မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မမေ့နိုင်ဖွယ် လေ့လာရေးဖွင့်ပွဲ

မမေ့နိုင်ဖွယ် လေ့လာရေးဖွင့်ပွဲ

မမေ့နိုင်ဖွယ် လေ့လာရေးဖွင့်ပွဲ

မက္ကဆီကိုမှ နိုးလော့! စာရေးသူ ပေးပို့သည်

နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်များသည် ၂၀၀၃၊ မတ်လ ၁၅ ရက်၌ အောက်တွင်မြင်တွေ့ရသော ဆောက်လုပ်ပြီးခါစ အဆောက်အအုံသစ်များအပ်နှံပွဲအတွက် မက္ကဆီကိုစီးတီးအနီးရှိ ဌာနခွဲတွင် စုဝေးခဲ့ကြသည်။ ဤလူနေအဆောက်အအုံများနှင့် ပုံနှိပ်အဆောက်အဦများသည် မက္ကဆီကိုနိုင်ငံရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးမှ နောက်ဆုံး တိုးချဲ့ဆောက်လုပ်လိုက်သည့်အပိုင်း ဖြစ်သည်။

၁၉၇၄ ခုနှစ်၌ မက္ကဆီကိုနိုင်ငံတွင် သက်သေခံ ၆၅,၀၀၀ ခန့်ရှိခဲ့စဉ်က ဤနေရာတွင် ပထမဆုံး ဌာနခွဲအဆောက်အအုံများကို အပ်နှံခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် သက်သေခံအရေအတွက် သိသိသာသာ တိုးများလာသောကြောင့် နောက်ထပ်အဆောက်အအုံ အပ်နှံပွဲများကို ၁၉၈၅ နှင့် ၁၉၈၉ ခုနှစ်တို့တွင် ထပ်မံကျင်းပခဲ့ကြသည်။ နောက်ဆုံးအပ်နှံပွဲတွင် ပုံနှိပ်တိုက်ကြီးတစ်လုံးအပြင် ဌာနခွဲအမှုထမ်း ၁,၃၀၀ နီးပါးနေထိုင်နိုင်သည့် လူနေအိမ်များအပါအဝင် အဆောက်အအုံသစ် တစ်ဒါဇင်ကျော်ပါဝင်သည်။

အပ်နှံပွဲပြီးနောက် နှစ်ပတ်အကြာတွင် ဌာနခွဲအနီးအနားရှိ အိမ်နီးချင်းများအတွက် လေ့လာရေးဖွင့်ပွဲ ကျင်းပပေးခဲ့သည်။ ဖိတ်စာများကို ဒေသခံအရာရှိများအပြင် ဌာနခွဲနှင့် လမ်းသာခြားသည့် တက္ကသိုလ်အသစ်မှ ကျောင်းသားများနှင့် ဆရာများထံ ပေးပို့ခဲ့သည်။ ဖိတ်ကြားထားသူ မည်မျှများများလာမည်ကို ဌာနခွဲရှိသူအများ သိလိုခဲ့ကြသည်။

အကျိုးဖြစ်ထွန်းသော တုံ့ပြန်မှု

ဖိတ်ကြားချက်ကို ကျောင်းသားများ၊ အရာရှိများနှင့် မြို့တော်စည်ပင်သာယာရေးမှ အာဏာပိုင်များအပါအဝင် စုစုပေါင်း ၂၇၂ ဦးတို့ လာရောက်ကြသည်။ ဧည့်သည်များသည် အဆောက်အဦ၏လှပတင့်တယ်မှုနှင့် သန့်ရှင်းသန့်ပြန့်မှုတို့ကို ထုတ်ဖော်ပြောဆိုကြပြီး ဧည့်ဝတ်ပျူငှာမှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြောခဲ့ကြသည်။ အမျိုးသမီးတစ်ဦးက ဧည့်သည်မှတ်တမ်းစာအုပ်တွင် ဤသို့ရေးခဲ့၏– “ရှင်တို့ရဲ့အဆောက်အဦကို ပထမအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်တယ်။ အဆောက်အဦတွေဟာ နှစ်လိုဖွယ်ကောင်းတယ်။ အရင်ကတည်းက ရှင်တို့ကို လေးစားလာခဲ့တာ အခု ပိုပြီးတောင် လေးစားလာမိတယ်။”

အခြားဧည့်သည်တစ်ဦးလည်း ဤသို့ပြောခဲ့၏– “ဒီမှာလုပ်ဆောင်နေတာတွေကို ကျွန်တော်တို့ အထင်မှားခဲ့ကြတယ်။ ခင်ဗျားတို့နဲ့ပတ်သက်ပြီး သတင်းတွေ ပြန့်နေတယ် . . . ဒါပေမဲ့ အခု ကျွန်တော်မြင်တွေ့ရတာတွေက ကျွန်တော့်ကို ယုံကြည်စိတ်ချစေတယ်။ ခင်ဗျားတို့လုပ်နေတာတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ဖြစ်တဲ့အတွက် ကျွန်တော့်အိမ်ကိုလာရင် ဝမ်းသာအားရဖိတ်ခေါ်ပါမယ်။”

မိခင်က သက်သေခံတစ်ဦးဖြစ်သည့် တက္ကသိုလ်ဆရာမတစ်ဦးသည် စာသင်ခန်းနှစ်ခန်းမှ ကျောင်းသူ/သားအားလုံးကို ခေါ်လာခဲ့သည်။ သူ ဤသို့ပြောခဲ့၏– “ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေတွေ လုပ်နေတာတွေကို သူတို့ကို ကျွန်မ သိစေချင်တယ်။ သူတို့တွေ ဒီနေရာကို လာလည်ပတ်တဲ့အတွက် သင်ယူနိုင်စရာတွေ ရှိတယ်။” လည်ပတ်ခြင်းက ကျောင်းသားများကို မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။

ကျောင်းသူတစ်ဦး ဤသို့ရေးခဲ့သည်– “ရှင်တို့ရဲ့ ဧည့်ဝတ်ပျူငှာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မနဲ့ အတန်းဖော်တွေအတွက် အမှတ်တရနေ့လေးပဲ။” နောက်ကျောင်းသူတစ်ဦးကလည်း မိမိတို့ထံ လာရောက်လည်ပတ်သည့် သက်သေခံများကို လက်မခံသူတို့သည် သက်သေခံများ အဘယ်လူစားမျိုးဖြစ်ကြောင်း လုံးလုံးမသိကြ၍ဖြစ်သည်ဟု ရေးသားခဲ့သည်။ “ကျွန်မတို့ သဘောထားကြီးရမယ်၊ တခြားသွန်သင်ချက်တွေကို နားထောင်ပြီး သုံးသပ်ရမယ်” ဟု သူနိဂုံးချုပ်ထားသည်။ လူငယ်တစ်ဦးကလည်း ဤသို့ပြောခဲ့၏– “အရင်တုန်းက ကျွန်တော်တို့ အတော့်ကိုအထင်လွဲခဲ့ကြတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ အတူတူပူးပေါင်းလုပ်ဆောင်ကြတာ အခု ကျွန်တော်တွေ့လိုက်ပြီ။ ခင်ဗျားတို့ဟာ ပုရွက်ဆိတ်လေးတွေလိုပဲ—တကယ်အလုပ်လုပ်ကြတယ်။”

လာရောက်လည်ပတ်သူတို့တွင် ဒေသခံရဲ လေးဦးပါဝင်ကြသည်။ သူတို့ထဲမှအမျိုးသမီးတစ်ဦးက ဤသို့ စာတိုလေးရေးခဲ့သည်– “အထင်ကြီးသွားပြီ။ ဒီမှာ ခွဲခြားဆက်ဆံတာမရှိဘူး။ သန့်ရှင်းရေးလုပ်တဲ့သူ၊ ဥယျာဉ်မှူး၊ အားလုံးက တန်းတူပဲ . . . ဒါဟာ အံ့ဩစရာပါပဲ။”

ကိုးနှစ်နှင့် ဆယ်နှစ်အရွယ်စီရှိကြသော အနီးအနားနေ လူငယ်လေးနှစ်ဦးက ဤသို့ပြောခဲ့၏– “လှမှလှ ကြီးမှကြီးပဲ။” “ကျွန်တော်အကြိုက်ဆုံးက စက်ယန္တရားတွေ။ စက်တွေက သိပ်မြန်တယ်။ စက္ကူဖြတ်စက်ကိုတော့ အကြိုက်ဆုံးပဲ။”

လာရောက်လည်ပတ်သူတို့တွင် ထိခိုက်ဒဏ်ရာကုဆရာဝန်၊ သူ့ဇနီးနှင့် သမီးဖြစ်သည့် တက္ကသိုလ်ကျောင်းသူတို့ပါဝင်ကြသည်။ လှည့်ပတ်ကြည့်ရှုနေစဉ်အတွင်း ဆရာဝန်၏ဇနီးမှာ ကျမ်းစာမေးခွန်းများစွာ မေးမြန်းခဲ့လေသည်။ ဧဝံဂေလိအသင်းသားတစ်ဦးဖြစ်သည့် မိမိ၏ဖခင်ထံ ယေဟောဝါသက်သေများ လာရောက်လည်ပတ်ချိန်မှစ၍ စိတ်ဝင်စားခဲ့ကြောင်း သူပြောပြသည်။ မိမိ၏ဖခင်သည် ဒေါသပေါက်ကွဲနေစဉ် ယေဟောဝါသက်သေတို့မှာ အေးဆေးတည်ငြိမ်နေခဲ့သည်။ “ဘာကြောင့်လဲဆိုတာ အခုသိလိုက်ရပြီ” ဟု သူပွင့်ပွင့်လင်းလင်းပြောခဲ့၏။

ဆရာဝန်နှင့်သူ့မိသားစုက လာရောက်လည်ပတ်ခြင်းသည် ယေဟောဝါသက်သေများအပေါ် မိမိတို့၏သဘောထား ပြောင်းလဲသွားစေသည်ဟု ပြောခဲ့သည်။ သူတို့၏စိတ်ဝင်စားမှုကို သတိထားမိသည့် သူတို့၏ဧည့်လမ်းညွှန်ဖြစ်သူ ဟိုစေက ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲတော်တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး ကျမ်းစာသင်အံမှုကမ်းလှမ်းခဲ့သည်။ သူတို့သည် ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပြီး ကျမ်းစာလေ့လာရန် ဌာနခွဲသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

နောက်အပတ်တွင် သူတို့ရောက်လာကြရာ ဟိုစေနှင့် ဇနီးဘီအာထရီဇ်သည် မိမိတို့အခန်းတွင် ဝမ်းသာအားရ ဧည့်ခံခဲ့သည်။ သူတို့သည် မေးခွန်းများစွာ မေးကြသောကြောင့် ပထမအကြိမ်သင်အံမှုသည် သုံးနာရီခွဲကြာခဲ့၏! ထိုမိသားစုသည် ဧပြီလ ၁၆ ရက်တွင်ကျင်းပသည့် အောက်မေ့ရာပွဲတော်ကို ဆရာဝန်ဇနီး၏ဖခင်—မှန်ပါသည်၊ ယေဟောဝါသက်သေတို့ လည်ပတ်သည့်အတွက် အလွန်ဒေါသထွက်ခဲ့သူနှင့်အတူ တက်ရောက်ခဲ့ကြသည်။

အထူးနှစ်ထောင်းအားရဖွယ်သတင်းမှာ လာရောက်လည်ပတ်သူတို့ အိမ်သို့ယူဆောင်သွားကြသည့် ကျမ်းစာစာပေ၏ အရေအတွက်ပင်ဖြစ်သည်။ ကျမ်းစာစာပေ ၅၀၀၊ အထူးသဖြင့် ကျမ်းစာအုပ်များဖြစ်သည်။ သူတို့ထဲမှအချို့က မိမိတို့သည် ကျမ်းစာကို တစ်ခါမှ,မရခဲ့ဖူးဟု ပြောကြသည်။

ကျမ်းစာစာပေများကို ဝေပေးနေသည့် အာမန်ဒိုအား အိမ်နီးချင်းအမျိုးသမီးတစ်ဦးက ဤသို့ပြောခဲ့၏– “ဒါဟာ အမှန်တရားပဲဆိုတာသိသွားလို့ အခုကစပြီး ရှင်တို့ရဲ့အစည်းအဝေးတွေမှာ ပါဝင်တော့မယ်။” အပတ်အနည်းငယ်ကြာသော် အာမန်ဒိုသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ထိုအမျိုးသမီးကို တွေ့ရ၍ ပျော်ရွှင်ခဲ့၏။ သူဤသို့ပြောခဲ့သည်– “လေ့လာရေးဖွင့်ပွဲတုန်းက သူရရှိထားတဲ့စာအုပ်တွေကို သယ်လာတယ်။ ကျွန်တော် သူ့ကိုနှုတ်ခွန်းဆက်တဲ့အခါ သူက ဒီလိုပြောခဲ့တယ်– ‘ရှင်တွေ့တယ်နော်၊ ရှင့်ကိုပြောခဲ့တဲ့အတိုင်း ကျွန်မလုပ်နေပြီ။’”

သုံးရက်တာ လေ့လာရေးဖွင့်ပွဲသည် လျင်မြန်စွာကုန်ဆုံးခဲ့လေပြီ။ သို့သော် သူတို့အတွက် အလွန်တည်ဆောက်မှုဖြစ်ခဲ့သည်။ ဌာနခွဲအဆောက်အဦများကို ပထမအကြိမ်မြင်တွေ့လိုက်ရသည့် ဧည့်သည်များထံမှ ထုတ်ဖော်ပြောဆိုချက်များက ဌာနခွဲအမှုထမ်းများအား ယေဟောဝါသက်သေတို့၏ဌာနခွဲတွင် အမှုဆောင်ရသည့်အခွင့်ထူးကို ပိုမိုလေးမြတ်တန်ဖိုးထားရန် ကူညီပေးခဲ့ကြသည်။

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံများ]

၁။ ကားပြင်ရုံ၊ ၂။ လုပ်ငန်းတော်ဌာန၊ ၃။ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံ၊ ၄။ လူနေအိမ်များ၊ ၅။ ပုံနှိပ်တိုက်၊ ၆။ ခန်းမဆောင်၊ ၇။ ဧည့်သည်ဆောင်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံများ]

လေ့လာရေးဖွင့်ပွဲသို့ ဖိတ်ကြားထားသည့် ကျောင်းသားများနှင့် ဒေသခံရဲသားများ အပါအဝင် ရာနှင့်ချီသောသူများ လာရောက်ကြ