မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိပ်ချိန်အကြွေးတင်ခြင်း—ကြီးမားလာသော ပြဿနာတစ်ခုလော

အိပ်ချိန်အကြွေးတင်ခြင်း—ကြီးမားလာသော ပြဿနာတစ်ခုလော

အိပ်ချိန်အကြွေးတင်ခြင်း—ကြီးမားလာသော ပြဿနာတစ်ခုလော

ယနေ့ သန်းနှင့်ချီသောလူတို့သည် ဆိုးဆိုးရွားရွား “အကြွေး” လည်ပင်းနစ်နေကြသည်။ ဤအကြွေးသည် သူတို့၏ကားများ ပျက်စီးရခြင်း၊ သူတို့၏အလုပ်အကိုင်များ ထိခိုက်ရခြင်းနှင့် သူတို့၏အိမ်ထောင်ရေးပင် ပျက်ပြားရခြင်းတို့၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။ ယင်းအကြွေးသည် ကျန်းမာရေးကိုထိခိုက်စေကာ အသက်တိုစေနိုင်သည်။ ကိုယ်ခံအားနည်းစေပြီး ကူးစက်ရောဂါအမျိုးမျိုးကို အလွယ်တကူဝင်ရောက်စေသည်။ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း အစရှိသည့် ကျန်းမာရေးအခြေအနေအမျိုးမျိုးအပြင် အခြားကျန်းမာရေးပြဿနာများသည် ယင်းနှင့်ဆက်စပ်လျက်ရှိ၏။ သို့တိုင် အကြွေးတင်နေကြသူအများစုမှာ ဤအကြွေးကို မသိကြချေ။

ပြဿနာ၏တရားခံကား အိပ်ချိန်အကြွေးတင်ခြင်းဖြစ်၏၊ ကျန်းမာရေးအတွက် လူတစ်ဦးလိုအပ်သည့် အိပ်ချိန်ပမာဏအပြည့် မအိပ်ရသည့်အခါ ယင်းအကြွေးတင်လာသည်။ လူတစ်ဦး၏ဘဝပုံစံကြောင့် အအိပ်ပျက်ခံခြင်း သို့မဟုတ် ဖျားနာနေ၍ မအိပ်နိုင်ခြင်းတို့ကြောင့် အိပ်ချိန်အကြွေးတင်လာနိုင်သည်။

ပျမ်းမျှအားဖြင့် လိုအပ်သည့်အိပ်ချိန်ထက် တစ်နာရီလျော့အိပ်သည့် ကမ္ဘာ့လူဦးရေမှာ ယခုအခါ တိုးများလာသည်ဟု ဆေးသုတေသီများက ခန့်မှန်းကြသည်။ ယင်းသည် မဖြစ်စလောက်ဟုထင်ရသော်လည်း ညစဉ် နာရီသန်းပေါင်းခြောက်ထောင် အိပ်ချိန်အကြွေးတင်ခြင်းသည် အိပ်စက်ခြင်းနှင့်ဆက်နွှယ်သော ရောဂါအမျိုးမျိုးနှင့် ဘဝအရည်အသွေးအပေါ် ဩဇာသက်ရောက်မှုတို့ကို သုတေသနပြုရန် အာရုံစိုက်ခြင်းခံရသည်။

ဆေးလောကတွင် ရေရှည်အိပ်မပျော်ခြင်းကို အိပ်မရသည့်ရောဂါတစ်မျိုးဟုသာ ရှုမြင်ကြသည်။ သို့ရာတွင် ယူ.အက်စ်. ကွန်ကရက်စ်မှ ဖွဲ့စည်းသည့် ကော်မရှင်တစ်ခုက အိပ်စက်ခြင်းရောဂါ အမျိုးကွဲ ၁၇ မျိုးရှိကြောင်း လက်ခံထားသည်။ မည်သို့ပင်ဆိုစေ အိပ်မပျော်စေသည့် အကြောင်းရင်းများစွာရှိပြီး ကူးစက်မှုတစ်မျိုးမျိုးကြောင့် အဖျားရောဂါအလား အခြားပြဿနာများ၏လက္ခဏာဟု ယူဆလေ့ရှိကြသည်။

ရံဖန်ရံခါ အိပ်ရေးပျက်ခြင်းသည်ပင် အန္တရာယ်ရှိနိုင်သည်။ တောမ်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် အတွေ့အကြုံရှိသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သော်လည်း သူ၏ ၁၈ ဘီးကုန်တင်ယာဉ်ကြီးကို တာရိုးပေါ်မှ မောင်းဆင်းလာစဉ် ဆာလဖျူရစ်အက်ဆစ် ဂါလံ ၁၀၀ သည် အဓိကအဝေးပြေးလမ်းကြီးပေါ်တွင် ယိုဖိတ်သွားသည်။ တောမ်က “ကျွန်တော် အိပ်ပျော်သွားတယ်” ဟုဝန်ခံခဲ့သည်။ ယူ.အက်စ်. အဝေးပြေးလမ်းမကြီးနှစ်ခုတွင် လေ့လာမှုများက အသက်သေဆုံးရသည့်ယာဉ်တိုက်မှု ၅၀ ရာခိုင်နှုန်းနီးပါးသည် ငိုက်မျဉ်းနေသည့် ယာဉ်မောင်းများကြောင့်ဖြစ်သည်ဟု ခန့်မှန်းကြသည်။

ငိုက်မျဉ်းနေသည့် အလုပ်ဖော်တစ်ဦးနှင့် အနီးကပ်အလုပ်လုပ်ရသူတစ်ဦး၏ အန္တရာယ်များကိုလည်း သုံးသပ်ကြည့်ပါ။ ဩစတြေးလျလူမျိုး သုတေသီ အဲန် ဝေလျမ်စင်က ဤသို့ပြောခဲ့သည်– “၁၇ မှ ၁၉ နာရီကြာ မအိပ်ဘဲနေပြီးနောက် စမ်းသပ်မှုအချို့တွင် [ပါဝင်အစမ်းသပ်ခံသူများ၏] လုပ်ဆောင်နိုင်မှုစွမ်းရည်သည် [သွေးထဲ အရက်ပါဝင်မှု] ၀.၀၅% ရှိသူတစ်ဦး၏ လုပ်ဆောင်နိုင်မှုစွမ်းရည်နှင့် တူညီသည်၊ သို့မဟုတ် ထို့ထက်ပိုဆိုးရွားသည်။” တစ်နည်းအားဖြင့် ထိုစမ်းသပ်ခံသူများသည် နိုင်ငံအချို့၌ ယာဉ်မောင်းတစ်ဦး၏သွေးထဲတွင် ခွင့်ပြုထားသည့် တရားဝင်ကန့်သတ်ထားသော အရက်ပမာဏမျိုးရှိနေသူ သို့မဟုတ် ထို့ထက်ကျော်နေသူတို့ကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်! အိပ်စက်ခြင်းနှင့်ဆက်နွှယ်နေသည့် ထောင်သောင်းချီသော ကားတိုက်မှုနှင့် အလုပ်ခွင်မတော်တဆဖြစ်မှုတို့ နှစ်စဉ်ဖြစ်ပွားနေရာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်မှုစွမ်းအားနှင့် မိသားစုနစ်နာဆုံးရှုံးမှု အလွန်များလျက်ရှိသည်။ *

အိပ်ချိန်အကြွေးတင်စေသည့် အကြောင်းရင်းများကား အဘယ်နည်း။ အကြောင်းရင်းတစ်ခုမှာ ၂၄/၇ ဟုခေါ်သည့် တစ်ပတ်လျှင် ခုနစ်ရက်၊ တစ်ရက်လျှင် ၂၄ နာရီ အလုပ်လုပ်ရသည့် လူမှုဖြစ်ရပ်ကြောင့်ဖြစ်သည်။ ယူအက်စ်အေထူဒေးတွင် ယင်းသည် “ယဉ်ကျေးမှု ကသောင်းကနင်းဖြစ်ခြင်းဟုဆိုကာ ယင်းက ကျွန်ုပ်တို့၏နေထိုင်မှုကို ပြောင်းလဲစေ” သည်ဟု ဖော်ပြထားသည်၊ “လက်လီဖြန့်ချိရေးစတိုးများနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် ၂၄ နာရီဖွင့်ထားခြင်းဖြင့် အလုပ်ချိန်နှင့် အိပ်ချိန်မညီမျှမှုကို လျစ်လျူရှုခြင်းမှ အမြတ်ထုတ်နေကြသည်” ဟုဖော်ပြသည်။ နိုင်ငံများစွာတွင် လူတို့သည် ရုပ်မြင်သံကြားအစီအစဉ်များကို ညလုံးပေါက်ကြည့်ရှုနေကြပြီး မိမိတို့အိပ်သင့်သည့်အချိန်တွင် အင်တာနက်ထဲ ဝင်ရောက်ကြည့်ရှုနေကြ၏။ ထို့နောက် စိတ်ဖိစီးမှုနှင့် လျင်မြန်လှသည့်ဘဝပုံစံကြောင့် စိုးရိမ်ပူပန်မှုမြင့်မားလာခြင်းတို့ ပါဝင်လေ့ရှိသည့် စိတ်ပိုင်းဆိုင်ရာရောဂါများကြောင့် ထိခိုက်နစ်နာမှုများလည်း ရှိသေးသည်။ နောက်ဆုံးတွင် အိပ်ချိန်အကြွေးတင်စေနိုင်သည့် ရောဂါများစွာလည်းရှိသည်။

ဆရာဝန်များစွာသည် မိမိတို့၏လူနာများအား အိပ်ချိန်အကြွေးတင်ခြင်းကို ဂရုစိုက်စေရန် မလွယ်ကူကြောင်း သတိပြုကြသည်။ ဆရာဝန်တစ်ဦးက လူအချို့သည် ရေရှည်မောပန်းခြင်းကို “ဂုဏ်ပုဒ်” အဖြစ် ယူဆကြသည့်အတွက် စိတ်ပျက်ရကြောင်း ညည်းညူခဲ့သည်။ သူတို့၏ကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်းသာ ဆိုးရွားလာလေ့ရှိသောကြောင့် အိပ်ရေးပျက်သူတို့သည် မူမမှန်သည့်အိပ်စက်ခြင်းရောဂါ ခံစားနေရကြောင်း မသိကြချေ။ လူများစွာက ‘ငါအသက်ကြီးလာလို့ပါ’၊ ‘ကိုယ့်ဘဝအခက်အခဲတွေကို မဖြေရှင်းနိုင်လို့ပါ’၊ ‘အနားကောင်းကောင်းမရလို့ အမြဲမောနေတာ’ ဟုဆင်ခြေပေးတတ်ကြသည်။

အိပ်ချိန်အကြွေး မတင်အောင်ပြုလုပ်ခြင်းသည် အလွန်ခက်ခဲသည့်အလုပ်ဖြစ်သည်။ သို့သော် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်းတွင် အဘယ်အရာပါဝင်ကြောင်း နားလည်ထားပြီး အိပ်ချိန်အကြွေးတင်ခြင်း၏ လက္ခဏာများကို ခွဲခြားသိမြင်နိုင်ခြင်းက လိုအပ်သည့်ပြောင်းလဲမှုများပြုလုပ်ရန် လူတစ်ဦးကို လှုံ့ဆော်ပေးသည်။ မူမမှန်သည့်အိပ်စက်ခြင်းရောဂါ၏ လက္ခဏာများကို သိရှိထားခြင်းသည် အသက်ချမ်းသာရစေနိုင်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 မောပန်းခြင်းသည် ၂၀ ရာစု၌ အဆိုးရွားဆုံး မတော်တဆဖြစ်မှုများစွာ၏ အဓိကအကြောင်းရင်း ဖြစ်သည်ဟု ယူဆထားကြသည်။ နိုးလော့! ၂၀၀၁၊ ဖေဖော်ဝါရီ ၈၊ စာမျက်နှာ ၆ [လိပ်] ကိုရှု။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ရံဖန်ရံခါ အိပ်ရေးပျက်ခြင်းသည်ပင် ပြင်းထန်သည့်မတော်တဆမှုများ ဖြစ်စေနိုင်