဲ့ နယ်မြေ​ကို ဆိုလို​တယ်။ နောက်​ပိုင်း​မှာ​တော့ ဗာ​ဗု​လုန်​ပြည်​နဲ့ ဗာဗု​လုန်​လူမျိုး​ကို ဆိုလို​တယ်။ “ခါလဒဲ​လူမျိုး” ဟာ သိပ္ပံ၊ သမိုင်း၊ ဘာ​သာ​စကား၊ နက္ခတ္တ​ပညာ​ရပ်​ကို လေ့​လာ​ပြီး မှော်​ပညာ​နဲ့ နက္ခတ်​ဗေ​ဒင်​ပညာ လိုက်​စား​တဲ့ ပညာ​တတ် လူ​တန်း​စား​ကို​လည်း ရည်​ညွှန်း​တယ်။—ဧ​ဇ ၅:၁၂။ ဒံ ၄:၇။ တ ၇:၄

  • ခိ​သလု။

    ဗာ​ဗု​လုန်​က​နေ ပြန်​လာ​ပြီး​နောက် ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၉ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၃ လ​မြောက်။ နို​ဝင်​ဘာ​လ​လယ်​က​နေ ဒီ​ဇင်​ဘာ​လ​လယ်​အထိ ကျ​ရောက်​တယ်။ (နေ ၁:၁။ ဇာ ၇:၁)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • ခေ​မု​ရှ။

    မောဘ​လူမျိုး​ရဲ့ အဓိ​က​နတ်​ဘုရား​။—၁​ဘု ၁၁:၃၃

  • ခေရုဗိမ်တွေ။

    အထူး​တာဝန်​ရ​ရှိ​ထား​တဲ့ အဆင့်​မြင့် ကောင်း​ကင်​တ​မန်​တွေ။ သရပ်တွေ​နဲ့ မတူ​ကြ​ပါ။—က ၃:၂၄။ ထွ ၂၅:၂၀။ ရှာ ၃၇:၁၆။ ဟီ ၉:၅

  • ခိုလှုံ​ရာ​မြို့။

    မတော်​တ​ဆ လူ​သတ်​မိ​သူ​က သွေး​ကြွေး​ဆပ်​မယ့်​သူ​ရဲ့ လက်​က​နေ​လွတ်​ဖို့ ထွက်​ပြေး​ခိုလှုံ​ရ​မယ့် လေဝိ​မြို့​တွေ​ဖြစ်​တယ်။ ကတိ​ထား​ရာ​ပြည်​အနှံ့​မှာ တည်​ရှိ​တဲ့ ခိုလှုံ​ရာ​မြို့ ၆ မြို့​ကို ယေဟောဝါ​ရဲ့ ညွှန်​ကြား​မှု​အရ မောရှေ၊ နောက်​ပိုင်း​မှာ ယောရှု​က သတ်​မှတ်​ပေး​ခဲ့​တယ်။ ဝ​ရမ်း​ပြေး​တစ်​ယောက်​က ခိုလှုံ​ရာ​မြို့​ကို ရောက်​တဲ့​အခါ မြို့​တံခါး​မှာ​ရှိ​တဲ့ အကြီး​အကဲ​တွေ​ကို အခြေ​အနေ ပြော​ပြရ​မယ်။ သူ့​ကို ပျူ​ပျူ​ငှာငှာ ကြို​ဆို​ရ​မယ်။ လာရောက်​ခိုလှုံ​သူ​ဟာ အပြစ်​ကင်း​ကြောင်း တင်​ပြဖို့ လူ​သတ်​မိ​တဲ့​မြို့​မှာ စစ်​ဆေး​ခံ​ရ​မယ်။ တ​မင်​တ​ကာ လူ​သတ်​တဲ့​သူ​တွေ ဒီအစီအစဉ်​ကို အမြတ်​မထုတ်​နိုင်​ဖို့ ဖြစ်​တယ်။ သူ အပြစ်​ကင်း​ရင်​တော့ ခိုလှုံ​ရာ​မြို့​ကို ပြန်​လာ​ပြီး တစ်သက်​လုံး ဒါမှမဟုတ် ပု​ရော​ဟိတ်​မင်း ကွယ်​လွန်​တဲ့အထိ နေ​ရ​မယ်။—တ​လ ၃၅:၆၊ ၁၁-၁၅၊ ၂၂-၂၉။​ ယရ ၂၀:၂-၈

  • ခေါင်း​ပေါင်း။

    ပု​ရော​ဟိတ်​မင်း​တွေ ချည်​ထည်​ခေါင်း​ပေါင်း ဝတ်​လေ့​ရှိ​တယ်။ ခေါင်း​ပေါင်း​ရှေ့​ဘက်​မှာ ရွှေ​ပြား​ကို အပြာ​ရောင်​ကြိုး​နဲ့​ချည်​ပြီး တပ်​ထား​တယ်။ ဘု​ရင်​က​တော့ ခေါင်း​ပေါင်း ပေါင်း​ပြီး​မှ သရ​ဖူ​ဆောင်း​လေ့​ရှိ​တယ်။ ယောဘ​က သူ့​ရဲ့​တ​ရား​မျှ​တ​ခြင်း​ကို ခေါင်း​ပေါင်း​နဲ့ တင်စား​ခဲ့​တယ်။—ထွ ၂၈:၃၆၊ ၃၇။ ယ​ဘ ၂၉:၁၄။ ယ​ဇ ၂၁:၂၆

  • ခိုင်​မြဲတဲ့​မေတ္တာ။

    ‘ချဲ​ဆက်’ ဆို​တဲ့ ဟီ​ဘရူး​စကား​လုံး​က​နေ ပြန်​ဆို​ထား​တာ​ဖြစ်​ပြီး ကတိ​သစ္စာ၊ သမာ​ဓိ၊ သစ္စာ​စောင့်​သိ​မှု၊ နက်​ရှိုင်း​တဲ့​သံ​ယော​ဇဉ်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ မေတ္တာ​ကို ဆိုလို​တယ်။ လူ​တွေ​အပေါ်​ထား​တဲ့ ဘုရား​သခင့်​မေတ္တာ​နဲ့ ဆက်​စပ်​ပြီး သုံး​နှုန်း​လေ့​ရှိ​တယ်၊ လူ​လူ​ချင်း​ထား​ရှိ​တဲ့ မေတ္တာ​အတွက်​လည်း သုံး​နှုန်း​လေ့​ရှိ​တယ်။—ထွ ၃၄:၆။ ရု ၃:၁၀

  • ခပ်။

    ကုန်​ခြောက်​အခြင်​အတွယ်။ ဗတ်​အခြင်​အတွယ်​ကို အခြေ​ခံ​ပြီး တွက်​ချက်​ရင် ၁.၂၂ လီ​တာ​ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ​ရှိ​တယ်။ (၂​ဘု ၆:၂၅)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ချီ​တက်​သီချင်း။

    ဆာလံ ၁၂၀-၁၃၄ ရဲ့ ထိပ်​စီး​စာ​သား။ အဲဒီ​စာ​သား​ရဲ့ အဓိပ္ပာယ်​နဲ့​ပတ်​သက်​ပြီး ယူ​ဆ​ချက် အမျိုး​မျိုး​ရှိ​ပေမဲ့ အစ္စရေးတွေ​ဟာ နှစ်စဉ်​ကျင်း​ပတဲ့ ပွဲ​တော်​သုံး​ခု​ကို တက်​ဖို့ ယုဒ​တောင်​တန်း​ပေါ်​က ဂျေရု​ဆ​လင်​မြို့​ဆီ ‘တက်​သွား’ ချိန်​မှာ အဲဒီ​သီချင်း ၁၅ ပုဒ်​ကို ဝမ်း​သာ​အားရ​ သီ​ဆို​ခဲ့​ကြ​တယ်​လို့ လူ​အများ ယူ​ဆ​ကြ​တယ်။

  • ချီ​လွှဲ​ရာ​အလှူ။

    ဆက်​သသူ​က အလှူ​ကို လက်​ဖဝါး​ပေါ် တင်​ထား​တဲ့​အခါ ပု​ရော​ဟိတ်​က ဆက်​သသူ​ရဲ့​လက်​ကို ပင့်​ပြီး ရှေ့​တိုး​နောက်​ငင် ချီ​လွှဲ​ပေး​ရ​တယ်။ ပု​ရော​ဟိတ်​တစ်​ယောက်​ပဲ ချီ​လွှဲ​တာ​လည်း ရှိ​တယ်။ ချီ​လွှဲ​တာ​က ယေဟောဝါ​ဆီ ဆက်​သတဲ့​သဘော ဖြစ်​တယ်။—ဝ ၇:၃၀

  • ချပ်​ဝတ်​တန်​ဆာ။

    အကာ​အကွယ်​အဖြစ် စစ်​သား​တွေ ဝတ်​ဆင်​ကြ​ပြီး သံ​ခ​မောက်၊ သံ​ချပ်​အင်္ကျီ၊ ခါး​ပန်း၊ ခြေ​ထောက်​ပတ်​သံ​ချပ်၊ ဒိုင်း​တို့ ပါ​ဝင်​တယ်။—၁​ရှ ၃၁:၉။ ဧ ၆:၁၃-၁၇

  • ဂရိ။

    ဂရိ​လူမျိုး ပြော​ဆို​တဲ့​စကား။ ဂရိ​ပြည်​ဖွား ဒါ​မှ​မဟုတ် ဂရိ​မျိုး​ရိုး​ရှိ​သူ။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ ဒီ​စကား​လုံး​ကို ပို​ကျယ်​ပြန့်​တဲ့​သဘော​နဲ့ အသုံး​ပြု​ထား​တယ်။ ဂျူး​မဟုတ်​သူ​အားလုံး​ကို​ရော ဂရိ​စကား​နဲ့​ယဉ်​ကျေး​မှု လွှမ်း​မိုး​ခံ​ရ​သူ​အားလုံး​ကို​ပါ ရည်​ညွှန်း​လေ့​ရှိ​တယ်။—ယ​လ ၃:၆။​ ယဟ ၁၂:၂၀

  • ဂိလဒ်​ပြည်။

    ဂျော်​ဒန်​မြစ် အရှေ့​ဘက်၊ ယာ​ဗုတ်​ချိုင့်​ဝှမ်း​ရဲ့ မြောက်​ဘက်​ခြမ်း​ရော တောင်​ဘက်​ခြမ်း​ပါ ပါ​ဝင်​တဲ့ မြေသြဇာ​ကောင်း​တဲ့​ဒေ​သ။ ရု​ဗင်၊ ဂဒ်၊ မနာ​ရှေ​အနွယ်​တစ်ဝက်​တို့ နေ​ထိုင်​ရာ ဂျော်​ဒန်​မြစ်​အရှေ့​ဘက် အစ္စရေး​နယ်​တစ်​ခု​လုံး​ကို ဖော်​ပြတဲ့​အခါ​မှာ​လည်း အသုံး​ပြု​တယ်။ (တ​လ ၃၂:၁။ ယ​ရ ၁၂:၂။ ၂​ဘု ၁၀:၃၃)—နောက်​ဆက်​တွဲ ခ​၄ ကို​ကြည့်။

  • ဂီ​တ​မှူး။

    ဆာလံ​ကျမ်း​မှာ အသုံး​ပြု​ထား​ချက်​အရ ဒီ​ဟီ​ဘ​ရူး​စကား​လုံး​ဟာ သီချင်း​တွေ​ကို စီ​စဉ်​ဖွဲ့​စည်း​ပြီး သီ​ဆို​တဲ့​အခါ ကြီး​ကြပ်​ရ​သူ၊ လေ​ဝိသီချင်း​သည်​တွေ​ကို ဇာတ်​တိုက်​လေ့ကျင့်​ပေး​ရ​သူ၊ အခမ်း​အနား​တွေ​မှာ သီ​ဆို​ဖျော်​ဖြေတဲ့​အခါ ဦး​ဆောင်​ရ​သူ​ကို ဆိုလို​တာ ဖြစ်​နိုင်​တယ်။—ဆ ၄ ထိပ်စီး။​ ၅ ထိပ်​စီး

  • ဂေရ။

    ၀.၅၇ ဂရမ်​ရှိ​တဲ့ အလေး​ချိန်။ ၁ ရှယ်​ကယ်​ရဲ့ ၁/၂၀ နဲ့​ညီ​တယ်။ (ဝ ၂၇:၂၅)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဂေဟင်နာ။

    ရှေး​ခေတ် ဂျေရု​ဆ​လင်​မြို့​ရဲ့ အနောက်​တောင်​ဘက်​မှာ​ရှိ​တဲ့ ဟိန်​နုံ​ချိုင့်​ဝှမ်း​ရဲ့ ဂရိ​နာ​မည်။​ (ယေ ၇:၃၁)​ အလောင်း​တွေ စု​ပုံ​တဲ့​နေ​ရာ​အဖြစ် ကြို​ဟော​ချက်​အနေ​နဲ့ ဖော်​ပြထား​တယ်။ (ယေ ၇:၃၂။ ၁၉:၆) တိရစ္ဆာန်​ကို​ဖြစ်​ဖြစ်၊ လူ​ကို​ဖြစ်​ဖြစ် ဂေဟင်နာ​ထဲ​ပစ်​ချ​ပြီး အရှင်​လတ်​လတ် မီး​ရှို့​ ညှဉ်း​ဆဲ​တယ်​ဆို​တဲ့ အထောက်​အထား မရှိ​ပါ။ ဒါ​ကြောင့် လူ​တွေ​ကို မီး​နဲ့ ထာ​ဝ​ရ​ညှဉ်း​ဆဲ​တဲ့၊ မမြင်​နိုင်​တဲ့​နေ​ရာ​အဖြစ် တင်​စား​လို့ မရ​ပါ။ အဲဒီ​အစား၊ ယေရှု​နဲ့ တ​ပည့်တွေ​က​ “ဒုတိယ​သေခြင်း၊” တစ်နည်း​အား​ဖြင့် ထာ​ဝ​ရ​ဖျက်​ဆီး​ခြင်း​ဆို​တဲ့ ထာဝ​ရ​ပြစ်​ဒဏ်​ကို တင်​စား​ဖော်​ပြဖို့ ဂေဟင်နာ​ဆို​တဲ့ စကား​လုံး​ကို အသုံး​ပြု​ခဲ့​တယ်။—ဗ ၂၀:၁၄။ မ ၅:၂၂။ ၁၀:၂၈

  • ဂစ်​သစ်။

    ဂီ​တ​ဝေါ​ဟာ​ရ။ ဟီ​ဘ​ရူး​စကား​လုံး ‘ဂတ်’ က​နေ ဆင်း​သက်​လာ​ပုံ​ရ​ပြီး အဓိပ္ပာယ် အသေအချာ မသိ​ရ​ပါ။ ‘ဂတ်’ ဆို​တာ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို ဆိုလို​တာ​မို့ ဝိုင်​ပြု​လုပ်​တာ​နဲ့ ဆက်​စပ်​တဲ့ တေး​သီချင်း​ဖြစ်​နိုင်​တယ်​လို့ ဆို​ကြ​တယ်။—ဆ ၈၁ ထိပ်​စီး

  • ဂိုဏ်း။

    အယူ​ဝါ​ဒ​တစ်​ခု ဒါ​မှ​မဟုတ် ခေါင်း​ဆောင်​တစ်​ယောက်​ကို ဆည်း​ကပ်​ပြီး ကိုယ်​ပိုင်​အယူ​အဆ​အတိုင်း လိုက်​လျှောက်​တဲ့ လူ​တစ်​စု။ ဂျူး​ဘာ​သာ​မှာ ဖာ​ရိ​ရှဲ​ဂိုဏ်း​နဲ့ ဇဒ္ဒုကဲ​ဂိုဏ်း​ဆို​ပြီး ဂိုဏ်း​ကြီး​နှစ်​ဂိုဏ်း ကွဲ​နေ​တယ်။ ခရစ်​ယာန်​မဟုတ်​သူ​တွေ​က ခ​ရစ်​ယာန်တွေ​ကို ဂျူး​ဘာ​သာ​က​နေ ခွဲ​ထွက်​လာ​သူ​တွေလို့ ယူ​ဆ​တဲ့​အတွက် “ဂိုဏ်း” ဒါ​မှ​မဟုတ် “နာ​ဇ​ရက်​မြို့​သား​တွေရဲ့ ဂိုဏ်း” လို့​ခေါ်​ခဲ့​ကြ​တယ်။ ခ​ရစ်​ယာန်​အသင်း​တော်​မှာ​လည်း ဂိုဏ်း​တွေ​ပေါ်​လာ​တယ်။ ဗျာဒိတ်​ကျမ်း​မှာ “နိ​ကောလ​ဂိုဏ်း” လို့ အတိ​အကျ ဖော်​ပြထား​တယ်။—တ ၅:၁၇။ ၁၅:၅။ ၂၄:၅။ ၂၈:၂၂။ ဗ ၂:၆။ ၂​ပ ၂:၁

  • ဂျူး။

    အစ္စရေး​ဆယ်​နွယ်​နိုင်​ငံ ကျ​ဆုံး​ပြီး​တဲ့​နောက် ယုဒ​အနွယ်​ဝင်​တစ်​ဦး​ကို​ခေါ်​တဲ့ စကား​လုံး။ (၂​ဘု ၁၆:၆) ဗာဗု​လုန်​ဆီ ပြည်​နှင်​ခံ​ရ​ပြီး​နောက်​ပိုင်း​မှာ​တော့ အစ္စရေး​နိုင်​ငံ​ကို ပြန်​လာ​တဲ့ အစ္စရေး​အနွယ်​အားလုံး​ကို ရည်​ညွှန်း​တယ်။ (ဧ​ဇ ၄:၁၂) နောက်​ပိုင်း​မှာ အစ္စရေးတွေ​ကို တ​ခြား​လူမျိုး​နဲ့ ခွဲ​ခြား​ဖော်​ပြဖို့ ကမ္ဘာ​အနှံ့ အသုံး​ပြု​တယ်။ (ဧ​သ ၃:၆) ခ​ရစ်​ယာန်​အသင်း​တော်​မှာ လူမျိုး​ရေး​ခွဲ​ခြား​မှု မရှိ​တော့​တဲ့​အကြောင်း ဆွေး​နွေး​တဲ့​အခါ တမန်​တော်​ပေါလု​က ဒီ​စကား​လုံး​ကို ဥပမာ​အဖြစ် အသုံး​ပြု​ထား​တယ်။—ရ ၂:၂၈၊ ၂၉။ ဂ ၃:၂၈

  • ဂျူး​တ​ရား​ရုံး​ချုပ်။

    ယေရှု​ခေတ်​က ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ဂျူး​တ​ရား​ရုံး​ချုပ်။ အဖွဲ့​ဝင် ၇၁ ယောက်​နဲ့ ဖွဲ့​စည်း​ထား​ပြီး ပုရော​ဟိတ်​မင်း၊ ပု​ရော​ဟိတ်​မင်း​တာဝန် ထမ်း​ဆောင်​ဖူး​သူ​တွေ၊ ပု​ရော​ဟိတ်​မင်း​ရဲ့ မိသား​စု​ဝင်​တွေ၊ အကြီး​အကဲ​တွေ၊ မျိုး​နွယ်​စု​ခေါင်း​ဆောင်​တွေ၊ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ၊ ကျမ်း​တတ်​တွေ ပါ​ဝင်​တယ်။—မာ ၁၅:၁။ တ ၅:၃၄။ ၂၃:၁၊

  • ငို​ကြွေး​မြည်​တမ်း​ခြင်း။

    သေဆုံး​လို့၊ ဘေး​ဆိုး​တစ်​ခု​ခု ကျရောက်​လို့ ဝမ်း​နည်း​ပူ​ဆွေး​ကြောင်း ဖော်​ပြခြင်း။ ကျမ်း​စာ​ခေတ်​မှာ အချိန်​အတိုင်း​အတာ​တစ်​ခု​အထိ ငို​ကြွေး​မြည်​တမ်း​တဲ့​ထုံး​စံ ရှိ​တယ်။ အကျယ်​ကြီး ငို​ကြွေး​တဲ့​အပြင် သတ်​မှတ်​အဝတ်​တွေ ဝတ်​ဆင်​ပြီး ခေါင်း​ပေါ် ပြာ​တွေ​ကြဲ၊ အဝတ်​ကို ဆွဲ​ဆုတ်၊ ရင်​ဘတ်​ထု​တာ​တွေ လုပ်​ကြ​တယ်။ တစ်​ခါ​တ​လေ အသု​ဘ​အတွက် ငို​ချင်း​သည်​တွေ​ကို ဖိတ်​ခေါ်​ကြ​တယ်။—က ၂၃:၂။ ဧ​သ ၄:၃။ ဗ ၂၁:၄

  • ငို​ချင်း။

    မိတ်ဆွေ၊ ချစ်​ခင်​ရ​သူ သေဆုံး​တဲ့​အတွက် ဝမ်း​နည်း​ကြောင်း ဖွဲ့​ဆို​ထား​တဲ့ သီချင်း၊ တေး​က​ဗျာ၊ လင်္ကာ။​ မြည်တမ်း​စကား။—၂​ရှ ၁:၁၇။ ဆ ၇ ထိပ်​စီး

  • စာ​လိပ် ကျမ်း​လိပ်။

    သား​ရေ​ပြား ဒါ​မှ​မဟုတ် ပပိုင်း​ရပ်​ကျူ​စာ​ရွက် အရှည်​ကြီး​ကို တုတ်​ချောင်း​နဲ့ ပတ်​လိပ်​ထား​တဲ့ စာလိပ်။​ အများ​အား​ဖြင့် စာ​မျက်​နှာ​တစ်​ဖက်​မှာ​ပဲ ရေး​သား​ထား​တယ်။ ကျမ်း​စောင်​တွေ​ကို အဲဒီ​စာ​လိပ်​တွေ​ပေါ် ရေးခဲ့​ကြ၊ ကူး​ယူ​ခဲ့​ကြ​တယ်။ ကျမ်း​စာ​ရေး​သား​ချိန်​အတွင်း အသုံး​များ​ခဲ့​တယ်။—ယေ ၃၆:၄၊ ၁၈၊ ၂၃။ လု ၄:၁၇-၂၀။ ၂​တိ ၄:၁၃

  • စဲ​လာ။

    သီ​ဆို​တီး​မှုတ်​သူ၊ ရွတ်​ဖတ်​သူ​အတွက် ဖော်​ပြထား​တဲ့ ဝေါ​ဟာ​ရ။ ဆာလံ​ကျမ်း​နဲ့ ဟဗက္ကုတ်​ကျမ်း​မှာ တွေ့​ရ​တယ်။ သီ​ဆို​တဲ့​အခါ၊ တီး​မှုတ်​တဲ့​အခါ ဒါ​မှ​မဟုတ် နှစ်မျိုး​စလုံး​မှာ ခဏ​ရပ်​ဖို့ အချက်​ပြတဲ့ ဝေါ​ဟာ​ရ ဖြစ်​နိုင်​တယ်။ ခဏ​ရပ်​တာ​က တွေး​တော​ဆင်​ခြင်​စေ​ဖို့ ဒါ​မှ​မဟုတ်​ “စဲလာ” မတိုင်​မီ ရှေ့​ကပ်​လျက်​မှာ ဖော်​ကျူး​ခဲ့​တဲ့​ ပြင်းပြ​တဲ့​ခံစား​မှု​ကို ပေါ်​လွင်​စေ​ဖို့ ဖြစ်​နိုင်​တယ်။ ဂရိ​စက်ပ်တွား​ဂျင့်​ကျမ်း​မှာ ‘ဒိုင်​ယာ​ဆာ​မာ’ လို့​ပြန်​ဆို​ထား​ပြီး “တေး​သွား​တစ်​ပိုဒ်” လို့​အဓိပ္ပာယ်ရ​တယ်။—ဆ ၃:၄။ ဟ​ဗ ၃:၃

  • စွမ်းအား။

    “စွမ်းအား” ဆို​ပြီး ပြန်​ဆို​လေ့​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး “ရူး​အာ​ခ်၊” ဂရိ​စကား​လုံး “နျူ​မာ” ဟာ အဓိပ္ပာယ်​များ​စွာ​ရှိ​တယ်။ အားလုံး​က မျက်​စိ​နဲ့ မမြင်​နိုင်​တဲ့​အရာ၊ သက်​ဝင်​လှုပ်​ရှား​နေ​တဲ့ စွမ်းအား​ကို ရည်​ညွှန်း​တယ်။ အဲဒီ​ဟီ​ဘ​ရူး​နဲ့ ဂရိ​စကား​လုံး​ကို (၁) လေ၊ (၂) ကမ္ဘာ​မြေပေါ်​က သတ္တ​ဝါ​တွေရဲ့ အသက်​စွမ်းအား၊ (၃) လူ​တစ်ဦး​ရဲ့ စိတ်​ထဲ​က​နေ ထွက်​ပေါ်​လာ​ပြီး တစ်​စုံ​တစ်​ရာ ပြော​ဆို​လုပ်​ဆောင်​စေ​တဲ့ လှုံ့​ဆော်​အား၊ (၄) မမြင်​ရ​တဲ့​ ရင်းမြစ်​တစ်​ခု​က​နေ လာ​တဲ့​သတင်း​စကား၊ (၅) ဝိညာဉ်​ပု​ဂ္ဂိုလ်၊ (၆) ဘုရား​သခင်​ရဲ့ သက်​ဝင်​လှုပ်​ရှား​နေ​တဲ့ စွမ်းအား ဒါ​မှ​မဟုတ် သန့်​ရှင်း​သော စွမ်းအား​တော်​ကို ရည်​ညွှန်း​တဲ့​အခါ သုံး​နှုန်း​ထား​တယ်။—ထွ ၃၅:၂၁။ ၂​ဘု ၂:၁၆။ ဆ ၁၈:၁၀။ ၁၀၄:၂၉။ ၁၄၆:၄။ ဒေ ၁၂:၇။ လု ၈:၅၅။ ၁၁:၁၃။ ၂၃:၄၆။ ဟီ ၁:၇။ ယာ ၂:၂၆

  • စစ်​မှန်​တဲ့​ဘုရား​သခင်။

    ဟီ​ဘ​ရူး​လို “ဘုရား​သခင်” ကို တိကျ​တဲ့​အညွှန်း​စကား​လုံး​နဲ့ ပြန်​ဆို​ထား​တယ်။ ယေဟောဝါ​သာ တစ်​ဆူ​တည်း​သော စစ်​မှန်​တဲ့​ဘုရား​ ဖြစ်​ကြောင်း၊ တ​ခြား​ဘုရား​တွေ​နဲ့ မတူ​ကြောင်း ဖော်​ပြရာ​မှာ သုံး​လေ့​ရှိ​တယ်။ တ​ချို့​စကား​စပ်​တွေ​မှာ ဟီ​ဘ​ရူး​အသုံး​အနှုန်း​ရဲ့ အဓိပ္ပာယ်​အပြည့်​အဝ​ကို ထိန်း​သိမ်း​တဲ့​အနေ​နဲ့ “စစ်​မှန်​တဲ့​ဘုရား​သခင်” လို့​ပြန်​ဆို​တယ်။—က ၅:၂၂၊ ၂၄။ ၄၆:၃။ တ​ရ ၄:၃၉

  • စာ​တန်။

    ဟီ​ဘ​ရူး​လို “ခု​ခံ​သူ” လို့ အဓိပ္ပာယ်​ရှိ​တယ်။ မူ​ရင်း သဒ္ဒါ​သုံး​နှုန်း​ပုံ​အရ ဘုရား​သခင်​ရဲ့ အဓိ​က​ရန်​သူ စာ​တန်​မာရ်​နတ်​ကို ရည်​ညွှန်း​တယ်။—ယ​ဘ ၁:၆။ မ ၄: ၁၀။ ဗ ၁၂:၉

  • စကား​ပုံ ပညာ​အလိမ္မာ​စကား။

    သင်​ခန်း​စာ​တစ်​ခု၊ အရေး​ပါ​အမှန်​တ​ရား​တစ်​ခု​ကို လို​ရင်း​တို​ရှင်း သင်​ပေး​တဲ့ ပညာ​ရှိ​ဆို​ရိုး​စကား၊ ပုံ​ပြင်​တို​တစ်​ပုဒ်။ ကျမ်း​စာ​စကား​ပုံ​တွေ​ကို ပဟေ​ဠိ​ဆန်​ဆန်၊ စကား​ထာ​ဆန်​ဆန် ရေး​ထား​တယ်။ အမှန်​တ​ရား​ကို ထိ​ထိ​မိမိ​ဖော်​ပြတဲ့ ဥ​ပစာ​စကား​တွေ ပါ​ဝင်​လေ့​ရှိ​တယ်။ တ​ချို့​ဆို​ရိုး​စကား​တွေ​ကျ​တော့ လူ​တ​ချို့​ကို လှောင်​ပြောင်​တဲ့​အခါ၊ အထင်​သေး​တဲ့​အခါ ပြော​လေ့​ရှိ​တဲ့ အသုံး​အနှုန်း​တွေ ဖြစ်​လာ​တယ်။—ဒေ ၁၂:၉။ ၂​ပ ၂:၂၂

  • စ​ပါး​နယ်​ခြင်း ကောက်​နယ်​တ​လင်း။

    ကောက်​ပင်​က​နေ အဆန်​နဲ့ အခွံ​တွေ​ကို ဖယ်​ထုတ်​တဲ့ လုပ်ငန်း​စဉ်။ အဲဒီ​လို​လုပ်​ဆောင်​တဲ့​နေ​ရာ။ စ​ပါး​နယ်​ခြင်း​မှာ တုတ်​နဲ့​ရိုက်​တာ၊ ပမာ​ဏ​များ​ရင် ကောက်​နယ်​ပြား​နဲ့ နယ်​တာ၊ ဒ​လိမ့်​တုံး​နဲ့ လှိမ့်​တာ၊ တိ​ရစ္ဆာန်​နဲ့​နင်း​တာ​တွေ ပါ​ဝင်​တယ်။ လေ​ကြော​သင့်​တဲ့ ခပ်​မြင့်​မြင့် တ​လင်း​ပြင်​မှာ ကောက်​နှံ​တွေ ဖြန့်​ထား​ပြီး ကောက်​နယ်​တန်​ဆာ​နဲ့ နင်း​နယ်​လေ့​ရှိ​တယ်။—ဝ ၂၆:၅။ ရှာ ၄၁:၁၅။ မ ၃:၁၂

  • စ​ပျစ်​သီး​နယ်​ရာ​ကျင်း။

    သဘာ​ဝ ထုံး​ကျောက်​သား​ကို ထွင်း​ပြီး ဖောက်​ထား​တဲ့ ကျင်း​နှစ်​ကျင်း။ တစ်​ကျင်း​က အမြင့်​မှာ၊ တစ်​ကျင်း​က အနိမ့်​မှာ​ရှိ​ပြီး မြောင်း​ငယ်​တစ်​ခု​နဲ့ ဆက်​သွယ်​ထား​တယ်။ အပေါ်​ကျင်း​မှာ စ​ပျစ်​သီး နင်းနယ်​တဲ့​အခါ အောက်​ကျင်း​ထဲ စ​ပျစ်​ရည် စီး​ဆင်း​သွား​တယ်။ ဘုရား​သခင်​ရဲ့ တ​ရား​စီ​ရင်​ချက်​ကို​လည်း တင်​စား​သုံး​နှုန်း​ထား​တယ်။—ရှာ ၅:၂။ ဗ ၁၉:၁၅

  • ဆာလံ။

    ဘုရား​သခင်​ကို ချီး​မွမ်း​တဲ့​သီချင်း။ ဆာလံ​ကျမ်း​ကို တေး​သီချင်း​အဖြစ် ဖွဲ့​ဆို​ထား​ပြီး ဝတ်​ပြု​သူ​တွေ သီ​ဆို​လေ့​ရှိ​တယ်။ ဂျေရု​ဆ​လင်​မြို့​က ဗိမာန်​တော်​မှာ ယေဟောဝါ​ဘုရား​ကို လူ​အများ​နဲ့ ဝတ်​ပြု​တဲ့​အခါ​မှာ​လည်း သီ​ဆို​ကြ​တယ်။—လု ၂၀:၄၂။ တ ၁၃:၃၃။ ယာ ၅:၁၃

  • ဆီ​ဇာ။

    ရော​မဧ​က​ရာဇ်တွေရဲ့ မျိုး​ရိုး​ဘွဲ့​နာ​မည်။ ကျမ်း​စာ​မှာ သြဂတ်​စ​တပ်၊ တိ​ဗေ​ရိ (တိုင်​ဘီး​ရီး​ယပ်စ်)၊ က​လော​ဒိ​တို့​ကို နာ​မည်​နဲ့​ဖော်​ပြထား​တယ်။ နီ​ရို​ကို နာ​မည်​နဲ့​မဖော်​ပြထား​ပေမဲ့ ဆီ​ဇာ​တွေ​ထဲ​မှာ သူ​လည်း ပါ​တယ်။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ အစိုး​ရ​အာ​ဏာ​ပိုင် ဒါ​မှ​မဟုတ် နိုင်​ငံ​တော်​ကို ကိုယ်​စား​ပြု​ဖော်​ပြတဲ့​အခါ “ဆီ​ဇာ” ဆို​ပြီး​သုံး​ထား​တယ်။—မာ ၁၂:၁၇။ တ ၂၅:၁၂

  • ဆီ​ယာ။

    ကုန်​ခြောက်​အခြင်​အတွယ်။ တူ​ညီ​တဲ့​အရည်​အခြင်​အတွယ် ဗတ်​ကို အခြေ​ခံ​ပြီး တွက်​တဲ့​အခါ ၇.၃၃ လီ​တာ​ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ​ရှိ​တယ်။ (၂​ဘု ၇:၁)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဆိုး​ညစ်​သူ။

    ဘုရား​သခင်​နဲ့ ဘုရား​ရဲ့ ဖြောင့်​မတ်​တဲ့​စံနှုန်း​တွေ​ကို ဆန့်​ကျင်​သူ စာ​တန်​မာရ်​နတ်​ရဲ့ နာ​မည်။—မ ၆:၁၃။ ၁ယ ၅:၁၉

  • ဆက်​ကြေး။

    ငြိမ်း​ချမ်း​ရေး ဆက်​ရှိ​ဖို့၊ အကာ​အကွယ်​ရ​ဖို့ တိုင်း​ပြည်​တစ်​ခု ဒါ​မှ​မဟုတ် ဘု​ရင်​တစ်ပါး​က တ​ခြား​ဘုရင်​ကို လက်​အောက်​ခံ​တဲ့​အနေ​နဲ့ ပေး​ဆက်​ရ​တဲ့​အခ။ (၂ဘု ၃:၄။ ၁၈:၁၄-၁၆။ ၂​ရ ၁၇:၁၁) ပု​ဂ္ဂလိ​က​အခွန်​တွေ​ကို​လည်း ဆက်​ကြေး​လို့ ခေါ်​နိုင်​တယ်။—နေ ၅:၄။ ရ ၁၃:၇

  • ဆက်​ကပ်​အပ်​နှံ​ပွဲ။

    ဗိမာန်​တော်​ကို ဆီး​ရီး​ယား​ဘု​ရင် အန်တီ​အုတ်​ကပ် အီ​ပီ​ဖာ​နစ် ညစ်​ညူး​စေ​ပြီး​နောက်​ ပြန်လည်​သန့်​ရှင်း​စေ​တဲ့ အထိမ်း​အမှတ်​အဖြစ် နှစ်​စဉ်​ကျင်း​ပတဲ့​ပွဲ။ ခိ​သလု​လ ၂၅ ရက်​နေ့​မှာ စတင်​ပြီး ရှစ်​ရက်​ကြာ ကျင်း​ပတယ်။—ယ​ဟ ၁၀:၂၂

  • ဆယ်​ဖို့​တစ်​ဖို့။

    ဘာ​သာ​ရေး​အတွက် ပေး​ရ​တဲ့ ဆယ်​ပုံ​တစ်ပုံ ဒါ​မှ​မဟုတ် ၁၀ ရာ​ခိုင်​နှုန်း။ (မလ ၃:၁၀။ တရ​ ၂၆:၁၂။ မ ၂၃:၂၃) မော​ရှေ​ပညတ်​မှာ မြေထွက်​သီး​နှံ​ရဲ့ ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​အုပ်​ထဲ​က ဆယ်​ဖို့​တစ်​ဖို့​ကို လေ​ဝိအမျိုး​သား​တွေ​ကို ထောက်ပံ့​တဲ့​အနေ​နဲ့ နှစ်​စဉ် ပေး​ရ​တယ်။ သူတို့​ရ​တဲ့ ဆယ်​ဖို့​တစ်​ဖို့​ထဲ​က​နေ ဆယ်​ပုံ​တစ်​ပုံ​ကို ဖယ်​ပြီး အာ​ရုန်​အမျိုး ပု​ရော​ဟိတ်​တွေ​ကို ထောက်ပံ့​ပေး​ရ​တယ်။ တ​ခြား​ဆယ်​ဖို့​တစ်​ဖို့​တွေ​လည်း ရှိ​သေး​တယ်။ ခ​ရစ်​ယာန်တွေ ဆယ်​ဖို့​တစ်​ဖို့ ပေး​စ​ရာ မလို​ပါ။

  • ဆီ​ရီး​ယား ဆီး​ရီး​ယား​လူမျိုး။

    အာ​ရံ။ အာ​ရံ​လူမျိုး​ကိုကြည့်။

  • ဇဒ္ဒုကဲ။

    အထင်​က​ရ ဂျူး​ဘာ​သာ​ရေး​ဂိုဏ်း။ ချမ်း​သာ​တဲ့ ဆွေ​ကြီး​မျိုး​ကြီး​တွေ၊ ဗိမာန်​တော်​လုပ်ငန်း​တွေ​ကို သြဇာ​လွှမ်း​တဲ့ ပု​ရော​ဟိတ်​တွေ​နဲ့ ဖွဲ့​စည်း​ထား​တယ်။ ဖာ​ရိ​ရှဲ​တွေ စောင့်​ထိန်း​တဲ့ နှုတ်​တိုက်​ထုံးတမ်း​စဉ်​လာ အတော်​များ​များ​နဲ့ ဖာ​ရိ​ရှဲ​တွေရဲ့ ယုံ​ကြည်​ချက်​တ​ချို့​ကို လက်မခံ​ကြ​ဘူး။ ရှင်​ပြန်​ထ​မြောက်​ခြင်း​ကို မယုံ​တဲ့​အပြင် ကောင်း​ကင်​တ​မန်​တွေ မရှိ​ဘူး​လို့ ပြော​ကြ​တယ်။ ယေရှု​ကို​လည်း အတိုက်​အခံ လုပ်​ကြ​တယ်။—မ ၁၆:၁။ တ ၂၃:၈

  • ဇိ​ဖ။

    ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၂ လ​မြောက်​နာ​မည်၊ လောကီ​ပြက္ခ​ဒိန်​မှာ ၈ လ​မြောက်။ ဧ​ပြီလ​လယ်​က​နေ မေလ​လယ်​အထိ ကျ​ရောက်​တယ်။ ဗာ​ဗု​လုန်​ကို ဂျူး​တွေ ပြည်​နှင်​ခံ​ရ​ပြီး​နောက် ဂျူး​တာ​လ​မွတ်​ကျမ်း​နဲ့ တ​ခြား​ကျမ်း​တွေ​မှာ အီ​ယာ​လို့ ခေါ်​တယ်။ (၁​ဘု ၆:၃၇)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • ဇိ​အုန် ဇိ​အုန်​တောင်။

    ယေ​ဗု​သိ​ခံ​တပ်​မြို့​ရဲ့ နာ​မည်။ ဂျေရုဆလင်​တည်​ရာ တောင်​ကုန်း​ရဲ့ အရှေ့​တောင်​ဘက်​မှာ တည်​ရှိ​တယ်။ အဲဒီ​နေ​ရာ​ကို ဒါဝိဒ် သိမ်း​ပိုက်​ပြီး နန်းစိုက်​မြို့​တည်​ပြီး​တဲ့​နောက် “ဒါဝိဒ်​မြို့” လို့​အမည်​တွင်​တယ်။ (၂​ရှ ၅:၇၊) သေတ္တာ​တော်​ကို ဇိ​အုန်​မြို့​ဆီ ပြောင်း​ရွှေ့​ပြီး​နောက် ယေဟောဝါ​အတွက် သန့်​ရှင်း​တဲ့​တောင် ဖြစ်​လာ​တယ်။ ဇိ​အုန်​လို့​ပြော​ရင် မော​ရိ​တောင်​ပေါ် တည်​ရှိ​တဲ့ ဗိမာန်​တော်​နယ်​မြေ ပါ​ဝင်​တယ်။ ဂျေရု​ဆ​လင်​တစ်​မြို့​လုံး​ကို​လည်း ဆိုလို​တယ်။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ တင်​စား​သုံး​နှုန်း​ထား​တယ်။—ဆ ၂:၆။ ၁ပ ၂:၆။ ဗ ၁၄:၁

  • ဇု​သ။

    ဘုရား​များ​စွာ ကိုးကွယ်​ကြ​တဲ့ ဂရိ​လူမျိုး​တွေရဲ့ နတ်​မင်း​ကြီး။ လုတ္တရ​မြို့​မှာ ဗာ​န​ဗ​ကို ဇု​သလို့ အထင်​မှား​ခဲ့​ကြ​တယ်။ လုတ္တရ​မြို့​အနီး​မှာ “ဇု​သရဲ့​ပု​ရော​ဟိတ်၊” “နေ​နတ်​ဘုရား​ဇုသ” ဆို​တဲ့ ရှေး​ဟောင်း​က​မ္ပည်း​စာ တွေ့​ရ​တယ်။ မော်​လ​တာ​ကျွန်း​က​အထွက် ပေါလု​စီး​လာ​တဲ့ သင်္ဘော​မှာ ကယ်​စ​တာ​နဲ့ ပေါ်​လပ်​ဆို​တဲ့ “ဇု​သအမြွှာ​နတ်​သား” ရုပ်​ပါတယ်။—တ ၁၄:၁၂။ ၂၈:၁၁

  • တ​ဆေး။

    မုန့်​ညက်​ကို ဖောင်း​ကြွ​စေ​ဖို့ ဒါ​မှ​မဟုတ် အရည်​တစ်​မျိုး​မျိုး​ကို အချဉ်​ဖောက်​ဖို့ ထည့်​တဲ့​အရာ။ တ​ဆေး​ဖောက်​ပြီး​သား မုန့်​ညက်​ပုံ​ထဲ​က မုန့်​ညက်​အကျန်။ အပြစ်​နဲ့ အကျင့်​ပျက်​ခြင်း​ရဲ့ အမှတ်​လက္ခ​ဏာ​အဖြစ် ကျမ်း​စာ​မှာ သုံး​လေ့​ရှိ​တယ်။ မမြင်​ရ​တဲ့ ကြီး​ထွား​ပျံ့​နှံ့​မှု​ကို ဖော်​ပြရာ​မှာ​လည်း သုံး​တယ်။—ထွ ၁၂:၂၀။ မ ၁၃:၃၃။ ဂ ၅:၉

  • တ​ဆေး​မဲ့​မုန့်​ပွဲ။

    အစ္စရေးတွေ နှစ်​စဉ်​ကျင်း​ပတဲ့ အဓိ​က​ပွဲ​တော် သုံး​ခု​အနက် ပထ​မတစ်​ခု။ ပသခါ​ပွဲ​အပြီး နောက်​တစ်​နေ့ နိသန်​ ၁၅ ရက်​က​နေ စတင်​ပြီး ခု​နစ်​ရက်​ဆက်​တိုက် ကျင်းပ​တယ်။ အီဂျစ်​ပြည်​က​နေ ထွက်​မြောက်​ခဲ့​ကြ​တဲ့ အထိမ်း​အမှတ်​အဖြစ် တ​ဆေး​မဲ့​မုန့်​ကို​ပဲ စား​ရ​တယ်။—ထွ ၂၃:၁၅။ မာ ၁၄:၁

  • တမန်​တော်။

    “စေ​လွှတ်​ခံ​ရ​သူ” ကို​ဆိုလို​တယ်။ ယေရှု​ကို၊ သူ​တစ်ပါး​အကျိုး​သယ်​ပိုး​ဖို့ စေ​လွှတ်​ခံ​ရ​သူ​တ​ချို့​ကို ရည်​ညွှန်း​တဲ့​အသုံး​အနှုန်း။ ယေရှု​ကိုယ်​တိုင် ကိုယ်​စား​လှယ်​အဖြစ် ရွေး​ချယ်​ခန့်​အပ်​တဲ့ တ​ပည့် ၁၂ ယောက်​ကို ရည်​ညွှန်း​ရာ​မှာ အသုံး​များ​တယ်။—မာ ၃:၁၄။ တ ၁၄:၁၄

  • တ​ရား​စီ​ရင်ရာ​နေ့။

    အုပ်​စု​တွေ၊ တိုင်း​နိုင်​ငံ​တွေ ဒါ​မှ​မဟုတ် လူ​သား​တစ်​ရပ်​လုံး ဘုရား​သခင်​ဆီ ဖြေရှင်း​ချက်​ပေး​ဖို့ သတ်​မှတ်​ထား​တဲ့​နေ့၊ ကာလ။ သေဒဏ်​ခံ​ထိုက်​သူ​တွေ​အဖြစ် တရား​စီ​ရင်​ခံ​ရ​သူ​တွေ​ဟာ အဲဒီ​အချိန်​မှာ ကွပ်မျက်​ခံ​ရ​ပြီး တ​ချို့​သူ​တွေ​က​တော့ ကယ်​တင်​ခြင်း​နဲ့ ထာ​ဝ​ရ​အသက်​ရ​နိုင်​တဲ့ အခွင့်​အရေး​ကို ရ​ရှိ​တယ်။ အသက်​ရှင်​နေ​သူ​တွေ​သာ​မက တစ်​ချိန်​က သေဆုံး​ခဲ့​သူ​တွေ​ကို​ပါ စီ​ရင်​မယ့် အနာ​ဂတ် “တ​ရား​စီ​ရင်ရာ​နေ့” အကြောင်း ယေရှု​ခရစ်​နဲ့ တမန်​တော်တွေ ဖော်​ပြခဲ့​တယ်။—မ ၁၂:၃၆

  • တ​ရား​ဇ​ရပ်။

    “စု​ရုံး​ခြင်း၊ အစည်း​အဝေး” လို့​အဓိပ္ပာယ်ရ​တဲ့ စကား​လုံး။ ကျမ်း​ချက်​အများ​စု​မှာ​တော့ ဂျူး​တွေ ကျမ်းစာ​ဖတ်​ဖို့၊ သွန်သင်​ဖို့၊ ဟော​ပြော​ဖို့၊ ဆုတောင်း​ဖို့ စု​ဝေး​တဲ့​နေ​ရာ၊ အဆောက်​အအုံ။ ယေရှု​လက်​ထက် အတော်​အသင့်​ကျယ်​တဲ့ အစ္စရေး​မြို့​ရွာ​တိုင်း​မှာ တ​ရား​ဇ​ရပ်​တစ်​ခု​စီ​ရှိ​တယ်။ မြို့​ကြီး​တွေ​မှာ​တော့ တစ်​ခု​မက ရှိတယ်။—လု ၄:၁၆။ တ ၁၃:၁၄၊ ၁၅

  • တ​ရား​ပလ္လင်။

    လှေ​ကား​ထစ်​နဲ့ တက်​ရ​တဲ့ လ​ဟာ​ပြင်​စင်​မြင့်။ မင်း​အရာ​ရှိ​တွေ​က တ​ရား​ပလ္လင်​ပေါ်​က​နေ လူ​ထု​ကို မိန့်ခွန်း​ပြော​ပြီး ဆုံး​ဖြတ်​ချက်​တွေ​ကို ကြေ​ညာ​တယ်။​ “ဘုရား​သခင်​ရဲ့ တ​ရား​ပလ္လင်၊” “ခ​ရစ်​တော်ရဲ့ တ​ရား​ပလ္လင်” ဆို​တဲ့ အသုံး​အနှုန်း​တွေ​ဟာ လူ​သား​တစ်​ရပ်​လုံး​ကို တ​ရား​စီ​ရင်​မယ့် ယေဟော​ဝါ​ဘုရား​ရဲ့ အစီ​အစဉ်​ကို တင်​စား​ဖော်​ပြတယ်။—ရ ၁၄:၁၀။ ၂​က ၅:၁၀။ ယ​ဟ ၁၉:၁၃

  • တ​ရား​သူ​ကြီး​များ။

    အစ္စရေး​ဘု​ရင်တွေ မရှိ​သေး​ခင်​မှာ လူမျိုး​တော်​ကို ကယ်​တင်​ဖို့ ယေဟောဝါ​ပေါ်​ထွန်း​စေ​တဲ့ အမျိုး​သား​တွေ။—သူ ၂:၁၆

  • တံ​ဆိပ်​တုံး။

    ပိုင်​ရှင်​ဖြစ်​ကြောင်း၊ စစ်​မှန်​ကြောင်း၊ သဘော​တူ​ကြောင်း ဖော်​ပြဖို့ (ရွှံ့​တုံး​ပေါ်၊ ဖယောင်း​တုံး​ပေါ်) ခပ်နှိပ်​တဲ့ ကိ​ရိ​ယာ။ မာ​ကျော​တဲ့ (ကျောက်၊ ဆင်​စွယ်၊ သစ်​သား) နဲ့​လုပ်​ထား​တဲ့ ရှေး​ခေတ်​တံ​ဆိပ်​တုံး မျက်​နှာ​ပြင်​မှာ စာ​တွေ၊ ဒီ​ဇိုင်းတွေ ထွင်း​ထား​တယ်။ စစ်​မှန်​ကြောင်း၊ ပိုင်​ဆိုင်​ကြောင်း၊ လျှို့ဝှက်​ချက်​ဖြစ်​ကြောင်း ပြတဲ့​အနေ​နဲ့ တံ​ဆိပ်​ခပ်​နှိပ်​လေ့​ရှိ​တယ်။—ထွ ၂၈:၁၁။ နေ ၉:၃၈။ ဗ ၅:၁။ ၉:၄

  • တံ​ဆိပ်​လက်​စွပ်။

    လက်​ချောင်း​မှာ စွပ်​ထား​တဲ့ တံ​ဆိပ်​တစ်မျိုး။ ကြိုး​နဲ့ လျှို​ထည့်​ပြီး လည်​မှာ​ဆွဲ​ထား​တာ​လည်း ရှိ​တယ်။ ဘု​ရင် ဒါ​မှ​မဟုတ် မင်း​အရာ​ရှိ​ရဲ့ အခွင့်​အာ​ဏာ​ကို ဖော်​ပြတဲ့ အမှတ်​လက္ခ​ဏာ​တစ်​ခု​ဖြစ်​တယ်။ (က ၄၁:၄၂)—တံ​ဆိပ်​တုံး​ကို​ကြည့်။

  • တာ​ရှိ​သင်္ဘော။

    အစ​ပိုင်း​မှာ တာ​ရှိ​ပြည်(စ​ပိန်)ကို​သွား​တဲ့ သင်္ဘော​တွေ။ နောက်​ပိုင်း​မှာ ခ​ရီး​ဝေး​သွား​နိုင်​တဲ့ သင်္ဘော​ကြီး​တွေရဲ့ နာ​မည်​ဖြစ်​လာ​တယ်။ ရှော​လ​မုန်​နဲ့ ယောရှဖတ်​ဟာ ကူး​သန်း​ရောင်း​ဝယ်​ရေး​မှာ ဒီ​သင်္ဘော​မျိုး​ကို အသုံး​ပြု​ခဲ့​တယ်။—၁​ဘု ၉:၂၆။ ၁၀:၂၂။ ၂၂:၄၈

  • တား​တ​ရပ်။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ ဒီ​စကား​လုံး​ဟာ ထောင်​ထဲ​မှာ​လို ချုပ်​နှောင်​ခံ​ရ​တဲ့ အခြေ​အနေ။ နောဧ​ခေတ်​က နာ​ခံ​မှု​မရှိ​တဲ့ ကောင်း​ကင်​တ​မန်​တွေ တား​တ​ရပ်​ထဲ ပစ်​ချ​ခံ​ရ​တယ်။ ၂ ပေတရု ၂:၄ မှာ “တား​တ​ရပ်​ဆီ ပစ်​ချ” ဆို​တဲ့ ဂရိ​ကြိ​ယာ ‘တား​တ​ရို’ ကို​သုံး​ထား​တာ​က “အပြစ်​ကျူး​လွန်​တဲ့ ကောင်​ကင်​တ​မန်​တွေ​ကို” အယူ​မှား​ဒဏ္ဍာ​ရီ​ထဲ​က တား​တ​ရပ်​ဆီ (မြေအောက် အကျဉ်း​ခန်း၊ နတ်​ဘုရား​ငယ်​တွေ​အတွက် အမှောင်​ထု​ဆီ) ပစ်​ချ​တာ​ကို မဆိုလို​ဘူး။ ဘုရား​သခင်​က သူတို့​ကို ကောင်း​ကင်​မှာ နေရာ​တွေ၊ အခွင့်​ထူး​တွေ မပေး​တော့​ဘဲ နိမ့်​ကျ​စေ​တာ၊ ဘုရား​ရဲ့​တောက်​ပတဲ့ ရည်​ရွယ်​ချက်​ကို သိ​ခွင့်​မရ​တော့​ဘဲ စိတ်​အမှောင်​ဖုံး​နေ​တဲ့ အခြေ​အနေ​ထဲ ရောက်​သွား​တာ​ကို ဆိုလို​တယ်။ အမှောင်​ထု​ဆို​တာ သူတို့​ရဲ့​ဇာတ်​သိမ်း၊ သူတို့​ရဲ့​အုပ်​စိုး​ရှင် စာ​တန်​မာ​နတ်​နဲ့​အတူ ထာ​ဝ​ရ​ဖျက်​ဆီး​ခံ​ရ​ခြင်း​ပဲ​လို့ ကျမ်း​စာ​မှာ ဖော်​ပြတယ်။ ဒါ​ကြောင့် တား​တ​ရပ်​ဆို​တာ ပုန်​ကန်​တဲ့ ကောင်း​ကင်​တ​မန်​တွေရဲ့ အနိမ့်​ကျ​ဆုံး​အခြေ​အနေ​လို့ အဓိပ္ပာယ်ရ​တယ်။ ဗျာဒိတ် ၂၀:၁-၃ မှာ​ပါ​တဲ့ တွင်း​နက်​ကြီး​နဲ့ မတူ​ပါ။

  • တိ​ရှ​ရိ။

    ဧ​သနိမ်​နဲ့ နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • တေ​ဗက်။

    ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ရ​ပြီး​နောက် ဂျူး​သာသနာ​ပြက္ခ​ဒိန်​ရဲ့ ၁၀ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၄ လ​မြောက်။ ဒီ​ဇင်​ဘာ​လ​လယ်​က​နေ ဇန်​န​ဝါ​ရီ​လ​လယ်​အထိ ကျ​ရောက်​တယ်။ ကျမ်း​စာ​မှာ “ဆယ်​လ​ပိုင်း” လို့​ပဲ ဖော်​ပြတယ်။ (ဧ​သ ၂:၁၆)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • တေ​ရပ်။

    မိသား​စု​နဲ့​ဆိုင်​တဲ့ နတ်​ဘုရား​တွေ၊ ရုပ်​တု​တွေ။ အတိတ်​နိ​မိတ်​ကောက်​ဖို့ တေ​ရပ်​ရုပ်​တု​ကို မေး​မြန်း​တတ်​ကြ​တယ်။ (ယ​ဇ ၂၁:၂၁) ပုံ​သဏ္ဌာန်​က လူ​တစ်​ယောက်​ရဲ့ အရွယ်​အစား​လောက် ရှိ​တယ်။ တ​ချို့​က အဲဒီ​လောက် မကြီး​ဘူး။ (က ၃၁:၃၄။ ၁​ရှ ၁၉:၁၃၊ ၁၆) မက်​ဆို​ပို​တေး​မီး​ယား​မှာ ရှာ​တွေ့​တဲ့ ရှေး​ဟောင်း​တွေ့​ရှိ​ချက်​အရ တေရပ်​ရုပ်​တု​ပိုင်​ဆိုင်​သူ​ဟာ မိသား​စု​အမွေ​ကို ဆက်​ခံ​ပိုင်​ခွင့်​ရှိ​သူ​ဖြစ်​ကြောင်း ဖော်​ပြတယ်​လို့ သိ​ရ​တယ်။ (အဲ​ဒါ​ကြောင့် ဖခင်​ရဲ့ တေ​ရပ်​ရုပ်​တု​ကို ရာခေ​လ​ယူ​သွား​တာ ဖြစ်​နိုင်​တယ်။) အစ္စရေး​ပြည်​မှာ​တော့ အဲဒီ​လို​ထုံး​စံ​မျိုး ရှိ​ပုံ​မရ​ဘူး။ တ​ရား​သူ​ကြီး​နဲ့ ဘု​ရင်တွေ​လက်​ထက်​မှာ တေ​ရပ်​ရုပ်​တု ကိုးကွယ်​ကြ​ပေမဲ့ သစ္စာ​ရှိ​ဘုရင်​ယော​ရှိ ဖျက်​ဆီး​တဲ့​အထဲ​မှာ တေ​ရပ်​ရုပ်​တု​တွေ ပါ​တယ်။—သူ ၁၇:၅။ ၂​ဘု ၂၃:၂၄။ ဟော ၃:၄

  • တဲ​တော်။

    အီဂျစ်​ပြည်​က​နေ အစ္စရေးတွေ ထွက်​မြောက်​လာ​ပြီး​နောက် ဝတ်​ပြု​ရေး​မှာ​သုံး​တဲ့၊ ရွှေ့​ပြောင်း​လို့ရ​တဲ့ တဲ​တော်။ ယေဟောဝါ ရောက်​ရှိ​နေ​တာ​ကို ကိုယ်​စား​ပြု​တဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို​ထား​တဲ့​နေ​ရာ၊ ပူ​ဇော်​သက္ကာတွေ ဆက်​သပြီး ဝတ်​ပြု​တဲ့​နေ​ရာ။ “တွေ့​ဆုံ​ရာ​တဲ​တော်” လို့​လည်း ခေါ်​တယ်။ သစ်​သား​တန်း​တွေ​ကို တပ်​ဆင်​ပြီး ခေရုဗိမ်​ရုပ်​တွေ ထိုး​ထား​တဲ့​အထည်​နဲ့ အုပ်​မိုး​ထား​တယ်။ အခန်း​နှစ်​ခန်း ကန့်​ထား​တယ်။ ပထ​မအခန်း​ကို သန့်​ရှင်း​ရာ​အခန်း၊ ဒုတိ​ယ​အခန်း​ကို အသန့်​ရှင်း​ဆုံး​အခန်း​လို့ ခေါ်​တယ်။ (ယ​ရ ၁၈:၁။ ထွ ၂၅:၉)—နောက်​ဆက်​တွဲ ခ​၅​ ကိုကြည့်။

  • တဲ​နေ​ပွဲ။

    သကေ​နေ​ပွဲ၊ စု​သိမ်း​ပွဲ​လို့​လည်း ခေါ်​ပြီး ဧ​သနိမ်​လ ၁၅-၂၁ ရက်​မှာ ကျင်း​ပတယ်။ ကောက်​သိမ်း​ချိန်​ပြီး​ဆုံး​တဲ့​အခါ ကျင်း​ပလေ့​ရှိ​ပြီး ကောက်​ပဲ​သီး​နှံ​တွေ​ကို ယေဟောဝါ ကောင်း​ချီး​ပေး​တဲ့​အတွက် ဝမ်း​မြောက်​ကြောင်း၊ ကျေး​ဇူး​တင်​ကြောင်း ဖော်​ပြချိန်​ဖြစ်​တယ်။ အီဂျစ်​ပြည်​က​နေ ထွက်​မြောက်​လာ​ကြ​တာ​ကို အမှတ်​ရ​စေ​ဖို့ ပွဲ​တော်​ကာလ​အတွင်း သစ်​ခက်​တဲ​တွေ​မှာ နေ​ရ​တယ်။ ဂျေရု​ဆ​လင်​မြို့​မှာ အမျိုး​သား​တွေ သွား​ရောက်​ကျင်း​ပရ​မယ့် ပွဲ​တော်​သုံး​ခု​အနက် တစ်ခု​ဖြစ်​တယ်။—ဝ ၂၃:၃၄။ ဧ​ဇ ၃:၄

  • တဲ​လင့်။

    ပမာ​ဏ​အများ​ဆုံး ဟီ​ဘ​ရူး​အလေး​ချိန်​နဲ့ ငွေ​ကြေး​ယူ​နစ်။ ၃၄.၂ ကီ​လို​ရှိ​တယ်။ ဂရိ​တဲ​လင့်​က အလေး​ချိန်​ပို​နည်း​ပြီး ၂၀.၄ ကီ​လို​လောက် ရှိ​တယ်။ (၁​ရ ၂၂:၁၄။ မ ၁၈:၂၄)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • တောင်။

    တံ​တောင်​ဆစ်​က​နေ လက်​ခ​လယ်​ထိပ်​အထိ​ရှိ​တဲ့ အတိုင်း​အတာ။ အစ္စရေးတွေ​ဟာ ၄၄.၅ စမ (၁၇.၅ လက္မ) လောက်​ရှိ​တဲ့​တောင်​ကို အသုံး​များ​ပေမဲ့ လက်​တစ်​ဝါး ပိုရှည်​တဲ့ ၅၁.၈ စမ (၂၀.၄ လ​က္မ) ကို​လည်း သုံး​ကြ​တယ်။ (က ၆:၁၅။ လု ၁၂:၂၅)—နောက်​ဆက်​တွဲ ခ​၁၄​ ကိုကြည့်။

  • တောင်​ကုန်း။

    ဒါဝိဒ်​မြို့​တော်ရဲ့ အစိတ်​အပိုင်း​တစ်​ခု​ဖြစ်​ပြီး သဘာ​ဝ​တောင်​ကုန်း ဒါ​မှ​မဟုတ် လူ​တွေ​ဖို့​ထား​တဲ့​ကုန်း ဖြစ်​နိုင်​တယ်။ အုတ်​တံတိုင်း​တွေ၊ အထောက်​အမတွေ​နဲ့ ကျား​ကန်​ထား​ပုံ​ရ​တယ်။—၂​ရှ ၅:၉။ ၁​ဘု ၁၁:၂၇

  • တွင်း​နက်​ကြီး။

    ‘အဘိ​ဆိုစ်’ ဆို​တဲ့ ဂရိ​စကား​လုံး​က​နေ ဆင်းသက်​လာ​ပြီး “အလွန်​နက်​ရှိုင်း​သော၊” “အကန့်​အသတ်​မဲ့​သော” လို့​အဓိပ္ပာယ်ရ​တယ်။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ အဲဒီ​စကား​လုံး​ဟာ ချုပ်​နှောင်​ထား​တဲ့​နေ​ရာ၊ အခြေ​အနေ​ကို ရည်​ညွှန်း​တယ်။ သင်္ချိုင်း​ဂူ​ကို​လည်း ဆိုလို​ပေမဲ့ အဓိပ္ပာယ် ပို​ကျယ်​ပြန့်​တယ်။—လု ၈:၃၁။ ရ ၁၀:၇။ ဗ ၂၀:၃

  • တိုက်​ရာ​ပါ​ဥစ္စာ။

    ရှုံး​နိမ့်​သွား​တဲ့ ရန်​သူ​ဆီ​က သိမ်း​ယူ​ရ​တဲ့ လူ၊ ခြံ​မွေး​တိ​ရစ္ဆာန်၊ အဖိုး​တန်​ပစ္စည်းတွေ။—ယ​ရ ၇:၂၁။ ၂၂:၈။ ဟီ ၇:၄

  • တိုင်​ချည်။

    ရက်​ကန်း​စင်​မှာ အလျား​လိုက် တန်း​ထား​တဲ့ ချည်​ခင်။—သူ ၁၆:၁၃

  • တိုင်​မကြီး။

    သမိုင်း​ဝင်​ဖြစ်​ရပ်တွေ​ကို အောက်​မေ့​ဖို့ တိုင်​ကို စိုက်​ထူ​ကြ​တယ်။ ရှော​လ​မုန် ဆောက်​ခဲ့​တဲ့ ဗိမာန်​တော်​နဲ့ နန်း​ဆောင်​တွေ​မှာ တိုင်​မကြီး​တွေ​ကို အသုံး​ပြု​ခဲ့​တယ်။ တိတ္ထိ​တွေ​ဟာ မှား​ယွင်း​တဲ့​ဘုရား​အတွက် ကိုးကွယ်​ရာ​ကျောက်​တိုင်​တွေ စိုက်​ထူ​ကြ​တယ်။ တစ်​ခါ​တစ်​ရံ အစ္စရေးတွေ​လည်း ဒီ​ဓလေ့​ကို လိုက်​ခဲ့​တယ်။ (သူ ၁၆:၂၉။ ၁​ဘု ၇:၂၁။ ၁၄:၂၃)—ထိပ်​ဖူး​ကို​ကြည့်။

  • တမ္မု​ဇ။

    (၁) ဂျေရု​ဆ​လင်​မှာ အယူ​ဖောက်​ပြန်​တဲ့ ဟီဘရူး​အမျိုး​သမီး​တွေ ရည်​စူး​ပြီး ငို​ကြွေး​ကြ​တဲ့ နတ်​ဘုရား​နာမည်။​ ဘု​ရင်​တစ်ပါး သေပြီး​နောက် တမ္မု​ဇ​နတ်​ဘုရား​ ဖြစ်​သွား​တယ်​လို့ ပြော​ကြ​တယ်။ ဆူ​မေး​ရီး​ယန်း​စာပေ​မှာ တမ္မု​ဇ​ကို ဒူ​မူ​ဇီ​လို့ ခေါ်​ထား​ပြီး မျိုး​ပွား​နတ်​ဘုရား​မ အီ​နန်​နာ (ဗာ​ဗု​လုန်တွေရဲ့ အက်​ရှ​တာ) ရဲ့​ကြင်​ရာ​တော် ဒါ​မှ​မဟုတ် ချစ်​သူ​အဖြစ် ဖော်​ပြထား​တယ်။ (ယ​ဇ ၈:၁၄) (၂) ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ရ​ပြီး​နောက် ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၄ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၁၀ လ​မြောက်။ ဇွန်​လ​လယ်​က​နေ ဇူ​လိုင်​လ​လယ်​အထိ ကျရောက်​တယ်။—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • တွေ့​ဆုံ​ရာ​တဲ​တော်။

    မော​ရှေ​ရဲ့​တဲ​ကို​ရော တော​ကန္တာရ​မှာ ဆောက်​ထား​တဲ့ တွေ့​ဆုံ​ရာ​တဲ​တော်​ကို​ပါ ရည်​ညွှန်း​တယ်။—ထွ ၃၃:၇။ ၃၉:၃၂

  • ထောင့်​ချုပ်​ကျောက်။

    အဆောက်​အဦ​နံ​ရံ​နှစ်​ခု​ဆုံ​ရာ ထောင့်​မှာ​ရှိ​တဲ့ အရေး​ကြီး​ဆုံး​ကျောက်။ အဓိ​က​ကျောက်​က​တော့ ထောင့်​ချုပ်​အုတ်​မြစ်​ကျောက် ဖြစ်​တယ်။ အများ​ပြည်​သူ​သုံး အဆောက်​အဦ​နဲ့ မြို့​ရိုး​တွေ​အတွက် အလွန်​မာ​ကျော​တဲ့ ကျောက်​တွေ​ကို ရွေး​သုံး​လေ့​ရှိ​တယ်။ ဒီ​စကား​လုံး​ကို ကမ္ဘာ​မြေအုတ်​မြစ်​အဖြစ် တင်​စား​သုံး​နှုန်း​ထား​တယ်။ စွမ်းအား​တော်​နဲ့​တည်​ဆောက်​တဲ့ အိမ်​တော်​ကို ပုံ​ခိုင်း​တဲ့ ခ​ရစ်​ယာန်​အသင်း​တော်ရဲ့ “ထောင့်​ချုပ်​အုတ်​မြစ်​ကျောက်” အဖြစ် ယေရှု​ကို ဖော်​ပြထား​တယ်။—ဧ ၂:၂၀။ ယ​ဘ ၃၈:၆

  • ထမ်း​ပိုး။

    ဘေး​နှစ်​ဖက်​မှာ ဝန်​တွေ​ဆွဲ​ပြီး ထမ်း​ရ​တဲ့ သစ်​သား​တန်း။ ကောက်​နယ်​တန်​ဆာ၊ လှည်း ဆွဲ​ခိုင်း​ဖို့ တိ​ရစ္ဆာန်ရဲ့ (အများ​အား​ဖြင့် နွား) လည်​ဂုတ်​ပေါ်​တင်​တဲ့ သစ်​သား​တန်း။ ကျွန်​တွေ​က လေး​လံ​တဲ့​ဝန်​တွေ​ကို ထမ်း​ပိုး​နဲ့ ထမ်း​လေ့​ရှိ​တာ​ကြောင့် ကျွန်​ဘဝ​ရောက်​ခြင်း၊ တစ်​ဦးဦး​ဆီ​မှာ လက်​အောက်​ခံ​ရ​ခြင်း၊ ဖိ​နှိပ်​ခြင်း၊ ဆင်း​ရဲ​ဒုက္ခရောက်​ခြင်း​ကို ထမ်း​ပိုး​နဲ့​တင်​စား​ပြီး သုံး​နှုန်း​လေ့​ရှိ​တယ်။ ထမ်း​ပိုး​ကို ချိုး​တာ၊ ဖယ်​ရှား​တာ​က​တော့ ချုပ်​နှောင်​ခံ​ရ​ခြင်း၊ ဖိနှိပ်​ခြင်း၊ ခေါင်း​ပုံ​ဖြတ်​ခံ​ရ​ခြင်း​က​နေ လွတ်​မြောက်​တာ​ကို ဆိုလို​တယ်။—ဝ ၂၆:၁၃။ မ ၁၁:၂၉၊ ၃၀

  • ထိပ်​စီး။

    ဆာလံ​သီချင်း​တစ်​ပုဒ်​ရဲ့ ရေး​စပ်​သူ၊ နောက်​ခံ​အချက်​အလက်၊ တေး​ဂီ​တ​လမ်း​ညွှန်၊ သီချင်း အသုံး​ပြု​ပုံ၊ သီချင်း​ရဲ့ရည်​ရွယ်​ချက်​ကို ဖော်​ပြတဲ့ ထိပ်​စီး​စာ​သား။—ဆ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၃၀၊ ၃၈၊ ၆၀၊ ၉၂၊ ၁၀၂ ထိပ်​စီး​တွေ​ကို​ကြည့်။

  • ထိပ်​ဖူး။

    တိုင်​မကြီး​ရဲ့ ထိပ်​မှာ​ရှိ​တဲ့ အလှ​ဆင်​ထား​တဲ့ ထိပ်ဖူး။ ရှော​လ​မုန်​ဗိမာန်​တော်​ရှေ့​မှာ ယာ​ခိန်​နဲ့ ဗော​ဇ​ဆို​တဲ့ တိုင်​မကြီး​နှစ်​တိုင် ရှိ​တယ်။ (၁​ဘု ၇:၁၆)—နောက်​ဆက်​တွဲ ခ​၈ ကို​ကြည့်။

  • ထိတ်​တုံး။

    ပြစ်​ဒဏ်​ပေး​တဲ့​အနေ​နဲ့ ချုပ်​နှောင်​ဖို့​သုံး​တဲ့ ကိ​ရိ​ယာ။ ခြေ​ကို ထိပ်​တုံး​ခတ်​တာ​ရှိ​သလို ခြေ​လက်​နဲ့ လည်ပင်း​ကို​ပါ ထိပ်​တုံး​ခတ်​ပြီး ကောက်​ကွေး​နေ​တဲ့ ကိုယ်​ခန္ဓာ​အနေ​အထား​အတိုင်း ချုပ်​ထား​တာ​လည်း ရှိ​တယ်။—ယေ ၂၀:၂။ တ ၁၆:၂၄

  • ထွာ။

    ဆန့်​ကား​ထား​တဲ့ လက်​မထိပ်​က​နေ လက်​သန်း​ထိပ်​အတွင်း​ရှိ အတိုင်း​အရှည်။ ၄၄.၅ စမ (၁၇.၅ လ​က္မ) နီး​ပါး​ရှိ​တဲ့ တောင်​အတိုင်း​အတာ​ကို အခြေ​ခံ​ပြီး တွက်​ရင် တစ်ထွာ​မှာ ၂၂.၂ စမ (၈.၇၅ လ​က္မ) ရှိ​တယ်။ (ထွ ၂၈:၁၆။ ၁​ရှ ၁၇:၄)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဒ​ရက်​မာ။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ ဂရိ​ငွေ​ဒင်္ဂါး​ကို ဆိုလို​ပြီး ၃.၄ ဂရမ်​လေး​တယ်။ ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ​တော့ ဒဲရစ်​နဲ့ ညီ​မျှ​တဲ့ ပါး​ရှား​ရွှေ​ဒ​ရက်​မာ​ကို ဆိုလို​တယ်။ (နေ ၇:၇၀။ မ ၁၇:၂၄)—နောက်​ဆက်​တွဲ ခ​၁၄​ ကိုကြည့်။

  • ဒါ​ဂုန်။

    ဖိ​လိ​တိ​လူမျိုး​ရဲ့ နတ်​ဘုရား​။ စကား​လုံး​ရင်း​မြစ် မသေချာ​ပေမဲ့ ပညာ​ရှင်​တ​ချို့​က ဟီ​ဘ​ရူး​စကား​လုံး ‘ဒါ​ဂ’ (ငါး) နဲ့​ဆက်​စပ်​တယ်​လို့ ဆို​ကြ​တယ်။—သူ ၁၆:၂၃။ ၁​ရှ ၅:၄

  • ဒါဝိဒ်​မြို့။

    ဒါဝိဒ်​က ယေ​ဗုတ်​မြို့​ကို သိမ်း​ယူ​ပြီး၊ နန်း​တော်​ဆောက်​ပြီး​နောက် ပေး​တဲ့ မြို့​နာ​မည်။ ဇိ​အုန်​လို့​လည်း ခေါ်​တယ်။ ဂျေရု​ဆ​လင်​မြို့​ရဲ့ အရှေ့​တောင်​ဘက်​အပိုင်း၊ ရှေး​အကျ​ဆုံး​နေ​ရာ ဖြစ်​တယ်။—၂​ရှ ၅:၇။ ၁ရ ၁၁:၄၊ ၅

  • ဒါဝိဒ်ရဲ့​သား။

    အများ​အား​ဖြင့် ယေရှု​ကို ရည်​ညွှန်း​တယ်။ ယေရှု​ဟာ ဒါဝိဒ်ရဲ့ မျိုး​ဆက်​ဖြစ်​ပြီး နိုင်​ငံ​တော်​ပဋိ​ညာဉ်​ကို ပြည့်​စုံ​စေ​မယ့်​သူ၊ နိုင်​ငံ​တော်​ပဋိ​ညာဉ်ရဲ့ အမွေ​ခံ​ဖြစ်​ကြောင်း ဒီ​စကား​စု​က ဖော်​ပြတယ်။—မ ၁၂:၂၃။ ၂၁:၉

  • ဒဲရစ်။

    ၈.၄ ဂရမ်​လေး​တဲ့ ပါး​ရှား​ရွှေ​ဒင်္ဂါး။ (၁​ရ ၂၉:၇)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဒု​စ​ရိုက်​ဖြေရာ​အလှူ။

    လူ​တစ်​ဦး ကျူး​လွန်​တဲ့​အပြစ်​အတွက် ဆက်​သရ​တဲ့ ပူ​ဇော်​သက္ကာ။ တ​ခြား​အပြစ်​ဖြေရာ​အလှူ​တွေ​နဲ့ မသိ​မသာ ကွဲ​ပြား​တယ်။ အပြစ်​တစ်​ခု ကျူး​လွန်​မိ​လို့ ပညတ်​ပဋိ​ညာဉ်​ကြောင့် ရ​ရှိ​ထား​တဲ့ အခွင့်​အရေး တစ်​စုံ​တစ်​ရာ ဆုံး​ရှုံး​သွား​တဲ့​အခါ နောင်​တ​ရ​တဲ့ ပြစ်​မှား​သူ​ဟာ အဲဒီ​အခွင့်​အရေး​ကို ပြန်​လည်​ရ​ရှိ​ဖို့ ဒါ​မှ​မဟုတ် ပြစ်​ဒဏ်​က​နေ လွတ်​ဖို့ ဆက်​သရ​တဲ့​အလှူ ဖြစ်​တယ်။—ဝ ၇:၃၇။ ၁၉:၂၂။ ရှာ ၅၃:၁၀

  • ဒေ​ကာ​ပေါ​လိ။

    မြို့​ဆယ်​မြို့ စု​စည်း​ထား​တဲ့ ဂရိ​မြို့​ပေါင်း​စု။ (ဂရိ​စကား​လုံး “တစ်​ဆယ်” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဒေကာ၊ “မြို့” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ပေါ​လိ​က​နေ ဆင်း​သက်​လာ။) ဒီ​မြို့​အများ​စု တည်​ရှိ​တဲ့ ဂါ​လိ​လဲ​အိုင်​နဲ့ ဂျော်​ဒန်​မြစ် အရှေ့​ပိုင်း​ဒေ​သရဲ့ နာ​မည်​လည်း ဖြစ်​တယ်။ အဲဒီ​မြို့​တွေ​ဟာ ဂရိ​ယဉ်​ကျေး​မှု​နဲ့ ကုန်​သွယ်​မှု​ရဲ့ ဗ​ဟို​ဖြစ်​တယ်။ ယေရှု​က ဒီ​ဒေသ​ကို ဖြတ်​လျှောက်​ခဲ့​ပေမဲ့ တစ်​မြို့​မြို့​ဆီ လည်​ပတ်​ခဲ့​တဲ့ မှတ်​တမ်း​တော့ မရှိ​ပါ။ (မ ၄:၂၅။ မာ ၅:၂၀)—နောက်​ဆက်​တွဲ က​၇ နဲ့ ခ၁၀ ကို​ကြည့်။

  • ဒေ​နာ​ရိ။

    ၃.၈၅ ဂရမ်​လေး​ပြီး တစ်​ဘက်​ခြမ်း​မှာ ဆီ​ဇာ​ပုံ​ပါ​ရှိ​တဲ့ ရော​မငွေ​ဒင်္ဂါး။ အလုပ်​သမား​ရ​တဲ့ တစ်​နေ့​တာ လုပ်​အား​ခ၊ ဂျူး​တွေ​ဆီ​က​နေ ရော​မတွေ “အခွန်” အဖြစ်​ကောက်​ခံ​တဲ့ ဒင်္ဂါး​ဖြစ်​တယ်။ (မ ၂၂:၁၇။ လု ၂၀:၂၄)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဒေါ​န။

    အလွန်​ခါး​ပြီး အနံ့​စူး​ရှ​တဲ့ အပင်​ငယ်​အမျိုး​မျိုး။ ကျမ်းစာ​မှာ အကျင့်​ယို​ယွင်း​ခြင်း၊ ကျွန်​ဘဝ​ရောက်​ခြင်း၊ မမျှ​တ​ခြင်း၊ အယူ​ဖောက်​ပြန်​ခြင်း​ရဲ့ ဆိုး​ကျိုး​တွေ​ကို ဖော်​ပြတဲ့​အခါ ဒေါန​ကို တင်​စား​သုံး​နှုန်း​လေ့​ရှိ​တယ်။ ဗျာဒိတ် ၈:၁၁ မှာ​ပါ​တဲ့ “ဒေါန”​ က​တော့ အဆိပ်​ခါး​တစ်​မျိုး​ကို ဆိုလို​တယ်။—တ​ရ ၂၉:၁၈။ ပ ၅:၄။ ယေ ၉:၁၅။ အ ၅:၇

  • ဒုက္ခ​သစ်​တိုင်။

    ဂရိ​စကား​လုံး ‘စ​တော​ရော့စ်’ ကို ပြန်​ဆို​ထား​တာ​ဖြစ်​ပြီး ယေရှု​ကို တင်​ပြီး​ကွပ်​မျက်​တဲ့ တိုင်​လို​မျိုး ဖြောင့်​တန်း​တဲ့​တိုင်​လို့ အဓိပ္ပာယ်​ရှိ​တယ်။ ခ​ရစ်​တော်​မတိုင်​ခင် ရာ​စု​နှစ်​များ​စွာ​က ဘာ​သာ​ရေး​သင်္ကေတ​အဖြစ် တိ​တ္ထိတွေ သုံး​ခဲ့​တဲ့ လက်​ဝါး​ကား​တိုင်​လို့ အဓိပ္ပာယ်​ မထွက်​ဘူး။ ယေရှု​က သူ့​နောက်​လိုက်​တွေ ရင်​ဆိုင်​ရ​မယ့် ဆင်းရဲ​ဒုက္ခ၊ အရှက်​ကွဲ​ခြင်း​ကို တင်​စား​ဖို့​ ‘စတော​ရော့စ်’ ဆို​တဲ့​စကား​လုံး​ကို သုံး​ခဲ့​တဲ့​အတွက် “ဒုက္ခ​သစ်တိုင်” လို့​ ပြန်ဆို​တာ​က မူ​ရင်း​စကား​လုံး​ရဲ့ ဆိုလို​ရင်း​ကို အပြည့်​အဝ ဖော်ပြတယ်။ (မ ၁၆:၂၄။ ဟီ ၁၂:၂)—သစ်​တိုင်​ကိုကြည့်။

  • နာ​ဇ​ရက်​မြို့​သား။

    နာ​ဇ​ရက်​မြို့​သား ယေရှု​ရဲ့ နာ​မည်။ ဟေရှာ​ယ ၁၁:၁ မှာ​ပါ​တဲ့ “အတက်” ဆို​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​နဲ့ ဆက်​စပ်​နိုင်​တယ်။ နောက်​ပိုင်း​မှာ ယေရှု​ရဲ့ နောက်​လိုက်​တွေ​ကို​လည်း အဲဒီ​လို​ခေါ်​တယ်။—မ ၂:၂၃။ တ ၂၄:၅

  • နာ​ဇ​ရိ​လူ။

    “ရွေး​ချယ်​ထား​သူ၊” “ဆက်​ကပ်​ထား​သူ၊”​ “သီးသန့်​ဖယ်​ထား​ခံ​ရ​သူ” ဆို​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​က​နေ ဆင်း​သက်​လာ​တယ်။ စိတ်​လို​ကိုယ်​လျောက် သစ္စာ​ဆို​တဲ့ နာ​ဇ​ရိ​လူ​နဲ့ ဘုရား​သခင်​ခန့်​အပ်​တဲ့ နာ​ဇ​ရိ​လူ​ဆို​ပြီး နှစ်​မျိုး​ရှိ​တယ်။ ယောက်ျား​ဖြစ်​စေ၊ မိန်း​မဖြစ်​စေ အချိန်​ကာလ​တစ်​ခု​အထိ နာ​ဇ​ရိ​လူ​အဖြစ် နေ​ထိုင်​ဖို့ ယေဟောဝါ​ဆီ သစ္စာ​ကတိ​ပြု​နိုင်​တယ်။ စိတ်​လို​ကိုယ်​လျောက် သစ္စာ​ဆို​သူ​ဟာ အရက်​သေစာ​နဲ့ စ​ပျစ်​ပင်​ထွက် အစား​အစာ​မှန်​သမျှ မသုံး​ဆောင်​ရ၊ ဆံ​ပင်​မဖြတ်​ရ၊ အသေကောင်​ကို မထိ​ရ​ဆို​တဲ့ ကန့်​သတ်​ချက်​သုံး​ခု​ကို လိုက်​နာ​ရ​တယ်။​ ဘုရား​ခန့်​အပ်​တဲ့ နာ​ဇ​ရိ​လူ​ဟာ တစ်​သက်​လုံး နာ​ဇ​ရိ​လူ​ဖြစ်​ပြီး ယေဟောဝါ​ရဲ့ တောင်း​ဆို​ချက်​တွေ လိုက်​နာ​ရ​တယ်။—တ​လ ၆:၂-၇။ သူ ၁၃:၅

  • နာ​ဒု​ဆီ။

    နံ့​သာ​ပင်​တစ်​မျိုး​က​နေ ထုတ်​ယူ​ထား​တဲ့ အနီ​ဖျော့​ဖျော့ တန်​ဖိုး​ကြီး​ဆီ​မွှေး။ စျေး​ကြီး​တဲ့​အတွက် စျေး​ပေါ​တဲ့​ဆီ​တွေ​နဲ့ ရော​ပြီး အတု​လုပ်​လေ့​ရှိ​တယ်။ မှတ်​သား​စ​ရာ​က​တော့ ယေရှု​နဲ့​ပတ်​သက်​ပြီး ‘နာ​ဒု​ဆီ​စစ်​စစ်’ ကို အသုံး​ပြု​ခဲ့​တယ်​လို့ မာကု​နဲ့ ယောဟန် ဖော်​ပြခဲ့​တယ်။—မာ ၁၄:၃။ ယ​ဟ ၁၂:၃

  • နိ​သန်။

    ဗာ​ဗု​လုန်​ကို ဂျူး​တွေ ပြည်​နှင်​ခံ​ပြီး​နောက် အဗိ​ဗ​လ​ရဲ့ နာ​မည်​သစ်။ ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၁ လ​မြောက်၊ လောကီ​ပြက္ခ​ဒိန်​မှာ ၇ လ​မြောက်။ မတ်​လ​လယ်​က​နေ ဧပြီ​လ​လယ်​အထိ ကျ​ရောက်​တယ်။ (နေ ၂:၁)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • နီ​ဟ​လုတ်။

    ဆာလံ ၅ ထိပ်​စီး​မှာ​ပါ​တဲ့ အဓိပ္ပာယ်​မသေချာ​တဲ့ ဝေါ​ဟာ​ရ။ ‘ချာ​လီ’ (ပလွေ) ဆို​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​နဲ့ ဆက်​စပ်​နေ​တဲ့​အတွက် လေ​မှုတ်​တူ​ရိ​ယာ​တစ်​မျိုး ဖြစ်​မယ်​လို့ တ​ချို့ ယူ​ဆ​တယ်။ တေး​သွား​ကို ရည်​ညွှန်း​တာ​လည်း ဖြစ်​နိုင်​တယ်။

  • နံ့​သာ​ပေါင်း။

    မွှေး​ကြိုင်​တဲ့ သစ်​စေး​တွေ​နဲ့ ဗာလ​စံ​ဆီ ရောစပ်​ထား​တာ​ဖြစ်​ပြီး တ​ငွေ့ငွေ့​လောင်​တဲ့​အခါ မွှေး​ကြိုင်​တဲ့​ရ​နံ့ ရတယ်။ အမွှေး​နံ့​သာ​လေး​မျိုး​နဲ့ ဖော်​စပ်​ထား​တဲ့ အထူး​နံ့​သာ​ပေါင်း​ကို တဲ​တော်​နဲ့ ဗိမာန်​တော်​မှာ အသုံး​ပြု​တယ်။ သန့်​ရှင်း​ရာ​အခန်း​ထဲ​က နံ့​သာ​ပေါင်း​ပလ္လင်​မှာ မနက်​ရော ည​ပါ နေ့​တိုင်း မီး​ရှို့​ရ​တယ်။ အပြစ်​ဖြေရာ​နေ့​မှာ​တော့ အသန့်​ရှင်း​ဆုံး​အခန်း​ထဲ​မှာ မီး​ရှို့​ရ​တယ်။ ဘုရား​သခင့် သစ္စာ​ရှိ​ကျေး​ကျွန်​တွေရဲ့ နှစ်​သက်​လက်ခံ​ဖွယ် ဆုတောင်း​ချက်​တွေ​ကို ပုံ​ဆောင်​တယ်။ ခ​ရစ်​ယာန်တွေ​ နံ့သာ​ပေါင်း သုံး​စ​ရာ မလို​အပ်​တော့​ပါ။—ထွ ၃၀:၃၄၊ ၃၅။ ဝ ၁၆:၁၃။ ဗ ၅:၈

  • နက်​ဖလင်။

    ရေ​လွှမ်း​မိုး​ဘေး​မတိုင်​မီ​က လူ့​အယောင်​ဆောင် ကောင်း​ကင်​တ​မန်​တွေ​နဲ့ လူ့​သမီး​တွေ ပေါင်းဖက်​ပြီး မွေး​လာ​တဲ့ ကြမ်း​ကြုတ်​တဲ့ က​ပြား​လူ​သား။—က ၆:၄

  • နက်​သနင်။

    အစ္စရေး​လူမျိုး​မဟုတ်​တဲ့ ဗိမာန်​တော်​ကျွန် ဒါ​မှ​မဟုတ် အစေ​ခံ။ ဟီ​ဘ​ရူး​စကား​လုံး​ရဲ့ အဓိပ္ပာယ်​က​တော့ “ပေး​အပ်​ခံ​ရ​သူ​တွေ” ဖြစ်​ပြီး ဗိမာန်​တော်​လုပ်ငန်း​အတွက် ပေး​အပ်​ခံ​ရ​တဲ့​သဘော ဖြစ်​တယ်။ နက်​သနင်​အများ​စု​ဟာ ဂိဗောင်​မြို့​သား​တွေရဲ့ သား​မြေး​တွေ​ပဲ။ ယောရှု​က သူတို့​ကို ‘အစ္စရေးတွေ​အတွက်၊ ယေဟောဝါ​ရဲ့ ပူ​ဇော်ရာ​ပလ္လင်​အတွက် ထင်း​ခွေ​ရေ​ခပ်​တဲ့ အလုပ်​တွေ လုပ်​ခိုင်း’ တယ်။—ယရ​ ၉:၂၃၊ ၂၇။ ၁​ရ ၉:၂။ ဧ​ဇ ၈:၁၇

  • နောက်ဆုံး​ကာလ။

    ကျမ်း​စာ​ပရော​ဖက်​ပြု​ချက်​မှာ သမိုင်း​ဝင်​ဖြစ်​ရပ်​တ​ချို့ အဆုံး​သတ်​မယ့်​အချိန်​ကာလ​ကို ရည်ညွှန်း​တဲ့ အသုံး​အနှုန်း။ (ယ​ဇ ၃၈:၁၆။ ဒံ ၁၀:၁၄။ တ ၂:၁၇) ပရော​ဖက်​ပြု​ချက် အမျိုး​အစား​ပေါ် မူ​တည်​ပြီး နှစ်​အနည်း​ငယ် ဖြစ်​နိုင်​သလို နှစ်​အတော်​ကြာ​ကြာလည်း ဖြစ်​နိုင်​တယ်။ အထူး​သဖြင့် မျက်​မြင်​မရ​နည်း​နဲ့ ယေရှု ရောက်​ရှိ​နေ​ချိန်​အတွင်း​မှာ ဖြစ်​ပျက်​မယ့် လက်​ရှိ​လော​က​စ​နစ်​ရဲ့ ‘အဆုံး​ပိုင်း​ကာလ’ အကြောင်း ပြော​တဲ့​အခါ ဒီ​စကား​လုံး​ကို သုံး​ထား​တယ်။—၂တိ ၃:၁။ ယာ ၅:၃။ ၂​ပ ၃:၃

  • နောင်​တ​ရ​ခြင်း။

    ကျမ်း​စာ​အသုံး​အနှုန်း​က​တော့ ဘဝ​လမ်း​စဉ်​ဟောင်း၊ မှား​ယွင်း​တဲ့​လုပ်​ရပ်၊ ပျက်​ကွက်​မှု​တစ်​ခု​ခု​အတွက် အမှန်​တ​ကယ် ဝမ်း​နည်း​ပြီး စိတ်​ပြောင်း​လဲ​ခြင်း​ကို ဆိုလို​တယ်။ စစ်​မှန်​တဲ့​နောင်​တ​ဟာ လုပ်​ရပ်​နဲ့ သက်​သေပြပြီး ပြု​ပြင်​ပြောင်း​လဲ​တတ်​တယ်။—မ ၃:၈။ တ ၃:၁၉။​ ၂ပ ၃:၉

  • နတ်​က​တော်။

    သေလွန်​သူ​နဲ့ ပြော​ဆို​ဆက်​သွယ်​သူ။—ဝ ၂၀:၂၇။ တ​ရ ၁၈:၁၀-၁၂။ ၂​ဘု ၂၁:၆

  • နတ်​ဆိုး။

    လူ​ထက် တန်ခိုး​ကြီး​ပြီး မမြင်​နိုင်​တဲ့ ဝိညာဉ်​သတ္တ​ဝါ​ဆိုး။ ကမ္ဘာဦး ၆:၂ မှာ “စစ်​မှန်​တဲ့ ဘုရား​သခင်​ရဲ့ သား​တွေ၊” ယုဒ ၆ မှာ “ကောင်း​ကင်​တ​မန်​တွေ” လို့​ခေါ်​ထား​ပေမဲ့ ဆိုး​သွမ်း​သူ​တွေ​အဖြစ် ဖန်​ဆင်း​ခံ​ခဲ့ရ​တာ မဟုတ်။ နောဧ​ခေတ်​မှာ ယေဟောဝါ​ကို မနာ​ခံ​ဘဲ စာ​တန်​နဲ့ ပူးပေါင်း​ပုန်​ကန်​ပြီး ကိုယ့်​ကိုယ်​ကိုယ် ဘုရား​ရဲ့ရန်​သူ​ဖြစ်​စေ​ခဲ့​ကြ​တဲ့ ကောင်း​ကင်​တ​မန်​တွေ ဖြစ်​တယ်။—တ​ရ ၃၂:၁၇။ လု ၈:၃၀။ တ ၁၆:၁၆။ ယာ ၂:၁၉

  • နတ်​ဆိုး​ပညာ လိုက်​စား​ခြင်း။

    ခန္ဓာ​သေဆုံး​သွား​ပေမဲ့ဝိညာဉ်​မသေဘဲ သြဇာ​လွှမ်း​နိုင်​သူ (နတ်​ဝင်​သည်) ကတစ်ဆင့် အသက်​ရှင်​သူ​တွေ​နဲ့ ဆက်​သွယ်​နိုင်​တယ်၊ ဆက်​သွယ်​နေ​တယ်​ဆို​တဲ့ ယုံ​ကြည်​ချက်။ “နတ်​ဆိုး​ပညာ​လိုက်​စား​ခြင်း” ဆို​တဲ့ ဂရိ​စကား​လုံး ‘ဖာ​မခီ​ယာ’ ဟာ “ဆေး​ဝါး၊ မူးယစ်​ဆေး သုံး​စွဲ​ခြင်း” လို့ အဓိပ္ပာယ်ရ​တယ်။ အကြောင်း​ရင်း​က ရှေး​ခေတ်​မှာ ပယော​ဂအတတ်​လိုက်​စား​ဖို့ နတ်​ဆိုး​တွေ​ဆီ​က တန်ခိုး​တောင်း​ခံ​တဲ့​အခါ ဆေး​ဝါး ဒါ​မှ​မဟုတ် မူး​ယစ်​ဆေး​ကို သုံး​စွဲ​လေ့​ရှိ​လို့​ပဲ။—ဂ ၅:၂၀။ ဗ ၂၁:၈

  • နန်း​တော်​စောင့်​တပ်။

    ရော​မဧ​က​ရာဇ်ရဲ့ ကိုယ်​ရံ​တော်​အဖြစ် ထမ်း​ဆောင်​တဲ့ ရော​မတပ်​ဖွဲ့။ ဧ​က​ရာဇ်​ကို ထောက်​ခံ​ရာ​မှာ၊ ဖယ်​ရှား​ရာ​မှာ နိုင်​ငံ​ရေး​သြဇာ ကြီး​မား​တဲ့​တပ်​ဖွဲ့ ဖြစ်​လာ​တယ်။—ဖိ ၁:၁၃

  • နယ်​စား​မင်း။

    ရော​မလွှတ်​တော် အုပ်​ချုပ်​တဲ့ နယ်​မြေရဲ့ ဘုရင်​ခံ​ချုပ်။ တ​ရား​စီ​ရင်ရေး၊ စစ်​ရေး​မှာ အာ​ဏာ​ရှိ​တယ်။ သူ့​ဆုံး​ဖြတ်​ချက်​တွေ​ကို လွှတ်​တော်​က ပြန်​သုံးသပ်​ရ​ပေမဲ့ သူ့​နယ်​မြေမှာ​တော့ အာ​ဏာ​အကြီး​ဆုံး​ပဲ။—တ ၁၃:၇။ ၁၈:၁၂

  • နှင်​တံ တုတ်​ချွန်။

    တိ​ရစ္ဆာန်တွေ​ကို တို့​ဖို့ လယ်​သမား​တွေ သုံး​တဲ့၊ ထိပ်​မှာ သံ​ချွန်​ပါ​တဲ့ တုတ်​တံ​ရှည်။ နား​ဆင်​သူ လက်ခံ​လာ​အောင် လှုံ့​ဆော်​ပေး​နိုင်​တဲ့ ပညာ​ရှိ​စကား​တွေ​ကို နှင်​တံ​နဲ့ ခိုင်း​နှိုင်း​ထား​တယ်။ ‘တုတ်​ချွန်​ကို ကန်​တယ်’ ဆို​တဲ့ အသုံး​အနှုန်း​က ခေါင်း​မာ​တဲ့​နွား​ရဲ့ အပြု​အမူ​က​နေ ဆင်း​သက်​လာ​တယ်။ ခေါင်း​မာ​တဲ့​နွား​က နှင်​တံ တို့​ခံ​ရ​တဲ့​အခါ ပေကတ်​ကတ်​နဲ့ တင်း​ခံ​နေ​တဲ့​အတွက် ကိုယ့်​ကိုယ်​ကိုယ်​ပဲ နာ​ကျင်​စေ​တယ်။—တ ၂၆:၁၄။ သူ ၃:၃၁

  • နှစ်ခြင်း။

    ရေ​ထဲ “စုံး​စုံး​နှစ်​သည်၊ မြုပ်​သည်။” တ​ပည့်တွေ လိုက်​နာ​ဖို့ ယေရှု သတ်​မှတ်​ခဲ့​တဲ့ တောင်း​ဆို​ချက်။ ကျမ်း​စာ​မှာ ယောဟန်​ရဲ့​နှစ်ခြင်း၊ သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ပေး​တဲ့ နှစ်ခြင်း၊ မီး​နဲ့​ပေး​တဲ့ နှစ်ခြင်း၊ တ​ခြား​နှစ်ခြင်း​တွေ​ကို​လည်း ဖော်​ပြထား​တယ်။—မ ၃:၁၁၊ ၁၆။ ၂၈:၁၉။ ယဟ ၃:၂၃။​ ၁ပ ၃:၂၁

  • ပညတ်။

    ဘီ​စီ ၁၅၁၃၊ ဆိုင်း​နိုင်း​တော​ကန္တာရ​မှာ အစ္စရေး​လူမျိုး​ကို ယေဟောဝါ​ပေး​ခဲ့​တဲ့ ပညတ်​ဆို​ရင် ပညတ်​တ​ရား၊ မောရှေ​ပညတ်​လို့ ပြန်​ဆို​တယ်။ ကျမ်း​စာ​ရဲ့ ပထမ​ကျမ်း​ငါး​စောင်​ဆို​ရင် ပညတ်​ကျမ်း​လို့ ပြန်​ဆို​တယ်။ (ယ​ရ ၂၃:၆။ လု ၂၄:၄၄။ မ ၇:၁၂။ ဂ ၃:၂၄) မော​ရှေ​ပညတ်​မှာ​ပါ​တဲ့ ပညတ်​တစ်​ခု​ခု ဒါ​မှ​မဟုတ် တ​ခြား​ပညတ်၊ တ​ရား၊ ဥပဒေ​တစ်​ခု​ခု​ကို ရည်​ညွှန်း​တဲ့​အခါ​လည်း ရှိ​တယ်။—တ​လ ၁၅:၁၆။ တ​ရ ၄:၈

  • ပဋိ​ညာဉ် ကတိ။

    ဘုရား​သခင်​နဲ့ လူ​တွေ​ဖြစ်​စေ၊ လူ​လူ​ချင်း​ဖြစ်​စေ တစ်​စုံ​တစ်​ရာ ပြု​လုပ်​ဖို့၊ ရှောင်​ကြဉ်​ဖို့ ဖွဲ့​ထား​တဲ့ တ​ရား​ဝင်​သဘော​တူ​ညီ​ချက်၊ စာ​ချုပ်။ တစ်​ခါ​တစ်​ရံ​တော့ သတ်​မှတ်​ချက်​တွေ​ကို တစ်​ဖက်​တည်း​က​ပဲ ဆောင်​ရွက်​ရ​တယ်။ (တစ်​ဖက်​သတ် ပဋိ​ညာဉ်၊ တစ်​ဖက်​သတ် ကတိ​က​ဝတ်​လို့​ခေါ်။) နှစ်ဦး​နှစ်​ဖက်​စ​လုံး ဆောင်​ရွက်​ရ​တဲ့ သတ်​မှတ်​ချက်​တွေ​လည်း ရှိ​တယ်။ (နှစ်​ဦး​နှစ်​ဖက် ပဋိ​ညာဉ်၊ နှစ်ဦးနှစ်ဖက်​ ကတိ​က​ဝတ်​လို့​ခေါ်။) လူ​တွေ​နဲ့ ဘုရား​သခင်​ဖွဲ့​တဲ့ ပဋိ​ညာဉ်၊ လူ​တွေ​ကို ဘုရား​ပေး​တဲ့ ကတိ​တွေ​အပြင် လူ​လူ​ချင်း ကတိ​သစ္စာ​ပြု​တာ၊ လူမျိုး​စု​ချင်း မဟာ​မိတ်​ဖွဲ့​တာ၊ တိုင်း​နိုင်​ငံ​နဲ့ လူ​စု​တွေ အပြန်​အလှန် ကတိ​က​ဝတ်​ပြု​တာ၊ သစ္စာ​ခံ​တာ​တွေ​ကို ကျမ်း​စာမှာ​ဖော်​ပြထား​တယ်။ သက်​ရောက်​မှု​ကြာ​ရှည်​တဲ့ ပဋိ​ညာဉ်တွေ​က​တော့ ဘုရား​သခင်​နဲ့ အာဗြဟံ​ဖွဲ့​တဲ့ ပဋိ​ညာဉ်၊ ဒါဝိဒ်​နဲ့​ဖွဲ့​တဲ့ ပဋိ​ညာဉ်၊ အစ္စရေး​လူမျိုး​နဲ့​ဖွဲ့​တဲ့ ပဋိ​ညာဉ် (ပညတ်​ပဋိ​ညာဉ်)၊ ဘုရား​သခင်​ရဲ့ အစ္စရေး​လူမျိုး​နဲ့​ဖွဲ့​တဲ့ (ပဋိ​ညာဉ်​သစ်) တို့​ပါ​ပဲ။—က ၉:၁၁။ ၁၅:၁၈။ ၂၁:၂၇။ ထွ ၂၄:၇။ ၂​ရ ၂၁:၇

  • ပဋိ​ညာဉ်​သေတ္တာ။

    ရှား​သား​နဲ့​လုပ်​ပြီး ရွှေ​ချ​ထား​တဲ့သေတ္တာ။ တဲ​တော်ရဲ့ အသန့်​ရှင်း​ဆုံး​အခန်း​မှာ ထား​တယ်။ နောက်​ပိုင်း​မှာ ရှော​လ​မုန်​ဆောက်​တဲ့ ဗိမာန်​တော်ရဲ့ အသန့်​ရှင်း​ဆုံး​အခန်း​မှာ ထား​တယ်။ ရွှေ​နဲ့​လုပ်​ထား​တဲ့ သေတ္တာ​အဖုံး​ပေါ်​မှာ ခေရုဗိမ်​ရုပ်​နှစ်​ခု မျက်​နှာ​ချင်း​ဆိုင် ရှိ​နေ​တယ်။ ပညတ်​တော်​ဆယ်​ပါး ရေး​ထား​တဲ့ ကျောက်​ပြား​နှစ်​ချပ် ထည့်​ထား​တယ်။ (တ​ရ ၃၁:၂၆။ ၁​ဘု ၆:၁၉။ ဟီ ၉:၄)—နောက်​ဆက်​တွဲ ခ​၅ နဲ့ ခ​၈ ကို​ကြည့်။

  • ပဋိ​ညာဉ်​သေတ္တာ​အဖုံး။

    အပြစ်​ဖြေရာ​နေ့​မှာ ပု​ရော​ဟိတ်​မင်း​က အပြစ်​ဖြေရာ ပူ​ဇော်​သက္ကာရဲ့​သွေး​ကို ဒီ​သေတ္တာ​ရှေ့​မှာ ပက်​ဖျန်း​ရ​တယ်။ “(အပြစ်​ကို) ဖုံး​အုပ်​ပေး​တယ်၊” “(အပြစ်​ကို) သုတ်​ပစ်​တယ်” ဆို​တဲ့ ဟီ​ဘ​ရူး​ကြိ​ယာ​က​နေ ဆင်း​သက်​လာ​တယ်။ ရွှေ​ထည်​အဖုံး​ရဲ့ အစွန်​နှစ်​ဖက်​မှာ ခေရုဗိမ်​ရုပ်​တစ်​ရုပ်​စီ ရှိ​တယ်။ တစ်​ခါ​တ​လေ “အဖုံး” လို့​ပဲ ဖော်​ပြထား​တယ်။ (ထွ ၂၅:၁၇-၂၂။ ၁​ရ ၂၈:၁၁။ ဟီ ၉:၅)—နောက်​ဆက်​တွဲ​ ခ၅ ကို​ကြည့်။

  • ပပိုင်း​ရပ်။

    ရေ​စပ်​မှာ​ပေါက်​တဲ့ ကျူ​ပင်။ ခြင်း၊ တောင်း၊ လှေ​တွေ ပြု​လုပ်​တဲ့​အခါ၊ စာ​ရွက်​လို​မျိုး စာ​ရေး​စက္ကူတွေ လုပ်​တဲ့​အခါ၊ စာ​လိပ်​တွေ လုပ်​တဲ့​အခါ သုံး​တယ်။—ထွ ၂:၃

  • ပရ​ဒိ​သု။

    လှ​ပတဲ့​ပန်း​ခြံ၊ ပန်း​ဥ​ယျာဉ်။ ဦး​ဆုံး​ပရ​ဒိ​သု​က ပထမ​လူ​သား​မောင်​နှံ​အတွက် ယေဟောဝါ ပြု​လုပ်​ပေး​ခဲ့​တဲ့ ဧဒင်​ဥ​ယျာဉ် ဖြစ်​တယ်။ ယေရှု သစ်​တိုင်​တင်​ခံ​ရ​ချိန် ဘေး​က​ရာဇ​ဝတ်​သား​ကို ပြော​တဲ့​စကား​မှာ ကမ္ဘာ​မြေ ပရ​ဒိ​သု​ဖြစ်​လာ​မယ့်​အကြောင်း အရိပ်​အမြွက်​ပါ​တယ်။ ၂ ကော​ရိန္သု ၁၂:၄ မှာ အနာ​ဂတ်​ပရ​ဒိ​သု၊ ဗျာဒိတ် ၂:၇ မှာ ကောင်း​ကင်​ပရ​ဒိ​သု​ကို ဆိုလို​တယ်။—သီ ၄:၁၃။ လု ၂၃:၄၃

  • ပရော​ဖက်။

    ဘုရား​သခင်​ရဲ့ ရည်​ရွယ်​ချက်​တွေ​ကို အသိ​ပေး​ကြေ​ညာ​သူ။ ဘုရား​ရဲ့ ပြော​ရေး​ဆို​ခွင့်​ရှိ​သူ ဖြစ်​ပြီး ကြို​ဟော​ချက်​တွေ​ကို​သာ​မက ယေဟောဝါ​ရဲ့ သွန်သင်​ချက်၊ မိန့်မှာ​ချက်၊ စီ​ရင်​ချက်​တွေ​ကို​လည်း အသိ​ပေး​ရ​တယ်။—အ ၃:၇။ ၂​ပ ၁:၂၁

  • ပရော​ဖက်​ပြု​ချက်။

    ဘုရား​ဆီ​က​လာ​တဲ့ သတင်း​စကား၊ အလို​တော်​နဲ့​ဆိုင်​တဲ့ ဗျာဒိတ် ဒါ​မှ​မဟုတ် ကြေ​ညာ​ချက်။ ကျင့်​ဝတ်​ဆိုင်​ရာ သွန်သင်​ချက်၊ ဘုရား​သခင်​ရဲ့ မိန့်မှာ​ချက်၊ စီရင်​ချက်၊ အနာ​ဂတ်​နဲ့​ဆိုင်​တဲ့ ကြေ​ညာ​ချက်​ဖြစ်​နိုင်​တယ်။—ယဇ​ ၃၇:၉၊ ၁၀။ ဒံ ၉:၂၄။ မ ၁၃:၁၄။ ၂​ပ ၁:၂၀၊ ၂၁

  • ပသခါ​ပွဲ။

    အစ္စရေးတွေ အီဂျစ်​ပြည်​က​နေ လွတ်​မြောက်​လာ​တာ​ကို အောက်​မေ့​တဲ့​အနေ​နဲ့ (နောက်​ပိုင်း​မှာ နိ​သန်​လ​လို့​ခေါ်​တဲ့) အဗိ​ဗ​လ ၁၄ ရက်​မှာ နှစ်​စဉ်​ကျင်း​ပတဲ့​ပွဲ။ သိုးသငယ် (ဒါ​မှ​မဟုတ် ဆိတ်) ကို သတ်၊ မီး​ကင်​ပြီး ဟင်း​ရွက်​ခါး၊ တဆေး​မဲ့​မုန့်​တွေ​နဲ့ ရော​စား​ကြ​တယ်။—ထွ ၁၂:၂၇။ ယ​ဟ ၆:၄။ ၁က ၅:၇

  • ပါး​ရှား​ပြည် ပါး​ရှား​လူမျိုး

    မီး​ဒီး​ယား​နဲ့ ပူး​တွဲ​ဖော်​ပြလေ့ရှိတဲ့ နယ်​မြေနဲ့ လူမျိုး။ ပါး​ရှား​တွေ​ဟာ အစ​ပိုင်း​မှာ အီရန်​ကုန်း​ပြင်​မြင့် တောင်​ပိုင်း​ကို​ပဲ ပိုင်​ဆိုင်​ခဲ့​တယ်။​ (ရှေးခေတ်​ သမိုင်း​ပညာ​ရှင်​တ​ချို့ အဆို​အရ ပါးရှား​ဖခင်​နဲ့ မီးဒီး​ယား​မိ​ခင်​က​နေ မွေး​လာ​သူ) မဟာ​ဆိုင်း​ရပ်​လက်​ထက်​မှာ ပါးရှားဟာ မီး​ဒီး​ယား​နဲ့ ပူး​တွဲ​အင်​ပါ​ယာ ဖြစ်​နေ​ပေမဲ့ မီး​ဒီး​ယား​တွေ​ကို လွှမ်း​မိုး​လာ​တယ်။ ဆိုင်း​ရပ်​ဟာ ဘီ​စီ ၅၃၉ မှာ ဗာ​ဗု​လုန်​အင်​ပါ​ယာ​ကို အောင်​ပွဲ​ခံ​ပြီး ဂျူး​သုံ့​ပန်း​တွေ​ကို ပြည်​တော်​ပြန်​ခွင့်​ပြု​ခဲ့​တယ်။ ပါးရှား​အင်ပါယာ​ဟာ အရှေ့​ဘက် အိန္ဒု​မြစ်​က​နေ အနောက်​ဘက် အေဂျီယန်​ပင်လယ်​အထိ ကျယ်​ပြန့်​ခဲ့​တယ်။ ဘီစီ ၃၃၁​ မှာ ပါး​ရှား​တွေ​ကို မဟာ​အလက်​ဇန္ဒား အနိုင်​ယူ​ချေ​မှုန်း​ချိန်​အထိ ပါး​ရှား​အုပ်​ချုပ်​မှု​အောက်​မှာ ဂျူး​တွေ နေ​ခဲ့ရ​တယ်။ ပါး​ရှား​အင်​ပါ​ယာ​အကြောင်း​ကို စိတ်​အာ​ရုံ​မှာ ဒံယေလ မြင်​ခဲ့​တယ်။ ဧ​ဇ​ရ၊ နေဟမိ၊ ဧသတာ​ကျမ်း​မှာ ပါ​တယ်။ (ဧဇ ၁:၁။​ ဒံ ၅:၂၈)—နောက်​ဆက်​တွဲ ခ​၉ ကို​ကြည့်။

  • ပု​ရော​ဟိတ်။

    ဘုရား​သခင်​ရဲ့ ခန့်​အပ်​ခံ​ကိုယ်​စား​လှယ်​အဖြစ် လူ​ထု​အတွက် အမှု​ဆောင်​ပေး​သူ။ ဘုရား​သခင်​နဲ့ ပညတ်​တွေ​အကြောင်း သွန်သင်​ပေး​သူ။ ဘုရား​သခင်​ရှေ့​မှာ လူ​ထု​ကိုယ်​စား​လှယ်​အဖြစ်​လည်း အမှု​ဆောင်​ရ​တယ်။ ပူ​ဇော်​သက္ကာ ဆက်​သပေး​ပြီး လူ​တွေ​အတွက် အသနား​ခံ၊ တောင်း​ပန်​ပေး​ရ​တယ်။ မော​ရှေ​ပညတ် မပြဋ္ဌာန်း​ခင်​မှာ အိမ်​ထောင်​ဦး​စီး​ဟာ မိသား​စု​အတွက် ပု​ရော​ဟိတ်​တာဝန် ယူ​ရ​တယ်။ မောရှေ​ပညတ်​အောက်​မှာ​တော့ ပု​ရော​ဟိတ်​အဖွဲ့​ကို လေ​ဝိအနွယ် အာ​ရုန်​မိသား​စု​ဝင် အမျိုး​သား​တွေ​နဲ့ ဖွဲ့​စည်း​တယ်။ ကျန်​လေ​ဝိသား​တွေ​ဟာ လက်​ထောက်​တွေ ဖြစ်​တယ်။ ပဋိ​ညာဉ်​သစ် အစ​ပြု​တဲ့​အခါ ပုံ​ဆောင်​အစ္စရေး​လူမျိုး​ဟာ ပု​ရော​ဟိတ်​မင်း ယေရှု​ခ​ရစ်​နဲ့​အတူ ပု​ရော​ဟိတ်​တွေ ဖြစ်​လာ​တယ်။—ထွ ၂၈:၄၁။ ဟီ ၉:၂၄။ ဗ ၅:၁၀

  • ပု​ရော​ဟိတ်​ကြီး။

    ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ “ပု​ရော​ဟိတ်​မင်း” အတွက် လှယ်​သုံး​တဲ့ စကား​လုံး။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​တော့ ပု​ရော​ဟိတ် ၂၄ ဖွဲ့​ရဲ့ ခေါင်း​ဆောင်​တွေ၊ ရာထူး​ဖြုတ်​ချ​ခံ​ရ​တဲ့ ပု​ရော​ဟိတ်​မင်း​တွေ အပါ​အဝင် ပု​ရော​ဟိတ်​အဖွဲ့​ထဲ​က ခေါင်း​ကြီး​ပိုင်း​တွေ​ကို ဆိုလို​တယ်။—၂ရ​ ၂၆:၂၀။ ဧ​ဇ ၇:၅။ မ ၂:၄။ မာ ၈:၃၁

  • ပု​ရော​ဟိတ်​မင်း။

    မော​ရှေ​ပညတ်​မှာ ဘုရား​သခင့်​ရှေ့ လူထု​ကို​ကိုယ်​စား​ပြု​တဲ့ အဓိ​က​ပု​ဂ္ဂိုလ်။ တ​ခြား​ပု​ရော​ဟိတ်​တွေ​ကို ကြီးကြပ်​ရ​တယ်။ “ပု​ရော​ဟိတ်​ကြီး” လို့​လည်း ခေါ်​တယ်။ (၂​ရ ၂၆:၂၀။ ဧ​ဇ ၇:၅) တဲ​တော်​နဲ့ ဗိမာန်​တော်ရဲ့ အတွင်း​ခန်း​ဖြစ်​တဲ့ အသန့်​ရှင်း​ဆုံး​အခန်း​ထဲ ဝင်​ခွင့်​ရ​တဲ့ တစ်​ဦး​တည်း​သော​ပုဂ္ဂိုလ်​ဖြစ်​ပြီး နှစ်​စဉ် အပြစ်​ဖြေရာ​နေ့​မှာ​ပဲ ဝင်​ရ​တယ်။ ယေရှု​ခ​ရစ်​ကို​လည်း “ပု​ရော​ဟိတ်​မင်း” လို့ သုံး​နှုန်း​ထား​တယ်။—ဝ ၁၆:၂၊ ၁၇။ ၂၁:၁၀။ မ ၂၆:၃။ ဟီ ၄:၁၄

  • ပု​ရိမ်။

    အာ​ဒါ​လ ၁၄ ရက်၊ ၁၅ ရက်​နေ့​မှာ နှစ်​စဉ်​ကျင်း​ပတဲ့ ပွဲ​တော်။ မိ​ဖု​ရား ဧ​သတာ​လက်​ထက်​မှာ သိမ်း​ရုံး​ဖျက်​ဆီး​ခံ​ရ​မယ့် ဘေး​က​နေ လွတ်​မြောက်​လာ​တဲ့ အထိမ်း​အမှတ်​အဖြစ် ဂျူး​တွေ ကျင်း​ပလေ့​ရှိ​တယ်။ “မဲ​တွေ” လို့​အဓိပ္ပာယ်ရ​တဲ့ ပုရိမ်​ဆို​တာ ဟီ​ဘ​ရူး​စကား​လုံး မဟုတ်​ဘူး။ ဟာ​မန်​က ဂျူး​တွေ​ကို သိမ်း​ရုံး​ဖျက်​ဆီး​ဖို့ ပု​ရ​မဲ​ချ​ပြီး ဆုံး​ဖြတ်​ခဲ့​တယ်။ အဲဒီ​လို​မဲ​ချ​တာ​ကို အစွဲ​ပြု​ပြီး ပု​ရိမ်​ပွဲ ဒါမှ​မဟုတ် မဲ​ချ​တဲ့​ပွဲ​လို့ အမည်​တွင်​လာ​တယ်။—ဧ​သ ၃:၇။ ၉:၂၆

  • ပူ​ဇော်ရာ​ပလ္လင်။

    မြေကြီး​နဲ့​ဖြစ်​စေ၊ ကျောက်​တုံး​နဲ့​ဖြစ်​စေ၊ သတ္တု​အုပ်​ထား​တဲ့ သစ်​သား​နဲ့​ဖြစ်​စေ ပြု​လုပ်​ထား​တဲ့ စင်မြင့်။ ပူ​ဇော်​သက္ကာတွေ၊ နံ့​သာ​တွေ တင်​လှူ​ပူ​ဇော်​လေ့​ရှိ​တယ်။ တဲ​တော်​နဲ့ ဗိမာန်​တော်ရဲ့ ပထ​မအခန်း​မှာ နံ့​သာ​ပေါင်း​ပူ​ဇော်​ဖို့ “ရွှေ​ပလ္လင်” ငယ်​တစ်​ခု ရှိ​တယ်။ သစ်​သား​နဲ့​လုပ်​ပြီး ရွှေ​နဲ့​အုပ်​ထား​တယ်။ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာ​အတွက် ပို​ကြီး​တဲ့ “ကြေး​နီ ပူဇော်​ရာ​ပလ္လင်” က​တော့ ဗိမာန်​တော်​ဝင်း​ထဲ​မှာ ရှိ​တယ်။ (ထွ ၂၇:၁။ ၃၉:၃၈၊ ၃၉။ က ၈:၂၀။ ၁​ဘု ၆:၂၀။ ၂​ရ ၄:၁။ လု ၁:၁၁)—နောက်​ဆက်​တွဲ ခ​၅ နဲ့ ခ​၈ ကို​ကြည့်။

  • ပူ​ဇော်​သက္ကာ။

    ကျေး​ဇူး​တင်​ချီး​မွမ်း​ဖို့၊ အပြစ်​ဝန်​ခံ​ဖို့၊ ဘုရား​နဲ့ ဆက်ဆံ​ရေး​ပြန်​ကောင်း​ဖို့ ဘုရား​ဆီ​ဆက်​သတဲ့​အလှူ။ အာဗေ​လ​က​စ​ပြီး လူ​သား​တွေ​ဟာ တိ​ရစ္ဆာန်တွေ​အပါ​အဝင် ပူ​ဇော်​သက္ကာ​အမျိုး​မျိုး​ကို စေ​တ​နာ​အလျောက် ဆက်​သခဲ့​ကြ​တယ်။ မော​ရှေ​ပညတ်​အား​ဖြင့် ပဋိ​ညာဉ်​ဖွဲ့​ချိန်​မှာ​တော့ ပူ​ဇော်​သက္ကာ ဆက်​သရ​တာ​ဟာ တောင်း​ဆို​ချက်​ဖြစ်​လာ​တယ်။ ယေရှု​က သူ့​အသက်​ကို စုံလင်​တဲ့​ပူဇော်​သက္ကာ​အဖြစ် ဆက်​သပြီး​နောက်​ပိုင်း​မှာ တိ​ရစ္ဆာန်​ပူဇော်​သက္ကာတွေ ဆက်​သဖို့ မလို​တော့​ဘူး။ ခ​ရစ်​ယာန်တွေ​က​တော့ ပုံ​ဆောင်​ပူဇော်​သက္ကာတွေ​ကို ဆက်​သနေ​တုန်း​ပဲ။—က ၄:၄။ ဟီ ၁၃:၁၅၊ ၁၆။ ၁​ယ ၄:၁၀

  • ပေး​ကမ်း​စွန့်​ကြဲ​ခြင်း။

    ချို့​ငဲ့​သူ​တွေ​ကို ကူညီ​ပေး​ကမ်း​ခြင်း။ ဟီဘရူး​ကျမ်း​စောင်​တွေ​မှာ ဒီ​အကြောင်း တိုက်​ရိုက် မဖော်​ပြပေမဲ့ ဆင်း​ရဲ​သား​တွေ​အပေါ် အစ္စရေးတွေရဲ့ တာဝန်​နဲ့​ပတ်​သက်​ပြီး ပညတ်​တ​ရား​မှာ သတ်​သတ်​မှတ်​မှတ် ညွှန်​ကြား​ထား​တယ်။—မ ၆:၂

  • ပေါ်​နီ​ယာ။

    လိင်​အကျင့်​ယို​ယွင်း​ခြင်း​ကို​ကြည့်။

  • ပင်​တေ​ကု​တ္တေ​ပွဲ။

    ဂျေရု​ဆ​လင်​မြို့​မှာ ဂျူး​အမျိုး​သား​တိုင်း တက်​ရ​မယ့် ပွဲ​တော်​ကြီး​သုံး​ခု​ထဲ​က ဒုတိ​ယ​မြောက်​ပွဲ။ ခရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​ပါ​တဲ့ “ငါး​ဆယ်​မြောက်(နေ့)” လို့​အဓိပ္ပာယ်ရ​တဲ့ ပင်​တေ​ကု​တ္တေ​ပွဲ​ကို ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ ရိတ်​သိမ်း​ပွဲ၊ ခု​နစ်​သီ​တင်း​ပွဲ​လို့ ခေါ်​ထား​တယ်။ နိသန်​လ ၁၆ ရက်​က​နေ ရေ​တွက်​ပြီး ရက် ၅၀ ပြည့်​တဲ့​နေ့​မှာ ကျင်းပ​တယ်။—ထွ ၂၃:၁၆။ ၃၄:၂၂။ တ ၂:၁

  • ပမ်။

    သတ္တု​ကိ​ရိ​ယာ​အမျိုး​မျိုး သွေး​တဲ့​အခါ ဖိ​လိ​တိ​တွေ​ကို ပေး​ရ​တဲ့​အခ၊ အလေး​ချိန်။ အစ္စရေး ရှေး​ဟောင်း​သု​တေ​သန တူး​ဖော်​ချက်​အရ ကျောက်​အလေး​တုံး အတော်​များ​များ​မှာ ရှေး​ဟီ​ဘ​ရူး​ဗျည်း​အက္ခရာ “ပမ်” ကို​တွေ့​ရ​တယ်။ ၇.၈ ဂရမ်၊ ၁ ရှယ်​ကယ်​ရဲ့ ၂/၃ လေး​တယ်။—၁​ရှ​ ၁၃:၂၀၊ ၂၁

  • ပြည်​နှင်​ဒဏ်။

    အောင်​ပွဲ​ခံ​ဘု​ရင်တွေရဲ့ အမိန့်​ကြောင့် ဇာတိ​မြေက​နေ နှင်​ထုတ်​ခံ​ရ​ခြင်း။ ဟီ​ဘ​ရူး​စကား​လုံး​က “ထွက်​ခွာ​ခြင်း” လို့​အဓိပ္ပာယ်ရ​တယ်။ အစ္စရေးတွေ​ဟာ နှစ်​ကြိမ် ပြည်​နှင်​ဒဏ်​ခံ​ခဲ့ရ​တယ်။ မြောက်​ပိုင်း​ဆယ်​နွယ်​နိုင်​ငံ​ကို အဆီး​ရီး​ယား​တွေ ပြည်​နှင်​ဒဏ်​ပေး​ခဲ့၊ နောက်​ပိုင်း​မှာ တောင်​ပိုင်း​နှစ်​နွယ်​နိုင်​ငံ​ကို ဗာ​ဗု​လုန်တွေ ပြည်​နှင်​ဒဏ်​ပေး​ခဲ့​တယ်။ ပြည်​နှင်​ခံ အကြွင်း​အကျန် အုပ်​စု​နှစ်စုစလုံးဟာ ပါး​ရှား​ဘု​ရင် ဆိုင်း​ရပ်​လက်​ထက်​မှာ ပြည်​တော်​ပြန်​ခွင့်​ရခဲ့​တယ်။—၂​ဘု ၁၇:၆။ ၂၄:၁၆။ ဧဇ ၆:၂၁

  • ပြည့်​တန်​ဆာ။

    “ရောင်း​တယ်” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဂရိ​စကား​လုံး ‘ပေါ်​နီ’ က​နေ ဆင်း​သက်​လာ​တယ်။ ကျမ်းစာ​မှာ ယောက်ျား​ပြည့်​တန်​ဆာ​ကို​လည်း ဖော်​ပြထား​ပေမဲ့ အများ​အား​ဖြင့် အမျိုး​သမီး​တွေ​ကို ရည်​ညွှန်း​တယ်။ မောရှေ​ပညတ်​မှာ ပြည့်​တန်​ဆာ​လုပ်​တာ​ကို တား​မြစ်​ထား​တယ်။ ပြည့်​တန်ဆာ​လုပ်​ခ​ကို ယေဟောဝါ​ရဲ့ သန့်​ရှင်း​ရာ​ဌာန​တော်​အတွက် အလှူ​အဖြစ် လက်မခံ​ဘူး။ တိ​တ္ထိ​ဘုရား​ကျောင်း​တွေ​မှာ​တော့ ပြည့်​တန်​ဆာ​တွေ​ဟာ အဓိ​က ငွေ​ဝင်​လမ်း​ပဲ။​ (တရ​ ၂၃:၁၇၊ ၁၈။ ၁​ဘု ၁၄:၂၄) ဘုရား​သခင်​ကို ကိုးကွယ်​ပါ​တယ်​ပြောပြီး​ ရုပ်​တု​ကိုးကွယ်​မှု​ပုံ​စံ တစ်​မျိုး​မျိုး​မှာ ပါ​ဝင်​တဲ့ လူ​တွေ၊ တိုင်း​နိုင်​ငံ​တွေ၊ အဖွဲ့​အစည်း​တွေ​ကို​လည်း ကျမ်း​စာ​မှာ တင်စား​သုံး​နှုန်း​ထား​တယ်။ ဥပမာ၊ ဗျာဒိတ်​ကျမ်း​မှာ “မဟာ​ဗာ​ဗု​လုန်” ဆို​တဲ့ ဘာ​သာ​ရေး​အဖွဲ့​ကို ပြည့်​တန်​ဆာ​အဖြစ် ဖော်​ပြထား​တယ်။ အခွင့်​အာ​ဏာ​နဲ့ စည်း​စိမ်​ဥစ္စာရ​ရှိ​ဖို့ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ​နဲ့ သူ ပေါင်း​ဖက်​နေ​လို့​ပဲ။—ဗ ၁၇:၁-၅။ ၁၈:၃။ ၁ရ ၅:၂၅

  • ပြန်​လည်​သင့်မြတ်​စေ​ခြင်း။

    အပြစ်​ဖြေခြင်း​ကိုကြည့်။

  • ဖာ​ရိ​ရှဲ။

    အေဒီ​ပထ​မရာ​စု​မှာ ထင်​ရှား​ခဲ့​တဲ့ ဂျူး​ဘာ​သာ​ရေး​ဂိုဏ်း။ ပု​ရော​ဟိတ်​အနွယ်​တွေ မဟုတ်​ပေမဲ့ ပညတ်​ကျမ်း​ကို အသေး​စိတ်​က​အစ အတိ​အကျ လိုက်​နာ​ပြီး နှုတ်​တိုက် ထုံးတမ်း​စဉ်​လာတွေ​ကို​လည်း ထပ်​တူ​လိုက်​နာ​ကြ​တယ်။ (မ ၂၃:၂၃) ဂရိ​ယဉ်​ကျေး​မှု​ရဲ့ လွှမ်း​မိုး​မှု​မှန်​သမျှ​ကို ဆန့်​ကျင်​တယ်။ ပညတ်​ကျမ်း​နဲ့ ထုံးတမ်း​စဉ်​လာ တတ်​ကျွမ်း​သူ​တွေ​အဖြစ် လူ​ထု​အပေါ် အကြီး​အကျယ် သြဇာ​လွှမ်း​မိုး​တယ်။ (မ ၂၃:၂-၆) တ​ချို့​ဟာ ဂျူး​တ​ရား​ရုံး​ချုပ် အဖွဲ့​ဝင်​တွေ​လည်း ဖြစ်​တယ်။ ဥ​ပုသ်​နေ့၊ ထုံးတမ်း​စဉ်​လာ၊ အခွန်​ခံ​အပြစ်​သား​တွေ​နဲ့ ပေါင်း​သင်း​ခြင်း​စ​တဲ့ ကိစ္စတွေ​နဲ့​ပတ်​သက်​ပြီး ယေရှု​ကို မကြာ​ခ​ဏ အတိုက်​အခံ လုပ်​ကြ​တယ်။ တာ​ရှု​မြို့​သား ရှောလု​အပါ​အဝင် ဖာ​ရိ​ရှဲ​တ​ချို့ ခ​ရစ်​ယာန်တွေ ဖြစ်​လာ​တယ်။—မ ၉:၁၁။ ၁၂:၁၄။ မာ ၇:၅။ လု ၆:၂။ တ ၂၆:၅

  • ဖာ​ရော။

    အီဂျစ်​ဘု​ရင်တွေရဲ့ ဘွဲ့​နာ​မည်။ ကျမ်း​စာ​မှာ ဖာရော​ငါး​ယောက်​ကို (ရှိ​ရှက်၊ သွာ၊ တိ​ရခါ၊ နေ​ခေါ၊ ဟော​ဖရာ) နာမည်​နဲ့​တ​ကွ ဖော်​ပြထား​ပေမဲ့ အာဗြဟံ၊ မော​ရှေ၊ ယော​သပ်​တို့​နဲ့ ထိ​တွေ့​ပတ်​သက်​ခဲ့​တဲ့ ဘု​ရင်တွေ​အပါ​အဝင် တခြား​ဘု​ရင်တွေရဲ့ နာ​မည်​ကို​တော့ မဖော်​ပြထား​ဘူး။—ထွ ၁၅:၄။ ရ ၉:၁၇

  • ဖိ​လိ​တိ​ပြည် ဖိ​လိ​တိ​လူမျိုး။

    အစ္စရေး​ပြည်​ရဲ့ တောင်​ဘက် ပင်လယ်​ကမ်း​ရိုး​တန်း​ဒေ​သ။ ခ​ရိ​ကျွန်း​က​နေ အဲဒီ​ဒေသ​ဆီ ပြောင်း​ရွှေ့​နေ​ထိုင်​သူ​တွေ​ကို ဖိ​လိ​တိ​လူမျိုး​လို့ ခေါ်​တယ်။ သူတို့​ကို ဒါဝိဒ် နှိမ်​နင်း​ပေမဲ့ အဲဒီ​မှာ ဆက်​နေ​ထိုင်​ကြ​ပြီး အစ္စရေးရန်​သူ အမြဲဖြစ်​ခဲ့​တယ်။ (ထွ ၁၃:၁၇။ ၁​ရှ ၁၇:၄။ အ ၉:၇)—နောက်​ဆက်​တွဲ ခ​၄ ကို​ကြည့်။

  • ဖောက်​ချည်။

    ရက်​ကန်း​စင်​မှာ ကန့်​လန့်​ဖြတ် ထည့်​ရက်ရတဲ့ ချည်​ခင်။—ဝ ၁၃:၅၉

  • ဖျန်​ဖြေသူ။

    အုပ်​စု​နှစ်​စု ပြန်​လည်​သင့်မြတ်ရေး​အတွက် ကြား​ဝင်​ဖျန်​ဖြေပေး​သူ။ ကျမ်း​စာ​မှာ မော​ရှေ​နဲ့ ယေရှု​ဟာ ပညတ်​ပဋိ​ညာဉ်​နဲ့ ပဋိ​ညာဉ်​သစ်​ရဲ့ ဖျန်​ဖြေသူ​တွေ​ဖြစ်​တယ်။—ဂ ၃:၁၉။ ၁​တိ ၂:၅

  • ဖြောင့်​မတ်​ခြင်း။

    ကျမ်း​စာ​ထဲ​မှာ ဘုရား​သခင်​ရဲ့ အမှား​အမှန်​စံနှုန်း​နဲ့ ကိုက်​ညီ​တဲ့ မှန်​ကန်​တဲ့​အရာ။—က ၁၅:၆။ တ​ရ ၆:၂၅။ ပ ၁၁:၄။ ဇေ ၂:၃။ မ ၆:၃၃

  • ဖွဲ စ​ပါး​ဖျင်း။

    ကောက်​နှံ​တွေ​ကို နင်း​နယ်​ပြီး၊ လှေ့​ပြီး​တဲ့​နောက် စား​လို့ရ​တဲ့​အဆန်​ကို ခွဲ​ထုတ်​လိုက်​တဲ့​အခါ ကျန်​တဲ့​အခွံ။ တန်ဖိုး​မဲ့​တာ၊ နှစ်​သက်​စ​ရာ​မကောင်း​တာ​ကို ဖော်​ပြဖို့ အဲဒီ​စကား​လုံး​နဲ့ တင်​စား​လေ့​ရှိ​တယ်။—ဆ ၁:၄။ မ ၃:၁၂

  • ဗာလ။

    မိုး​ကောင်း​ကင်​ရဲ့ သခင်၊ မိုး​ရွာ​စေ​သူ၊ မျိုး​အောင်​စေ​သူ​အဖြစ် ယူ​မှတ်​ကြ​တဲ့ ခါ​နန်​ဘုရား​။ “ဗာလ” ဆို​တဲ့​နာမည်ကို အဆင့်​နိမ့်​တဲ့ တ​ခြား​နတ်​ဘုရား​ငယ်​တွေ​အတွက်​လည်း အသုံး​ပြု​တယ်။ ဟီ​ဘ​ရူး​စကား​လုံး​က​တော့ “သခင်၊ အရှင်” လို့ အဓိပ္ပာယ်ရ​တယ်။—၁​ဘု ၁၈:၂၁။ ရ ၁၁:၄

  • ဗိမာန်​တော်။

    ဂျေရု​ဆ​လင်​မြို့​မှာ အတည်​တ​ကျ​ရှိ​နေ​တဲ့ အဆောက်​အအုံ။ အစ္စရေးတွေရဲ့ ဝတ်​ပြု​ရေး​ဗ​ဟို​ဖြစ်​ပြီး ရွှေ့​ပြောင်း​လို့ရ​တဲ့ တဲ​တော်​နေ​ရာ​မှာ အစား​ထိုး​လိုက်​တာ​ဖြစ်​တယ်။ ပထ​မဗိမာန်​တော်​ကို ရှောလမုန်​ တည်ဆောက်ခဲ့​ပြီး ဗာ​ဗု​လုန်​လက်​ချက်​နဲ့ ပျက်​စီး​သွား​တယ်။ ဒုတိ​ယ​ဗိမာန်​တော်​ကို ဗာ​ဗု​လုန်​က​နေ ဂျူး​တွေ​ပြန်လာပြီး​နောက် ဇေ​ရု​ဗ​ဗေ​လ​က တည်​ဆောက်​ပြီး မဟာ​ဟေ​ရုဒ်​က နောက်​ပိုင်း​မှာ ပြန်​လည်​တည်​ဆောက်​ခဲ့​တယ်။ ကျမ်း​စာ​မှာ ဗိမာန်​တော်​ကို “ယေဟော​ဝါ​ရဲ့​အိမ်​တော်” လို့​ပဲ ခေါ်​ထား​တယ်။ (ဧ​ဇ ၁:၃။ ၆:၁၄၊ ၁၅။ ၁​ရ ၂၉:၁။ ၂​ရ ၂:၄။ မ ၂၄:၁)—နောက်​ဆက်​တွဲ ခ​၈ နဲ့ ခ​၁၁ ကို​ကြည့်။

  • ဗု​လ။

    ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၈ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ​ ၂ လ​မြောက်။ “ဖြစ်​ထွန်း၊ ထွန်း​ကား” လို့​အဓိပ္ပာယ်​ရှိ​တဲ့ စကား​လုံး​က​နေ ဆင်း​သက်​လာ​တယ်။ အောက်​တို​ဘာ​လ​လယ်​က​နေ နို​ဝင်​ဘာ​လ​လယ်​အထိ ကျ​ရောက်​တယ်။ (၁​ဘု ၆:၃၈)—နောက်​ဆက်​တွဲ ခ၁၅ ကို​ကြည့်။

  • ဗေ​လ​ဇေ​ဗု​လ။

    နတ်​ဆိုး​ခေါင်း​ဆောင်၊ နတ်​ဆိုး​မင်း စာ​တန်​ရဲ့​နာ​မည်။ ဧ​ကြုန်​မြို့​မှာ ဖိ​လိ​တိ​လူမျိုး​ကိုးကွယ်​တဲ့ ဗာလ​နတ်​ဘုရား​ ဗာလ​ဇေ​ဗုပ်ရဲ့ နာ​မည်​နောက်​တစ်​မျိုး​လည်း ဖြစ်​နိုင်​တယ်။—၂​ဘု ၁:၃။ မ ၁၂:၂၄

  • ဗတ်။

    ၂၂ လီ​တာ (၅.၈၁ ဂါ​လံ) နဲ့​ညီ​တဲ့ အရည်​အခြင်​အတွယ်။ ရှေး​ဟောင်း​သု​တေ​သီ​တွေ တွေ့​ရှိ​တဲ့ အိုး​ခြမ်း​ပဲ့​တွေ​မှာ ဒီ​နာမည်​ကို တွေ့​ရ​တယ်။ ကျမ်း​စာ​မှာ​ပါ​တဲ့ ကုန်​ခြောက်​နဲ့ အရည်​အခြင်​အတွယ် အများ​စု​ဟာ ဗတ်​အခြင်​အတွယ်​ကို အခြေ​ခံ​ပြီး တွက်​ချက်​တယ်။ (၁​ဘု ၇:၃၈။ ယဇ ၄၅:၁၄)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဘာ​သာ​ပြောင်း​ဝင်​လာ​သူ။

    ကျမ်း​စာ​မှာ​တော့ ဂျူး​ဘာ​သာ လက်ခံ​ယုံ​ကြည်​သူ​ကို ဆိုလို​တယ်။ အမျိုး​သား​ဆို​ရင် အရေ​ဖျား​ဖြတ်​ရ​တယ်။—မ ၂၃:၁၅။ တ ၁၃:၄၃

  • ဘိ​သိက်။

    ဟီ​ဘ​ရူး​စကား​လုံး​ဟာ “အရည်​နဲ့ လိမ်း​တယ်” လို့ အဓိပ္ပာယ်​ရှိ​တယ်။ အထူး​တာဝန်​အတွက် လူ​တစ်​ဦး၊ အရာ​ဝတ္ထု​တစ်​ခု​ကို ဆက်​ကပ်​တဲ့ အထိမ်း​အမှတ်​အဖြစ် ဆီလောင်း​ပေး​ရ​တယ်။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ ကောင်း​ကင်​မျှော်​လင့်​ချက်​အတွက် ရွေး​ချယ်​ထား​သူ​တွေ​အပေါ် သန့်​ရှင်း​သော စွမ်းအား​တော် သွန်း​လောင်း​ခြင်း​အတွက်​လည်း ဒီ​စကား​လုံး​ကို အသုံး​ပြု​တယ်။—ထွ ၂၈:၄၁။ ၁​ရှ ၁၆:၁၃။ ၂​က ၁:၂၁

  • ဘုရား​တ​ရား​ကိုင်း​ရှိုင်း​ခြင်း။

    ယေဟောဝါ​ဘု​ရားရဲ့ စ​ကြ​ဝဠာ​ အချုပ်​အခြာ​အာ​ဏာ​ကို သစ္စာ​စောင့်​သိ​တဲ့​စိတ်​နဲ့ ဘု​ရား​ကို ကြည်​ညို​တာ၊ ဝတ်​ပြု​ကိုးကွယ်​တာ​ကို ဆိုလို​တယ်။—၁​တိ ၄:၈။ ၂​တိ ၃:၁၂

  • ဘုရား​သခင့်​နိုင်​ငံ​တော်။

    ဘု​ရား​သခင့် အချုပ်​အခြာ​အာဏာ​ကို အထူး​ပြု​ဖော်​ပြတဲ့ စကား​စု။ သား​တော် ခရစ်​တော်​ယေရှု​ရဲ့ အစိုး​ရ​က အဲဒီ​အချုပ်​အခြာ​အာဏာ​ကို ကိုယ်​စား​ပြု​တယ်။—မ ၁၂:၂၈။ လု ၄:၄၃။ ၁က ၁၅:၅၀

  • ဘုရား​အမှု​ဆောင်​ခြင်း။

    ဘု​ရား​သခင်​ကို ဝတ်​ပြု​တာ​နဲ့ တိုက်​ရိုက်​ဆက်​စပ်​နေ​တဲ့ မြင့်မြတ်​တဲ့​အလုပ်။—ရ ၁၂:၁။ ဗ ၇:၁၅

  • ဘုရင်​ခံ​ချုပ်။

    ဗာ​ဗု​လုန်၊ ပါး​ရှား​အင်​ပါ​ယာ​မှာ ဘု​ရင်​ကိုယ်​တိုင် ခန့်​အပ်​ထား​တဲ့ ဘု​ရင်​ခံ​ချုပ်။—ဧ​ဇ ၈:၃၆။ ဒံ ၆:၁

  • ဘေး​ဒဏ် ဘေး​ဆိုး။

    ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ​ ပါတဲ့​ ဒီစကား​လုံး​က ဒဏ်​ခတ်​တဲ့​အနေ​နဲ့ ယေဟောဝါ ကျရောက်​စေ​တဲ့ ကပ်​ရော​ဂါ၊ ဘေး​ဒုက္ခ​ကို ရည်​ညွှန်း​လေ့​ရှိ​တယ်။—တ​လ ၁၆:၄၉

  • မရီး-မတ်​ယူ​ထုံး​စံ။

    နောက်​ပိုင်း မော​ရှေ​ပညတ်​မှာ ထည့်​သွင်း​လိုက်​တဲ့ ဓလေ့​ထုံး​စံ။ လူ​တစ်​ယောက် သား​မရ​ဘဲ ကွယ်​လွန်​သွား​ရင် ညီ​အစ်​ကို​တစ်​ယောက်​ယောက်​က ကျန်​ရစ်​သူ​မု​ဆိုး​မကို ထိမ်း​မြား​ပြီး ကွယ်​လွန်​သူ​ရဲ့​မျိုး​ဆက် မပြတ်​အောင် ထိန်း​ပေး​ရ​တယ်။—က ၃၈:၈။ တ​ရ ၂၅:၅

  • မသန့်​ရှင်း မစင်​ကြယ်​ခြင်း။

    ကိုယ်​ခန္ဓာ မသန့်​ရှင်း​တာ၊ ကျင့်​ဝတ်​ပညတ် ချိုး​ဖောက်​တာ​ကို ဆိုလို​တယ်။ ကျမ်း​စာ​မှာ​တော့ မော​ရှေ​ပညတ်​အရ လက်မခံ​တဲ့​အရာ၊ ညစ်​ညူး​တဲ့​အရာ​ကို ရည်​ညွှန်း​လေ့​ရှိ​တယ်။ (ဝ ၅:၂။ ၁၃:၄၅။ မ ၁၀:၁။ တ ၁၀:၁၄။ ဧ ၅:၅)—သန့်​ရှင်း​ခြင်း၊ စင်​ကြယ်​ခြင်း​ကို​ကြည့်။

  • မဟာ​လတ်။

    ဆာလံ ၅၃၊ ၈၈ ထိပ်​စီး​မှာ​ပါ​တဲ့ ဂီ​တ​ဝေါ​ဟာ​ရ။ ‘အား​နည်း​တယ်၊ ဖျား​နာ​တယ်’ လို့ အဓိပ္ပာယ်ရ​တဲ့ ဟီဘ​ရူး​ကြိ​ယာ​နဲ့ ဆက်​စပ်​နိုင်​တယ်။ ဝမ်း​နည်း​ကြေ​ကွဲ​တဲ့​သံ​စဉ် ဖြစ်​နိုင်​ပြီး သီချင်း​နှစ်​ပုဒ်​မှာ​ပါ​တဲ့ ဝမ်း​နည်း​ညှိုး​ငယ်​မှု​နဲ့ လိုက်​ဖက်​တယ်။

  • မဟာ​ကရု​ဏာ။

    နှစ်​သက်​ဖွယ်၊ စွဲ​မက်​ဖွယ်​ကောင်း​တာ​ကို အဓိ​က​ဖော်​ပြတဲ့ ဂရိ​စကား​လုံး။ မေတ္တာ​လက်​ဆောင်၊ မေတ္တာ​နဲ့​ပေး​ကမ်း​တာ​ကို ရည်​ညွှန်း​တဲ့​အခါ သုံး​နှုန်း​လေ့​ရှိ​တယ်။ ဘုရား​သခင့် မဟာ​ကရု​ဏာ​ကို ရည်​ညွှန်း​တဲ့​အခါ​မှာ​တော့ တစ်​စုံ​တစ်​ရာ​ပြန်​ရ​ဖို့ မမျှော်​လင့်​ဘဲ ဘုရား​ဘက်​က ရက်ရက်ရောရော​ပေး​တဲ့ လက်​ဆောင်​ကို ဆိုလို​တယ်။ လူ​တွေ​ကို ဘုရား​သခင် ဖော​ဖော​သီ​သီ ပေး​သနား​တာ၊ အလွန်မြတ်​နိုး ကြင်နာ​တာ​ကို ဖော်​ပြတယ်။ “မျက်​နှာ​သာ၊” “မေတ္တာ​လက်​ဆောင်” လို့​လည်း ပြန်​ဆို​နိုင်​တယ်။ မထိုက်​တန်​ဘဲ ရတာ၊ ပေး​ကမ်း​သူ​ဘက်​က စေ​တ​နာ​စိတ်​နဲ့​ပေး​လို့ ရ​တာ​ဖြစ်​တယ်။—၂​က ၆:၁။ ဧ ၁:၇

  • မဟူရာ​ကြောင်​ဝင်။

    သင်္ဘော​မဟူရာ ဒါ​မှ​မဟုတ် မဟူရာ​မျိုး​ဝင် ကျောက်​တစ်​မျိုး။ အဖြူ၊ အနက်၊ အညို၊ အနီ၊ မီး​ခိုး​နဲ့ အစိမ်း​ရောင် အစင်း​ကြောင်း​တွေ ပါ​တယ်။ ပု​ရော​ဟိတ်​မင်း​ရဲ့ အထူး​ဝတ်​ရုံ​မှာ တပ်​ထား​တယ်။—ထွ ၂၈:၉၊ ၁၂။ ၁​ရ ၂၉:၂။ ယ​ဘ ၂၈:၁၆

  • မာ​လ​ကုံ။

    အမ္မုန်​လူမျိုး​ရဲ့ အဓိ​က​နတ်​ဘုရား​ မော​လုတ်​ ဖြစ်နိုင်။ (ဇေ ၁:၅)—မော​လုတ်​ကို​ကြည့်။

  • မိ​လ​ကုံ။

    အမ္မုန်​လူမျိုး​ရဲ့ နတ်​ဘုရား​။ မော​လုတ်​လို့​လည်း ခေါ်​တယ်။ (၁​ဘု ၁၁:၅၊) ရှော​လ​မုန်​ဟာ နန်း​သက်​ကုန်​ဆုံး​ခါ​နီး​မှာ မှား​ယွင်း​တဲ့ ဒီ​နတ်​ဘုရား​အတွက် အထွတ်​အမြတ်​နေ​ရာတွေ တည်​ခဲ့​တယ်။—မော​လုတ်​ကို​ကြည့်။

  • မီး​ရှို့​ရာ​အလှူ။

    ဘုရား​သခင်​ဆီ အကုန်​အစင် ပူ​ဇော်ရ​တဲ့ အလှူ​အဖြစ် ပူ​ဇော်ရာ​ပလ္လင်​ပေါ်​မှာ မီး​ရှို့​ရ​တဲ့ တိ​ရစ္ဆာန်။ ဆက်​သသူ​က တိ​ရစ္ဆာန် (နွား​ထီး၊ သိုး​ထီး၊ ဆိတ်​ထီး၊ ချိုး၊ ခို) ရဲ့ အစိတ်​အပိုင်း တစ်​ခု​မှ မယူ​ရ​ဘူး။—ထွ ၂၉:၁၈။ ဝ ၆:၉

  • မီး​ငြိမ်း​ကိ​ရိ​ယာ။

    တဲ​တော်​နဲ့ ဗိမာန်​တော်​မှာ​သုံး​တဲ့ ရွှေ​ထည်၊ ကြေး​ထည် ကိ​ရိ​ယာ။ ဆီ​မီး​တိုင်​ရဲ့ မီး​စာ​ကို ညှပ်​တဲ့​ကိ​ရိ​ယာ​ဖြစ်​လို့ မီး​ညှပ်​နဲ့​ဆင်​တူ​တယ်။—၂​ဘု ၂၅:၁၄

  • မီး​ညှပ်။

    ရွှေ​နဲ့​လုပ်​ထား​တဲ့ မီး​ငြိမ်း​ကိ​ရိ​ယာ။ တဲ​တော်​နဲ့ ဗိမာန်​တော်​ထဲ​က ဆီ​မီး​တိုင်​ရဲ့ မီး​တောက်​ကို ငြိမ်း​သတ်​တဲ့​အခါ သုံး​တယ်။—ထွ ၃၇:၂၃

  • မီး​စာ​ခံ​ခွက်။

    နံ့​သာ​ပေါင်း မီး​ရှို့​ပူ​ဇော်​ဖို့၊ ပူ​ဇော်ရာ​ပလ္လင်​က​နေ မီး​သွေး​ကို ဖယ်​ရှား​ဖို့၊ ရွှေ​စင်​ဆီ​မီး​တိုင်​က​နေ မီးစာ​ကို ဖယ်​ထုတ်​ဖို့ တဲ​တော်​နဲ့ ဗိမာန်​တော်​မှာ သုံး​တဲ့ ရွှေ​ထည်၊ ငွေ​ထည်၊ ကြေး​ထည် ကိ​ရိ​ယာ။ နံ့​သာ​ခွက်၊ မီးခဲ​ခွက်​လို့လည်း ခေါ်​တယ်။—ထွ ၃၇:၂၃။ ၂​ရ ၂၆:၁၉။ ဟီ ၉:၄

  • မီး​ဖို။

    သတ္တု​ရိုင်း​တွေ၊ သတ္တုတွေ အရည်​ကျို​တဲ့​နေ​ရာ။ ကြွေ​ထည်​မြေထည်​တွေ​ကို မီး​ဖုတ်​တဲ့​နေ​ရာ။ ကျမ်း​စာ​ခေတ်​မှာ မီး​ဖို​တွေ​ကို အုတ်၊ ကျောက်​တွေ​နဲ့ ဆောက်​ကြ​တယ်။—က ၁၅:၁၇။ ဒံ ၃:၁၇။ ဗ ၉:၂

  • မီး​အိုင်။

    “ကန့်​တွေ​လောင်​နေ​တဲ့ မီး​အိုင်” လို့​ဖော်​ပြထား​တဲ့ ပုံ​ဆောင်​နေ​ရာ​တစ်​ခု။ “ဒုတိ​ယ​သေခြင်း” လို့​လည်း ခေါ်​တယ်။ နောင်​တ​မရ​တဲ့ အပြစ်​သား​တွေ​အပြင် မာရ်​နတ်၊ သေခြင်း​နဲ့ သင်္ချိုင်း(ဟေး​ဒီးစ်)တောင် မီး​အိုင်​ထဲ ပစ်​ချ​ခံ​ရ​မယ်။ မီး​ဘေး​မသင့်​နိုင်​တဲ့ ဝိညာဉ်​ပု​ဂ္ဂိုလ်၊ သေခြင်း​နဲ့ သင်္ချိုင်း​ကို မီး​အိုင်​ထဲ​ပစ်​ချ​မယ်​ဆို​တော့ ဒီ​မီး​အိုင်​ဟာ ထာဝရ​ညှဉ်း​ဆဲ​ခြင်း​ကို မဟုတ်​ဘဲ ထာ​ဝ​ရ​ဖျက်​ဆီး​ခြင်း​ကို တင်​စား​ထား​မှန်း သိ​သာ​တယ်။—ဗ ၁၉:၂၀။ ၂၀:၁၄၊ ၁၅။ ၂၁:၈

  • မီး​ဒီး​ယား။

    ယာ​ဖက်​ရဲ့​သား မာ​ဒဲ​က​နေ ဆင်း​သက်​လာ​တဲ့​လူမျိုး။ မီး​ဒီး​ယား​ပြည်​ဖြစ်​လာ​တဲ့ အီ​ရန်​ကုန်း​ပြင်​မြင့်​မှာ နေ​ထိုင်​ကြ​တယ်။ သူတို့​က အဆီး​ရီး​ယား​ကို ချေ​မှုန်း​ဖို့ ဗာဗု​လုန်​နဲ့ ပူး​ပေါင်း​ခဲ့​တယ်။ အဲဒီ​ခေတ်​အခါ​က ပါးရှား​ပြည်​ဟာ မီး​ဒီး​ယား​လက်​အောက်​ခံ စီ​ရင်​စု​နယ်​တစ်ခု​ပဲ။ ဒါ​ပေမဲ့ ဘု​ရင်​ဆိုင်း​ရပ်​က တော်​လှန်​ခဲ့​ပြီး မီး​ဒီး​ယား​နဲ့ ပါးရှား​ကို ပေါင်း​စပ်​လိုက်​တဲ့​အခါ မီး​ဒီး​ယား-ပါး​ရှား​အင်​ပါ​ယာ ဖြစ်​လာ​တယ်။ အဲဒီ​အင်​ပါ​ယာ​က ဘီ​စီ ၅၃၉ မှာ လက်သစ်​ ဗာဗုလုန်​အင်​ပါ​ယာ​ကို ချေ​မှုန်း​ခဲ့​တယ်။ အေဒီ ၃၃၊ ပင်တေ​ကု​တ္တေ​ပွဲ​မှာ မီး​ဒီး​ယား​တွေ ဂျေရု​ဆ​လင်​မြို့​မှာ ရှိ​နေ​တယ်။ (ဒံ ၅:၂၈၊ ၃၁။ တ ၂:၉)—နောက်​ဆက်​တွဲ ခ​၉ ကို​ကြည့်။

  • မု​ရန်။

    ဆူး​ချုံ​ပင်​တွေ ဒါ​မှ​မဟုတ် ‘ကု​လား​နက်​သွေး’ လို့​ခေါ်​တဲ့ အပင်​ငယ်​တွေ​က​နေ ရ​ရှိ​တဲ့ သစ်​စေး​မွှေး။ သန့်​ရှင်း​တဲ့​ဘိသိက်​ဆီ ဖော်​စပ်​ရာ​မှာ မု​ရန်​ပါ​တယ်။ အဝတ်​အစား၊ အိပ်​ရာ​မှာ ဆွတ်​ကြ​တယ်။ နှိပ်​နယ်​ဖို့၊ ကိုယ်​ခန္ဓာ​မှာ လိမ်း​ဖို့ ဆီ​နဲ့​ရော​စပ်​ကြ​တယ်။ အလောင်း​သင်္ဂြိုဟ်​ဖို့ ပြင်​ဆင်​တဲ့​အခါ​မှာ​လည်း အသုံး​ပြု​တယ်။—ထွ ၃၀:၂၃။ ပ ၇:၁၇။ ယ​ဟ ၁၉:၃၉

  • မေရော​ဒပ်။

    ဗာ​ဗု​လုန်​မြို့​ရဲ့ အဓိ​က​နတ်​ဘုရား​။ ဥ​ပဒေ​ပြု​ရှင် ဘု​ရင်​ဟမ္မူရာ​ဘီ​က ဗာ​ဗု​လုန်​ကို မြို့​တော်​အဖြစ် သတ်​မှတ်​ပြီး​တဲ့​နောက် မေရော​ဒပ်(မာ​ရ​ဒု)ဟာ အရေး​ပါ​လာ​တယ်။ ဒီ​မတိုင်​ခင် နတ်​ဘုရား​အတော်​များ​များ​ရဲ့ နေရာ​ကို​ယူ​ပြီး အဓိ​က​နတ်​ဘုရား​ ဖြစ်​လာ​တယ်။ နောက်​ပိုင်း​မှာ မေရော​ဒပ် (မာရ​ဒု) ဆို​တဲ့ နာ​မည်​ကို “ဗေ​လု” (“သခင်”) ဆို​တဲ့ ဘွဲ့​အမည်​နဲ့ အစား​ထိုး​ကြ​တယ်။ မေရာ​ဒပ်​ကို ဗေ​လ​လို့ ခေါ်​လေ့​ရှိ​တယ်။—ယေ ၅၀:၂

  • မေရှိ​ယ။

    “ဘိ​သိက်​ခံ၊” “ဘိ​သိက်​ခံ​ရ​သူ” လို့ အဓိပ္ပာယ်ရ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​က​နေ ဆင်း​သက်​လာ​တယ်။ “ခ​ရစ်​တော်” ဆို​တဲ့ ဂရိ​စကား​လုံး​နဲ့ အဓိပ္ပာယ်​တူ​တယ်။—ဒံ ၉:၂၅။ ယ​ဟ ၁:၄၁

  • မော​လုတ်။

    အမ္မုန်​လူမျိုး​ရဲ့ နတ်​ဘုရား​။ မာ​လ​ကုံ၊ မိ​လ​ကုံ၊ မော​လုပ်​တို့​နဲ့ အတူ​တူ​ပဲ။ နတ်​ဘုရား​နာ​မည် မဟုတ်​ဘဲ ဘွဲ့ဖြစ်​နိုင်​တယ်။ မော​ရှေ​ပညတ်​မှာ မော​လုတ်​ဆီ သား​သမီး​ပူ​ဇော်​သူ​ကို သေဒဏ်​ချ​မှတ်​ထား​တယ်။—ဝ ၂၀:၂။ ယေ ၃၂:၃၅။ တ ၇:၄၃

  • မော​လုပ်။

    မော​လုတ်​ကို​ကြည့်။

  • မဲ။

    ဆုံး​ဖြတ်​ချက်​ချ​တဲ့​အခါ အသုံး​ပြု​တဲ့ ကျောက်​စ​ရစ်​ခဲ ဒါမှ​မဟုတ် သစ်​စ။ မဲ​တွေ​ကို အဝတ်​လိပ်​ထဲ​မှာ​ဖြစ်​ဖြစ်၊ ဘူးထဲ​မှာ​ဖြစ်​ဖြစ် ထည့်​ပြီး လှုပ်​ခါ​ရ​တယ်။ ထွက်​ကျ​လာ​တဲ့ မဲ​ ဒါမှ​မဟုတ် နှိုက်​ယူ​လိုက်​တဲ့ မဲ​ဟာ အဆုံး​အဖြတ်​ပေး​တဲ့​အရာ​ပဲ။ ဆုတောင်း​ပြီး​မှ မဲ​ချ​လေ့​ရှိ​တယ်။ “မဲ” ဆို​တဲ့ စကား​လုံး​ကို “ဝေ​စု၊” “ခွဲ​တမ်း” ဆို​တဲ့ အဓိပ္ပာယ်တွေ​နဲ့ တိုက်​ရိုက်​ရော တင်​စား​ပြီး​တော့​ပါ သုံး​နှုန်း​ထား​တယ်။—ယ​ရ ၁၄:၂။ ဆ ၁၆:၅။ ပ ၁၆:၃၃။ မ ၂၇:၃၅

  • မိုး​သောက်​ကြယ်။

    နေ​မထွက်​ခင် အရှေ့​ဘက် မိုး​ကုပ်​စက်​ဝိုင်း​မှာ နောက်​ဆုံး​ကျန်​နေ​တဲ့ ကြယ်​တစ်​လုံး။ နေ့​သစ်​အရုဏ်ဦးရဲ့ ရှေ့​ပြေး​လည်း ဖြစ်​တယ်။—ဗ ၂၂:၁၆။ ၂​ပ ၁:၁၉

  • မက်​စ​ကီး။

    ဆာလံ ၁၃ ထိပ်​စီး​မှာ​ပါ​တဲ့ အဓိပ္ပာယ်​မသေချာ​တဲ့ ဟီ​ဘ​ရူး​ဝေါ​ဟာ​ရ။ “အတွေး​က​ဗျာ” ဆို​တဲ့ အဓိပ္ပာယ်​ရှိ​နိုင်။ “မြော်​မြင်​ချင့်​ချိန်​မှု​ရှိ​ရှိ အမှု​ဆောင်” လို့ ပြန်​ဆို​ထား​တဲ့ စကား​လုံး​နဲ့ ပုံ​စံ​တူ​တဲ့​အတွက် အဲဒီ​အဓိပ္ပာယ်​လည်း ဖြစ်​နိုင်​တယ်​လို့ တ​ချို့​ယူ​ဆ​တယ်။—၂​ရ ၃၀:၂၂။ ဆ ၃၂ ထိပ်​စီး

  • မက်​ဆီ​ဒိုး​နီး​ယား။

    ဂရိ​ပြည် မြောက်​ပိုင်း​ဒေ​သ။ မဟာ​အလက်​ဇ​န္ဒြား​လက်​ထက်​မှာ ထင်​ရှား​ပြီး ရော​မတို့ သိမ်း​ပိုက်​ချိန်​အထိ လွတ်​လပ်​တဲ့​ဒေ​သ ဖြစ်​ခဲ့​တယ်။ ဥ​ရော​ပကို ပေါလု ဦး​ဆုံး​လည်​ပတ်​ချိန်​မှာ မက်​ဆီ​ဒိုး​နီး​ယား​ပြည်​ဟာ ရော​မစီ​ရင်​စု​နယ်​တစ်​ခု ဖြစ်​တယ်။ အဲဒီ​ဒေ​သကို ပေါလု သုံး​ကြိမ် လည်​ပတ်​ခဲ့​တယ်။ (တ ၁၆:၉)—​နောက်​ဆက်​တွဲ ခ​၁၃ ကို​ကြည့်။

  • မောင်း​မ မယား​ငယ်။

    ဒုတိ​ယ​ဇနီး၊ ကျွန်​မိန်း​မ ဖြစ်​လေ့​ရှိတယ်။—ထွ ၂၁:၈။ ၂​ရှ ၅:၁၃။ ၁​ဘု ၁၁:၃

  • မိုင်။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​ထဲ​က မဿဲ ၅:၄၁ မူ​ရင်း​စာ​သား​မှာ တစ်​ကြိမ်​ပဲ တွေ့​ရ​တဲ့ အကွာ​အဝေး အတိုင်း​အတာ။ ၁,၄၇၉.၅ မီ​တာ (၄,၈၅၄ ပေ) နဲ့​ညီ​တဲ့ ရော​မအတိုင်း​အတာ​ကို ဆိုလို​တယ်။ လုကာ ၂၄:၁၃၊ ယောဟန် ၆:၁၉၊ ၁၁:၁၈ မှာ​ပါ​တဲ့ “မိုင်” က​တော့ မူ​ရင်း​စာ​သား​မှာ​ပါ​တဲ့ ရှေး​စ​တာ​ဒီ​ယမ်​ကို မိုင်​အဖြစ် ပြောင်း​လဲ​ထား​တာ ဖြစ်​တယ်။—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • မိုင်​နာ။

    အလေး​ချိန်​ယူ​နစ်​နဲ့ ငွေ​ကြေး​ယူ​နစ်။ ယေဇကျေလ​ကျမ်း​မှာ မာ​နေ​လို့ ဖော်​ပြထား​တယ်။ ရှေး​ဟောင်း သုတေ​သန​တွေ့​ရှိ​ချက်​အရ ၁ မိုင်​နာ​ဟာ ၅၀ ရှယ်​ကယ်​နဲ့​ညီ​တယ်။ ၁ ရှယ်​ကယ်​က ၁၁.၄ ဂရမ်​ရှိ​တယ်။ ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ​ပါ​တဲ့ ၁ မိုင်​နာ​က ၅၇၀ ဂရမ် ရှိ​တယ်။ တောင်​အတိုင်း​အတာ​မှာ​လို​ပဲ နန်း​တွင်း​သုံး​မိုင်​နာ​လည်း ရှိနိုင်​တယ်။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​တော့ ၁ မိုင်​နာ​က ဒ​ရက်​မာ ၁၀၀ နဲ့​ညီ​တယ်၊ ၃၄၀ ဂရမ်​ရှိ​တယ်။ ၆၀ မိုင်​နာ​က ၁ တဲ​လင့်​နဲ့​ညီ​တယ်။ (ဧ​ဇ ၂:၆၉။ လု ၁၉:၁၃)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • မစ်​တမ်။

    ဆာလံ​အခန်း​ကြီး ၆ ခု (၁၆၊ ၅၆-၆၀) ထိပ်​စီး​မှာ​ပါ​တဲ့ ဟီ​ဘ​ရူး​ဝေါ​ဟာ​ရ။ “က​မ္ပည်း” ဆို​တဲ့ စကား​လုံး​နဲ့ ဆက်စပ်​နိုင်​ပေမဲ့ အဓိပ္ပာယ်​မသေချာ​တဲ့ ပညာ​ရပ်​ဝေါဟာရ။

  • မတ်​လာ​ဘန်။

    ဆာလံ ၉ ထိပ်​စီး​မှာ​ပါ​တဲ့ ဝေါ​ဟာ​ရ။ “သေဆုံး​သွား​တဲ့ သား​အတွက်” လို့​အဓိပ္ပာယ်ရ​တယ်။ ဒီ​ဆာလံ​သီချင်း​ကို သီ​ဆို​ရာ​မှာ​သုံး​တဲ့ လူ​သိ​များ​တဲ့ တေး​သွား​တစ်ခု​ရဲ့ နာ​မည် ဒါ​မှ​မဟုတ် နိ​ဒါန်း ဖြစ်​နိုင်​တယ်​လို့ တ​ချို့​ယူ​ဆ​ကြ​တယ်။

  • မိတ်​သဟာ​ယ​အလှူ။

    ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း​ရှိ​ဖို့ အသနား​ခံ​တဲ့​အနေ​နဲ့ ဆက်​သတဲ့ ပူ​ဇော်​သက္ကာ။ ဆက်သ​သူ​နဲ့ သူ့​မိသား​စု၊ ဆက်​သပေး​တဲ့ ပု​ရော​ဟိတ်၊ တာဝန်​ကျ​ပု​ရော​ဟိတ်​တွေ အားလုံး စား​သုံး​ရ​တယ်။ မီး​ရှို့​ပူ​ဇော်​တဲ့ အဆီ​ရ​နံ့​ကို​တော့ ယေဟောဝါ​ခံ​ယူ​တဲ့​သဘော ဖြစ်​တယ်။ အသက်​ကို ကိုယ်​စား​ပြု​တဲ့ သွေး​ကို​လည်း ဘုရား​ဆီ ဆက်​သရ​တယ်။ ပု​ရော​ဟိတ်​တွေ၊ ဆက်​သသူ​တွေ ယေဟောဝါ​နဲ့​အတူ​ထိုင်​ပြီး စား​သုံး​တာ၊ ဘုရား​နဲ့ ဆက်ဆံ​ရေး​ကောင်း​ရှိ​တာ​ကို ဖော်​ပြတယ်။—​ဝ ၇:၂၉၊ ၃၂။ တ​ရ ၂၇:၇

  • မန္န​မုန့်။

    တော​ကန္တာရ​မှာ နှစ်​ပေါင်း ၄၀ လှည့်​လည်​ချိန်​အတွင်း အစ္စရေးတွေ​အတွက် ယေဟောဝါ​ချ​ပေး​ခဲ့​တဲ့ အဓိက​အစာ။ ဥပုသ်​နေ့​က​လွဲ​ပြီး နံ​နက်​တိုင်း မြေပေါ်​ကျ​နေ​တဲ့ နှင်း​လွှာ​အောက်​မှာ တွေ့​ရ​တတ်​တဲ့ အံ့​ဖွယ်​စားစရာ။ ဒါ​ကို အစ္စရေးတွေ တွေ့​တွေ့​ချင်း “ဘာ​တွေ​လဲ၊” ဟီဘရူး​လို ‘မန်​ဟူး’ လို့​မေး​ကြ​တယ်။ (ထွ ၁၆:၁၃-၁၅၊ ၃၅) ‘ကောင်း​ကင်​ရဲ့ ကောက်​နှံ’ (ဆ ၇၈:၂၄)၊ “ကောင်း​ကင်​က​မုန့်” (ဆ ၁၀၅:၄၀)၊ “ခွန်​အား​ကြီး​သူ​တွေရဲ့ အစာ” (ဆ ၇၈:၂၅) လို့​လည်း ဖော်​ပြထား​တယ်။ မန္န​မုန့်​ကို ဥ​ပစာ​သဘော​နဲ့ ယေရှု ဖော်​ပြခဲ့​တယ်။—​ယ​ဟ ၆:၄၉၊ ၅၀

  • မိန်း​မစိုး။

    သင်း​ကွပ်​ထား​တဲ့ အမျိုး​သား။ နန်း​တွင်း​မှာ မိဖုရား​နဲ့ မောင်း​မတွေရဲ့ အခြွေ​အရံ၊ အထိန်း​တော်​အဖြစ် ခန့်​အပ်​တယ်။ ပကတိ​သင်း​ကွပ်​ထား​သူ​ကို မဟုတ်​ဘဲ နန်း​တွင်း​မှာ​ ရာထူး​ရာ​ခံ​ရှိ​သူ​ကို​လည်း ဆိုလို​တယ်။ ဘုရား​သခင့် အမှု​တော်​မှာ ပို​ပြီး​ပါ​ဝင်​နိုင်​ဖို့ ကိုယ့်​ကိုယ်​ကိုယ် ချုပ်​တည်း​တဲ့​သူ​ကို ‘ကောင်း​ကင်​နိုင်​ငံ​အတွက် မိန်း​မစိုး​အဖြစ် ခံ​ယူ​တဲ့​သူ’ ဆို​ပြီး တင်​စား​ထား​တယ်။—မ ၁၉:၁၂၊ အောက်​ခြေ​မှတ်​ချက်။ ဧ​သ ၂:၁၅။ တ ၈:၂၇

  • မာရ်​နတ်။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ စာ​တန်​ကို​ ရုပ်လုံး​ဖော်​ထား​တဲ့ နာ​မည်။ “အသရေ​ဖျက်​သူ” လို့​အဓိပ္ပာယ်​ရှိ​တယ်။ ယေဟောဝါ​နဲ့ ကိုယ်​တော့်ရဲ့ ကောင်းမြတ်​တဲ့​စကား၊ သန့်​ရှင်း​တဲ့​နာ​မတော်​ကို အသရေ​ဖျက်​ပြီး မဟုတ်​မမှန် စွပ်​စွဲ​ပြော​ဆို​ရာ​မှာ ဦး​ဆောင်​ခဲ့​တဲ့​အတွက် မာရ်​နတ်​ဆို​တဲ့​နာ​မည် ရခဲ့​တယ်။—မ ၄:၁။ ယ​ဟ ၈:၄၄။​ ဗ ၁၂:၉

  • မျက်​နှာ​ပြောင်​တိုက်​ခြင်း။

    ဂရိ​စကား​လုံး ‘အစဲ​ဂီ​ယာ’ ကနေ ဆင်း​သက်​လာ​တယ်။ ဘုရား​ပညတ်​တွေ​ကို ဆိုး​ရွား​စွာ ချိုး​ဖောက်​တဲ့​အပြင် မျက်​နှာ​ပြောင်​တိုက်​ပြီး ရဲ​တင်း​တဲ့​သဘော​ထား​ကို ဖော်​ပြတဲ့ လုပ်​ရပ်​ကို ဆိုလို​တယ်။ အခွင့်​အာ​ဏာ၊ ပညတ်​တွေ၊ စံနှုန်း​တွေ​ကို မခန့်​လေး​စား၊ မထီ​မဲ့​မြင်​ပြု​တဲ့ စိတ်​ဓာတ်​ကို​လည်း ဆိုလို​တယ်။ အသေး​အဖွဲ​အမှား​တွေ​ကို မဆိုလို​ပါ။—ဂ ၅:၁၉။ ၂​ပ ၂:၇

  • မြင့်မြတ်​တဲ့​လျှို့ဝှက်​ချက်။

    ဘုရား​သခင့် ရည်​ရွယ်​ချက်​ရဲ့ ကဏ္ဍ​တစ်​ခု​ဖြစ်​ပြီး ဘုရား​သတ်​မှတ်​ချိန် မရောက်​မချင်း မသိ​ရ​ဘူး။ ဘုရား​အသိ​ပေး​ဖို့ ရွေး​ချယ်​ထား​သူ​တွေ​ကို​သာ ဖွင့်​ပြတယ်။—မာ ၄:၁၁။ ကော ၁:၂၆

  • မြင်း​ရ​ထား။

    စစ်​ပွဲ​မှာ အဓိ​က​သုံး​တဲ့ နှစ်​ဘီး​တပ် မြင်း​ဆွဲ​ယာဉ်။—ထွ ၁၄:၂၃။ သူ ၄:၁၃။ တ ၈:၂၈

  • မှိုရော​ဂါ။

    မှို​ကြောင့်​ဖြစ်​တဲ့ ကပ်​ပါး​ရော​ဂါ​တစ်​မျိုး။ ကျမ်း​စာ​မှာ​ပါ​တဲ့ မှိုရော​ဂါ​ဟာ အပင်​မှာ​စွဲ​တဲ့​မှို ဖြစ်​နိုင်​တယ်။—၁ဘု ၈:၃၇

  • ယာကုပ်။

    အိ​ဇက်​နဲ့ ရေ​ဗက္ကာရဲ့ သား။ ဘုရား​သခင်​က သူ့​ကို နောက်​ပိုင်း​မှာ အစ္စရေးလို့ နာ​မည်​ပေး​ခဲ့​တယ်။ အစ္စရေး​လူမျိုး (နောက်​ပိုင်း​မှာ ဂျူး​လူမျိုး) ရဲ့​ဘိုး​ဘေး ဖြစ်​လာ​တယ်။ သား ၁၂ ယောက်​ရှိ​ပြီး သူတို့​ရဲ့​သား​မြေး​က​နေ အစ္စရေး​လူမျိုး ၁၂ နွယ် ဆင်း​သက်​လာ​တယ်။ ယာကုပ်​ဆို​တဲ့​နာ​မည်​ကို အစ္စရေး​လူမျိုး၊ အစ္စရေး​နိုင်​ငံ​အတွက် ဆက်​အသုံး​ပြု​တယ်။—က ၃၂:၂၈။ မ ၂၂:၃၂

  • ယေဟောဝါ။

    တက်​တြာ​ဂရာ​မီ​တန် (ဘုရား​သခင့်​နာ​မည်​အတွက် ဟီ​ဘ​ရူး​အက္ခရာ ၄ လုံး) ကို မြန်​မာ​လို အသံ​လှယ်​ထား​တဲ့ နာ​မည်။ ဒီ​ဘာ​သာ​ပြန်​ကျမ်း​မှာ အကြိမ် ၇,၀၀၀ ကျော်​ ပါ​ရှိ​တယ်။—နောက်​ဆက်​တွဲ က​၄ နဲ့ က၅ ကိုကြည့်။

  • ယေ​ဒု​သုန်။

    ဆာလံ ၃၉၊ ၆၂၊ ၇၇ ထိပ်​စီး​မှာ​ပါ​တဲ့​အ​ဓိပ္ပာယ်​မသေချာ​တဲ့ ဝေါ​ဟာ​ရ။ ဒီ​ထိပ်​စီး​တွေ​ဟာ ဆာလံ​သီချင်း သီဆို​တီး​မှုတ်​သူ​တွေ​အတွက် အသုံး​ပြု​ရ​မယ့် သီ​ဆို​ဟန်၊ တူ​ရိ​ယာ​ကို ညွှန်​ကြား​တာ ဖြစ်​နိုင်​တယ်။ ယေ​ဒု​သုန်​လို့​ခေါ်​တဲ့ လေ​ဝိသီချင်း​သည်​တစ်​ယောက် ရှိ​ခဲ့​တဲ့​အတွက် ဒီသီဆို​ဟန်၊ တူ​ရိ​ယာ​ဟာ သူ​နဲ့​ဖြစ်​ဖြစ်၊ သူ့​သား​တွေ​နဲ့​ဖြစ်​ဖြစ် ဆက်​စပ်​နိုင်​တယ်။

  • ယုဒ။

    ယာကုပ်​နဲ့ လေ​အာ​ရဲ့ စ​တုတ္ထ​သား။ ယာကုပ်​က သေဆုံး​ခါ​နီး​မှာ ယုဒ​အနွယ်​က​နေ ကြီးမြတ်​တဲ့ ထာ​ဝ​ရ​အုပ်​စိုး​ရှင်​တစ်ပါး ပေါ်​ထွန်း​မယ်​လို့ ကြို​ဟော​ခဲ့​တယ်။ ယေရှု​ဟာ လူ​သား​အဖြစ် ယုဒ​အနွယ်​က​နေ မွေး​ဖွား​လာ​တယ်။ ဒီ​စကား​လုံး​ဟာ ယုဒ​အနွယ်​နဲ့ ယုဒ​ပြည်​ကို​လည်း ရည်​ညွှန်း​တယ်။ တောင်​ပိုင်း​နိုင်​ငံ​အဖြစ် ဖော်​ပြတဲ့​အခါ ယုဒ​ပြည်​ဟာ အစ္စရေး​လူမျိုး​ထဲ​က ယုဒ​အနွယ်၊ ဗင်​ယာ​မိန်​အနွယ်​တို့​နဲ့ ဖွဲ့​စည်း​ထား​ပြီး ပုရော​ဟိတ်​တွေ၊ လေ​ဝိသား​တွေ​လည်း ပါ​ဝင်​တယ်။ ယုဒ​ပြည်​ဟာ အစ္စရေး​ပြည်​ရဲ့ တောင်​ဘက်​ဒေ​သဖြစ်​ပြီး ဂျေရု​ဆ​လင်​နဲ့ ဗိမာန်​တော် ပါ​ဝင်​တယ်။—က ၂၉:၃၅။ ၄၉:၁၀။ ၁ဘု ၄:၂၀။ ဟီ ၇:၁၄

  • ယု​ဘိ​လ​နှစ်။

    ကတိ​ထား​ရာ​ပြည်​ထဲ အစ္စရေးတွေ ဝင်​ရောက်​တဲ့​နှစ်​က​စ​ပြီး နှစ် ၅၀ ပြည့်​တဲ့​နှစ်​တိုင်း။ လွတ်​လပ်​ခွင့်​ရ​တဲ့​နှစ်​အတွင်း မြေကို အလွတ်​ထား​ရ​တယ်။ ဟီဘရူး​ကျွန်​တွေ​ကို လွှတ်​ပေး​ရ​တယ်။ ကိုယ့်​ဆီ​ရောင်း​ထား​တဲ့ အမွေ​မြေတွေ​ကို ပြန်​အပ်​ရ​တယ်။ လွတ်​လပ်​ခွင့်​ရ​တဲ့​နှစ် တစ်​နှစ်​ပတ်​လုံး​ဟာ ပွဲ​တော်​ကာလ​ဖြစ်​ပြီး ဘုရား​ပေး​ခဲ့​တဲ့ န​ဂို​အခြေ​အနေ​ကို အစ္စရေး​တစ်​မျိုး​လုံး ပြန်​လည်​ရ​ရှိ​တဲ့ လွတ်​လပ်​ခွင့်​ရ​တဲ့​နှစ် ဖြစ်​တယ်။—ဝ ၂၅:၁၀

  • ယူ​ဖရေး​တီး။

    အာ​ရှ​အနောက်​တောင်​ပိုင်း​ရဲ့ အရှည်​ဆုံး၊ အရေး​ပါ​ဆုံး​မြစ်။ မက်​ဆို​ပို​တေး​မီး​ယား​မှာ​ရှိ​တဲ့ အဓိက​မြစ်​နှစ်​စင်း​ထဲ​က တစ်​စင်း။ ကမ္ဘာဦး ၂:၁၄ မှာ ဦးဆုံး​ဖော်​ပြထား​ပြီး ဧ​ဒင်​က​ဖြာ​ထွက်​တဲ့ မြစ်​လေး​သွယ်​ထဲ​မှာ ပါတယ်။ “မြစ်​ကြီး” လို့​လည်း ခေါ်​လေ့​ရှိ​တယ်။ (က ၃၁:၂၁) အစ္စရေးရဲ့ မြောက်​ပိုင်း​နယ်​နိ​မိတ် ဖြစ်​တယ်။ (က ၁၅:၁၈။ ဗ ၁၆:၁၂)—နောက်​ဆက်​တွဲ ခ​၂ ကိုကြည့်။

  • ရာ​ခပ်။

    ယောဘ၊ ဆာလံ​နဲ့ ဟေရှာယ​ကျမ်း​မှာ​ပါ​တဲ့ တင်စား​ချက်။ (ယောရှု​ကျမ်း​က ရာ​ခပ် မဟုတ်​ပါ။) ယောဘ​ကျမ်း​မှာ​တော့ ပင်လယ်​သတ္တ​ဝါ​ကြီး​ကို ရည်​ညွှန်း​မှန်း စကား​စပ်​အရ သိ​ရ​တယ်။ တ​ခြား​စကား​စပ်​တွေ​မှာ အီဂျစ်​ကို တင်​စား​တယ်။—ယ​ဘ ၉:၁၃။ ဆ ၈၇:၄။ ရှာ ၃၀:၇။ ၅၁:၉၊ ၁၀

  • ရောက်​ရှိ​နေ​ခြင်း။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​ပါ​တဲ့ စကား​စပ်​တ​ချို့​အရ ဒီ​စကား​လုံး​ဟာ မေရှိ​ယ​ဘု​ရင်​အဖြစ် မျက်​မြင်​မရ​နည်း​နဲ့ နန်း​ထိုင်​ချိန်​က​စ​ပြီး ဒီ​လော​က​စနစ်​ရဲ့ အဆုံး​ပိုင်း​ကာလ​တစ်​လျှောက် ဘု​ရင်​အဖြစ် ယေရှု​ခ​ရစ် ရောက်​ရှိ​နေ​ခြင်း​ကို ဆိုလို​တယ်။ ခ​ရစ်​တော်ရောက်​ရှိ​နေ​ခြင်း​ဟာ ကြွ​လာ​ပြီး ချက်​ချင်း ပြန်​ထွက်​ခွာ​တာ​မျိုး​ မဟုတ်​ဘဲ အချိန်​အတိုင်း​အတာ​တစ်​ခု​အထိ ကြာ​ရှည်​တယ်။—မ ၂၄:၃

  • ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်။

    ဂရိ​လို “ပါ​ရဲ​စီး​ယာ” လို့​ခေါ်​ပြီး ခရစ်​ယာန်​ယုံ​ကြည်​ချက်​အကြောင်း ပွင့်​လင်း​လွတ်​လပ်​စွာ ပြော​ဆို​ခြင်း​ကို ဆိုလို​တယ်။ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ခြင်း၊ ရဲရင့်​ခြင်း၊ သတ္တိ​ရှိ​ခြင်း၊ ဘုရား​သခင်​ဆီ ဆုတောင်း​တဲ့​အခါ အမျက်​တော်​ခံ​ရ​မှာ စိုး​ရိမ်​ကြောက်​ရွံ့​စိတ် မရှိ​ခြင်း​ကို​လည်း ဆိုလို​တယ်။ ဘုရား​သခင်​နဲ့ ကိုယ့်​ဆက်ဆံ​ရေး​အပေါ် လူ​တစ်​ဦးရဲ့ သဘော​ထား​လည်း ပါ​ဝင်​တဲ့​အတွက် အဓိပ္ပာယ်​ကျယ်​ပြန့်​တယ်။—တ ၂၈:၃၁။ ဧ ၃:၁၂။ ၁​တိ ၃:၁၃

  • ရင်​ဖုံး။

    သန့်​ရှင်း​ရာ​ဌာန​ထဲ အစ္စရေး​ပု​ရော​ဟိတ်​မင်း ဝင်​တဲ့​အခါ ဝတ်​ဆင်​ရ​တဲ့ ကျောက်​မျက်​စီ​ခြယ်​ထား​တဲ့ ရင်​ဖုံး​တစ်​မျိုး။ ယေဟောဝါ​ရဲ့ စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို ဖော်​ပြဖို့ အသုံး​ပြု​လေ့​ရှိ​တဲ့ ဥ​ရိမ်​နဲ့​သု​မိမ်​ကို အဲဒီ​ရင်​ဖုံး​ထဲ​မှာ ထည့်​ထား​တဲ့​အတွက် “တ​ရား​စီ​ရင်​ချက် ရင်​ဖုံး” လို့​ခေါ်​တယ်။ (ထွ ၂၈:၁၅-၃၀)—နောက်​ဆက်​တွဲ ခ​၅ ကို​ကြည့်။

  • ရိတ်​သိမ်း​ပွဲ ခု​နစ်​သီ​တင်း​ပွဲ။

    ပင်​တေ​ကု​တ္တေ​ပွဲ​ကို​ကြည့်။

  • ရုပ်​တု ရုပ်​တု​ကိုးကွယ်​ခြင်း။

    ဝတ်​ပြု​ရေး​မှာ လူ​တွေ​သုံး​တဲ့ ဆင်း​တု၊ ရုပ်​ပွား။ ပကတိ​ရုပ်​တု ဖြစ်​နိုင်​သလို စိတ်​ကူး​ထဲ​က​လည်း ဖြစ်​နိုင်​တယ်။ ရုပ်​တု​ကိုးကွယ်​ခြင်း​ဆို​တာ ရုပ်တု​တွေ​ကို ကြည်​ညိုမြတ်​နိုး​ကိုးကွယ်​ခြင်း​ဖြစ်​တယ်။—ဆ ၁၁၅:၄။ တ ၁၇:၁၆။ ၁​က ၁၀:၁၄

  • ရွေး​ဖိုး။

    သုံ့​ပန်း​ဘဝ၊ ပြစ်​ဒဏ်၊ ဆင်း​ရဲ​ဒုက္ခ၊ အပြစ်​တရား၊​ တာဝန်​တစ်​ခု​ခု​က​နေ လွတ်​မြောက်​ဖို့ ပေး​ရ​တဲ့ အဖိုး​အခ။ ရွေး​ဖိုး​ဆို​တာ ငွေ​ကြေး​ကို​ပဲ မဆိုလို​ပါ။ (ရှာ ၄၃:၃) ရွေး​ဖိုး​ပေး​ဖို့ လို​အပ်​တဲ့ အခြေ​အနေ အမျိုး​မျိုး​ရှိ​နိုင်​တယ်။ ဥပမာ၊ အစ္စရေး​ပြည်​မှာ လူ​နဲ့​တိ​ရစ္ဆာန် သား​ဦး​မှန်​သမျှ​ကို​ ယေဟောဝါ​ပိုင်​တယ်။ ဒါ​ကြောင့် ယေဟောဝါ​အတွက် အမှု​ဆောင်​ရ​တဲ့ တာဝန်​က​နေ သူတို့​ကင်း​လွတ်​နိုင်​ဖို့ ရွေး​ဖိုး​ပေး​ဆောင်​ရ​တယ်။ (တ​လ ၃:၄၅၊ ၄၆။ ၁၈:၁၅၊ ၁၆) နွား​ကို မချည်​ထား​လို့ လူ​ကို​ခွေ့​သတ်​မိ​ရင် ပိုင်​ရှင်​က သေဒဏ်​က​နေ လွတ်​မြောက်​ဖို့ ရွေး​ဖိုး​ပေး​ရ​တယ်။ (ထွ ၂၁:၂၉၊ ၃၀) တ​မင်​တ​ကာ လူ​သတ်​တဲ့​သူ​အတွက်​တော့ ရွေး​ဖိုး​ပေး​လို့ မရ​ဘူး။ (တ​လ ၃၅:၃၁) ယေရှု​က နာ​ခံ​မှု​ရှိ​တဲ့ လူ​သား​တွေ​ကို အပြစ်​နဲ့ သေခြင်း​က​နေ လွတ်​မြောက်​စေ​ဖို့ ပူ​ဇော်​သက္ကာ​အဖြစ် အသေခံ​ပြီး ရွေး​ဖိုး​ပေး​ခဲ့​တဲ့​အကြောင်း​ကို ကျမ်း​စာ​မှာ အဓိ​က အလေး​ပေး​ဖော်​ပြတယ်။—ဆ ၄၉:၇၊ ၈။ မ ၂၀:၂၈။ ဧ ၁:၇

  • ရှ​မာ​ရိ။

    နှစ်​ပေါင်း ၂၀၀ နီး​ပါး တည်​ရှိ​ခဲ့​တဲ့ မြောက်​ပိုင်း အစ္စရေး​ဆယ်​နွယ်​နိုင်​ငံ​ရဲ့ မြို့​တော် ဒါ​မှ​မဟုတ် ရှ​မာ​ရိ​ပြည်​တစ်​ခု​လုံး။ ရှ​မာ​ရိ​တောင်​ပေါ်​မှာ မြို့​တော် တည်​ထား​တယ်။ ယေရှု​ခေတ်​မှာ​တော့ မြောက်​ဘက်​ဂါ​လိ​လဲ​နယ်​နဲ့ တောင်​ဘက်​ယုဒ​နယ်​ကြား​မှာ တည်​ရှိ​တဲ့ ရော​မ​ခရိုင်​တစ်ခု​ရဲ့ နာ​မည်​ဖြစ်​တယ်။ ယေရှု​က ရှ​မာ​ရိ​ပြည်​ကို သွား​ဟော​ပြော​လေ့​မရှိ​ပေမဲ့ တစ်​ခါ​တစ်​ရံ​မှာ​တော့ ဖြတ်​သန်း​သွား​ရင်း​နဲ့ အဲဒီ​နယ်​သား​တွေ​ကို ဟော​ပြော​ခဲ့​တယ်။ ပေတရု​က ကောင်း​ကင်​နိုင်​ငံ​ရဲ့ ဒုတိ​ယ​သော့​ကို အသုံး​ပြု​တဲ့​အခါ ရှ​မာ​ရိ​လူ​တွေ သန့်​ရှင်း​သော စွမ်းအား​တော် ရ​ရှိ​ခဲ့​တယ်။ (၁​ဘု ၁၆:၂၄။ ယ​ဟ ၄:၇။ တ ၈:၁၄)—နောက်​ဆက်​တွဲ ခ​၁၀ ကို​ကြည့်။

  • ရှ​မာ​ရိ​လူမျိုး။

    အစ​ပိုင်း​မှာ မြောက်​ပိုင်း​ဆယ်​နွယ်​နိုင်​ငံ​မှာ​နေ​တဲ့ အစ္စရေးတွေ​ကို ရှ​မာ​ရိ​လူမျိုး​လို့ ခေါ်​တယ်။ ဘီစီ ၇၄၀​ မှာ ရှ​မာ​ရိ​ပြည်​ကို အဆီး​ရီး​ယား​တွေ သိမ်း​ပိုက်​ပြီး​နောက်​မှာ​တော့ ခေါ်​လာ​တဲ့ တိုင်း​တစ်ပါး​သား​တွေ​ကို​ပါ ဆိုလို​တယ်။ ယေရှု​ခေတ်​ရောက်​တော့ လူမျိုး၊ နိုင်​ငံ​ကို အစွဲ​ပြု​တဲ့​နာ​မည် မဟုတ်​တော့​ဘဲ ရှေး​ခေတ် ရှေ​ခင်​မြို့​နဲ့ ရှ​မာ​ရိ​မြို့​ဝန်း​ကျင်​က ဘာ​သာ​ရေး​ဂိုဏ်း​ဝင်​တွေ​ကို ဆိုလို​တယ်။ သူတို့​ရဲ့ ယုံကြည်​ချက်​တ​ချို့​က ဂျူး​ဘာ​သာ​နဲ့ လုံး​ဝ​ကွဲ​ပြား​တယ်။—ယ​ဟ ၈:၄၈

  • ရှေ​ဗတ်။

    ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ရ​ပြီး​နောက် ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၁၁ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ​ ၅ လ​မြောက်။ ဇန်​န​ဝါ​ရီ​လ​လယ်​က​နေ ဖေဖော်​ဝါ​ရီ​လ​လယ်​အထိ ကျ​ရောက်​တယ်။ (ဇာ ၁:၇)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • ရှေ​မိ​နိတ်​သံ။

    “ရှစ်​ခု​မြောက်” လို့​အဓိပ္ပာယ်ရ​တဲ့ ဂီ​တ​ဝေါဟာရ​ဖြစ်​ပြီး အနိမ့်​သံ​ကို ဆိုလို​တယ်။ တူ​ရိ​ယာ​အတွက်​ဆို​ရင် ဘေ့စ်​သံ(ဘယ်​သံ)ထွက်​တဲ့ တူ​ရိ​ယာ​ကို၊ သီချင်း​အတွက်​ဆို​ရင်​တော့ အနိမ့်​သံ​နဲ့ သီ​ဆို​ရ​တဲ့​အဖွဲ့​ကို ရည်​ညွှန်း​တယ်။—၁ရ ၁၅:၂၁။ ဆ ၆ ထိပ်​စီး။ ၁၂ ထိပ်စီး

  • ရှေ့​တော်​မုန့်။

    တဲ​တော်​နဲ့ ဗိမာန်​တော်ရဲ့ သန့်​ရှင်း​ရာ​အခန်း​မှာ ခြောက်​ခု​စီ ဆင့်​ထား​တဲ့ မုန့်​နှစ်​ပုံ။ “အဆင့်​ဆင့်​တင်​ထား​တဲ့​မုန့်” လို့​လည်း​ခေါ်​တယ်။ ဥ​ပုသ်​နေ့​ရောက်​တိုင်း မုန့်​အသစ် လဲ​ပေး​ရ​တယ်။ မုန့်​အဟောင်း​ကို ပု​ရော​ဟိတ်​တွေ​ပဲ စား​ရ​တယ်။ (၂​ရ ၂:၄။ မ ၁၂:၄။ ထွ ၂၅: ၃၀။ ဝ ၂၄:၅-၉။ ဟီ ၉:၂)—နောက်​ဆက်​တွဲ ခ​၅ ကို​ကြည့်။

  • ရှော​လ​မုန်​စင်္ကြံ။

    ယေရှု​ခေတ်​မှာ ဗိမာန်​တော်​အရှေ့​ဘက် အပြင်​ရင်​ပြင်​က အမိုး​ပါ​တဲ့ လူ​သွား​လမ်း။ ရှော​လ​မုန်​ဆောက်​ခဲ့​တဲ့ ဗိမာန်​တော်ရဲ့ ကျန်​တဲ့​အပိုင်း​လို့ လူ​အများ ယုံကြ​တယ်။ ယေရှု​က ‘ဆောင်း​တွင်းမှာ’ အဲဒီ​စင်္ကြံ​ပေါ် လမ်း​လျှောက်​ခဲ့​တယ်။ အစော​ပိုင်း​ခ​ရစ်​ယာန်တွေ​လည်း အဲဒီ​မှာ အတူ​စု​ဝေး​ပြီး ဝတ်​ပြု​ခဲ့​ကြ​တယ်။ (ယ​ဟ ၁၀:၂၂၊ ၂၃။ တ ၅:၁၂)—နောက်​ဆက်​တွဲ ခ​၁၁ ကို​ကြည့်။

  • ရှင်​ပြန်​ထ​မြောက်​ခြင်း။

    သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ခြင်း။ ဂရိ​လို ‘အနာ​စ​တာ​စစ်’ လို့​ခေါ်​ပြီး စာ​သား​အရ “ထလာ​ခြင်း၊ မတ်​တတ်​ရပ်​ခြင်း” ဆို​တဲ့ အဓိပ္ပာယ်​ရှိ​တယ်။ ကျမ်း​စာ​ထဲ​မှာ ရှင်​ပြန်​ထ​မြောက်​ခြင်း​မှတ်​တမ်း ၉ ခု ပါ​တယ်။ တစ်​ခု​က ယေရှု​ကို ယေဟောဝါ​ဘုရား​ ရှင်ပြန်​ထ​မြောက်​ပေး​တာ၊ ကျန်​တာ​တွေ​က​တော့ ဧလိယ၊ ဧလိရှဲ၊ ယေရှု၊ ပေတရု​နဲ့ ပေါလု​တို့​ ထမြောက်​ပေး​ခဲ့​တာ ဖြစ်​တယ်။ အဲဒီ​အံ့​ဖွယ်​အမှု​အားလုံး​ဟာ ဘုရား​သခင်​ရဲ့​တန်ခိုး​ကို ထင်​ရှား​စေ​ခဲ့​တယ်။ “ဖြောင့်​မတ်​သူ​ရော မဖြောင့်​မတ်​သူ​တွေ​ပါ” ကမ္ဘာ​မြေပေါ် ရှင်​ပြန်​ထ​မြောက်​လာ​မယ်​ဆို​တဲ့ အချက်​ဟာ ဘုရား​သခင်​ရဲ့ ရည်ရွယ်​ချက်​ထဲ​မှာ အရေး​ပါ​တယ်။ (တ ၂၄:၁၅) ကျမ်း​စာ​ထဲ​မှာ ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​မယ့်​သူ​တွေ​အကြောင်း ဖော်​ပြထား​ပြီး “အစော​ပိုင်း” ဒါ​မှ​မဟုတ် “ပထ​မ” ရှင်​ပြန်​ထ​မြောက်​ခြင်း​လို့ သုံး​နှုန်း​ထား​တယ်။ စွမ်းအား​တော်​နဲ့ ဘိ​သိက်​ပေး​ခံ​ရ​ပြီး ယေရှု​ရဲ့​တ​ပည့်​ဖြစ်​လာ​သူ​တွေ ပါ​ဝင်​တယ်။—ဖိ ၃:၁၁။ ဗ ၂၀:၅၊ ၆။ ယ​ဟ ၅:၂၈၊ ၂၉။ ၁၁:၂၅

  • ရှယ်​ကယ်။

    ဟီ​ဘ​ရူး​တွေရဲ့ အလေး​ချိန်​ယူ​နစ်​နဲ့ ငွေ​ကြေး​ယူ​နစ်။ တစ်​ရှယ်​ကယ်​က ၁၁.၄ ဂရမ် ရှိ​တယ်။ “သန့်​ရှင်း​ရာ​ဌာန​တော်ရဲ့ စံ​အလေး​ချိန်” ဆို​တဲ့​အသုံး​အနှုန်း​က အလေး​ချိန် တိကျ​ရ​မယ်၊ တဲ​တော်​မှာ​ရှိ​တဲ့ စံ​အလေး​ချိန်​နဲ့ ကိုက်​ညီ​ရ​မယ်​ဆို​တာ​ကို အလေး​ပေး​ဖော်​ပြတယ်။ အများ​သုံး​ရှယ်​ကယ်​နဲ့ မတူ​တဲ့ နန်း​တွင်း​သုံး ရှယ်​ကယ်၊ စံ​အလေး​ချိန်​လည်း ရှိ​နိုင်​တယ်။—ထွ ၃၀:၁၃

  • လ​ဆန်း။

    ဂျူး​ပြက္ခ​ဒိန်​မှာ လ​တိုင်း​ရဲ့ ပထ​မနေ့။ စု​ဝေး​စားသောက်​ပြီး အထူး​ပူ​ဇော်​သက္ကာတွေ ဆက်​သတဲ့​နေ့​ဖြစ်​တယ်။ နောက်​ပိုင်း​မှာ အစ္စရေး​တစ်​မျိုး​လုံး​အတွက် အရေး​ပါ​တဲ့​ပွဲ​နေ့ ဖြစ်​လာ​ပြီး အလုပ်​နား​ကြ​တယ်။—တ​လ ၁၀​:​၁၀။ ၂ရ ၈​:​၁၃။ ကော ၂​:​၁၆

  • လ​ဝိသန်။

    ရေ​မှာ အနေ​များ​တဲ့ တိ​ရစ္ဆာန်၊ ရေ​သတ္တ​ဝါ​တစ်မျိုးမျိုး ဖြစ်​နိုင်​တယ်။ ယောဘ ၃:၈ နဲ့ ၄၁:၁ မှာ​ပါ​တဲ့ လ​ဝိသန်​ဟာ မိ​ကျောင်း ဒါ​မှ​မဟုတ် ကြီး​မား​သန်​စွမ်း​တဲ့ ရေ​သတ္တ​ဝါ​တစ်​မျိုး​ကို ဆိုလို​တယ်။ ဆာလံ ၁၀၄:၂၆ မှာ​တော့ ဝေ​လ​ငါး​တစ်​မျိုး ဖြစ်​နိုင်​တယ်။ ကျန်​တဲ့​နေ​ရာ​မှာ​တော့ တင်​စား​သုံး​နှုန်း​တာ​ဖြစ်​ပြီး ဘာ​တိ​ရစ္ဆာန်​ဖြစ်​မှန်း တိ​တိ​ကျ​ကျ မပြော​နိုင်​ဘူး။—ဆ ၇၄:၁၄။ ရှာ ၂၇:၁

  • လူ​စု​ကြီး အသင်း​တော်။

    ရည်​ရွယ်​ချက်၊ လုပ်​ဆောင်​မှု​အတွက် စု​ဝေး​တဲ့​လူ​စု။ ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ အစ္စရေး​လူမျိုး​ကို ရည်​ညွှန်း​လေ့​ရှိ​တယ်။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​တော့ အသင်း​တော်​တစ်​ခု​ကို ရည်​ညွှန်း​လေ့​ရှိ​တယ်၊ အများ​အား​ဖြင့် အသင်း​တော်​အားလုံး​ကို ရည်​ညွှန်း​လေ့​ရှိ​တယ်။—၁​ဘု ၈:၂၂။ တ ၉:၃၁။ ရ ၁၆:၅

  • လူမျိုး​ဆက်။

    အချိန်​ကာလ​တစ်​ခု​အတွင်း အသက်​ရှင်​ချိန် တစ်​ထပ်​တည်း​ကျ​ခဲ့​သူ အသက်​အရွယ် အသီး​သီး​ရှိ​တဲ့ လူ​တွေ​ကို ရည်​ညွှန်း​တယ်။ (ထွ ၁:၆) အတိတ် ဒါ​မှ​မဟုတ် အနာ​ဂတ်​ကို ရည်​ညွှန်း​တဲ့ အချိန်​အတိုင်း​အတာ​တစ်​ခု​အနေ​နဲ့​လည်း အသုံး​ပြု​တယ်။ (ဧ ၃:၂၁) အကျင့်​စ​ရိုက်၊ အခြေ​အနေ တစ်​ခု​ခု​ကြောင့် သိ​သာ​ထင်​ရှား​နေ​တဲ့ လူ​တစ်​စု​ကို​လည်း ဆိုလို​နိုင်​တယ်။—မ ၁၂:၃၉။ မာ ၈:၃၈။ ဖိ ၂:၁၅

  • လူ​သား။

    ခ​ရစ်​ဝင်​ကျမ်း​တွေ​မှာ အကြိမ် ၈၀ နီး​ပါး​တွေ့​ရ​တဲ့ ဒီ​စကား​လုံး​ဟာ ယေရှု​ခ​ရစ်​ကို ရည်​ညွှန်း​တယ်။ သွေး​သား​ခန္ဓာ​နဲ့ မွေး​ဖွား​လာ​တဲ့ ယေရှု​ဟာ လူ​သား​တစ်​ယောက်​ဖြစ်​မှန်း၊ ရုပ်​ခန္ဓာ​ယူ​ထား​တဲ့ ဝိညာဉ်​ပုဂ္ဂိုလ်​မဟုတ်​မှန်း ဒီ​စကား​လုံး​က ဖော်​ပြတယ်။ ဒံယေလ ၇​:​၁၃၊ ၁၄ မှာ​ပါ​တဲ့ ပရော​ဖက်​ပြု​ချက်​ကို ယေရှု​ပြည့်​စုံ​စေ​မယ်​ဆို​တာ​ကို​လည်း ဒီ​စကား​လုံး​က ဖော်​ပြတယ်။ ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ​တော့ ယေဇကျေလ​နဲ့ ဒံယေလ​ကို လူ​သား​လို့ ခေါ်​ဆို​ထား​တယ်။ အဲဒီ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​တွေ​ဟာ သေမျိုး​တွေ​ဖြစ်​ပြီး သတင်း​စကား ပြော​ခိုင်း​တဲ့​အရှင်​နဲ့ ကွာ​ခြား​တာ​ကို ပေါ်​လွင်​စေ​တယ်။—ယ​ဇ ၃:၁၇။ ဒံ ၈:၁၇။ မ ၁၉:၂၈။ ၂၀:၂၈

  • လေ​ဝိ လေ​ဝိအနွယ်။

    ယာကုပ်​နဲ့ လေ​အာ​ရဲ့ တ​တိ​ယ​သား။ သူ့​နာ​မည်​ကို​အစွဲ​ပြု​ပြီး လေ​ဝိအနွယ် ဖြစ်​လာ​တယ်။ သူ့​သား​သုံး​ယောက်​ဟာ လေ​ဝိအမျိုး​သား​တွေရဲ့ ပုရော​ဟိတ်​တာဝန်​ကို ထမ်း​ဆောင်​မယ့် အဓိ​က​အုပ်​စု သုံး​စု​ရဲ့​ဖခင်​တွေ ဖြစ်​လာ​တယ်။ တစ်​ခါ​တ​လေ “လေ​ဝိ” ဆို​တဲ့ စကား​လုံး​ဟာ တစ်​နွယ်​လုံး​ကို ဆိုလို​တာ​ဖြစ်​ပေမဲ့ အများ​အား​ဖြင့် အာ​ရုန်ရဲ့ ပုရော​ဟိတ်​မိသား​စု​တွေ မပါ​ဘူး။​ လေဝိ​အနွယ်​ဟာ ကတိ​ထား​ရာ​ပြည်​မှာ ကိုယ်​ပိုင်​အမွေ​မြေ မရ​ပေမဲ့ တ​ခြား​မျိုး​နွယ်​တွေရဲ့ အမွေ​မြေထဲ​မှာ ၄၈ မြို့​ကို ရ​ရှိ​တယ်။—တ​ရ ၁၀:၈။ ၁​ရ ၆:၁။ ဟီ ၇:၁၁

  • လော​က​စ​နစ်။

    ဂရိ​စကား​လုံး ‘အေယွန်’ ကို ပြန်​ဆို​ထား​တာ​ဖြစ်​ပြီး တ​ခြား​အချိန်​ကာလ၊ တ​ခြား​ခေတ်​ကာလ​နဲ့ မတူ​တဲ့ လက်​ရှိ​ခေတ်​ရဲ့ အခြေ​အနေ​နဲ့ ကြန်​အင်​လက္ခ​ဏာတွေ​ကို ရည်​ညွှန်း​တယ်။ ကျမ်း​စာ​မှာ “လက်​ရှိ​လော​က​စ​နစ်” လို့​ပြော​တဲ့​အခါ လော​က​မှာ လွှမ်း​မိုး​ပျံ့​နှံ့​နေ​တဲ့ အခြေ​အနေ​နဲ့ လော​က​ဘဝ​ပုံ​စံ​ကို ရည်​ညွှန်း​တယ်။ (၂​တိ ၄:၁၀) ဘုရား​သခင်​က ပညတ်​ပဋိ​ညာဉ်​အား​ဖြင့် လော​က​စ​နစ်​တစ်​ခု​ကို အစ​ပြု​ခဲ့​တယ်။ အဲဒီ​စ​နစ်​ကို အစ္စရေး​ခေတ် ဒါ​မှ​မဟုတ် ဂျူး​ခေတ်​လို့ တ​ချို့​ခေါ်​ကြ​တယ်။ ဘုရား​သခင်​က ယေရှု​ခ​ရစ်​ကို အသုံး​ပြု​ပြီး ရွေး​ဖိုး​ပူ​ဇော်​သက္ကာ​အား​ဖြင့် လော​က​စ​နစ်​နောက်​တစ်​ခု​ကို အစ​ပြု​ခဲ့​ပြန်​တယ်။ ဒါ​ကြောင့် ခေတ်​ကာလ​သစ်​တစ်​ခု စတင်​ခဲ့​တယ်။ အဲဒီ​လော​က​စ​နစ်​ဟာ ဘိ​သိက်​ခံ​ခရစ်​ယာန် အသင်း​တော်​နဲ့ အဓိ​က​သက်​ဆိုင်​တယ်။ ပညတ်​ပဋိ​ညာဉ်​မှာ အရိပ်​အမြွက် ဖော်ပြထား​တာ​တွေ အမှန်​တကယ် ဖြစ်​ပျက်​လာ​တာ​ဟာ အဲဒီ​လော​က​စ​နစ်​ရဲ့ ကြန်​အင်​လက္ခ​ဏာ​ဖြစ်​တယ်။ အများ​ကိ​န်း သုံး​ထား​တဲ့​အခါ ဒီ​စကား​စု​ဟာ တည်​ရှိ​ခဲ့​တဲ့ ဒါ​မှ​မဟုတ် တည်​ရှိ​လာ​မယ့် လော​က​စ​နစ်​အမျိုး​မျိုး ဒါ​မှ​မဟုတ် လွှမ်း​မိုး​ပျံ့​နှံ့​နေ​တဲ့ အခြေ​အနေ​အမျိုး​မျိုး​ကို ရည်​ညွှန်း​တယ်။ တ​ချို့​စကား​စပ်​မှာ နေ၊ လ၊ ကြယ်၊ ကမ္ဘာ​မြေအပါ​အဝင် ဖန်​ဆင်း​ရာ​အားလုံး​ကို​လည်း ရည်​ညွှန်း​တယ်။—မ ၂၄:၃။ မာ ၄:၁၉။ ရ ၁၂:၂။ ၁​က ၁၀:၁၁။ ဟီ ၁:၂။ ၁၁:၃

  • လော​က​စ​နစ်​နိ​ဂုံး​ပိုင်း။

    စာ​တန်​လွှမ်း​မိုး​ထား​တဲ့ လောက​စနစ်​ရဲ့ အဆုံး​ကို ဦး​တည်​နေ​တဲ့ အချိန်​ကာလ​ဖြစ်​ပြီး ခ​ရစ်​တော်ရောက်​ရှိ​နေ​ချိန်​နဲ့ တစ်​ထပ်​တည်း​ကျ​တယ်။ ယေရှု​ရဲ့ ညွှန်​ကြား​မှု​အောက်​မှာ ကောင်း​ကင်​တ​မန်​တွေ​က “ဖြောင့်​မတ်​သူ​တွေ​ထဲ​က​နေ ဆိုး​ညစ်​သူ​တွေ​ကို ခွဲ​ထုတ်​ပြီး” ဖျက်​ဆီး​လိမ့်​မယ်။ (မ ၁၃:၄၀-၄၂၊ ၄၉) အဲဒီ “နိ​ဂုံး​ပိုင်း” ရောက်​လာ​မယ့်​အချိန်​ကို ယေရှု​ရဲ့​တ​ပည့်တွေ စိတ်​ဝင်​စား​ခဲ့​ကြ​တယ်။ (မ ၂၄:၃) ယေရှု​က အဲဒီ​အချိန်​ကာလ​အထိ နောက်​လိုက်​တွေ​နဲ့​အတူ ရှိ​နေ​မယ်​ဆို​ပြီး ကောင်း​ကင်​မတက်​ခင်​မှာ ကတိ​ပေး​ခဲ့​တယ်။—မ ၂၈:၂၀

  • လောဂ။

    ကျမ်း​စာ​မှာ​ပါ​တဲ့ အသေး​ဆုံး အရည်​အခြင်​အတွယ်။ ၁ လောဂ​ဟာ ၁ ဟိန်ရဲ့ ၁/၁၂ ရှိ​တယ်​လို့ ဂျူး​တာ​လ​မွတ်​ကျမ်း​မှာ ဖော်​ပြထား​တယ်။ ဒါ​ကို အခြေ​ခံ​ပြီး တွက်​ရင် ၁ လောဂ​ဟာ ၀.၃၁ လီ​တာ​ရှိ​တယ်။ (ဝ ၁၄:၁၀)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • လော​ဗန်။

    သစ်​စေး​ပင်​တစ်​မျိုး​က​နေ ရ​ရှိ​တဲ့ သစ်​စေး​ခြောက်။ မီး​ရှို့​တဲ့​အခါ မွှေး​ကြိုင်​တဲ့​ရ​နံ့ ထွက်​တယ်။ တဲတော်​နဲ့ ဗိမာန်​တော်​မှာ​သုံး​တဲ့ နံ့​သာ​ပေါင်း​ထဲ​မှာ လော​ဗန် ပါ​တယ်။ ကောက်​နှံ​အလှူ​နဲ့​လည်း တွဲ​ဖက်​ပူ​ဇော်ရ​တယ်။ သန့်​ရှင်း​ရာ​အခန်း​ထဲ​က ရှေ့​တော်​မုန့်​တစ်​ပုံ​စီ​ပေါ် လော​ဗန်​ကို တင်​ထား​ရ​တယ်။—ထွ ၃၀:၃၄-၃၆။ ဝ ၂:၁။ ၂၄:၇။ မ ၂:၁၁

  • လံ။

    ရေ​အနက်​ကို တိုင်း​တာ​တဲ့​စံ။ ၁.၈ မီ​တာ (၆ ပေ) နဲ့​ညီတယ်။ (တ ၂၇:၂၈)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • လက်​ဘ​နွန်​တောင်​တန်း။

    လက်​ဘ​နွန်​ပြည်​မှာ​ရှိ​တဲ့ တောင်​ကြော​နှစ်​ခု​ထဲ​က တစ်​ခု။ လက်​ဘ​နွန်​တောင်​တန်း​ဟာ အနောက်​ဘက်​တောင်​ကြော​ဖြစ်​ပြီး အရှေ့​ဘက်​မှာ အပြိုင်​သွယ်​တန်း​နေ​တဲ့ လက်​ဘ​နွန်​အရှေ့​ရိုးမ​ ရှိတယ်။ တောင်​ကြော​နှစ်​ခု​ကြား​မှာ မြေသြဇာ​ကောင်း​တဲ့ လွင်​ပြင်​ရှိ​တယ်။ လက်​ဘ​နွန်​တောင်​တန်း​ဟာ မြေထဲ​ပင်လယ် ကမ်း​ရိုး​တန်း​ကနေ​စ​ပြီး တောက်​လျှောက်​မြင့်​တက်​သွား​တယ်။ အမြင့် ၁,၈၀၀-၂,၁၀၀ မီ​တာ​ကြား (ပေ ၆,၀၀၀-၇,၀၀၀ ကြား) ရှိ​တယ်။ ရှေး​ခေတ်​လက်​ဘ​နွန်​မှာ ပတ်​ဝန်း​ကျင်​နိုင်​ငံ​တွေ အလွန်​တန်​ဖိုး​ထား​တဲ့ ဧ​ရာ​မသစ်​က​တိုး​ပင်​တွေ ဖုံး​လွှမ်း​ခဲ့​တယ်။ (တ​ရ ၁:၇။ ဆ ၂၉:၆။ ၉၂:၁၂)—နောက်​ဆက်​တွဲ ခ​၇ ကို​ကြည့်။

  • လက်​တာ။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စာ ရေး​တဲ့​ခေတ်​တုန်း​က ဂျူး​တွေ​သုံး​တဲ့ အသေး​ဆုံး ကြေး​နီ​ဒင်္ဂါး။ ဘာ​သာ​ပြန်​ကျမ်း​တ​ချို့​မှာ “ကြေး​ပြား” လို့​ပြန်​ဆို​ထား​တယ်။ (မာ ၁၂:၄၂။ လု ၂၁:၂)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • လက်​တင်​ခြင်း။

    လူ​တစ်​ယောက်​ကို အထူး​တာဝန်​ပေး​ပြီး ခန့်​အပ်​တဲ့​အခါ၊ ကောင်း​ချီး​ပေး​တဲ့​အခါ၊ ရော​ဂါ​ကု​သပေး​တဲ့​အခါ၊ သန့်​ရှင်း​သော စွမ်းအား​တော် ဆု​ကျေး​ဇူး​ပေး​တဲ့​အခါ သူ့​အပေါ် လက်​တင်​လေ့​ရှိ​တယ်။ တစ်​ခါ​တ​လေ တိရစ္ဆာန်တွေ​ကို မပူ​ဇော်​ခင်​မှာ​လည်း လက်​တင်​လေ့​ရှိ​တယ်။—ထွ ၂၉:၁၅။ တ​လ ၂၇:၁၈။ တ ၁၉:၆။ ၁​တိ ၅:၂၂

  • လက်​ထောက်​တ​ရား​သူ​ကြီး။

    ဗာ​ဗု​လုန်​အစိုး​ရ လက်​အောက်​မှာ ရာ​ဇ​ဝတ်​တ​ရား​သူ​ကြီး​တွေ​ဟာ စီ​ရင်​စု​နယ်​က မြို့​ပြအရာ​ရှိ​တွေ ဖြစ်​တယ်။ ဥ​ပဒေ​ကို နား​လည်​ပြီး​ တရား​စီ​ရင်​ခွင့်​အာဏာ အနည်း​ငယ် ရ​ရှိ​တယ်။ ရော​မ​ကိုလိုနီ​နယ်​တွေ​မှာ​တော့ အစိုး​ရ​အုပ်​ချုပ်​ရေး​မှူး​တွေ ဖြစ်​ပြီး သူတို့​ရဲ့​တာဝန်​က ငြိမ်​ဝပ်​ပိ​ပြား​ရေး၊ ဘဏ္ဍာရေး၊​ ဥပဒေ​ချိုး​ဖောက်​သူ​ကို တရား​စီ​ရင်ရေး၊ ပြစ်​ဒဏ်​ချ​မှတ်​ရေး​တို့ ဖြစ်​တယ်။—​ဒံ ၃:၂။ တ ၁၆:၂၀

  • လောက်​လွှဲ။

    တိ​ရစ္ဆာန်​အရွတ်၊ ကျူ​ပင်​တစ်​မျိုး၊ ဆံ​ပင်​ကို​ကျစ်​ထား​တဲ့ ကြိုး​ပြား၊ သား​ရေ​ကြိုး​ပြား။ ကြိုး​ပြား​အလယ် ဗြက်​ကျယ်​တဲ့​နေ​ရာ​မှာ ကျောက်​စ​ရစ်​ခဲ​ကို​ထည့်၊ ကြိုး​ရဲ့​တစ်​ဖက်​စွန်း​ကို လက် ဒါ​မှ​မဟုတ် လက်​ကောက်​ဝတ်​မှာ ချည်​ပြီး ကျန်​တစ်​ဖက်​စွန်း​ကို ကိုင်​ထား​ရ​တယ်။ လွှဲ​ပြီး​ပစ်​လိုက်​တဲ့​အခါ ကိုင်​ထား​တဲ့ တစ်​ဖက်​စွန်း​ကို လွှတ်​လိုက်​ရ​တယ်။ ရှေး​ခေတ် စစ်​တပ်​တွေ​မှာ လောက်​လွှဲ​သမား​တွေ ခန့်​ထား​တတ်​တယ်။—သူ ၂၀:၁၆။ ၁​ရှ ၁၇:၅၀

  • လိင်​အကျင့်​ယို​ယွင်း​ခြင်း။

    ဂရိ​စကား​လုံး ‘ပေါ်​နီ​ယာ’ ကနေ​ဆင်း​သက်​လာ​ပြီး တား​မြစ်​ထား​တဲ့ လိင်​ဆက်ဆံ​မှု​အမျိုး​မျိုး​ကို ဆိုလို​တယ်။ အိမ်​ထောင်​ရေး​ဖောက်​ပြန်​ခြင်း၊ ပြည့်​တန်​ဆာ​လုပ်​ခြင်း၊ လက်​မထပ်​ဘဲ လိင်​ဆက်ဆံ​ခြင်း၊ လိင်​တူ​ဆက်ဆံ​ခြင်း၊ တိ​ရစ္ဆာန်​နဲ့​ဆက်ဆံ​ခြင်း ပါ​ဝင်​တယ်။ ဗျာဒိတ်​ကျမ်း​မှာ “မဟာ​ဗာ​ဗု​လုန်” ဆို​တဲ့ ဘာ​သာ​ရေး​အဖွဲ့​ကို ရည်​ညွှန်း​တဲ့​အခါ ပြည့်​တန်​ဆာ​နဲ့ တင်​စား​ဖော်​ပြထား​တယ်။ အခွင့်​အာ​ဏာ​နဲ့ စည်း​စိမ်​ဥစ္စာရ​ရှိ​ဖို့ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ​နဲ့ ပေါင်း​ဖက်​နေ​လို့​ပဲ။ (ဗ ၁၄:၈။ ၁၇:၂။ ၁၈:၃။ မ ၅:၃၂။ တ ၁၅:၂၉။ ဂ ၅:၁၉)—ပြည့်​တန်​ဆာ​ကို​ကြည့်။

  • လမ်း​စဉ်။

    ယေဟောဝါ နှစ်​သက်​တဲ့ ဒါ​မှ​မဟုတ် မနှစ်​သက်​တဲ့ လုပ်​ဆောင်​မှု၊ အမူ​အကျင့်​တစ်​ခု​ခု​ကို ရည်​ညွှန်း​တဲ့​အခါ တင်​စား​တဲ့ ကျမ်း​စာ​အသုံး​အနှုန်း။ ယေရှု​ခ​ရစ်ရဲ့ နောက်​လိုက်​ဖြစ်​လာ​သူ​တွေ​ကို “သခင့်​လမ်း​စဉ်” လိုက်​သူ​တွေလို့ ဖော်​ပြထား​တယ်။ သူတို့​ရဲ့​ဘဝ​လမ်း​စဉ်​ဟာ ယေရှု​ခရစ်​ကို ယုံ​ကြည်​ခြင်း​အပေါ် ဗ​ဟို​ပြု​ပြီး ယေရှု​ရဲ့​စံ​န​မူ​နာ​ကို လိုက်​ကြ​တယ်။—တ ၁၉:၉

  • လွတ်​လပ်​သူ လွတ်​မြောက်​သူ။

    ရော​မအုပ်​ချုပ်​ချိန်​မှာ “လွတ်​လပ်​သူ” ဟာ မွေး​က​တည်း​က လွတ်​လပ်​သူ​ဖြစ်​ပြီး နိုင်​ငံ​သား​အခွင့်​အရေး​ကို အပြည့်​အဝ ခံစား​ခွင့်​ရှိ​တယ်။ “လွတ်​မြောက်​သူ” က​တော့ ကျွန်​ဘဝ​က​နေ လွတ်​မြောက်​လာ​သူ​ဖြစ်​တယ်။ တ​ရား​ဝင်​လွတ်​မြောက်​သူ​ဟာ လွတ်​လပ်​တဲ့ ရော​မနိုင်​ငံ​သား ဖြစ်​ခွင့်​ရ​ရှိ​ပေမဲ့ နိုင်​ငံ​ရေး​မှာ ရာ​ထူး​တာဝန်​တွေ မရ​နိုင်​ဘူး။ တ​ရား​မဝင် လွတ်​မြောက်​သူ​ဟာ ကျွန်​ဘဝ​က​နေ လွတ်​မြောက်​ပေမဲ့ နိုင်​ငံ​သား​အခွင့်​အရေးတွေ မရ​ဘူး။—၁က ၇:၂၂

  • ဝင်း ရင်​ပြင်။

    တဲ​တော်​ပတ်​လည် ကာ​ရံ​ထား​တဲ့​ဝင်း။ နောက်​ပိုင်း​မှာ ဗိမာန်​တော်​အဆောက်​အအုံ​ဝန်း​ကျင် တံတိုင်း​အတွင်း​က ရင်​ပြင်။ မီး​ရှို့​ရာ​အလှူ ပူ​ဇော်​တဲ့ ပလ္လင်​ဟာ တဲ​တော်​ဝင်း၊ ဗိမာန်​တော်ရဲ့ အတွင်းရင်​ပြင်​ထဲ​မှာ တည်​ရှိ​တယ်။ (နောက်​ဆက်​တွဲ ခ​၅ခ​၈ခ​၁၁ ကို​ကြည့်။) အိမ်​ခြံ​ဝင်း၊ နန်း​တော်ရင်​ပြင်​အကြောင်း​ကို​လည်း ကျမ်း​စာ​မှာ ဖော်​ပြထား​တယ်။—ထွ ၈:၁၃။ ၂၇:၉။ ၁​ဘု ၇:၁၂။ ဧ​သ ၄:၁၁။ မ ၂၆:၃

  • ဝန်​ကြီး။

    ဗာ​ဗု​လုန်​နိုင်​ငံ​မှာ စော်​ဘွား​ထက် တစ်ဆင့်​နိမ့်​တဲ့ အရာ​ရှိ။ ကျမ်း​စာ​မှာ​ပါ​တဲ့ ဝန်​ကြီး​တွေ​ဟာ ဗာ​ဗု​လုန်​နန်း​တွင်း​ပညာ​ရှိ​တွေ​ကို ကြီး​ကြပ်​ရ​တယ်။ မီး​ဒီး​ယား​ဘုရင် ဒါရိ​လက်​ထက်​မှာ​လည်း ဝန်​ကြီး​တွေ​အကြောင်း ဖော်​ပြထား​တယ်။—ဒံ ၂:၄၈။ ၆:၇

  • သခင့်​ည​စာ​စား​ပွဲ။

    ခ​ရစ်​တော်ရဲ့ ကိုယ်​ခန္ဓာ​နဲ့ သွေး​ကို ကိုယ်​စား​ပြု​တဲ့ တ​ဆေး​မဲ့​မုန့်​နဲ့ စ​ပျစ်​ဝိုင်​ကို စား​သောက်​ရ​တဲ့ ညစာ။ ခ​ရစ်​ယာန်တွေ​ကျင်း​ပဖို့ ကျမ်း​စာ​မှာ​တောင်း​ဆို​ထား​လို့ ‘အောက်​မေ့​ရာ​ပွဲ’ ဆို​တဲ့​နာ​မည်​နဲ့ လိုက်​ဖက်​တယ်။—၁​က ၁၁:၂၀၊ ၂၃-၂၆

  • သတင်း​ကောင်း။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ ဖော်ပြ​ထား​တဲ့ ဘုရား​သခင့်​နိုင်​ငံ​တော် သတင်း​ကောင်း၊ ယေရှု​ခ​ရစ်​ကို ယုံ​ကြည်​လို့ ရ​ရှိ​မယ့် ကယ်​တင်​ခြင်း သတင်း​ကောင်း။—လု ၄:၁၈၊ ၄၃။ တ ၅:၄၂။ ဗ ၁၄:၆

  • သတော​အိတ် အတွေး​အခေါ်​သမား​တွေ။

    ဆင်​ခြင်​တုံတရား၊ သဘာ​ဝ​တ​ရား​နဲ့​အညီ နေ​ထိုင်​မှ​သာ ပျော်​ရွှင်​နိုင်​မယ်​လို့ ယုံ​ကြည်​ကြ​တဲ့ ဂရိ​အတွေး​အခေါ်​သမား​တွေ။ တ​ကယ့်​ပညာ​ရှိ​တွေ​ဟာ နာ​ကျင်​မှု၊ သာ​ယာ​မှု​တွေ​ကို အရေး​မလုပ်​ဘူး​လို့ သူတို့​ယူ​ဆ​ကြ​တယ်။—တ ၁၇:၁၈

  • သလဲ​သီး။

    ပန်း​သီး​နဲ့​တူ​ပြီး ထိပ်​တစ်​ဖက်​မှာ ပန်း​ပွင့်​ပုံ​ပါ​တဲ့ ခွံမာ​သီး​တစ်​မျိုး။ အရည်​ရွှမ်း​ပြီး ပန်း​ရောင်၊ အနီ​ရောင်​သန်း​တဲ့ အစေ့​လေး​တွေ ရှိ​တယ်။ ပု​ရော​ဟိတ်​ရဲ့ အပြာ​ရောင် လက်​ပြတ်​ဝတ်​ရုံ အောက်​အနား​ကို​ရော ဗိမာန်​တော်​ရှေ့​က ယာ​ခိန်​နဲ့ ဗော​ဇ​ဆို​တဲ့ တိုင်​တွေ​ကို​ပါ သလဲ​သီး​ပုံ​တွေ​နဲ့ အလှ​ဆင်​ထား​တယ်။—ထွ ၂၈:၃၄။ တ​လ ၁၃:၂၃။ ၁​ဘု ၇:၁၈

  • သရပ်တွေ။

    ကောင်း​ကင်​မှာ ယေဟောဝါ​ရဲ့ ရာ​ဇ​ပလ္လင်​ပတ်​လည်​မှာ ခစား​နေ​တဲ့ ဝိညာဉ်​ပု​ဂ္ဂိုလ်တွေ။ ဟီ​ဘ​ရူး​လို ‘သရ​ဖိန်’ လို့​ခေါ်​ပြီး “တောက်​လောင်​နေ​သူ​တွေ” လို့​အဓိပ္ပာယ်ရ​တယ်။—ရှာ ၆:၂၊

  • သား​ရေ​ဘူး။

    သိုး​ဆိတ်​တစ်​ကောင်​လုံး​ရဲ့ သား​ရေ​နဲ့ လုပ်​ထား​ပြီး စ​ပျစ်​ဝိုင်​ထည့်​တဲ့ သား​ရေ​ဘူး။ စ​ပျစ်​ဝိုင်​ဟာ အချဉ်​ပေါက်​ပြီး ကာ​ဗွန်​ဒိုင်​အောက်​ဆို​ဒ်​ဓာတ်​ငွေ့ ထွက်​တဲ့​အခါ ဘူး​ထဲ​မှာ တွန်း​ကန်​အား ဖြစ်​ပေါ်​စေ​တဲ့​အတွက် စပျစ်​ရည်​သစ်​ဆို​ရင် သား​ရေ​ဘူး​သစ်​မှာ​ပဲ ထည့်​လေ့​ရှိ​တယ်။ သား​ရေ​ဘူး​ဟောင်း​က သား​ရေ​ဘူး​သစ်​လို လျော့​အား​တင်း​အား မရှိ​လို့ တွန်း​ကန်​အား​ကြောင့် ကွဲ​ထွက်​နိုင်​တယ်။—ယ​ရ ၉:၄။ မ ၉:၁၇

  • သား​ဦး။

    အဓိ​က​အား​ဖြင့် ဖခင်​ရဲ့​သား​ဦး (မိ​ခင်​ရဲ့​သား​ဦး မဟုတ်)။ ကျမ်း​စာ​ခေတ်​မှာ သား​ဦးတွေ​ဟာ မိသား​စု​မှာ အရေး​ပါ​တဲ့ အနေ​အထား​ရ​ရှိ​ထား​ပြီး ဖခင်​ကွယ်​လွန်​တဲ့​အခါ မိသား​စု​ကို ဦး​ဆောင်​ရ​တယ်။ တိ​ရစ္ဆာန်​သား​ဦးတွေ​ကို​လည်း ရည်​ညွှန်း​တယ်။—ထွ ၁၁:၅။ ၁၃:၁၂။ က ၂၅:၃၃။ ကော ၁:၁၅

  • သိ​ဝန်။

    ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ရ​ပြီး​နောက်ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၃ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၉ လ​မြောက်။ မေလ​လယ်​က​နေ ဇွန်​လ​လယ်​အထိ ကျ​ရောက်​တယ်။ (ဧ​သ ၈:၉)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • သီး​ဦး​သီး​ဖျား။

    ရာ​သီ​ပေါ် ဦးဦး​ဖျား​ဖျား​သီး​နှံ။ ဘယ်​အရာ​မဆို​ရဲ့ ဦး​ဆုံး​ထွက်​ကုန်။ လူ​ဖြစ်​ဖြစ်၊ တိ​ရစ္ဆာန်​ဖြစ်​ဖြစ်၊ မြေထွက်​သီး​နှံ​ဖြစ်​ဖြစ် ပထ​မဆုံး​ရ​တာ​ကို ဆက်​ကပ်​ပူ​ဇော်​ဖို့ အစ္စရေး​လူမျိုး​ကို ယေဟောဝါ တောင်း​ဆို​ထား​တယ်။ တဆေး​မဲ့​မုန့်​ပွဲ​နဲ့ ပင်​တေ​ကု​တ္တေ​ပွဲ​မှာ အစ္စရေးတွေ​ဟာ တစ်​မျိုး​လုံး​အနေ​နဲ့ သီး​ဦး​သီး​ဖျား​တွေ​ကို ဘုရား​သခင်​ဆီ ဆက်​သရ​တယ်။ ခ​ရစ်​တော်​နဲ့ ဘိ​သိက်​ခံ​နောက်​လိုက်​တွေ​ကို​လည်း “သီး​ဦး​သီး​ဖျား” ဆို​ပြီး တင်​စား​ထား​တယ်။—၁​က ၁၅:၂၃။ တ​လ ၁၅:၂၁။ ပ ၃:၉။ ဗ ၁၄:၄

  • သဲ​ချောင်း။

    မိုး​ရာ​သီ​က​လွဲ​လို့ ခြောက်​သွေ့​တဲ့ မြစ်​ကြမ်း​ပြင်၊ ချိုင့်​ဝှမ်း။ မြစ်​ချောင်း​ကို​လည်း ဆိုလို​နိုင်​တယ်။ သဲချောင်း​တချို့​က စမ်း​ချောင်း​တွေ​ကြောင့် ရေ​လျှံ​ပြီး တစ်နှစ်​ပတ်​လုံး ရေ​ရှိ​တတ်​တယ်။ တ​ချို့​စကား​စပ်​မှာ “ချိုင့်​ဝှမ်း” လို့​ပြန်​ဆို​ထား​တယ်။—က ၂၆:၁၉။ တ​လ ၃၄:၅။ တ​ရ ၈:၇။ ၁​ဘု ၁၈:၅။ ယ​ဘ ၆:၁၅

  • သု​ရ​တိ။

    အာ​ဖရိ​က​မြောက်​ပိုင်း၊ လစ်​ဗျား​ကမ်း​ရိုး​တန်း​က ရေ​တိမ်​တဲ့ ပင်လယ်​ကွေ့​ကြီး​နှစ်​ခု။ ဒီ​ရေ​အတက်​အကျ​ကြောင့် သဲ​သောင်​တွေ အမြဲရွေ့​လျား​နေ​လို့ ရှေး​ခေတ်​သင်္ဘော​သား​တွေ ကြောက်​တဲ့​နေ​ရာ​ဖြစ်​တယ်။ (တ ၂၇:၁၇)—နောက်​ဆက်​တွဲ ခ​၁၃ ကို​ကြည့်။

  • သက်သေခံ​ချက်​ကျောက်​ပြား။

    မော​ရှေ​ကို ပေး​ခဲ့​တဲ့ ကျောက်​ပြား​နှစ်​ချပ်​ပေါ် ရေး​ထား​တဲ့ ပညတ်​တော်​ဆယ်​ပါး။—ထွ ၃၁:၁၈

  • သင်​တိုင်း။

    ပု​ရော​ဟိတ်​တွေ ဝတ်​ဆင်​ရ​တဲ့ ရှေ့​ဖုံး​ခါး​စည်း​လို အထည်။ ပု​ရော​ဟိတ်​မင်း​က အထူး​သင်​တိုင်း​ကို ဝတ်​ဆင်​ရ​ပြီး သင်​တိုင်း​အရှေ့​မှာ ကျောက်​မျက် ၁၂ လုံး စီ​ခြယ်​ထား​တဲ့ ရင်​ဖုံး​ကို ဝတ်​ဆင်​ရ​တယ်။ (ထွ ၂၈:၄၊)—နောက်​ဆက်​တွဲ ခ​၅ ကို​ကြည့်။

  • သင်္ချိုင်း။

    လူ​တစ်​ယောက်​ရဲ့​သင်္ချိုင်း​ကို ဆိုလို​နိုင်​သလို သေလွန်​သူ​အားလုံး ရောက်​သွား​တဲ့​နေ​ရာ​ကို​လည်း ဆိုလို​နိုင်​တယ်။ ဟီ​ဘ​ရူး​လို “ရှီး​အိုးလ်၊” ဂရိ​လို “ဟေး​ဒီးစ်” လို့​ခေါ်​တယ်။ လုပ်​ဆောင်​မှု​နဲ့ အသိ​စိတ်​မှန်​သမျှ ချုပ်​ငြိမ်း​တဲ့ ပုံဆောင်​နေ​ရာ ဒါ​မှ​မဟုတ် အခြေ​အနေ​တစ်​ခု​အဖြစ် ကျမ်း​စာ​ထဲ​မှာ ဖော်​ပြထား​တယ်။—က ၃၇:၃၅။ ယ​ဘ ၁၄:၁၃။ ဆ ၁၆:၁၀။ ပ ၂၇:၂၀။ ဒေ ၉:၁၀။ ရှာ ၅:၁၄။ မ ၁၆:၁၈။ တ ၂:၃၁။ ဗ ၂၀:၁၃

  • သင်္ချိုင်း​ဂူ။

    ကွယ်​လွန်​သူ​ရဲ့ ရုပ်​အလောင်း​ကို မြှုပ်​နှံ​တဲ့​နေ​ရာ။ “အမှတ်​ရ​စေ​တယ်” ဆို​တဲ့ ဂရိ​စကား​လုံး ‘မနေ​မီ​အောန်’ ကို​ပြန်​ဆို​ထား​တဲ့​အတွက် ကွယ်​လွန်​သူ​ကို အောက်​မေ့​တယ်​ဆို​တဲ့ သဘော​ဆောင်​တယ်။—ယ​ဟ ၅:၂၈၊ ၂၉

  • သစ်​တိုင်။

    လူ​ကို တင်​ပြီး​ဆွဲ​ထား​တဲ့ ဖြောင့်​တန်း​တဲ့ သစ်​တိုင်။ တ​ချို့​လူမျိုး​တွေ​က လူ​ကို သစ်​တိုင်​ပေါ်​မှာ ကွပ်မျက်​တယ်။ သတိ​ပေး​ဖို့​ဖြစ်​စေ၊ လူ​ရှေ့​သူ​ရှေ့ အရှက်​ရ​စေ​ဖို့​ဖြစ်​စေ အလောင်း​ကို သစ်​တိုင်​မှာ ဆွဲ​ထား​တတ်​တယ်။ ရက်​စက်​လွန်း​တဲ့ အဆီး​ရီး​ယား​တွေ​ဟာ တိုင်​ချွန်​ကို သုံ့​ပန်း​ရဲ့ ဝမ်း​ဗိုက်​က​နေ ရင်​ခေါင်း​အထိ လျှို​သွင်း​ပြီး အဲဒီ​တိုင်​ကို စိုက်​ထူ​လေ့​ရှိ​တယ်။ ဂျူး​ပညတ်​မှာ​တော့ ဘုရား​ကို စော်​ကား​ပြော​ဆို​သူ၊ ရုပ်​တု​ကိုးကွယ်​သူ​စ​တဲ့ ကြီး​လေး​တဲ့​အပြစ် ကျူး​လွန်​သူ​တွေ​ကို ကျောက်​ခဲ​နဲ့​ပေါက်​တာ​ဖြစ်​စေ တ​ခြား​နည်း​နဲ့​ဖြစ်​စေ အရင်​ကွပ်​မျက်​ရ​တယ်၊ ပြီး​မှ ကျန်​တဲ့​သူ​တွေ​ကို သတိ​ပေး​တဲ့​အနေ​နဲ့ အလောင်း​ကို သစ်​တိုင် ဒါမှမဟုတ် သစ်​ပင်​မှာ ဆွဲ​ထား​ရ​တယ်။ (တ​ရ ၂၁:၂၂၊ ၂၃။ ၂​ရှ ၂၁:၆၊) တစ်​ခါ​တ​လေ ရော​မတွေ​က အပြစ်​ကျူး​လွန်​သူ​ကို တိုင်​ပေါ်​တင်​ပြီး ချည်​ထား​ကြ​တယ်။ အပြစ်​ကျူး​လွန်​သူ​ဟာ နာ​ကျင်​မှု​ဒဏ်၊ အစာ​ရေ​စာ ငတ်​ပြတ်​တဲ့​ဒဏ်၊ နေ​လောင်​ဒဏ်​ကို ရက်​အနည်း​ငယ် မချိ​မဆံ့​ခံစား​ပြီး​မှ အသက်​ထွက်​တယ်။ ယေရှု​ကို ကွပ်​မျက်​သလို​မျိုး တ​ချို့​ကိစ္စတွေ​မှာ​တော့ တ​ရား​ခံ​ရဲ့​ခြေ​လက်​တွေ​ကို သစ်တိုင်​ပေါ်​တင်​ပြီး သံ​နဲ့​ရိုက်​တယ်။ (လု ၂၄:၂၀။ ယ​ဟ ၁၉:၁၄-၁၆။ ၂၀:၂၅။ တ ၂:၂၃၊ ၃၆)—ဒုက္ခ​သစ်​တိုင်​ကိုကြည့်။

  • သစ္စာ​ဆို​ခြင်း ကျိန်​ဆို​ခြင်း။

    တစ်​စုံ​တစ်​ရာ မှန်​ကန်​ကြောင်း အလေး​အနက် သစ္စာ​ဆို​ခြင်း၊ တစ်​စုံ​တစ်​ခု​ကို လုပ်​ဖို့၊ မလုပ်​ဖို့ အလေး​အနက် ကတိ​ပြု​ခြင်း။ သာ​လွန်​မြင့်မြတ်​သူ၊ အထူး​သဖြင့် ဘုရား​သခင်​ဆီ ကတိ​သစ္စာ​ဆို​လေ့​ရှိ​တယ်။ ယေဟောဝါ​က အာဗြဟံ​နဲ့​ဖွဲ့​တဲ့ ပဋိ​ညာဉ်​ကို အလေး​အနက် ကျိန်​ဆို​ပြီး တည်​မြဲစေ​ခဲ့​တယ်။—က ၁၄:၂၂။ ဟီ ၆:၁၆၊ ၁၇

  • သစ္စာ​ကတိ။

    တစ်​စုံ​တစ်​ခု လုပ်​ဆောင်​ဖို့၊ အလှူ​လက်​ဆောင် ဆက်​သဖို့၊ အမှု​တော် စတင်​ထမ်း​ဆောင်​ဖို့၊ မတား​မြစ်​ထား​တဲ့​အရာ တစ်​ခု​ခု​ကို ရှောင်​ကြဉ်​ဖို့ ဘုရား​သခင်​ကို အလေး​အနက် ကတိ​ပြု​ခြင်း။ သစ္စာ​ဆို​ခြင်း​လို​ပဲ အဓိပ္ပာယ်​လေး​နက်​တယ်။—တ​လ ၆:၂။ ဒေ ၅:၄။ မ ၅:၃၃

  • သစ္စာ​ကတိ​အလျောက်​ပေး​တဲ့အလှူ။

    သစ္စာ​ကတိ​ပြု​ပြီး​နောက် စေ​တ​နာ​အလျောက်​ပေး​တဲ့ အလှူ။—ဝ ၂၃:၃၈။ ၁ရှ ၁:၂၁

  • သန္တာ။

    ရေ​သတ္တ​ဝါ​ငယ်​ရဲ့ အရိုး​စု​က​နေ ဖြစ်​ပေါ်​လာ​တဲ့ ကျောက်​လို မာ​ကျော​တဲ့​အရာ။ သမု​ဒ္ဒရာ​ထဲ​မှာ အနီ၊ အဖြူ၊ အနက်​စ​တဲ့ အရောင်​အမျိုး​မျိုး​နဲ့ တွေ့​ရ​တယ်။ သန္တာ​ကျောက်​ဟာ အထူး​သဖြင့် ပင်လယ်​နီ​မှာ ပေါ​များ​တယ်။ ကျမ်း​စာ​ခေတ်​တုန်း​က အနီ​ရောင်​သန္တာ​ကျောက်​ဟာ အလွန်​တန်​ဖိုး​ရှိ​ပြီး ပု​တီး​စေ့​နဲ့ အလှ​တန်​ဆာ​တွေ​အဖြစ် ပြု​လုပ်​ကြ​တယ်။—ပ ၈:၁၁

  • သန့်​ရှင်း​ခြင်း စင်​ကြယ်​ခြင်း။

    ကျမ်း​စာ​အရ ဒီ​စကား​လုံး​ဟာ ကိုယ်​ကာ​ယ​သန့်​ရှင်း​ခြင်း​ကို​ပဲ မဆိုလို။ အနာ​အဆာ၊ အစွန်း​အထင်း​မရှိ​တဲ့ အခြေ​အနေ​ကို ထိန်း​သိမ်း​တာ၊ အဲဒီ​အခြေ​အနေ ပြန်​ရ​အောင် လုပ်​ဆောင်​တာ​ကို ဆိုလို​တယ်။ ကိုယ်​ကျင့်​တ​ရား​အရ​ဖြစ်​စေ ဝတ်​ပြု​ရေး​အရ​ဖြစ်​စေ ညစ်ထေး​စွန်း​ထင်း​စေ​တဲ့​အရာ မှန်​သမျှ​နဲ့ ကင်း​ရှင်း​တာ​ကို​လည်း ဆိုလို​တယ်။ မော​ရှေ​ပညတ်​အောက်​မှာ​တော့ ပညတ်​မှာ​ပါ​တဲ့​အတိုင်း ကိုယ်​ကို​သန့်​စင်​စေ​တာ​ကို ဆိုလိုတယ်။—ဝ ၁၀:၁၀။ ဆ ၅၁:၇။ မ ၈:၂။ ၁က ၆:၁၁

  • သန့်​ရှင်း​ခြင်း သန့်​ရှင်း​မြင့်မြတ်​ခြင်း။

    ယေဟောဝါ​ရဲ့ ပင်​ကို​ဂုဏ်​ရည်​တော်။ ကိုယ်​ကျင့်​တ​ရား အကြွင်း​မဲ့ စင်ကြယ်​ခြင်း၊ မြင့်မြတ်​ခြင်း။ (ထွ ၂၈:၃၆။ ၁​ရှ ၂:၂။ ပ ၉:၁၀။ ရှာ ၆:၃)၊ လူ​သား (ထွ ၁၉:၆။ ၂​ဘု ၄:၉)၊ တိရစ္ဆာန် (တ​လ ၁၈:၁၇)၊ အရာ​ဝတ္ထု (ထွ ၂၈:၃၈။ ၃၀:၂၅။ ဝ ၂၇:၁၄)၊ နေ​ရာ (ထွ ၃:၅။ ရှာ ၂၇:၁၃)၊ အချိန်​ကာလ (ထွ ၁၆:၂၃။ ဝ ၂၅:၁၂)၊ လုပ်​ဆောင်​မှု (ထွ ၃၆:၄) တို့​ကို ရည်​ညွှန်း​တဲ့​အခါ မူ​ရင်း​ဟီ​ဘ​ရူး​စကား​လုံး​ဟာ သီး​ခြား​ဖြစ်​ခြင်း၊ သီး​သန့်​ဖယ်​ထား​ခြင်း၊ သန့်​ရှင်း​မြင့်မြတ်​တဲ့ ဘုရား​သခင်​အတွက်၊ ယေဟောဝါ​ရဲ့​လုပ်ငန်း​အတွက် ဆက်​ကပ်​ထား​ခြင်း​ဆို​တဲ့ သဘော​ဆောင်​တယ်။ ခရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ “သန့်​ရှင်း​ခြင်း၊” “သန့်​ရှင်း​မြင့်မြတ်​ခြင်း” ဆို​တာ ဘုရား​သခင်​အတွက် သီး​ခြား​ဖြစ်​စေ​ခြင်း​ဆို​တဲ့ သဘော​ဆောင်​တယ်။ လူ​တစ်​ယောက်​ရဲ့ အကျင့်​စာ​ရိတ္တ​သန့်​စင်​မှု​ကို​လည်း ဆိုလို​တယ်။—မာ ၆:၂၀။ ၂​က ၇:၁။ ၁​ပ ၁:၁၅၊ ၁၆

  • သန့်​ရှင်း​မြင့်မြတ်​တဲ့ ဆက်​ကပ်​အပ်​နှံ​ခြင်း အမှတ်​အသား။

    ဟီ​ဘ​ရူး​လို “ယေဟောဝါ​ဟာ သန့်​ရှင်း​မြင့်မြတ်​တယ်” လို့ ရေး​ထွင်း​ထား​တဲ့ တောက်​ပြောင်​တဲ့ ရွှေ​စင်​ပြား။ ပုရော​ဟိတ်​မင်း​ရဲ့​ခေါင်း​ပေါင်း အရှေ့​ပိုင်း​မှာ တပ်ထား​ရ​တယ်။ (ထွ ၃၉:၃၀)—နောက်​ဆက်​တွဲ ခ​၅ ကို​ကြည့်။

  • သန့်​ရှင်း​ရာ​အခန်း။

    တဲ​တော်​နဲ့ ဗိမာန်​တော်​မှာ​ရှိ​တဲ့ ပထမ​အခန်း​ကျယ်။ အတွင်း​ခန်း​ဖြစ်​တဲ့ အသန့်​ရှင်း​ဆုံး​အခန်း​နဲ့ မတူ​ပါ။ တဲ​တော်ရဲ့ သန့်​ရှင်း​ရာ​အခန်း​မှာ ရွှေ​ဆီ​မီး​တိုင်၊ နံ့​သာ​ပေါင်း​ပူ​ဇော်ရာ ရွှေ​ပလ္လင်၊ ရှေ့​တော်​မုန့်​စား​ပွဲ၊ ရွှေ​ထည်​အသုံး​အဆောင်​တွေ ရှိ​တယ်။ ဗိမာန်​တော်ရဲ့ သန့်​ရှင်း​ရာ​အခန်း​မှာ​တော့ ရွှေ​ပလ္လင်၊ ရွှေ​ဆီ​မီး​တိုင် ၁၀ ခု၊ ရှေ့​တော်​မုန့်​စား​ပွဲ ၁၀ ခု​ရှိ​တယ်။ (ထွ ၂၆:၃၃။ ဟီ ၉:၂)—နောက်​ဆက်​တွဲ ခ​၅ နဲ့ ခ၈ ကို​ကြည့်။

  • သန့်​ရှင်း​ရာ​ဌာန​တော်။

    ဝတ်​ပြု​ရေး​အတွက် သီး​သန့်​ထား​တဲ့ သန့်​ရှင်း​မြင့်မြတ်​တဲ့ နေ​ရာ​တစ်​ခု။ အများ​အား​ဖြင့် တဲ​တော် ဒါ​မှ​မဟုတ် ဂျေရု​ဆ​လင်​မြို့​က ဗိမာန်​တော်​ကို ဆိုလို​တယ်။ ကောင်း​ကင်​မှာ​ရှိ​တဲ့ ဘုရား​သခင့် စံ​မြန်း​ရာ​နေ​ရာ​ကို​လည်း ဆိုလို​တယ်။—ထွ ၂၅:၈၊ ၉။ ၂​ဘု ၁၀:၂၅။ ၁​ရ ၂၈:၁၀။ ဗ ၁၁:၁၉

  • သန့်​ရှင်း​သော စွမ်းအား​တော်။

    အလို​တော်​ကို အကောင်​အထည်​ဖော်​ဖို့ ဘုရား​သခင် အသုံး​ပြု​တဲ့ မမြင်​နိုင်​တဲ့ စွမ်းအား။ အပြည့်​ဝ​ဆုံး အတိုင်း​အတာ​နဲ့ ဖြောင့်​မတ်​စင်​ကြယ်​တဲ့ ယေဟောဝါ​ဆီ​က လာ​တဲ့​အတွက်၊ သန့်​ရှင်း​မြင့်မြတ်ရာ​တစ်​ခု​ခု​ကို အကောင်​အထည်​ဖော်​ဖို့ ဘုရား​သခင်​သုံး​တဲ့ နည်း​လမ်း​ဖြစ်​တဲ့​အတွက် သန့်​ရှင်း​တယ်။—လု ၁:၃၅။ တ ၁:၈

  • သွန်း​လောင်း​ရာ​အလှူ။

    ပူ​ဇော်ရာ​ပလ္လင်​ပေါ် သွန်း​လောင်း​ပြီး တ​ခြား​အလှူ​တွေ​နဲ့ တွဲ​ဖက်​ပူ​ဇော်ရ​တဲ့ ဝိုင်​အလှူ။ ပေါလု​က ခ​ရစ်​ယာန်တွေ​အတွက် ကိုယ့်​ကိုယ်​ကိုယ် ပေးဆပ်​ချင်​စိတ်​ကို ဖော်​ပြဖို့ ဒီ​စကား​လုံး​ကို ဥ​ပစာ​သဘော​နဲ့ အသုံး​ပြု​ထား​တယ်။—တ​လ ၁၅:၅၊ ၇။ ဖိ ၂:၁၇

  • ဟီ​ဘ​ရူး။

    ပတ်​ဝန်း​ကျင် အာ​မော​ရိ​လူမျိုး​တွေ​နဲ့ ကွဲ​ပြား​စေ​ဖို့ အာ​ဗြံ (အာဗြဟံ) ကို ဦး​ဆုံး​ပေး​ခဲ့​တဲ့ နာ​မည်။ နောက်​ပိုင်း​မှာ အာဗြဟံ​ရဲ့​မြေး ယာကုပ်​က​နေ ဆင်း​သက်​လာ​တဲ့ သား​စဉ်​မြေး​ဆက်​တွေ​နဲ့ သူတို့​ရဲ့​ဘာ​သာ​စကား​ကို ရည်ညွှန်း​တယ်။ ယေရှု​ခေတ်​ရောက်​တော့ ဟီ​ဘ​ရူး​စကား​မှာ အာ​ရ​မိတ်​အသုံး​အနှုန်း​များ​စွာ ပါ​ဝင်​နေ​ပြီး အဲဒီ​ဘာသာ​စကား​ကို ယေရှု​နဲ့​တ​ပည့်တွေ ပြော​ဆို​ခဲ့​တယ်။—က ၁၄:၁၃။ ထွ ၅:၃။ တ ၂၆:၁၄

  • ဟေ​ရ​မေ။

    ဇု​သရဲ့​သား​ ဂရိ​နတ်​ဘုရား​။ လုတ္တရ​မြို့​မှာ ပေါလု​ကို နတ်​ဘုရား​တွေရဲ့ စေ​တ​မန်၊ အဟော​အပြော​ကောင်း​တဲ့ နတ်​ဘုရား​အဖြစ် အထင်​မှား​ပြီး ဟေ​ရ​မေလို့ ခေါ်​ခဲ့​ကြ​တယ်။—တ ၁၄:၁၂

  • ဟေ​ရုဒ်။

    ဂျူး​တွေ​ကို အုပ်​ချုပ်​ဖို့ ရော​မအစိုး​ရ ခန့်​ထား​တဲ့ မင်း​ဆက်​နာ​မည်။ ဦး​ဆုံး​တစ်​ယောက်​က​တော့ ဂျေရု​ဆလင် ဗိမာန်​တော်​ကို ပြန်​တည်​ဆောက်​သူ၊ ယေရှု​ကို​သတ်​ဖို့ ကြံ​စည်​တဲ့​အနေ​နဲ့ က​လေး​ငယ်​တွေ​ကို သတ်​မိန့်​ထုတ်​သူ​အဖြစ် နာ​မည်​ကြီး​ခဲ့​တဲ့ မဟာ​ဟေ​ရုဒ်​ဖြစ်​တယ်။ (မ ၂:၁၆။ လု ၁:၅) သား​တော် ဟေ​ရုဒ်​အာ​ခေ​လ​နဲ့ ဟေ​ရုဒ်​အန္တိ​ပတို့​ဟာ ဖခင်​မဟာ​ဟေ​ရုဒ်ရဲ့ ပိုင်​နက်​ကို ခွဲ​ဝေ​အုပ်​ချုပ်​ဖို့ ခန့်​အပ်​ခံ​ခဲ့ရ​တယ်။ (မ ၂:၂၂) အန္တိ​ပဟာ နယ်​စား​မင်း​ဖြစ်​ပြီး ခ​ရစ်​တော်ရဲ့ သုံး​နှစ်​ခွဲ​ကြာ အမှု​ဆောင်​ကာလ​အတွင်း​နဲ့ တမန်​တော် ၁၂ မှာ​ပါ​တဲ့ ကာလ​အထိ အုပ်​ချုပ်​ခဲ့​တဲ့ “မင်း” အဖြစ် ဖော်​ပြခံ​ရ​တယ်။ (မာ ၆:၁၄-၁၇။ လု ၃:၁၊ ၁၉၊ ၂၀။ ၁၃:၃၁၊ ၃၂။ ၂၃:၆-၁၅။ တ ၄:၂၇။ ၁၃:၁) အဲဒီ​နောက် မဟာ​ဟေ​ရုဒ်ရဲ့​မြေး ဟေ​ရုဒ်​အဂရိပ္ပ ၁ က​ ခဏတာ အုပ်​ချုပ်​ပြီး ကောင်း​ကင်​တမန် ကွပ်​မျက်​တာ​ကို ခံ​ခဲ့ရ​တယ်။ (တ ၁၂:၁-၆၊ ၁၈-၂၃) သူ့​သား ဟေ​ရုဒ်​အဂရိပ္ပ ၂ က ထီး​နန်း​ဆက်​ခံ​ပြီး ဂျူး​တွေ ရော​မကို ပုန်​ကန်​ချိန်​အထိ အုပ်​ချုပ်​ခဲ့​တယ်။—တ ၂၃:၃၅။ ၂၅:၁၃၊ ၂၂-၂၇။ ၂၆:၁၊ ၂၊ ၁၉-၃၂

  • ဟေ​ရုဒ်ရဲ့နောက်​လိုက်​တွေ။

    ဟေ​ရုဒ်​တ​ပည့်​များ​လို့​လည်း ခေါ်​တယ်။ ရော​မအုပ်​ချုပ်​မှု​အောက် ဟေ​ရုဒ်ရဲ့ နိုင်​ငံ​ရေးရည်​မှန်း​ချက်​ကို ထောက်​ခံ​တဲ့ အမျိုး​သား​ရေး​အဖွဲ့​ဖြစ်​ပြီး ဇဒ္ဒုကဲ​တ​ချို့​လည်း ဒီ​အဖွဲ့​ဝင်​တွေ ဖြစ်​ဖွယ်​ရှိ​တယ်။ ဖာရိ​ရှဲ​တွေ​နဲ့ ပူး​ပေါင်း​ပြီး ယေရှု​ကို အတိုက်​အခံ​လုပ်​သူ​တွေ ဖြစ်​တယ်။—မာ ၃:၆

  • ဟော​မဲ။

    ၁ ကော​ရ​နဲ့ ညီ​မျှ​တဲ့ ကုန်​ခြောက်​အခြင်​အတွယ်။ ဗတ်​အခြင်​အတွယ်​ကို အခြေ​ခံ​ပြီး တွက်​ရင် ၂၂၀ လီ​တာ​ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ​ရှိ​တယ်။ (ဝ ၂၇:၁၆)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဟော​ရပ်​အရပ် ဟော​ရပ်​တောင်။

    ဆိုင်း​နိုင်း​တောင်​ပတ်​လည်​က တောင်​တန်း​ဒေ​သ။ ဆိုင်း​နိုင်း​တောင်​ရဲ့ နာမည်​နောက်​တစ်​မျိုး။ (ထွ ၃:၁။ တ​ရ ၅:၂)—နောက်​ဆက်​တွဲ ခ​၃ ကို​ကြည့်။

  • ဟစ်​ဂေး​ယန်။

    သီ​ဆို​တီး​မှုတ်​ပုံ​ကို ဖော်​ပြတဲ့ ဝေါ​ဟာ​ရ။ ဆာလံ​ ၉:၁၆ အရ သီချင်း​တစ်​ပိုဒ်​မှာ စောင်း​ကို အသံ​နိမ့်နဲ့ တီး​ခတ်​ဖို့ ဒါ​မှ​မဟုတ် အာ​ရုံ​ပြု​နိုင်​အောင် တေး​သံ​ကို တစ်ခဏ​ရပ်​နား​ဖို့ ဖော်​ပြတဲ့​စကား​လုံး ဖြစ်​နိုင်​တယ်။

  • ဟိန်။

    အရည်​အခြင်​အတွယ်။ ၁ ဟိန်​ဆံ့​တဲ့​ဘူး။ ၃.၆၇ လီတာ​နဲ့​ညီ​တယ်။ (ထွ ၂၉:၄၀)—နောက်​ဆက်​တွဲ ခ​၁၄ ကိုကြည့်။

  • ဟုဿုပ်။

    မော​ရှေ​ပညတ်​အရ ကိုယ်​ကို​သန့်​စင်​အောင် လုပ်​တဲ့​အခါ သွေး ဒါ​မှ​မဟုတ် ရေ​နဲ့ ပက်​ဖျန်း​ဖို့ အသုံး​ပြု​တဲ့ အခက်​အလက်​ဝေ​ဆာ​တဲ့ အပင်​ငယ်။ ကျမ်း​စာ​မှာ​ပါ​တဲ့ ဟီဘ​ရူး​နဲ့ ဂရိ​စကား​လုံး​က အပင်​မျိုး​စိတ်​အတော်​များ​များ​ကို ဆိုလို​တယ်။ ယောဟန် ၁၉:၂၉ မှာ​ပါ​တဲ့ ဟုဿုပ်​ကိုင်း​ဆို​တာ ပင်စိမ်း​တစ်​မျိုး​ရဲ့​အခက် တပ်​ထား​တဲ့ သစ်​ကိုင်း​ဖြစ်​နိုင်​သလို နှံစား​ပြောင်း​ပင်​တစ်​မျိုး​လည်း ဖြစ်​နိုင်​တယ်။ ဒီ​နှံ​စား​ပြောင်း​ရဲ့ ရိုး​တံ​က ဝိုင်​နှစ်​ထား​တဲ့ ရေ​မြှုပ်​ကို ယေရှု​နှုတ်​ခမ်း​ဆီ လှမ်း​တေ့​နိုင်​လောက်​တဲ့​အထိ ရှည်​လို့​ပဲ။—ထွ ၁၂:၂၂။ ဆ ၅၁:၇

  • အကောင်း​အဆိုးသိ​ကျွမ်း​ရာ​အပင်။

    ဧ​ဒင်​ဥ​ယျာဉ်​ထဲ​က အပင်​တစ်​ပင်။ “အကောင်း၊” “အဆိုး” နဲ့​ပတ်​သက်​တဲ့ စံနှုန်း​ကို ဘုရား​သခင်​သာ ချ​မှတ်​ပိုင်​ခွင့်​ရှိ​မှန်း ဖော်​ပြဖို့ တင်​စား​ချက်​အနေ​နဲ့ အသုံး​ပြု​ခဲ့​တယ်။—က ၂:၉၊ ၁၇

  • အကြား​အမြင်​ရ​သူ။

    ဘုရား​အလို​ရှိ​ရာ​ကို သိ​မြင်​နိုင်​သူ။ လူ​အများ မသိ​နား​မလည်​နိုင်​တာ​ကို သိ​မြင်​နား​လည်​သူ။ စာသား​အရ​ဖြစ်​စေ၊ တင်​စား​ချက်​အရ​ဖြစ်​စေ “မြင်​ရ​တယ်” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​က​နေ ဆင်း​သက်​လာ​တယ်။ ပြဿ​နာ​ကြုံ​တဲ့​အခါ အကြံ​ဉာဏ်​ကောင်း​ရ​ဖို့ အကြား​အမြင်​ရ​သူ​နဲ့ တိုင်​ပင်​တတ်​ကြ​တယ်။—၁​ရှ ၉:၉

  • အကြီး​အကဲ အသက်​ကြီး​သူ။

    အရွယ်​ရောက် အမျိုး​သား​ဖြစ်​ပြီး ကျမ်း​စာ​အရ အသိုင်း​အဝိုင်း​မှာ၊ တိုင်း​ပြည်​မှာ အခွင့်​အာ​ဏာ​ရှိ​သူ၊ တာဝန်​ရှိ​သူ။ ဒီ​စကား​လုံး​ကို ဗျာဒိတ်​ကျမ်း​မှာ ကောင်း​ကင်​သတ္တ​ဝါ​တွေ​နဲ့ ပတ်​သက်​ပြီး​တော့​လည်း အသုံး​ပြု​ထား​တယ်။ အသင်း​တော်​မှာ ဦး​ဆောင်​ရ​တဲ့ တာဝန်​ရှိ​သူ​တွေ​ကို ရည်​ညွှန်း​တဲ့​အခါ ‘ပရက်စ်​ဘီ​တဲ​ရော့စ်’ ဆို​တဲ့ ဂရိ​စကား​လုံး​ကို “အကြီး​အကဲ” လို့​ပြန်ဆို​ထား​တယ်။—ထွ ၄:၂၉။ ပ ၃၁:၂၃။ ၁​တိ ၅:၁၇။ ဗ ၄:၄

  • အခါ​ယ​ပြည်။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​ပါ​တဲ့ ဂရိ​နိုင်ငံတောင်​ပိုင်း ရော​မနယ်​မြေ။ မြို့​တော်​က ကော​ရိန္သု​ဖြစ်​ပြီး ပဲလို​ပို​နီးစ်​ကျွန်း​ဆွယ် တစ်​ခု​လုံး​နဲ့ ဂရိ​ပြည်​မကြီး ပါ​ဝင်​တယ်။ (တ ၁၈:၁၂)—နောက်​ဆက်​တွဲ ခ​၁၃ ကို​ကြည့်။

  • အစာ​ရှောင်​ခြင်း။

    သတ်​မှတ်​ကာလ​အတွင်း ဘာ​မှ​မစား​ဘဲ​နေ​ခြင်း။ အပြစ်​ဖြေရာ​နေ့​မှာ၊ ဒုက္ခရောက်​ချိန်​မှာ၊ ဘုရား​လမ်း​ညွှန်​မှု လို​အပ်​ချိန်​မှာ အစ္စရေးတွေ အစာ​ရှောင်​လေ့​ရှိ​တယ်။ ဂျူး​တွေ​ဟာ သမိုင်း​တွင်​တဲ့ ဘေး​ဆိုး​တွေ​ကို အမှတ်​ရ​စေ​ဖို့ တစ်​နှစ် လေး​ကြိမ် အစာ​ရှောင်​ဖို့ သတ်​မှတ်​ခဲ့​တယ်။ ခ​ရစ်​ယာန်တွေ အစာ​ရှောင်​ဖို့ မလို​အပ်​ပါ။—ဧဇ​ ၈:၂၁။ ရှာ ၅၈:၆။ လု ၁၈:၁၂

  • အထည်​ကြမ်း။

    ကောက်​နှံ​အိတ် ချုပ်​တဲ့​အခါ သုံး​တဲ့ ဂုန်နီ​အထည်​ကြမ်း။ များ​သော​အား​ဖြင့် အနက်​ရောင်​ဆိတ်​မွေး​နဲ့ ရက်​လုပ်​ထား​ပြီး ဝမ်း​နည်း​ပူ​ဆွေး​ချိန်​မှာ ဝတ်​ဆင်​တဲ့ ထုံး​စံ​ရှိ​တယ်။—က ၃၇:၃၄။ လု ၁၀:၁၃

  • အထွတ်​အမြတ်​နေ​ရာ။

    တောင်​ကုန်း​ထိပ်၊ တောင်​ထိပ်​တွေ​ပေါ်​က ဝတ်​ပြု​တဲ့​နေ​ရာ။ လူ​လုပ်​စင်​မြင့်​လည်း ဖြစ်​နိုင်​တယ်။ ဘုရား​သခင်​ကို ဝတ်​ပြု​ဖို့ တစ်​ခါ​တစ်​ရံ အသုံး​ပြု​လေ့​ရှိ​ပေမဲ့ များ​သော​အား​ဖြင့် မှား​ယွင်း​တဲ့ နတ်​ဘုရား​ ကိုးကွယ်​မှု​တွေ​နဲ့ ဆက်​စပ်​လေ့​ရှိ​တယ်။—တ​လ ၃၃:၅၂။ ၁​ဘု ၃:၂။ ယေ ၁၉:၅

  • အနာ​ကြီး​ရော​ဂါ။

    အရေ​ပြား​ရော​ဂါ​ဆိုး​တစ်​မျိုး။ ကျမ်း​စာ​မှာ​ပါ​တဲ့ အနာ​ကြီး​ရော​ဂါ​ဟာ ယ​နေ့ လူ​သိ​များ​တဲ့ ရောဂါ​ဆိုး​ကို​ပဲ မဆိုလို​ပါ။ လူ​တွေ​မှာ​သာ​မက အဝတ်​အစား​နဲ့ အိမ်​မှာ​ပါ စွဲတတ်​တဲ့ ကူး​စက်​ပြန့်​ပွား​နာ အမျိုး​မျိုး​ကို​လည်း ဆိုလို​တယ်။—ဝ ၁၄:၅၄။ လု ၅:၁၂

  • အပေါင်​ပစ္စည်း။

    အာ​မခံ​ပစ္စည်းလို့​လည်း ခေါ်​တယ်။ မောရှေ​ပညတ်​မှာ ဆင်း​ရဲ​သား၊ အကာ​အကွယ်​မဲ့​နိုင်​ငံ​သား​ကို ကာကွယ်​ပေး​ဖို့ အပေါင်​ပစ္စည်း​နဲ့​ပတ်​သက်​တဲ့ ပြဋ္ဌာန်း​ချက်​တွေ ပါ​ရှိ​တယ်။—ထွ ၂၂:၂၆။ ယ​ဇ ၁၈:၇

  • အပြစ်​ဖြေခြင်း။

    ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ ဒီ​စကား​လုံး​ဟာ လူ​တွေ ဘုရား​သခင်​ဆီ ချဉ်း​ကပ်​ဝတ်​ပြု​ခွင့်​ရ​စေ​တဲ့ ပူ​ဇော်​သက္ကာတွေ​နဲ့ ဆက်​စပ်​နေ​တယ်။ မော​ရှေ​ပညတ်​အောက်​မှာ ပူ​ဇော်​သက္ကာတွေ​ကို အထူး​သဖြင့် အပြစ်​ဖြေရာ​နေ့​မှာ ဆက်​သကြ​တယ်။ ရည်​ရွယ်​ချက်​က တစ်​ဦး​ချင်း​ဖြစ်​စေ၊ တစ်​မျိုး​လုံး​ဖြစ်​စေ အပြစ်​ရှိ​ပေမဲ့ ဘုရား​သခင်​နဲ့ ပြန်​လည်​သင့်မြတ်​စေ​ဖို့ ဖြစ်​တယ်။ အဲဒီ​ပူ​ဇော်​သက္ကာတွေ​ဟာ လူ​သား​ထု​တစ်​ရပ်​လုံး​ရဲ့ အပြစ်​ကို အကြိမ်​တည်း​နဲ့ အပြီး​သတ် ဖြေပေး​ပြီး လူ​တွေ​ကို ယေဟောဝါ​နဲ့ ပြန်လည်​သင့်မြတ်​ခွင့်​ရ​စေ​မယ့် ယေရှု​ရဲ့ ပူ​ဇော်​သက္ကာ​ကို ညွှန်ပြ​တယ်။—ဝ ၅:၁၀။ ၂၃:၂၈။ ကော ၁:၂၀။ ဟီ ၉:၁၂

  • အပြစ်​ဖြေရာ​နေ့။

    အစ္စရေး​လူမျိုး​အတွက် အရေး​ကြီး​ဆုံး နေ့​ထူး​နေ့မြတ်။ ယုံ​ကိ​ပု​လို့​လည်း ခေါ်​တယ်။ (“ဖုံး​အုပ်​ရာ​နေ့” လို့​အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး ‘ယုံ​ဟာ​ကိ​ပုရိမ်’ က​နေ ဆင်း​သက်​လာ။) ဧ​သနိမ်​လ၊ ၁၀ ရက်​နေ့​မှာ ကျင်း​ပတယ်။ ပုရော​ဟိတ်​မင်း​က တစ်​နှစ်​လုံး​မှာ ဒီ​တစ်​နေ့​တည်း အသန့်​ရှင်း​ဆုံး​အခန်း​ထဲ ဝင်​ရ​တယ်။ အဲဒီ​မှာ ပုရော​ဟိတ်​မင်း​က ကိုယ့်​အပြစ်​အတွက်၊ လေ​ဝိသား​တွေရဲ့ အပြစ်​အတွက်၊ လူ​တွေရဲ့​အပြစ်​အတွက် ပူ​ဇော်​သက္ကာရဲ့​သွေး​ကို ဆက်​သရ​တယ်။ မြင့်မြတ်​တဲ့​အစည်း​အဝေး ကျင်း​ပချိန်၊ အစာ​ရှောင်​ချိန်​လည်း ဖြစ်​တယ်။ ပုံ​မှန်​အလုပ်​က​နေ နား​ရ​တဲ့ ဥ​ပုသ်​နေ့​လည်း ဖြစ်​တယ်။—ဝ ၂၃:၂၇၊ ၂၈

  • အပြစ်​ဖြေရာ​အလှူ။

    မစုံလင်​တဲ့ သွေး​သား​အား​နည်း​ချက်​ကြောင့် မတော်​တ​ဆ အပြစ်​ကျူး​လွန်​မိ​တဲ့​အခါ ဆက်​သရ​တဲ့ ပူ​ဇော်​သက္ကာ။ အပြစ်​ဖြေမယ့်​သူ​ရဲ့ အခြေ​အနေ​ပေါ်​မူ​တည်​ပြီး နွား​ထီး​ဖြစ်​စေ၊ ခို​က​လေး​ဖြစ်​စေ တိ​ရစ္ဆာန်​အမျိုး​မျိုး ပူ​ဇော်​နိုင်​တယ်။—ဝ ၄:၂၇၊ ၂၉။ ဟီ ၁၀:၈

  • အဖိတ်​နေ့။

    ဥ​ပုသ်​မတိုင်​ခင် တစ်​ရက်။ အဲဒီ​ရက်​မှာ ဂျူး​တွေ ကြို​တင်​ပြင်​ဆင်​ကြ​တယ်။ အခု​ခေတ် သော​ကြာ​နေ့​နေ​ဝင်​ချိန်​မှာ အဖိတ်​နေ့​ကုန်​ဆုံး​ပြီး ဥ​ပုသ်​နေ့ စတင်​တယ်။ ဂျူး​တွေရဲ့ တစ်​နေ့​တာ​ဟာ နေ​ဝင်​ချိန်​မှာ စတင်​ပြီး နောက်​တစ်​နေ့ နေ​ဝင်​ချိန်​မှာ ကုန်​ဆုံး​တယ်။—မာ ၁၅:၄၂။ လု ၂၃:၅၄

  • အဗိ​ဗ။

    ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​မှာ​ပါ​တဲ့ ပထ​မလ​ရဲ့ န​ဂို​နာမည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၇ လ​မြောက်။ “အစိမ်း​ရောင်​အနှံ” လို့​အဓိပ္ပာယ်ရ​ပြီး မတ်​လ​လယ်​က​နေ ဧ​ပြီလ​လယ်​အထိ ကျ​ရောက်​တယ်။ ဗာ​ဗု​လုန်​က​နေ ဂျူး​တွေ ပြန်​လာ​ပြီး​နောက် နိသန်​လ​လို့ ခေါ်​တယ်။ (တ​ရ ၁၆:၁)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • အယူ​ဖောက်​ပြန်​ခြင်း။

    “ခွဲ​ထွက်​ရပ်​တည်” လို့​အဓိပ္ပာယ်ရ​တဲ့ ဂရိ​ကြိ​ယာ​ပုဒ် ‘အပေါ်​စ​တာ​စီ​ယာ’ က​နေ ဆင်း​သက်​လာ​တယ်။ နာမ်​ပုဒ်​က​တော့ “စွန့်​ပစ်​ခြင်း၊ စွန့်​ပယ်​ခြင်း၊ ပုန်​ကန်​ခြင်း” ဆို​တဲ့ သဘော​ပါ​တယ်။ ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ ဒီ​စကား​လုံး​ဟာ စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​က​နေ ခွဲထွက်​သွား​သူ​တွေ​ကို အဓိ​က​ရည်​ညွှန်း​တယ်။—ပ ၁၁:၉။ တ ၂၁:၂၁။ ၂​သ ၂:၃

  • အရေ​ဖျား​ဖြတ်​ခြင်း။

    ယောက်ျား​လိင်​တံ​ထိပ် အရေ​ဖျား​ကို ဖြတ်​ခြင်း။ အာဗြဟံ​နဲ့ သူ့​သား​စဉ်​မြေး​ဆက်​တွေ မဖြစ်​မနေ လိုက်​နာ​ရ​တဲ့ ပြဋ္ဌာန်း​ချက်​ဖြစ်​ပေမဲ့ ခ​ရစ်​ယာန်တွေ လိုက်​နာ​ဖို့ မလို​အပ်​ပါ။ စကား​စပ်​အမျိုး​မျိုး​မှာ ဒီ​စကား​လုံး​ကို ဥပ​စာ​သဘော​နဲ့​လည်း သုံး​နှုန်း​ထား​တယ်။—​က ၁၇:၁၀။ ၁​က ၇:၁၉။ ဖိ ၃:၃

  • အသက်။

    ဟီ​ဘ​ရူး​စကား​လုံး ‘နီး​ဖက်​ရှ်’ နဲ့ ဂရိ​စကား​လုံး ‘ပစီး​ခီး’ ကို မြန်​မာ​လို “အသက်” ဆို​ပြီး ကျမ်း​ချက်​တ​ချို့​မှာ ပြန်​ဆို​ထား​တယ်။ ကျမ်း​စာ​ထဲ​က အဲဒီ​ဟီ​ဘ​ရူး​နဲ့ ဂရိ​စကား​လုံး အသုံး​ပြု​ပုံ​ကို ဆန်း​စစ်​ကြည့်​တဲ့​အခါ အခြေ​ခံ​အား​ဖြင့် (၁) လူ​တွေ၊ (၂) တိ​ရစ္ဆာန်တွေ၊ (၃) လူတွေ၊ တိရစ္ဆာန်တွေ​မှာ​ရှိ​တဲ့ အသက်​ကို ရည်​ညွှန်း​မှန်း သိသာ​တယ်။ (က ၁​:​၂၀။ ၂​:​၇။ တလ ၃၁:၂၈။ ယ​ဇ ၁၈​:​၄၊ ၂၀။​ မ ၁၀​:​၂၈၊ ၃၉။ ယ​ဟ ၁၀​:​၁၁။ ၁၅:၁၃။ တ ၂၀:၁၀။ ၂၇:၃၇။ ရ ၁၃​:​၁။ ၁​ပ ၃​:​၂၀) တ​ချို့​ကျမ်း​စာ​တွေ​မှာ ပြန်ဆို​ထား​သလို “ဝိညာဉ်” ကို မဆိုလို​ပါ။ ကမ္ဘာ​မြေပေါ်​အသက်​ရှင်​တဲ့ သတ္တ​ဝါ​တွေ​နဲ့ ပတ်သက်​ပြီး​ပြော​တဲ့​အခါ ‘နီး​ဖက်​ရှ်’ နဲ့ ‘ပစီး​ခီး’ နှစ်​ခု​စ​လုံး​ဟာ အကောင်​အထည်​ရှိ​တဲ့၊ ထိ​တွေ့​လို့ရ​တဲ့၊ မြင်​တွေ့​နိုင်​တဲ့၊ သေဆုံး​တတ်​တဲ့​အရာတွေ​ကို ရည်​ညွှန်း​မှန်း ကျမ်း​စာ​က ဖော်​ပြတယ်။ ဒီ​ဘာ​သာ​ပြန်​ကျမ်း​မှာ ဒီ​မူ​ရင်း​စကား​လုံး​ကို စကား​စပ်​ပေါ် မူ​တည်​ပြီး “အသက်၊” “သတ္တ​ဝါ၊” “လူ” ဒါ​မှ​မဟုတ် နာမ်​စား​တွေ​သုံး​ပြီး (“ကျွန်​တော်၊ ငါ”) လို့​ပြန်​ဆို​ထား​တယ်။ တစ်​ခု​ခု​ကို အကြွင်း​မဲ့၊ အစွမ်း​ရှိ​သမျှ​နဲ့ လုပ်​ဆောင်​တာ​ကို​လည်း ဆိုလို​တယ်။ (တရ ၆​:​၅။ မ ၂၂:၃၇) တ​ချို့​စကား​စပ်​မှာ သတ္တ​ဝါ​တွေရဲ့ အာသာ​ဆန္ဒ​ကို ရည်​ညွှန်း​တယ်။ အသေကောင်၊ အလောင်း​ကို​လည်း ရည်ညွှန်း​နိုင်​တယ်။—တ​လ ၆:၆။ ပ ၂၃:၂။ ရှာ ၅၆:၁၁။ ဟဂ္ဂဲ ၂:၁၃

  • အသက်​ပင်။

    ဧ​ဒင်​ဥ​ယျာဉ်​ထဲ​က အပင်​တစ်​ပင်။ အသီး​မှာ အသက်​ပေး​နိုင်​စွမ်း​ရှိ​တယ်​လို့ ကျမ်း​စာ​မှာ မဖော်​ပြပါ။ အဲဒီ​အသီး​ကို စား​ခွင့်​ရ​သူ​တွေ ထာ​ဝ​ရ​အသက်​ရ​မယ်​ဆို​တဲ့ ဘုရား​သခင်​ရဲ့ အာ​မခံ​ချက်​ကို ကိုယ်​စား​ပြု​တယ်။—က ၂:၉။ ၃:၂၂

  • အသင်း​တော်​အမှု​ထမ်း။

    ဂရိ​စကား​လုံး ‘ဒိုင်​ယာ​ကို​နော့စ်’ က​နေ ပြန်​ဆို​ထား​ပြီး “အလုပ်​အကျွေး​ပြု​သူ၊” “အစေ​ခံ” လို့ ပြန်​ဆို​လေ့​ရှိ​တယ်။ “အသင်း​တော်​အမှု​ထမ်း” ဆို​တာ အသင်း​တော်​မှာ အကြီး​အကဲ​အဖွဲ့​ရဲ့ လက်​ထောက်​အဖြစ် အမှု​ဆောင်​သူ​ကို ဆိုလို​တယ်။ ဒီ​အခွင့်​ထူး​အတွက် ကျမ်း​စာ​စံနှုန်း​တွေ ပြည့်​မီ​ရ​မယ်။—၁​တိ ၃:၈-၁၀၊ ၁၂

  • အသန့်​ရှင်း​ဆုံး​အခန်း။

    တဲ​တော်​နဲ့ ဗိမာန်​တော်ရဲ့ အတွင်း​ခန်း။ ပဋိ​ညာဉ်​သေတ္တာ​ရှိ​တဲ့ အဲဒီ​အခန်း​ထဲ​ကို မော​ရှေ​ပြီး​ရင် ပု​ရော​ဟိတ်​မင်း​က​လွဲ​လို့ ဘယ်​သူ​မှ ဝင်​ခွင့်​မရှိ​ဘူး။ ပုရော​ဟိတ်​မင်း​က အပြစ်​ဖြေရာ​နေ့​မှာ တစ်​နှစ်​တစ်​ကြိမ်​ပဲ ဝင်​ခွင့်​ရ​တယ်။—ထွ ၂၆:၃၃။ ဝ ၁၆:၂၊ ၁၇။ ၁​ဘု ၆:၁၆။ ဟီ ၉:၃

  • အာ​ဇေ​လ။

    “ပျောက်​ကွယ်​သွား​တဲ့​ဆိတ်” လို့ အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​နာ​မည်။ အပြစ်​ဖြေရာ​နေ့​မှာ အာ​ဇေ​လ​အ​တွက် ဆိတ်​ကို တော​ကန္တာရ​ထဲ လွှတ်​ပေး​ရ​ပြီး လွန်​ခဲ့​တဲ့​နှစ်​က အစ္စရေး​တစ်​မျိုး​လုံး ကျူး​လွန်​ခဲ့​တဲ့​အပြစ်​တွေ​ကို သယ်​ဆောင်​သွား​တဲ့ အထိမ်း​အမှတ် ဖြစ်​တယ်။—ဝ ၁၆:၈၊ ၁၀

  • အာ​ဒါ။

    ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ရ​ပြီး​နောက် ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၁၂ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၆ လ​မြောက်။ ဖေဖော်​ဝါ​ရီ​လ​လယ်​က​နေ မတ်​လ​လယ်​အထိ ကျ​ရောက်​တယ်။ (ဧ​သ ၃:၇)—နောက်​ဆက်​တွဲ ခ၁၅​ ကို​ကြည့်။

  • အာမ​ဂေဒုန်။

    “မေဂိ​ဒေါ​တောင်” လို့​အဓိပ္ပာယ်ရ​တဲ့ ဟီဘရူး​စကား​လုံး ‘ဟာမဂေဒုန်’ က​နေ ဆင်း​သက်​လာ​တယ်။ ဒီ​စကား​လုံး​ဟာ “အနန္တ​တန်ခိုး​ရှင် ဘုရား​သခင်​ရဲ့​နေ့​ကြီး​မှာ တိုက်​မယ့် စစ်​ပွဲ” နဲ့ ဆက်​စပ်​နေ​တယ်။ အဲဒီ​စစ်​ပွဲ​မှာ “မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ ဘု​ရင်တွေ” စု​ဝေး​ပြီး ယေဟောဝါ​ကို တိုက်​ခိုက်​ကြ​လိမ့်​မယ်။ (ဗ ၁၆:၁၄၊ ၁၆။ ၁၉:၁၁-၂၁)—ကြီး​စွာ​သော​ဒုက္ခ​ကို​ကြည့်။

  • အာ​မင်။

    “အဲဒီ​အတိုင်း ဖြစ်​ပါ​စေ” ဒါ​မှ​မဟုတ် “ဧ​ကန်​မုချ ဖြစ်​ပါ​စေ။” ‘အာ​မင်’ ဆို​တဲ့ ဟီ​ဘ​ရူး​စကား​လုံး​က​နေ ဆင်း​သက်​လာ​ပြီး “သစ္စာ​ရှိ​ခြင်း၊ ယုံ​ကြည်​စိတ်​ချ​ခြင်း” လို့​အဓိပ္ပာယ်ရ​တယ်။ သစ္စာ​ဆို​ချက်၊ ဆုတောင်း​ချက်၊ ထုတ်​ပြန်​ချက်​ကို သဘော​တူ​ရင် “အာ​မင်” လို့ ပြော​ရ​တယ်။ ဗျာဒိတ်​ကျမ်း​မှာ ယေရှု​ရဲ့ ဘွဲ့​နာ​မည်​အဖြစ် သုံး​ထား​တယ်။—​တ​ရ ၂၇:၂၆။ ၁ရ ၁၆:၃၆။ ဗ ၃:၁၄

  • အာ​ရ​မိတ်။

    ဟီ​ဘ​ရူး​စကား​နဲ့ အလွန်​နီး​စပ်​တဲ့ ဆီး​မိုက်​စကား​ဖြစ်​ပြီး ဟီ​ဘ​ရူး​အက္ခရာ​ကို​ပဲ အသုံး​ပြု​တယ်။ အစ​ပိုင်း​မှာ​တော့ အာ​ရံ​လူမျိုး​တွေ ပြော​ဆို​ကြ​ပေမဲ့ နောက်​ပိုင်း​မှာ အဆီး​ရီး​ယား​နဲ့ ဗာ​ဗု​လုန်​အင်​ပါ​ယာ​အတွင်း ကူး​သန်း​ရောင်း​ဝယ်​ရာ​မှာ၊ ပြော​ဆို​ဆက်​သွယ်ရာ​မှာ သုံး​တဲ့ နိုင်​ငံ​တ​ကာ​သုံး​စကား ဖြစ်​လာ​တယ်။ ပါး​ရှား​အင်​ပါ​ယာ​ရဲ့ ရုံးသုံး​စကား​လည်း ဖြစ်​ခဲ့​တယ်။ (ဧ​ဇ ၄:၇) ဧ​ဇ​ရ၊ ယေ​ရ​မိ၊ ဒံယေလ​ကျမ်း​တွေရဲ့ တချို့​အပိုင်း​ကို အာ​ရ​မိတ်​စကား​နဲ့ ရေး​ထား​တယ်။—ဧ​ဇ ၄:၈–၆:၁၈။ ၇:၁၂-၂၆။ ယေ ၁၀:၁၁။ ဒံ ၂:၄​ခ–၇:၂၈

  • အာ​ရံ​ပြည်။အာ​ရံ​လူမျိုး။

    ရှေ​မသား အာ​ရံရဲ့ သား​မြေး​တွေ။ လက်​ဘ​နွန်​တောင်​တန်း​က​နေ မက်​ဆို​ပို​တေး​မီး​ယား​နယ်​အထိ၊ မြောက်​ပိုင်း တော​ရပ်​တောင်​တန်း​က​နေ ဒ​မတ်​စကတ်​နယ်​နဲ့ တောင်​ပိုင်း​ဒေ​သအထိ နေ​ထိုင်​ကြ​တယ်။ ဟီဘရူး​အခေါ် အာ​ရံ​ဒေ​သဟာ နောက်​ပိုင်း​မှာ ဆီး​ရီး​ယား​ပြည်​ကို ရည်​ညွန်း​ပြီး အဲဒီ​မှာ နေ​ထိုင်​သူ​တွေ​ကို ဆီး​ရီး​ယား​လူမျိုး​လို့ ခေါ်​တယ်။—​က ၂၅:၂၀။ တ​ရ ၂၆:၅။ ဟော ၁၂:၁၂

  • အာ​ရေ။

    အေသင်​မြို့၊ ခ​ရော်​ပလပ်​ရဲ​တိုက်​ရဲ့ အနောက်​မြောက်​ဘက်​မှာ​ရှိ​တဲ့ တောင်​ကုန်း။ အဲဒီ​နေ​ရာ​မှာ တွေ့​ဆုံ​စည်း​ဝေး​တဲ့ ကောင်​စီ(တ​ရား​ရုံး)ရဲ့​နာ​မည်။ သတော​အိတ်​နဲ့ ဧပိ​ကု​ရု အတွေး​အခေါ်​သမား​တွေ​က ပေါလု​ကို အဲဒီ​နေ​ရာ ခေါ်​သွား​ပြီး သူ့​ယုံ​ကြည်​ချက်​အကြောင်း ရှင်း​ပြခိုင်း​တယ်။—တ ၁၇:၁၉

  • အာ​ရှ​တ​ရက်။

    ခါ​နန်​လူမျိုး​ကိုးကွယ်​တဲ့ စစ်​နဲ့​မျိုး​အောင်​ခြင်း နတ်​ဘုရား​မ။ ဗာလ​နတ်​ဘုရား​ရဲ့ ဇနီး။—၁​ရှ ၇:၃

  • အာ​ရှ​နယ်။

    ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​မှာ​ပါ​တဲ့ ရော​မစီ​ရင်​စု​နယ်​တစ်​ခု။ ယ​နေ့​ခေတ် တူ​ရ​ကီ​အနောက်​ပိုင်း၊ သာ​မု​ကျွန်း၊ ပတ်​မု​ကျွန်း​စ​တဲ့ ကမ်း​ရိုး​တန်း​ကျွန်း​စု​ဒေ​သတ​ချို့ ပါဝင်​ပြီး မြို့​တော်​ဟာ ဧဖက်​မြို့ ဖြစ်​တယ်။ (တ ၂၀:၁၆။ ဗ ၁:၄)—နောက်​ဆက်​တွဲ ခ​၁၃ ကို​ကြည့်။

  • အာ​လ​ဖနဲ့သြမေဃ။

    ပထ​မဆုံး​နဲ့ နောက်​ဆုံး ဂရိ​အက္ခရာ။ ဗျာဒိတ်​ကျမ်း​မှာ ဘုရား​သခင်​ရဲ့ ဘွဲ့​နာ​မည်​အဖြစ် သုံး​ကြိမ်​ဖော်​ပြထား​ပြီး အဲဒီ​စကား​စပ်​တွေ​မှာ “ဦး​ဆုံး​နဲ့ နောက်​ဆုံး၊” “အစ​နဲ့ အဆုံး” ဆို​တဲ့​အဓိပ္ပာယ်​ရှိ​တယ်။—ဗ ၁:၈။ ၂၁:၆။ ၂၂:၁၃

  • အာ​လ​မုတ်။

    “မိန်း​မပျို​များ” လို့​အဓိပ္ပာယ်ရ​တဲ့ ဂီ​တ​ဝေါဟာ​ရ။ မိန်း​က​လေး​တွေရဲ့ အမြင့်​သံ​ကို ဆိုလို​တာ ဖြစ်​နိုင်​တယ်။ သီချင်း​တစ်​ပုဒ်၊ တေး​တစ်​ပိုဒ်​ကို အမြင့်​သံ​နဲ့ သီဆို​တီး​မှုတ်​ဖို့ ဖော်​ပြတဲ့​အခါ အသုံး​ပြု​တယ်။—၁​ရ ၁၅:၂၀။ ဆ ၄၆ ထိပ်​စီး

  • အာ့ဘ်။

    ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ရ​ပြီး​နောက် ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၅ လ​မြောက်​နာ​မည်။ လော​ကီ​ပြက္ခ​ဒိန်​မှာ ၁၁ လ​မြောက်။ ဇူ​လိုင်​လ​လယ်​က​နေ သြဂုတ်​လ​လယ်​အထိ ကျ​ရောက်​တယ်။ ကျမ်း​စာ​မှာ လ​နာ​မည်​ကို မဖော်​ပြဘဲ “၅ လ​ပိုင်း” လို့​ပဲ ရည်​ညွှန်း​ထား​တယ်။ (တ​လ ၃၃:၃၈။ ဧ​ဇ ၇:၉)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • အိ​လု​ရိတ်​ပြည်။

    ဂရိ​အနောက်​မြောက်​ဘက် ရော​မစီ​ရင်​စု​နယ်။ ပေါလု​ဟာ သာ​သနာ​ပြု​ခ​ရီး​စဉ်​မှာ ဒီ​နေ​ရာ​အထိ ရောက်ခဲ့​ပေမဲ့ ဒီ​ပြည်​မှာ ဟော​ပြော​ခဲ့​သလား၊ ရောက်​ရုံ​ပဲ​လား​ဆို​တာ မဖော်​ပြထား​ဘူး။ (ရ ၁၅:၁၉)—နောက်​ဆက်​တွဲ ခ​၁၃ ကို​ကြည့်။

  • အီသီယိုး​ပီးယား။

    အီဂျစ်​ပြည်​တောင်​ပိုင်း​ရှိ ရှေး​ခေတ်​တိုင်း​နိုင်​ငံ။ အခု​ခေတ် အီဂျစ်​နိုင်​ငံ တောင်​ဘက်​စူး​စူး၊ ဆူ​ဒန်​နိုင်ငံ​ရဲ့ မြောက်​ပိုင်း​ထက်​ဝက်​လောက်​အထိ ပါ​ဝင်​တယ်။ ဟီဘရူး​လို ‘ကု​ရှ​နယ်’ အတွက်​လည်း တစ်​ခါ​တစ်​ရံ အသုံး​ပြု​တယ်။—ဧသ ၁:၁

  • ဥ​ပုသ်။

    “အနား​ယူ​တယ်၊ ရပ်​နား​တယ်” လို့​အဓိပ္ပာယ်ရ​တဲ့ ဟီဘ​ရူး​စကား​လုံး​က​နေ ဆင်း​သက်​လာ​တယ်။ ဂျူး​တွေရဲ့ သီတင်း​ပတ်​မှာ ခု​နစ်​ရက်​မြောက်​နေ့ (သော​ကြာ​နေ့ နေဝင်ချိန်​က​နေ စ​နေ​နေ့ နေ​ဝင်​ချိန်​အထိ) ဖြစ်​တယ်။ တစ်နှစ်တာ​ရဲ့ တ​ခြား​ပွဲ​နေ့​တွေ​အပြင် ၇ နှစ်​မြောက်၊ အနှစ် ၅၀ မြောက်​ကို​လည်း ဥ​ပုသ်​နှစ်​လို့​ခေါ်​တယ်။ ဥ​ပုသ်​နေ့​ရောက်​တဲ့​အခါ သန့်​ရှင်း​ရာ​ဌာန​တော်​မှာ ပု​ရော​ဟိတ်​တွေရဲ့ အမှု​ဆောင်​လုပ်ငန်း​က​လွဲ​လို့ တ​ခြား​ဘာ​အလုပ်​မှ မလုပ်​ရ​ဘူး။ ဥ​ပုသ်​နှစ်​ရောက်​တဲ့​အခါ လယ်​မြေကို မထွန်​ယက်​ဘဲ အနား​ပေး​ရ​တဲ့​အပြင် ဟီဘ​ရူး​လူမျိုး​ချင်း အကြွေး ပြန်​မတောင်း​တော့​ဘဲ ချေ​ပစ်​လိုက်​ရ​တယ်။ မော​ရှေ​ပညတ်​မှာ ဥ​ပုသ်​နဲ့​ဆိုင်​တဲ့ တား​မြစ်​ချက်​တွေ​ဟာ အကျိုး​သင့်​အကြောင်း​သင့်​ရှိ​တယ်။ ဒါ​ပေမဲ့ ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ​က တား​မြစ်​ချက်​တွေ ထပ်​ဖြည့်​တဲ့​အတွက် ယေရှု​ခေတ်​မှာ ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ဖို့ ခက်​ခဲ​တယ်။—ထွ ၂၀:၈။ ဝ ၂၅:၄။ လု ၁၃:၁၄-၁၆။ ကော ၂:၁၆

  • ဥ​ရိမ်​နဲ့ သု​မိမ်။

    တစ်​မျိုး​လုံး​နဲ့​ဆိုင်​တဲ့ အရေး​ကြီး​ကိစ္စ​အတွက် ယေဟောဝါ​ဆီ​က အဖြေကို သိ​ချင်​တဲ့​အခါ အလို​တော်​သိ​နိုင်​ဖို့ ပု​ရော​ဟိတ်​မင်း​က မဲ​တွေ​လို အသုံး​ပြု​ရ​တဲ့​အရာ။ တဲ​တော်​ထဲ ပု​ရော​ဟိတ်​မင်း ဝင်​တဲ့​အခါ ဥ​ရိမ်​နဲ့ သုမိမ်​ကို ရင်​ဖုံး​ထဲ ထည့်​ထား​ရ​တယ်။ ဂျေရု​ဆ​လင်​ကို ဗာဗုလုန်​တွေ ဖျက်​ဆီး​ချိန်​က​စ​ပြီး ဥ​ရိမ်​နဲ့​သု​မိမ်​ကို မသုံး​တော့​တာ ဖြစ်​နိုင်​တယ်။—ထွ ၂၈:၃၀။ နေ ၇:၆၅

  • ဦး​ချို တံ​ပိုး။

    တိ​ရစ္ဆာန်ဦး​ချို​ဖြစ်​ပြီး ဆီ​ဘူး၊ မင်​ဘူး၊ အလှ​ဆီ​ဘူး​အဖြစ်၊ ဂီ​တ​တူ​ရိ​ယာ၊ အချက်​ပြကိ​ရိ​ယာ​အဖြစ် အသုံး​ပြု​ကြ​တယ်။ (၁​ရှ ၁၆:၁၊ ၁၃။ ၁​ဘု ၁:၃၉။ ယ​ဇ ၉:၂) “ဦးချို” ကို ခွန်​အား၊ အောင်​မြင်​မှု၊ အောင်​ပွဲ​အတွက်​လည်း ဥ​ပစာ​သဘော​နဲ့ သုံး​လေ့​ရှိ​တယ်။—တ​ရ ၃၃:၁၇။ မိ ၄:၁၃။ ဇာ ၁:၁၉

  • ဦး​ချို​အတက်။

    ပူ​ဇော်ရာ​ပလ္လင်ရဲ့ ထောင့်​လေး​ထောင့်​မှာ ဦး​ချို​လို ထိုး​ထွက်​နေ​တဲ့ အတက်။ (ဝ ၈:၁၅။ ၁​ဘု ၂:၂၈)—နောက်​ဆက်​တွဲ ခ​၅ နဲ့ ခ​၈ ကို​ကြည့်။

  • ဧ​ဒုံ။

    အိ​ဇက်​သား ဧ​သော​ရဲ့​နာ​မည်​နောက်​တစ်​ခု။ ဧ​သော (ဧဒုံ) ရဲ့ သား​မြေး​တွေ​ဟာ ပင်လယ်​သေနဲ့ အက္က​ဘာ​ပင်လယ်​ကွေ့​ကြား စိ​ရ​တောင်​တန်း​ဒေ​သကို သိမ်း​ယူ​ခဲ့​တယ်။ အဲဒီ​ဒေသ​ဟာ နောက်​ပိုင်း​မှာ ဧ​ဒုံ​ပြည်​ဖြစ်​လာ​တယ်။ (က ၂၅:၃၀။ ၃၆:၈)—နောက်​ဆက်​တွဲ ခ​၃ နဲ့ ခ၄ ကို​ကြည့်။

  • ဧ​ပိ​ကု​ရု အတွေး​အခေါ်​သမား​များ။

    ဂရိ​အတွေး​အခေါ်​ပညာ​ရှင် ဧ​ပိ​ကု​ရု (ဘီ​စီ ၃၄၁-၂၇၀) ရဲ့ နောက်​လိုက်​တွေ။ ဘဝ​မှာ အပျော်​အပါး​ဟာ ပဓာ​န​ဆို​တဲ့ အတွေး​အခေါ်​ကို အဓိ​က​ထား​ကြ​တယ်။—တ ၁၇:၁၈

  • ဧ​ဖာ။

    ကုန်​ခြောက်​အခြင်​အတွယ်။ ကောက်​နှံ​ခြင်​တွယ်​တဲ့ တင်း​တောင်း။ အရည်​အခြင်​အတွယ်​ဖြစ်​တဲ့ ဗတ်​နဲ့ ညီ​မျှ​ပြီး ၂၂ လီ​တာ​ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ​ရှိ​တယ်။ (ထွ ၁၆:၃၆။ ယ​ဇ ၄၅:၁၀)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • ဧ​ဖရိမ်။

    ယော​သပ်​ရဲ့ ဒုတိ​ယ​သား နာ​မည်။ နောက်​ပိုင်း​မှာ အစ္စရေး​မျိုး​နွယ်​တစ်​နွယ်​ရဲ့ နာ​မည်။ အစ္စရေး​ပြည် နှစ်​ပိုင်း​ကွဲ​သွား​တဲ့​အခါ ဧ​ဖရိမ်​အနွယ်​ဟာ အထင်​ပေါ်​ဆုံး​အနွယ် ဖြစ်​လာ​ပြီး ဆယ်​နွယ်​နိုင်​ငံ​ကို ကိုယ်​စား​ပြု​တယ်။—က ၄၁:၅၂။ ယေ ၇:၁၅

  • ဧ​လု​လ။

    ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ရ​ပြီး​နောက် ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၆ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၁၂ လ​မြောက်။ သြဂုတ်​လ​လယ်​က​နေ စက်​တင်​ဘာ​လ​လယ်​အထိ ကျ​ရောက်​တယ်။ (နေ ၆:၁၅)—နောက်​ဆက်​တွဲ ခ​၁၅ ကို​ကြည့်။

  • ဧ​သနိမ်။

    ဂျူး​သာ​သနာ​ပြက္ခ​ဒိန်​ရဲ့ ၇ လ​မြောက်​နာ​မည်၊ လော​ကီ​ပြက္ခ​ဒိန်​မှာ ၁ လ​မြောက်။ စက်​တင်​ဘာ​လ​လယ်​က​နေ အောက်​တို​ဘာ​လ​လယ်​အထိ ကျ​ရောက်​တယ်။ ဗာဗုလုန်​က​နေ ဂျူး​တွေ ပြန်​လာ​ပြီး​တဲ့​နောက် တိ​ရှ​ရိလို့ ခေါ်​တယ်။ (၁​ဘု ၈:၂)—နောက်​ဆက်​တွဲ ခ​၁၅ ကိုကြည့်။

  • ဩမဲ။

    ကုန်​ခြောက်​အခြင်​အတွယ်။ ၂.၂ လီ​တာ​ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ​ရှိ​ပြီး တစ်​ဧ​ဖာ​ရဲ့ ဆယ်​ပုံ​တစ်​ပုံ​နဲ့ ညီ​တယ်။ (ထွ ၁၆:၁၆၊ ၁၈)—နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။

  • အံ့​ဖွယ်​အမှု တန်ခိုး​ပါ​တဲ့​လုပ်​ရပ်

    လူ​တွေ​သိ​ထား​တဲ့ တန်ခိုး​မှန်​သမျှ​ထက် သာ​လွန်​တဲ့ လုပ်​ရပ်၊ ထူး​ဆန်း​တဲ့​ဖြစ်​ရပ်၊ သဘာ​ဝ​လွန်​ဖြစ်​ရပ်။ “လက္ခ​ဏာ၊” “အတိတ်​နိ​မိတ်၊” “ထူး​ဆန်း​တဲ့​အရာ” စ​သည်​ဖြင့် အနက်​တူ​စကား​လုံး​တွေ​ကို​လည်း ကျမ်း​စာ​မှာ အသုံး​ပြု​ထား​တယ်။—ထွ ၄:၂၁။ တ ၄:၂၂။ ဟီ ၂:၄

  • အိုး​ထိန်း​သမား။

    မြေထည် အိုး၊ ခွက်၊ ပန်း​ကန်​လုပ်​တဲ့​သူ။ ဟီဘ​ရူး​စကား​လုံး​ဟာ “ပုံ​သွင်း​သူ” လို့​အဓိပ္ပာယ်​ရှိ​တယ်။ အိုး​ထိန်း​သမား​က အိုး​မြေကို ကြိုက်​သလို လုပ်​ပိုင်​ခွင့်​ရှိ​သလို ယေဟောဝါ​က လူ​တစ်​ဦး​စီ​ကို၊ တိုင်း​နိုင်​ငံ​တွေ​ကို အုပ်​စိုး​ပိုင်​ခွင့်​ရှိ​တယ်​ဆို​တာ သရုပ်​ဖော်​တဲ့​အနေ​နဲ့ သုံး​လေ့​ရှိ​တယ်။—ရှာ ၆၄:၈။ ရ ၉:၂၁

  • အစ္စရေး။

    ယာကုပ်​ကို ဘုရား​သခင်​ပေး​တဲ့ နာ​မည်။ နောက်​ပိုင်း​မှာ သူ့​သား​မြေး​အားလုံး​ကို ဆိုလို​တယ်။ ယာကုပ်​သား ၁၂ ယောက်​ရဲ့ သား​စဉ်​မြေး​ဆက်​တွေ​ကို အစ္စရေး​အမျိုး​သား​တွေ၊ အစ္စရေး​အမျိုး၊ အစ္စရေး​လူမျိုး၊ အစ္စရေးတွေ​ဆို​ပြီး ခေါ်​လေ့​ရှိ​တယ်။ တောင်​ပိုင်း​နိုင်​ငံ​က​နေ ခွဲ​ထွက်​သွား​တဲ့ မြောက်​ပိုင်း​ဆယ်​နွယ်​နိုင်​ငံ​ကို ရည်​ညွှန်း​တဲ့​အခါ​မှာ​လည်း ဒီ​စကား​လုံး​ကို သုံး​တယ်။ နောက်​ပိုင်း​မှာ​တော့ ဘိ​သိက်​ခံ​ခ​ရစ်​ယာန်တွေ​ကို “ဘုရား​သခင်​ရဲ့ အစ္စရေး​လူမျိုး” ဆို​ပြီး သုံး​နှုန်း​ထား​တယ်။—ဂ ၆:၁၆။ က ၃၂:၂၈။ ၂​ရှ ၇:၂၃။ ရ ၉:၆

  • အန္တိ​ခ​ရစ်။

    ဂရိ​စကား​လုံး​မှာ အဓိပ္ပာယ်​နှစ်​မျိုး ရှိ​တယ်။ ခရစ်​တော်​ကို ဆန့်​ကျင်​တာ​ကို ဆိုလို​သလို ခ​ရစ်​တော်​အတု​အယောင်၊ ခ​ရစ်​တော်ရဲ့​နေ​ရာ ယူ​သူ​ကို​လည်း ဆိုလို​တယ်။ ခရစ်​တော်​ကို ကိုယ်​စား​ပြု​တယ်၊ မေရှိ​ယ​ဖြစ်​တယ်​လို့ လိမ်​ညာ​ပြော​ဆို​တဲ့၊ ခ​ရစ်​တော်​နဲ့ သူ့​တ​ပည့်တွေ​ကို ဆန့်​ကျင်​တဲ့ လူ၊ အဖွဲ့​အစည်း၊ အုပ်​စု အားလုံး​ကို အန္တိ​ခ​ရစ်လို့ ခေါ်​နိုင်​တယ်။—​၁​ယ ၂:၂၂

  • အိမ်​ထောင်​ရေး​ဖောက်​ပြန်​ခြင်း။

    အိမ်​ထောင်​သည် ယောက်ျား​ဖြစ်​ဖြစ်၊ မိန်း​မဖြစ်​ဖြစ် အိမ်​ထောင်​ဖက်​မဟုတ်​သူ​နဲ့ စိတ်​လို​ကိုယ်​လျောက် လိင်​ဆက်ဆံ​ခြင်း။—ထွ ၂၀:၁၄။ မ ၅:၂၇။ ၁၉:၉