မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် ဆရာတစ်ဦးဖြစ်ရသနည်း

အဘယ်ကြောင့် ဆရာတစ်ဦးဖြစ်ရသနည်း

အဘယ်ကြောင့် ဆရာ​တစ်ဦး​ဖြစ်​ရသနည်း

“ဆရာ​အများစု​သည် ဆရာ​အလုပ်​ဖြင့်​အသက်မွေး​ဖို့ ရွေးချယ်​ကြ​ခြင်း​မှာ အကူအညီ​ပေး​သော​လုပ်ငန်း ဖြစ်သော​ကြောင့်​တည်း။ [သင်ကြား​ပေးခြင်း​သည်] ကလေး​တို့၏​ဘဝ​အသက်တာကို တစ်မူထူး​သွား စေရန် တာဝန်​ယူ​လိုက်ခြင်း​ဖြစ်သည်။”—ဆရာ​ဆရာမ​များ၊ ကျောင်း​များနှင့် လူ့​အဖွဲ့အစည်း။

သင်ကြားခြင်း​သည် ဆရာ​အချို့​အတွက် လွယ်ကူ​သ​ယောင်​ရှိသော်လည်း တန်း​ကျော်​မာရသွန်​ပြေးပွဲ​အလား—စာသင်​ခန်း​၌ လူများ​လွန်း​ခြင်း၊ စာရွက်စာတမ်း​များ​ဖြင့် အဆ​မတန် လုပ်ဆောင်​ရ​လွန်း​ခြင်း၊ အဆင့်ဆင့်​ခန့်အပ်​အုပ်ချုပ်မှု​ကို ကြိတ်မှိတ်​ခံ​သွား​ရခြင်း၊ နား​ထူ​သော​ကျောင်းသား​များနှင့် မလောက်​င​သော​လစာ​တို့ကို ကျော်လွှား သွား​နေရ​သည်။ စပိန်​နိုင်ငံ၊ မက်​ဒ​ရ​စ်​မြို့မှ ဆရာ​ပေ​သရို​က ဤ​အတိုင်း​ပြောပြ​သည်– “ဆရာ​တစ်ဦး​ဖြစ်​ရတာ လွယ်​တော့​မလွယ်​ဘူး။ တော်​တော့်​ကို အနစ်နာခံ​ရ​ပါ​တယ်။ ဒါပေမဲ့ ဘယ်​အခက်အခဲ​နဲ့​ပဲ​တွေ့​တွေ့၊ ကျွန်တော်​ဟာ စာသင်​ပြ​ခြင်း​ကို စီးပွားရေး​လောကမှာ​ရှိတဲ့ အလုပ်အကိုင်​ထက် ပို​ပြီး​အကျိုးရှိ​စေ​တဲ့​လုပ်ငန်းလို့ သတ်မှတ်​ထား​ဆဲ​ပါ​ပဲ။”

စိန်ခေါ်ချက်​များသည် နိုင်ငံ​အတော်များများ​၏ မြို့ကြီးပြကြီး​များ​၌ သာ၍​ကြီးကျယ်​နိုင်​သည်။ မူးယစ်​ဆေးဝါး၊ ရာဇဝတ်မှု၊ အကျင့်​ယိုယွင်းမှု​နှင့် ရံဖန်ရံခါ မိဘများ​၏​စိတ်ဝင်စားမှု​မရှိခြင်း​တို့​က ကျောင်း​ပတ်ဝန်းကျင်၊ ကျောင်း​စည်းကမ်း​တို့ကို လွန်​စွာ​ထိခိုက်​စေ​သည်။ ကလန်ကဆန်​သဘောထားများ​မှာ အဆန်း​မဟုတ်​တော့​ချေ။ ထိုသို့​ဆိုလျှင် အရည်အချင်း​ရှိသူ​များစွာ​သည် အဘယ်ကြောင့် ဆရာ​အလုပ်ကို​ရွေးချယ်​ကြ​သနည်း။

လီ​မာ​ရီး​စ်​နှင့် ဒိုင်ယာနာ​တို့သည် နယူးယောက်​မြို့မှ ဆရာ၊ ဆရာမ​များ​ဖြစ်သည်။ သူတို့သည် သူငယ်​တန်း​မှ​သည် အသက်​ဆယ်နှစ်​ရှိ ကလေး​များ​အထိ စာသင်​ပြ​ကြသည်။ နှစ်ဦးစလုံး​မှာ (အင်္ဂလိပ်-စပိန်) ဘာသာ​စကား​နှစ်မျိုး ပြောဆိုသူ​များ​ဖြစ်​ပြီး အဓိက​စပိန်​ဘာသာ​စကားပြော​ကလေး​များ​ကို သင်ကြား​လေ​သည်။ ကျွန်ုပ်​တို့၏​မေးခွန်း​ကား . . .

ဆရာ​တစ်ဦး​ဖြစ်​ရန် အဘယ်အရာက​လှုံ့ဆော်​သနည်း

လီ​မာ​ရီး​စ်​က ဤသို့​ပြောပြ​ခဲ့​သည်– “ကျွန်တော့်​ကို ဘာက​လှုံ့ဆော်​သလဲ​ဆိုရင် ကလေး​တွေ​ကို ချစ်​လို့​ပါ​ပဲ။ ကလေး​အချို့​အတွက် သူတို့ရဲ့ ကြိုးစား​အားထုတ်မှုကို အကူအညီ​ပေး​နိုင်​တဲ့​သူဟာ ကျွန်တော်​ပဲ​ရှိတယ်ဆိုတာ ကျွန်တော်​သိတယ်။”

ဒိုင်ယာနာ​က ဤသို့​ပြောပြ​သည်– “ရှစ်နှစ်​အရွယ် ကျွန်မ​ရဲ့​တူ​ဟာ ကျောင်း​မှာ အထူးသဖြင့် ဖတ်ရွတ်​ခြင်း​မှာ အခက်တွေ့​နေလို့ သီးသန့်​သင်ပေးခဲ့​ရတယ်။ သူနဲ့ အခြားသူ​တွေ စာ​တတ်မြောက်​လာတာကို မြင်တွေ့ရ​တဲ့​အတွက် အ​ကျေနပ်​ကြီး​ကျေနပ်​မိတယ်! ဒါနဲ့ ကျောင်း​ဆရာမ​ပဲ​လုပ်မယ်​လို့ ဆုံးဖြတ်​လိုက်ပြီး ဘဏ်​အလုပ်​ကနေ ထွက်​လိုက်တယ်။”

ထပ်တူ​မေးခွန်း​မျိုးကို နိုးလော့! က နိုင်ငံ​အတော်များများ​မှ ဆရာ​ဆရာမ​များ​အား မေးမြန်းခဲ့​ရာ အောက်ပါ​တို့​မှာ ရရှိခဲ့​သည့်​အဖြေ​များ​၏​နမူနာ​ဖြစ်သည်။

အသက် ၄၀ ကျော်​အရွယ်​ရှိ အီတလီ​လူမျိုး ဂျူလီယား​နိုး​က ဤသို့​ရှင်းပြသည်– “ဒီ​အလုပ်ကို ကျွန်တော်​ရွေးချယ်​ရတာက ကျောင်းသား​ဘဝ (ယာ​ဘက်​ပုံ) တုန်း​က ဒါကို​စွဲလမ်း​မိ​ခဲ့လို့​ပဲ။ ဒီ​အလုပ်ဟာ ဖန်တီး​နိုင်စွမ်း​ရှိပြီ အခြားသူ​တွေ​ကို လှုံ့ဆော်ပေး​နိုင်​ခွင့်​အပြည့်​ရှိတယ်လို့ ကျွန်တော်​ယူမှတ်တယ်။ ကျွန်တော်​မှာ​ရှိ​ထား​တဲ့ စိတ်​ထက်သန်မှု​က စ​လုပ်​ချိန်မှာ တွေ့ကြုံ​ရတဲ့​အခက်အခဲတွေကို ကျော်လွှား​ဖို့ ထောက်ကူ​ပေး​ခဲ့တယ်။”

ဩစတြေးလျ​နိုင်ငံ၊ န​ယူး​ဆောက်​ဝေး​လ်​မှ နစ်​ခ်​က ဤသို့​ဆို​သည်– “ကျွန်တော့်​ရဲ့ ဓာတု​ဗေဒ​သုတေသန​နယ်ပယ်​မှာ အလုပ်​ရဖို့ အလားအလာ​အရမ်း​နည်းတယ်၊ ဒါပေမဲ့ ပညာရေး​လောကမှာ​တော့ အခွင့်အလမ်း​များ​တယ်။ အဲဒီ​အချိန်​က​စ​လို့ စာသင်​ပေး​တာ​ကို ကျွန်တော် ပျော်​လာတယ်၊ ကျောင်းသား​တွေ​က​လည်း ကျွန်တော့်​ရဲ့ အသင်အပြ​ကို သဘောကျ​ပုံ​ရတယ်။”

ဆရာများ​ဖြစ်​ဖို့ ရွေးချယ်​ကြ​ရာ​တွင် မိဘတို့​၏​ပုံသက်သေ​က​လည်း အဓိက​အကြောင်းရင်း​ဖြစ်လေ့​ရှိသည်။ ကင်​ညာ​မှ ဝီလျံ​က ကျွန်ုပ်​တို့၏​မေးခွန်း​ကို ဤသို့​ဖြေဆို​သည်– “ကျွန်တော့်​ရဲ့ ကျောင်း​ဆရာ​ဖြစ်​လို​တဲ့​ဆန္ဒ​အပေါ် လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ်​မှာ ဆရာ​တစ်ဦး​ဖြစ်​တဲ့ ကျွန်တော့်​အဖေရဲ့​သြဇာ တော်​တော်​သက်ရောက်​ခဲ့​တာ​ပါ။ လူငယ်တွေရဲ့​စိတ်​ကို ကျွန်တော်​ပုံသွင်း​ပေး​နေတယ်​ဆို​တဲ့ အသိ​တစ်ခု​ဟာ ဒီ​အလုပ်မှာ​မြဲ​စေ​တဲ့ အကြောင်း​တစ်ခု​ပါ​ပဲ။”

ကင်​ညာ​နိုင်ငံ​မှ​ပင်​ဖြစ်သော ရို့စ်​မေရီ​က ကျွန်ုပ်​တို့ကို ဤသို့​ပြောပြ​ခဲ့​သည်– “ကျွန်မ​ဟာ အခွင့်မသာ​တဲ့​သူတွေကို ကူညီ​လို​စိတ် အမြဲ​ရှိခဲ့တယ်။ ဒါနဲ့​ပဲ သူနာပြု​လုပ်​မလား၊ ကျောင်း​ဆရာမ​လုပ်​ရမလား​ဆိုပြီး ရွေးချယ်​ဖို့ ဖြစ်​လာတယ်။ ဆရာ​အလုပ် အရင်​ကမ်း​လှမ်း​ခံရ​တယ်။ ကျွန်မ​လည်း မိခင်​တစ်ဦး​ပါ​ပဲ​ဆို​တဲ့​အချက်​က ဒီ​အလုပ်အပေါ် ကျွန်မ​ရဲ့​မြတ်နိုး​စိတ်​ကို တိုးပွား​စေ​ခဲ့​တာ​ပါ။”

ဂျာမနီ​နိုင်ငံ ဂျု​ရီ​ယန်​မြို့မှ ဘား​သော်လ်​သည် ဆရာ​ဖြစ်လာ​ရသည့် စေ့ဆော်​ချက် နောက်​တစ်မျိုး​ရှိခဲ့​၏– “ကျွန်တော်​ရဲ့​ဇနီး​က ကျွန်တော့်​ကို ဆရာ​ကောင်း​တစ်ယောက် ဖြစ်​လာမယ်လို့​ပြော​တယ်။” သူ၏​ဇနီး​ပြော​သည့်​အတိုင်း ဖြစ်လာ​ခဲ့​သည်။ သူ​ဤသို့​ဆက်​ပြော​သည်– “အခု ကျွန်တော့်​အလုပ်​က ပျော်ရွှင်မှု​အများကြီး​ပေးတယ်။ ပညာရေး​ရဲ့​တန်ဖိုး​ကို​မသိ၊ လူငယ်တွေကို​လည်း စိတ်မဝင်စား​ဘဲ​နဲ့​တော့ အောင်မြင်​ပြီး လှုံ့ဆော်ပေး​တတ်​တဲ့၊ စိတ်​ကျေနပ်မှု​ခံစား​ရတဲ့ ဆရာ​ကောင်း​တစ်ဦး ဖြစ်​မလာ​နိုင်​ပါ​ဘူး။”

နာ​ကာ​တ်​စု​မြို့မှ ဂျပန်​လူမျိုး​ဆရာ​တစ်ဦး​ဖြစ်သော မာ​ဆာ​ဟီ​ရို​က ဤသို့​ဆို​ခဲ့​သည်– “ကျွန်တော့်​ကို ဆရာ​ဖြစ်လာ​စေ​တဲ့​အရာ​က​တော့ ကျွန်တော်​အလယ်တန်း​အရောက်​မှာ ဆရာ​ကောင်း​တစ်ဦး​နဲ့​တွေ့ခဲ့​လို့​ပါ​ပဲ။ သူဟာ ကျွန်တော်​တို့ကို စိတ်ပါလက်ပါ​သင်ပေးတယ်။ နောက်ပြီး ဒီ​အလုပ်​မြဲ​နေရ​တဲ့ အဓိက​အကြောင်းကတော့ ကလေး​တွေ​ကို ကျွန်တော်​ချစ်​လို့​ပါ​ပဲ။”

ဂျပန်​နိုင်ငံ​မှ​ပင်​ဖြစ်သော ယခု အသက် ၅၄ နှစ်​ရှိ ယို​ရှီ​ယာ​သည် စက်ရုံ​တွင် လစာ​ကောင်းသော​အလုပ်​ရထား​သော်လည်း မိမိသည် ကျွန်​တစ်ဦး​သဖွယ် နေ့တိုင်း​အလုပ်ဆင်း​ရသည်​ဟု ခံစား​မိ​ခဲ့​သည်။ “တစ်နေ့ တစ်ယောက်တည်း​စဉ်းစား​မိတယ် ‘ဒီ​ဘဝ​ပုံစံ​မျိုးနဲ့ ဘယ်လောက်​ကြာကြာ ဆက်​စခန်း​သွား​ရမှာ​လဲ။’ အရာဝတ္ထု​တွေ​ထက် လူတွေနဲ့ ပို​ပြီး​ထိတွေ့​ဆက်ဆံ​ရမယ့် အလုပ်​တစ်ခု​ရှာ​ဖို့ ကျွန်တော်​ဆုံးဖြတ်​လိုက်တယ်။ ဆရာ​အလုပ်ဟာ ထူးခြား​ပါ​တယ်။ လူငယ်တွေ​နဲ့​အတူ လုပ်ဆောင်​ရတယ်။ လူသား​ဆန်​တဲ့​အလုပ်ပါပဲ။”

ရုရှား​နိုင်ငံ စိန့်ပီတာ​စ​ဘာ့ဂ်​မြို့မှ ဗလျင်​တီး​နား​သည် ဆရာမ​တစ်ဦး​ဖြစ်​ရခြင်း​ကို တန်ဖိုး​ထား​လေးမြတ်​သည်။ သူ​ဤသို့​ဆို​သည်– “ဆရာ​အလုပ်နဲ့ အသက်မွေး​ဖို့ ကျွန်မ​ရွေးချယ်​တာ​ပါ။ မူလ​တန်း​ပြ​ဆရာ​အဖြစ် ကျွန်မ​လုပ်​လာ​ခဲ့​တာ ၃၇ နှစ်​ရှိပြီ။ ကလေး​တွေ​နဲ့​နေရ​တာ ကျွန်မ​ပျော်​တယ်၊ အထူးသဖြင့် ကလေး​သူငယ်​လေး​တွေ​နဲ့​ပေါ့။ ကျွန်မ​အလုပ်ကို​မြတ်နိုး​လို့ အငြိမ်းစား​မယူ​သေး​တာ​ပါ။”

သူကိုယ်တိုင် ကျောင်း​ဆရာ​တစ်ဦး​ဖြစ်သော ဝီလျံ​အေ​ရာ​စ်​က ဤသို့​ရေးသား​သည်– “ဆရာ​အလုပ်​ဖြင့် အသက်မွေး​ကြ​ရသည့်​အကြောင်း​မှာ သူတို့သည် ကလေး​များနှင့် လူငယ်တို့​ကို​ချစ်သော​ကြောင့် သို့​မဟုတ် သူတို့နှင့်​အတူ​ရှိနေခြင်း၊ သူတို့​တိုးတက်၍ ကြီးပြင်း​လာပြီး ပို​အရည်အချင်း​ပြည့်မီ​ကာ သာ၍​တတ်စွမ်း​သည်​သာမက ကမ္ဘာ​တွင် ပို​၍​သြဇာ​ရှိလာ​ပုံ​အပေါ် စောင့်ကြည့်​ရခြင်း​ကို နှစ်သက်သော​ကြောင့်​ဖြစ်သည်။ . . . အခြား​သူတို့အား လက်ဆောင်​အဖြစ် ကိုယ့်​ကိုယ်ကို​ပေးဆက်​ရန် . . . လူ​တို့​သွန်သင်ခံ​ရ၏။ ကမ္ဘာကြီး​ကို ပို​ကောင်း​လာ​စေရန်​ဟူသော မျှော်လင့်ချက်​ဖြင့် ကျွန်တော် စာသင်​ပြ​ခြင်း​ဖြစ်သည်။”

မှန်ပါသည်၊ အခက်အခဲ၊ ပြဿနာ​များ​ရှိသည့်​ကြား​မှ ထောင်နှင့်ချီ​သော အမျိုးသား၊ အမျိုးသမီး​တို့သည် ဆရာ​လုပ်ငန်း​ဖြင့် အသက်မွေး​ဖို့ ဆွဲဆောင်​ခံရ​သည်။ သူတို့​ရင်ဆိုင်​ရသည့် အဓိက​အခက်အခဲ​အချို့​ကား အဘယ်နည်း။ နောက်​ဆောင်းပါး​၌ အဆိုပါ​မေးခွန်း​ကို ဆွေးနွေး​သွား​မည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

မိဘ–ဆရာ ဆက်ဆံ​ရေး​အတွက် အကြံပြုချက်များ

✔ မိဘများနှင့် သိကျွမ်း​နေဖို့​ကြိုးစား​ပါ။ ယင်းသည် အချိန်ဖြုန်း​ရာ​မကျ​ဘဲ နှစ်ဦး​နှစ်ဖက်​အကျိုးရှိ​စေသော အချိန်​အရင်း​ပြု​မှု​ဖြစ်သည်။ ယင်းက သင်၏ အကောင်းဆုံး​ပူးပေါင်း​လုပ်ဆောင်ပေး​နိုင်​သူတို့နှင့် အစေး​ကပ်​စေဖို့ သင့်အတွက် အခွင့်အလမ်း​ဖြစ်သည်။

✔ မိဘများနှင့် တစ်​ဂိုဏ်း​တည်း​ထား ပြောဆို​ပါ၊ နှိမ်​ပြော​ခြင်း သို့​မဟုတ် တင်​စီး​ပြော​ခြင်း​တို့ကို မပြု​ပါ​နှင့်။ ဆရာများ​သာ​နားလည်​သည့်​အသုံးအနှုန်း​မျိုးကို ရှောင်ပါ။

✔ ကလေး​အကြောင်း ပြော​သည့်​အခါ အပြုသဘောထား ပေါ်လွင်​စေပါ။ ချီးမွမ်း​ပေးခြင်း​သည် ပြစ်တင်​ရှုတ်ချခြင်း​ထက် အကျိုးများ​သည်။ ကလေး​အောင်မြင်​စေဖို့ မိဘတို့​ဘက်​မှ အဘယ်အရာ​ကူညီ​ပေး​နိုင်​ကြောင်း ရှင်းပြပါ။

✔ မိဘများ​ကို စကားပြော​စေပါ၊ အမှန်တကယ် နားထောင်ပေး​ပါ။

✔ ကလေး​၏​အိမ်တွင်းရေး​အခြေအနေ​ကို နားလည်အောင် လုပ်ပါ။ ဖြစ်​နိုင်​လျှင် သွားရောက်​လည်ပတ်ပါ။

✔ ထပ်၍​ဆွေးနွေး​မည့်​ရက်ကို သတ်မှတ်ပါ။ ထို​အတိုင်း​လုပ်ရန် အရေးကြီး​သည်။ ယင်းက သင် တကယ်​စိတ်ဝင်စား​ကြောင်း​ဖော်ပြ​သည်။—အမေရိကန်​တွင်​ဆရာ​အလုပ် စာအုပ်​ကို​အခြေခံ​သည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

‘ကျွန်တော့်​အဖေ​လည်း ဆရာ​တစ်ဦး​ပါ​ပဲ။’—ဝီလျံ၊ ကင်​ညာ​နိုင်ငံ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“ကလေး​တွေ​နဲ့​နေရ​တာ ကျွန်မ​ပျော်​တယ်။”—ဗလျင်​တီး​နား၊ ရုရှား​နိုင်ငံ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“စာပြ​ခြင်း​ဟာ ထူးခြား​ပါ​တယ်။ လူငယ်တွေ​နဲ့​တွဲ​ပြီး သင်​လုပ်ဆောင်​ရတယ်။”—ယို​ရှီ​ယာ၊ ဂျပန်​နိုင်ငံ