မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိုးသစ်တောများ—ယင်းတို့ကို မပျက်စီးစေဘဲ အသုံးပြုနိုင်သလော

မိုးသစ်တောများ—ယင်းတို့ကို မပျက်စီးစေဘဲ အသုံးပြုနိုင်သလော

မိုးသစ်တောများ—ယင်းတို့ကို မပျက်စီးစေဘဲ အသုံးပြုနိုင်သလော

သစ်ထုတ်လုပ်ခြင်းလုပ်ငန်းသည် ကမ္ဘာ့အပူပိုင်း မိုးသစ်တောများကို အမှန်ပျက်စီးစေသည်ဟု သင်ယူဆသလော။ မယူဆပါဟု သင်ဖြေဆိုပေမည်! သို့ရာတွင် ဂေဟဗေဒပညာရှင်တချို့က မယူဆပါဟု ဖြေဆိုခဲ့သူများစွာသည် သစ်တောများပျက်စီးစေရန် အမှန်အားပေးခဲ့သူများဖြစ်သည်ဟု အခိုင်အမာဆိုကြပေမည်—ဥပမာ၊ လှပပြီး လူကြိုက်များသည့် အပူပိုင်းဒေသထွက်သစ်ဖြင့်ပြုလုပ်ထားသော ပရိဘောဂများကို ဝယ်ယူခြင်းအားဖြင့်ဖြစ်သည်၊ ယင်းသစ်များသည် သစ်စိုက်ခင်းများမှမဟုတ်ဘဲ အရိုင်းပေါက်သည့် မိုးသစ်တောများမှရခြင်းဖြစ်သည်။

အများအားဖြင့် သစ်ခုတ်သည့်ပမာဏနှင့် သစ်တောပြုန်းတီးသည့်ပမာဏမှာ တူညီသည်။ အမှန်မှာ၊ သစ်တောများစွာသည် သစ်ခုတ်ခြင်းကြောင့် ပျက်စီးခြင်းဖြစ်သည်။ သို့သော် တခြားသစ်တောများသည် သစ်ခုတ်ရာတွင် အပျက်အစီးအနည်းငယ်သာရှိခဲ့သည်ဟု အခိုင်အမာဆိုကြသည်။ အပူပိုင်းမိုးသစ်တောများနှင့် ယင်းတွင်နေထိုင်သော သားရိုင်းတိရစ္ဆာန်များသည် သစ်ခုတ်ခြင်းအကျိုးဆက်များမှ အမှန်လွတ်မြောက်နိုင်ကြမည်လော။ ဦးဆုံး သစ်ခုတ်ခြင်းသည် သစ်တောတစ်ခုကို မည်သို့ပျက်စီးစေနိုင်ကြောင်း ဆန်းစစ်ကြည့်ကြစို့။

သစ်ခုတ်ခြင်းက သစ်တောနှင့် သားရိုင်းများအား ပျက်စီးစေနိုင်ပုံ

ဤသည်မှာ ဇာတ်ကွက်တစ်ခုဖြစ်သည်– မြေတူးစက်ကြီးများဖြင့် တောနက်အထိရောက်အောင် လမ်းဖောက်ခြင်းဖြင့် သစ်ခုတ်လုပ်ငန်းစတင်သည်။ မကြာမီ လွှစက်များကိုအသုံးပြုသော သစ်ခုတ်သမားများ လုပ်ငန်းစကြသည်။ သစ်ကုမ္ပဏီသည် သစ်ခုတ်ရန်ခွင့်ပြုချိန် ခဏသာရသောကြောင့် အဖိုးတန်အပင်မှန်သမျှကို ခုတ်လှဲရန် အလုပ်သမားများအား ညွှန်ကြားသည်။ ရောင်းရန်စံမီသော အပင်များလဲကျသည့်အခါ နွယ်ကြိုးများဖြင့်ရစ်နွှယ်နေသော ဝန်းကျင်ရှိအပင်များ ကျိုးပဲ့ပျက်စီးကုန်သည်။ ထို့ပြင် သစ်လုံးများသယ်ရာတွင် ကြီးမားလေးလံသောယာဉ်များ၏ ကားဘီးရာများသည် ထူထပ်စွာပေါက်နေသော အပင်ငယ်များကို သေစေပြီး လုံးဝပြန်မပေါက်နိုင်တော့သည့်အထိ မြေဆီလွှာကို သိပ်သည်းစေသည်။

သစ်ကုမ္ပဏီမှ အလုပ်သမားများသည် အများအားဖြင့် ဒေသခံရွာသားများထက် အသား ပိုစားသုံးကြသည်။ သစ်တောတွင်အမဲလိုက်ကြပြီး အမှန်လိုအပ်သည်ထက် ပို၍သတ်ဖြတ်ကြသည်။ သစ်ခုတ်သမားများ ဖောက်ခဲ့သောလမ်းများကြောင့် ယခင်က မရောက်နိုင်သော နယ်မြေထဲသို့ ဝင်ရောက်နိုင်ကြပြီ။ မုဆိုးများသည် ယခု ကားများဖြင့်ဝင်နိုင်ကြပြီး ကျန်ရှိသည့်သားရိုင်းမှန်သမျှကို သတ်ဖြတ်နိုင်ကြသည်။ ထောင်ချောက်ဆင်သူများက ဝင်ငွေကောင်းသော ချစ်စနိုးအိမ်မွေးတိရစ္ဆာန်ဈေးကွက်အတွက် တိရစ္ဆာန်ငယ်လေးများနှင့် ငှက်များကို ထောင်ဖမ်းကြသည်။ ထို့ပြင် မြေပိုင်မရှိသော ထောင်နှင့်ချီသည့်လူများအတွက် ယခု ဝင်ရောက်နိုင်ပြီဖြစ်သောဒေသသစ်တွင် အခြေချနေထိုင်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ သူတို့သည် လယ်ယာစိုက်ပျိုးရန် တောင်ယာခုတ်၊ မီးရှို့သည့်စနစ်ကြောင့် ကျန်ရှိသောသစ်ပင်များကို ခုတ်ထွင်ရှင်းလင်းကြသည်၊ မိုးသည်းထန်စွာရွာခြင်းက အပေါ်ယံမြေဆီလွှာများကို မိုးရေထဲပါသွားစေသည်။

သို့ဖြင့် သစ်တောပြုန်းတီးသွားသည်။ သစ်ခုတ်ခြင်းသည် ပျက်စီးခြင်း၏ ဦးဆုံးအဆင့်တစ်ဆင့်မျှသာဖြစ်သည်။ သို့သော် အပူပိုင်းမိုးသစ်တောများတွင် သစ်ခုတ်ခြင်းသည် သစ်တောများကို အလွန့်အလွန်ပျက်စီးစေသလော။

ထိခိုက်ဆုံးရှုံးမှုနည်းသော သစ်ခုတ်နည်း

မကြာသေးမီနှစ်များတွင် ထိခိုက်ဆုံးရှုံးမှုနည်းသော သစ်ခုတ်နည်းနှင့် သစ်တောများကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်သည့်အစီအစဉ်များကို အသစ်တစ်ဖန်လုပ်ဆောင်ခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ထိုနည်းအတိုင်း သစ်ခုတ်ခြင်းဖြင့် သစ်တောနှင့် သားရိုင်းတိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု နည်းစေရန်ဖြစ်သည်။ သစ်တောကို ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက်မှ နောက်တစ်ကြိမ် သစ်ခုတ်ခွင့်ပြုခြင်းဖြင့် သစ်တောသည် တဖြည်းဖြည်းနှင့် ယခင်ကကဲ့သို့ ပြန်ဖြစ်လာသည်။ ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၏ ဖိအားပေးမှုကြောင့် ယခု ကုန်သည်တချို့က မိမိတို့၏သစ်သည် ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသော လုပ်ပိုင်ခွင့်ရသည့်သစ်တောမှဖြစ်ကြောင်း ကြေညာကြသည်။ ထိခိုက်ဆုံးရှုံးမှုနည်းသော သစ်ခုတ်နည်းကို မည်သို့လုပ်ဆောင်ကြောင်း ဆန်းစစ်ကြည့်ကြစို့။

ကျွမ်းကျင်သော တောအုပ်တစ်ဦးနှင့် အကူအညီပေးသူ အဖွဲ့သားအုပ်စုတစ်စုသည် သူတို့သွားရာလမ်းတစ်လျှောက်ရှိ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းကြသည်။ တောနက်အတွင်း ခြောက်လခန့်နေနိုင်မည့် အုပ်စုများကို ဖွဲ့စည်းပြီး သစ်တောတစ်ခုအတွင်းရှိအပင်များကို စာရင်းပြုစုကြသည်။ သစ်ကုမ္ပဏီသည် နှစ်ရှည်သစ်ခုတ်ခွင့်လိုင်စင်ရရှိသည်၊ ထို့ကြောင့် လုပ်သားများသည် နောင်တွင်အသုံးပြုရန် သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရည်ရွယ်လျက် အပင်ကို အသေးစိတ်စစ်ဆေးဖို့ အချိန်ရရှိကြသည်။

တောအုပ်များက အပင်တိုင်းတွင် မှတ်ပုံတင်နံပါတ်၊ မျိုးစိတ်အမည်တို့ကို အမှတ်အသားပြုလုပ်ကြသည်။ မျိုးစိတ်ရာနှင့်ချီရှိသောကြောင့် အထူးကျွမ်းကျင်သော တောအုပ်ဖြစ်ဖို့လိုအပ်သည်။ ထို့ပြင် ခေတ်သစ်နည်းပညာပါ လိုအပ်သည်။

ဂြိုဟ်တုဖြင့်ဆက်သွယ်ထားသော ကမ္ဘာ့နေရာဒေသများပြ နည်းစနစ်ပါ လက်ကိုင်ကိရိယာကို အသုံးပြုကာ တောအုပ်က သစ်ပင်၏အရွယ်အစား၊မျိုးစိတ်နှင့် မှတ်ပုံတင်နံပါတ်များကို ထည့်သွင်းသည်။ ထို့နောက် သူသည် အဝင်ခလုတ်ကို နှိပ်လိုက်သည်နှင့် အပင်၏ နေရာအတိအကျအပါအဝင် အသေးစိတ်အချက်အလက်အားလုံးသည် သစ်တောနှင့်အလွန်ဝေးသော စည်ကားသည့်မြို့ရှိ ကွန်ပျူတာထဲသို့ ချက်ချင်းရောက်ရှိသွားသည်။

ထို့နောက် သစ်တောမန်နေဂျာသည် သစ်တောအတွင်းရှိ အပင်တိုင်း၏ အသေးစိတ်အချက်အလက်ပါသော မြေပုံတစ်ခုကို သူ၏ကွန်ပျူတာမှ ထုတ်ယူရရှိသည်။ အစိုးရစည်းမျဉ်းများနှင့်အညီ ခုတ်လဲနိုင်သည့် အပင်များကို သူအတိအကျရွေးချယ်သည်။ မျိုးစိတ်များစွာအတွက်မူ အစိုးရက ခုတ်ရန်ခွင့်ပြုထားသည့် သတ်မှတ်လုံးပတ်ထက်ပိုကြီးသော အပင် ၅၀ ရာခိုင်နှုန်းကိုသာ ခုတ်လှဲရန် ခွင့်ပြုသည်။ အသက်အကြီးဆုံးနှင့် အသန်စွမ်းဆုံးအပင်များကို မျိုးခံရန်အတွက် ဆက်ထားမည်ဖြစ်သည်။

သို့သော် သစ်တောမပျက်စီးဘဲ အပင်များကို မည်သို့ခုတ်လှဲနိုင်မည်နည်း။ ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သော တောအုပ်ဖြစ်သူ ရိုဘာတိုကို နိုးလော့!က ထိုမေးခွန်းမေးခဲ့သည်။ သူဤသို့ရှင်းပြ၏– “မြေပုံရှိဖို့က အဓိကပဲ။ သစ်တောပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဘယ်လိုခုတ်လှဲမယ်ဆိုတာကို မြေပုံသုံးပြီး အစီအစဉ်ဆွဲနိုင်တယ်။ ပျက်စီးမှုအနည်းဆုံးဖြစ်တဲ့ဘက်ကို သစ်ပင်လဲကျစေဖို့တောင် စီစဉ်နိုင်တယ်။

“အပင်အားလုံးနီးပါးကျိုးပဲ့စေတဲ့ မြေတူးစက်တွေကို သုံးမယ့်အစား ဝန်ချီစက်နဲ့ သစ်လုံးတွေကို သယ်ထုတ်ဖို့လည်း စီစဉ်နိုင်တယ်။ အပင်မလဲခင် သစ်ခုတ်သမားတွေဟာ ဘေးနားကအပင်တွေကို ရစ်ပတ်နေတဲ့ နွယ်တွေကို ဖြတ်ပစ်တယ်—ဒါကလည်း အပျက်အစီး လျော့နည်းစေတယ်။ သစ်ခုတ်ဖို့ ခွင့်ပြုချက်ရထားတဲ့နယ်မြေတွေမှာ အလှည့်ကျစီသစ်ခုတ်တယ်၊ နယ်မြေတစ်ခုကို နှစ်တိုင်း မြေပုံဆွဲပြီး သစ်ခုတ်တဲ့အတွက် အနည်းဆုံး အနှစ် ၂၀ ကြာမှ အဲ့ဒီနေရာမှာပြန်ခုတ်ဖြစ်မယ်။ တချို့သစ်တောတွေဆိုရင် အနှစ် ၃၀ ကြာတယ်။”

သို့သော် ရိုဘာတိုသည် သစ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည်။ ထို့ကြောင့် နိုးလော့!က သူ့အား ဤသို့မေး၏– “သစ်ခုတ်သမားတွေဟာ သားရိုင်းတိရစ္ဆာန်တွေကို အမှန်တကယ်ကာကွယ်ပေးဖို့ ဘယ်လောက်ထိ စိတ်ဝင်စားကြပါသလဲ။”

တိရစ္ဆာန်များကို ကာကွယ်ခြင်း

ရိုဘာတို ဤသို့ပြောပြ၏– “တိရစ္ဆာန်တွေမရှိဘဲ ကြံ့ခိုင်တဲ့သစ်တောတစ်ခု မဖြစ်နိုင်ဘူး။ ဝတ်မှုန်ကူးဖို့၊ မျိုးစေ့တွေပျံ့နှံ့ဖို့အတွက် သူတို့တွေ မရှိမဖြစ်လိုအပ်တယ်။ ဒီသားရိုင်းတိရစ္ဆာန်တွေအတွက် အနှောင့်အယှက်မဖြစ်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြတယ်။ ဥပမာ၊ လမ်းနည်းနည်းပဲရှိဖို့၊ တစ်လမ်းနဲ့တစ်လမ်းအလှမ်းဝေးဖို့ ကျွန်တော်တို့ အသေအချာစီစဉ်ကြတယ်။ ဖြစ်နိုင်တဲ့အခါတိုင်း သစ်ပင်တွေက လမ်းတွေအပေါ်မှာ အုပ်မိုးနေအောင် လမ်းကျဉ်းတွေကို ဖောက်လုပ်ခဲ့တယ်။ အဲ့ဒါက မျောက်မောင်းမနဲ့ မျောက်စတဲ့ တိရစ္ဆာန်တွေ သစ်ပင်ပေါ်ကနေဆင်းပြီး လမ်းကူးစရာမလိုဘဲ သွားလာစေနိုင်တယ်။”

ရိုဘာတိုက သူ၏မြေပုံပေါ်မှ အရောင်ခြယ်ထားသော ဒေသတချို့ကို ပြသည်။ ထိုဒေသများတွင် လုံးဝသစ်မခုတ်ကြပါ။ ဥပမာ၊ စမ်းချောင်းတိုင်း၏ ကမ်းတစ်ဖက်တစ်ချက်တွင် ကာကွယ်ပေးထားသော လမ်းကြားတစ်ခုက တိရစ္ဆာန်များအား တောတစ်ခုမှတစ်ခုသို့ အနှောင့်အယှက်မရှိ သွားလာနိုင်စေသည်။

သူဤသို့ ဆက်ရှင်းပြ၏– “စမ်းချောင်းဘေးနေရာတွေကို ကာကွယ်ပေးဖို့အရေးကြီးတဲ့အပြင် လိုဏ်ဂူတွေ၊ မြေပေါ်ထိုးထွက်နေသော ကျောက်စွန်းတွေ၊ ကလိုင်ပေါက်ရှိတဲ့ ရှေးသစ်ပင်အိုတွေ၊ အရည်ရွှမ်းအသီးသီးတဲ့ အပင်တွေ—တချို့မျိုးစိတ်တွေ ဆက်အသက်ရှင်နေထိုင်နိုင်ဖို့ အရေးကြီးတဲ့ ဘယ်နေရာကိုမဆို ကျွန်တော်တို့ ကာကွယ်ပေးကြတယ်။ အမဲခိုးပစ်တာကို ကာကွယ်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေ သေနတ်ကိုင်တာကို တားမြစ်ထားတယ်၊ သစ်ခုတ်စခန်းမှာ အမဲပစ်ဖို့မလိုအောင် အမဲသားနဲ့ ကြက်သားတွေကို လေယာဉ်နဲ့ တင်ပို့ပေးတယ်။ နယ်မြေတစ်ခုမှာ သစ်ခုတ်ပြီးသွားရင် အမဲပစ်တဲ့သူတွေ ဒါမှမဟုတ် သစ်ခိုးခုတ်တဲ့သူတွေ တောထဲမဝင်နိုင်အောင် လမ်းတွေကို အသေအချာပိတ်ခဲ့တယ်။

“ကျွန်တော့်အနေနဲ့ကတော့ ဘုရားသခင်ရဲ့ ဖန်ဆင်းရာတွေကို ထိန်းသိမ်းစောင့်ရှောက်နေရတယ်လို့ ယူမှတ်တဲ့အတွက် ဒါတွေလုပ်ဆောင်ရတာ ပျော်တယ်။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့တာတွေ အားလုံးနီးပါးဟာ လုပ်ပိုင်ခွင့်ရပြီး ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ခံရဖို့ သစ်တောတစ်ခုအတွက် အပြည်ပြည်ဆိုင်ရာစည်းမျဉ်းဥပဒေက တောင်းဆိုထားတာဖြစ်တယ်။ ကုမ္ပဏီတစ်ခုဟာ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ပိုင်ခွင့်ရဖို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းစစ်ဆေးရေးအရာရှိတွေရဲ့ သဘောတူချက်ရှိရမယ်။”

ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသော သစ်တောများသည် အကျိုးအမြတ်ရှိပါသလော။ ရိုဘာတိုကဲ့သို့ စိတ်အားထက်သန်သူ အနည်းငယ်မှလွဲ၍ သစ်ခုတ်သမားများသည် သားရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်သည့် အစီအစဉ်များကို အများအားဖြင့် လက်မခံကြပါ။ ထိုကန့်သတ်ချုပ်ချယ်ထားမှုများသည် အကျိုးအမြတ်နည်းစေသည်ဟု ယူမှတ်ကြသည်။

သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် အမေဇုန်ဒေသအရှေ့ဘက်ပိုင်း၌ လေ့လာသုံးသပ်ချက်များအရ သစ်တောမြေပုံဆွဲခြင်း၊ နွယ်ပင်များကို ခုတ်ထွင်ခြင်း၊ သစ်သယ်ထုတ်ရန်စီစဉ်ခြင်းတို့သည် ကုန်ကျငွေထက် ပိုမိုရရှိစေခဲ့သည်၊ ပိုမိုအလေအလွင့်နည်းခြင်းကြောင့်ဖြစ်သည်။ ဥပမာ၊ သစ်လုံးအနည်းငယ်သာ ဆုံးရှုံးခဲ့သည်။ ထိုကဲ့သို့သော မြေပုံများမရှိခြင်းက စက်လွှသမားများ ခုတ်လှဲခဲ့သောအပင်ကို သစ်လုံးသယ်ထုတ်သည့်အလုပ်သမားများကအုပ်ဆိုင်းပိတ်ဆို့နေသော သစ်တောထဲတွင် ရှာမတွေ့နိုင်ကြပါ။

ထို့ပြင် ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသော သစ်တောများမှ လုပ်ပိုင်ခွင့်ရထားသော သစ်များသည် ရောင်းရလွယ်ကူပေမည်။ သို့သော် ထိခိုက်ဆုံးရှုံးမှုနည်းသော သစ်ခုတ်ခြင်းသည် ဇီဝမျိုးစိတ်များကို အမှန်အကာအကွယ်ပေးသလော။ မိုးသစ်တောတွင် ထိုနည်းအတိုင်း သစ်ခုတ်ခြင်းသည် သားရိုင်းတိရစ္ဆာန်မည်မျှကို အသက်ရှင်လွတ်မြောက်စေသနည်း။

သစ်ခုတ်ခြင်းကြောင့် သစ်တောရှိသားရိုင်းတိရစ္ဆာန်များ အသက်ရှင်လွတ်မြောက်နိုင်သလော

အပူပိုင်းမိုးသစ်တောရှိ သက်ရှိများ၏ဂေဟစနစ်သည် အလွယ်နုနယ်ပြီး ရှုပ်ထွေးသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူတို့သည် တချို့အခြေအနေအောက်တွင် အံ့သြဖွယ်ကောင်းလောက်အောင် ဒဏ်ခံနိုင်စွမ်းရှိကြောင်း တွေ့နိုင်သည်။ ဥပမာ၊ သစ်မခုတ်ဖူးသော သစ်တောတချို့သည် သစ်ခုတ်သော ဒေသတစ်ခုအနီးတွင် ရှိမည်ဆိုလျှင် ခုတ်လှဲလိုက်သောမျိုးစိတ်များ၏ ပင်ပျိုများသည် ဟာနေသောမျက်နှာကြက် ပြန်ပြည့်သွားသည်အထိ တဖြည်းဖြည်းနှင့် ကြီးထွားလာကြသည်။ သို့သော် တိရစ္ဆာန်များ၊ ငှက်များ၊ အင်းဆက်ပိုးများနှင့်ပတ်သက်၍ကော အသို့နည်း။

မျိုးစိတ်အချို့ကို ဆိုးဆိုးရွားရွားထိခိုက်မှုရှိသည်၊ သစ်ခုတ်သည့် လုပ်ဆောင်မှုအများစုသည် ထိုဒေသအတွင်းရှိ ငှက်များနှင့် တိရစ္ဆာန်အရေအတွက်ကို လျော့နည်းစေသည်။ သို့သော် ထိခိုက်ဆုံးရှုံးမှုနည်းသော သစ်ခုတ်နည်းသည် မျိုးစိတ်အများစုကို မဆိုစလောက်သာထိခိုက်စေသည်။ အမှန်မှာ အုပ်ဆိုင်းမှု ဟာသွားသောနေရာများသည် မျိုးစိတ်တချို့ကို အမှန်ပင်အထောက်အကူဖြစ်စေသည်။ မကြာသေးမီက သုတေသနပြုမှုအရ လူများရှိနေခြင်းသည်—ယင်းတို့မှအချို့သည် ရွေးချယ်ထားသောဒေသများ၌သာ သစ်ခုတ်ရန်အတွက် ရှိနေခြင်းပင်ဖြစ်ပါစေ—မိုးသစ်တောများအတွင်းရှိ ဇီဝသက်ရှိအမျိုးမျိုးကို ပွားများစေနိုင်သည်ဟု ဖော်ပြခဲ့သည်။

သက်ရှိအမျိုးမျိုးကို ရေရှည်မပျက်စီးစေဘဲ မိုးသစ်တောများကို အသိစိတ်ရှိရှိဖြင့် ခုတ်လှဲနိုင်သည်ဟု ယူမှတ်စေသည့် အထောက်အထားအတန်အရာရှိသည်။ လန်ဒန်အီကောနမစ္စ၌ ဤသို့ဖော်ပြ၏– “ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသော လက်ကျန်သစ်တော၏ ၁၀ ရာခိုင်နှုန်းမျှဖြင့် ယခုလောလောဆယ် အပူပိုင်းဒေသ သစ်မာအားလုံးလိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်သည်။ ကျန်ရှိသော သစ်တောအများစုကို သစ်ခုတ်ခွင့်မပြုသော သစ်တောများအဖြစ် ကြေညာထားနိုင်ပေမည်။”

သစ်ခုတ်ရန်လုံးဝခွင့်မပြုဘဲ ကာကွယ်ထားသည့် သစ်တောတစ်ခုမှာ အစဆောင်းပါးတွင် ဖော်ပြထားသော သစ်တောဖြစ်သည်။ သိပ္ပံပညာရှင်များသည် မျိုးသုဉ်းမည့်အန္တရာယ်ရှိနေသည့် မျိုးစိတ်များစွာကို ထိုသစ်တောတွင် ရှာဖွေတွေ့ရှိခဲ့ကြသောကြောင့် ၎င်းသစ်တောကို ရာမီရိုက ထိန်းသိမ်းစောင့်ရှောက်သည်။ ထိုကဲ့သို့သော သစ်တောမျိုးများမှာ ရှားပါးပြီး ထိုတွင် တွေ့ရခဲသည့်သက်ရှိအမျိုးများစွာရှိသည်။ “ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိကကျတဲ့အရာကတော့ အသိပညာရှိခြင်းပါပဲ” ဟုရာမီရိုရှင်းပြသည်။ “ရေရရှိဖို့အတွက် သစ်တောတွေပေါ် အမှီပြုနေရတယ်ဆိုတာကို ဒေသခံရွာသားတွေ သိလာပြီးတဲ့နောက် သစ်တောထိန်းသိမ်းစောင့်ရှောက်ဖို့ စိတ်ဝင်စားလာကြတယ်။”

ရာမီရို ဤသို့ဆက်ပြော၏– “ပတ်ဝန်းကျင်နဲ့နယ်မြေကို အတတ်နိုင်ဆုံးမထိခိုက်စေဘဲ ခရီးသွားလည်ပတ်လေ့လာဖို့လည်း အရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုကြည့်ရှုတဲ့သူတွေက သစ်ပင်ကြီး သစ်ပင်ငယ်အမျိုးမျိုးကို ဘာကြောင့် ထိန်းသိမ်းထိုက်တယ်ဆိုတာ သိလာကြတယ်။ သစ်တောနဲ့ သစ်တောထဲက သားရိုင်းတိရစ္ဆာန်တွေအပေါ် တန်ဖိုးထားလေးမြတ်စိတ် တိုးများလာတယ်။”

ရာမီရိုနှင့် ရိုဘာတိုတို့၏ပုံနမူနာက လူများသည် အပူပိုင်းမိုးသစ်တောများနှင့် ယင်းတွင်နေထိုင်သော သားရိုင်းတိရစ္ဆာန်များကို မပျက်စီးစေဘဲ အသုံးပြုရန်ဖြစ်နိုင်ကြောင်း သရုပ်ဖော်ပြသည်။ သို့သော် ဖြစ်နိုင်သည့်အရာမှာ မဖြစ်နိုင်ဖွယ်ရာ ဖြစ်နေသည်။ ယနေ့ တချို့သောသူများသည် သူတို့ဝယ်ယူသော အပူပိုင်းဒေသထွက်သစ်များသည် လုပ်ပိုင်ခွင့်ဖြင့် ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ခံရသည့် သစ်တောများမှဖြစ်ကြောင်း သေချာအောင်ပြုနိုင်သည်။ သို့သော် တခြားသူတို့အတွက်မူ ထိုသို့သောအစီအစဉ် မရှိပါ။ ထို့ကြောင့် သစ်တောထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကြိုးစားအားထုတ်မှုများသည် သစ်တောအတွင်းရှိ သက်ရှိအမျိုးမျိုးကို ကယ်တင်နိုင်ပါမည်လော။

[စာမျက်နှာ ၇ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဘိုလီးဗီးယား

ညာဘက်ရှိမြေပုံသည် အပင်တစ်ပင်စီ၏ အသေးစိတ်အချက်အလက်များကိုဖော်ပြ; အထက်တွင် ဖော်ပြထားချက်အရ ထိုမြေပုံသည် ဘိုလီးဗီးယားနိုင်ငံအတွင်းရှိ သေးငယ်သော နယ်မြေတစ်ခုကိုသာ ပြခြင်းဖြစ်

[Credit Line]

All maps except top left: Aserradero San Martin S.R.L., Bolivia

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

အပင်တစ်ပင်စီကို ကိုယ်ပိုင်နံပါတ်၊ မျိုးစိတ်အမျိုးအစားဖြင့် သတ်မှတ်ဖော်ပြသည်။ ထို့နောက် ကမ္ဘာ့နေရာဒေသများပြ နည်းစနစ်ကို အသုံးပြုသည့်စက် (အထက်ပါပုံ) အကူအညီဖြင့် ယင်း၏တိကျသောနေရာကို မှတ်တမ်းတင်ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

‘သစ်တောနဲ့ သစ်တောထဲမှာရှိတဲ့ သားရိုင်းတိရစ္ဆာန်တွေကို ရေရှည်မပျက်စီးစေတဲ့နည်းနဲ့ သစ်ခုတ်ဖို့အတွက် သစ်တော ထဲက အပင်တွေစာရင်းပြုစုထားတဲ့ မြေပုံရှိဖို့ အရေးကြီးတယ်။’—ရိုဘာတို

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

“သစ်တောထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိကကျတဲ့အရာကတော့ အသိပညာ ရှိခြင်းပါပဲ။”—ရာမီရို

[Picture Credit Line on page 9]

Foto: Zoo de Baños