မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိရစ္ဆာန်များ—ဘုရားသခင်ထံမှ လက်ဆောင်မွန်

တိရစ္ဆာန်များ—ဘုရားသခင်ထံမှ လက်ဆောင်မွန်

တိရစ္ဆာန်များ—ဘုရားသခင်ထံမှ လက်ဆောင်မွန်

တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ဆပ်ကပ်ပွဲသို့ သင်သွားရောက်ကြည့်ရှုဖူးသလော။ ခံ့ညားထည်ဝါသောခြင်္သေ့ သို့မဟုတ် ဆိုက်ဘေးရီးယား ကျားကြီး ဖြစ်ကောင်းဖြစ်မည့် တင့်တယ်လှပသည့် ချစ်စနိုးတိရစ္ဆာန်များကို ကိုင်တွယ်၊ ပွတ်သပ်ပေးလိုစိတ် ဖြစ်ပေါ်ဖူးသလော။ တိရစ္ဆာန်လေ့ကျင့်ပေးသူ သို့မဟုတ် အထိန်းတစ်ဦးက ထိုသို့ပြုလုပ်သည်ကိုတွေ့ရ၍ သင်ဘဝင်ခိုက်မိပေမည်။ အမှန်မှာ၊ ကျမ်းရေးသူတစ်ဦး လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်က ဤသို့ရေးသားခဲ့သည်– “သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ရေတိရစ္ဆာန်မျိုးများကို လူမျိုးသည်ယဉ်စေခြင်းငှာ အောင်တတ်သည့်အတိုင်း အောင်ခဲ့ပြီ။”—⁠ယာကုပ် ၃:⁠၇သမ္မာ။

အမျိုးအစားအသီးသီးမှ တိရစ္ဆာန်များသည် မေတ္တာပါဂရုစိုက်မှု၊ စောင့်ရှောက်မှုတို့ကို တုံ့ပြန်တတ်ကြသည်။ ၎င်းတို့အား ယဉ်ပါးအောင်ပြုစုစောင့်ရှောက်သူများနှင့် တုံ့လှည့်ပြုမူနေသည်ကို မြင်ရခြင်းသည် အမှန်ကြည်နူးစရာပင်။ ကျမ်းရေးသူယာကုပ် ရေးသားခဲ့ချိန်နှင့် တစ်ချိန်တည်းလောက်တွင် ရောမစာရေးဆရာ ပလင်နီက ဆင်များ၊ ခြင်္သေ့များ၊ ကျားများ၊ လင်းယုန်များ၊ မိကျောင်းများ၊ မြွေများနှင့် ငါးများကို ယဉ်ပါးအောင်ပြုခြင်းအကြောင်း ရေးသားခဲ့သည်။

အမှန်မှာ၊ တိရစ္ဆာန်များအား အိမ်မွေးတိရစ္ဆာန်များဖြစ်စေရန် ယဉ်ပါးအောင်မွေးမြူခြင်းသည် ထို့ထက်ပင် များစွာစောသည့်အချိန်ကတည်းက အစပြုခဲ့သည်။ ယာကုပ်နှင့် ပလင်နီတို့ မရေးမီကြာမြင့်စွာကတည်းက အီဂျစ်လူမျိုးများသည် တောရိုင်းတိရစ္ဆာန်များကို ယဉ်ပါးစေကာ အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူခဲ့ကြသည်။ ယနေ့၊ တိရစ္ဆာန်ဥယျာဉ်တွင်တွေ့ရသော တိရစ္ဆာန်များစွာကို နိုင်ငံအချို့တွင် အိမ်များ၌လည်းတွေ့နိုင်သည်။

လူတို့နှင့် အစောပိုင်းဆက်ဆံရေး

လူ့သမိုင်းဦးမှတ်တမ်း၊ သမ္မာကျမ်းစာက ပထမလူသားအာဒံသည် တိရစ္ဆာန်များကို အမည်ပေးခဲ့သည်ဟု မှတ်တမ်းတင်ထား၏။ သမ္မာကျမ်းစာက “လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း နာမည်အသီးအသီးရှိကြ၏။ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကိုလည်းကောင်း၊ သားရဲအပေါင်းတို့ကိုလည်းကောင်း အမည်ပေး၍မှည့်လေ၏။” (ကမ္ဘာဦး ၂:၁၉၊ ၂၀) တိရစ္ဆာန်များကို သင့်လျော်သောအမည်ပေးနိုင်ဖို့ အာဒံသည် ၎င်းတို့နှင့် အလွန်ရင်းနှီးကျွမ်းဝင်လာမည်မှာ သေချာပါသည်။ သို့သော် သားရိုင်းတိရစ္ဆာန်များဖြစ်လျှင်ပင် သူအကာအကွယ် မလိုခဲ့ချေ။ ၎င်းတို့သည် သူနှင့် အသင့်အတင့်ရှိကြသည်၊ သူတို့၏အဖော်ဖြစ်ရခြင်းကို သူနှစ်ထောင်းအားရဖြစ်ခဲ့မည်မှာ အမှန်ပင်!

ဘုရားသခင်သည် အာဒံနှင့် သူ၏ဇနီးဧဝတို့ကို တိရစ္ဆာန်များအား စောင့်ရှောက်ရန် တာဝန်အပ်နှင်းခဲ့သည်။ သမ္မာကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ လူသားတို့သည် “ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုး” ရမည်ဖြစ်သည်။—⁠ကမ္ဘာဦး ၁:⁠၂၆

တည်မြဲသည့် ရင်းနှီးသောဆက်ဆံရေး

တိရစ္ဆာန်များကို လူတို့က နည်းလမ်းတကျ ကွပ်ကဲသောအခါ ရလဒ်မှာ အားရကျေနပ်ဖွယ်ဖြစ်သည်။ ချစ်စရာကောင်းသည့် တိရစ္ဆာန်တစ်ကောင်သည် မိသားစုဝင်ကဲ့သို့ပင် တန်ဖိုးထားအပ်သော အဖော်အဖြစ် ရှုမြင်ခံရနိုင်သည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဆင်းရဲသားတစ်ဦး၏ “သိုးမလေး” နှင့်ပတ်သက်၍ ကျမ်းစာမှတ်တမ်းတွင် တွေ့ရသည့်အချက်သည် မှန်ကန်၏။ ဆင်းရဲသားနှင့်ပတ်သက်၍ ပြောပြရာတွင် ပရောဖက်နာသန်က ဘုရင်ဒါဝိဒ်အား သိုးမလေးအကြောင်း ဖော်ပြခဲ့သည်– “အရှင်၏အစာကို [သိုးမလေးသည်] စားတတ်၏။ အရှင်၏ရေခွက်၌ သောက်တတ်၏။ အရှင်၏ရင်ခွင်၌အိပ်၍ [အရှင်၏] သမီးကဲ့သို့ဖြစ်၏။”—⁠၂ ဓမ္မရာဇဝင် ၁၂:၁-၃

ယနေ့ လူအများသည် တိရစ္ဆာန်တစ်ကောင် မိသားစုဝင်တစ်ဦးကဲ့သို့ ချစ်စရာကောင်းသောအဖော် ဖြစ်လာနိုင်ပုံကို သဘောပေါက်နိုင်သည်။ ဇင်ဘာဘွေမြို့တော် ဟာရာရေမြို့အနီးတွင်နေထိုင်သော မိသားစုတစ်စုကို ကြည့်ပါ။ ကလေးများ အဖော်ရစေရန် မိဘတို့က တစ်ယောက်ကို ခွေးတစ်ကောင်စီ ဝယ်ပေးထားသည်။ ရှစ်နှစ်ခန့်အရွယ် သားတစ်ယောက်သည် သူ၏ခွေးနှင့်အတူ လမ်းလျှောက်ထွက်စဉ် မမ်ဗာခေါ် အဆိပ်ပြင်းသည့်မြွေကြီးတစ်ကောင်သည် သစ်ပင်ပေါ်မှ ကလေးငယ်ရှေ့သို့ ရုတ်တရက် ပြုတ်ကျလာသည်။ မမ်ဗာက ရန်မူတိုက်ခိုက်၏၊ သို့သော် ခွေးက လျှပ်တစ်ပြက်ကြားဝင်ခံကာ ကလေး၏အသက်ကို ကယ်တင်လိုက်သည်။ ထိုခွေးသည် မိသားစုအတွက် မည်မျှအဖိုးထိုက်သည်ကို သင်တွေးကြည့်နိုင်မည်လော။

နားမကြားသူများကို အထောက်အကူပြုရန် လေ့ကျင့်ပေးထားသော ခွေးများသည် အလွန်အဖိုးထိုက်လှ၏။ အမျိုးသမီးတစ်ဦး ဤသို့ပြောပြသည်– “တံခါးခေါင်းလောင်းသံကြားတဲ့အခါ တွင်ကီက ကျွန်မခြေတောက်ကို လာပုတ်ပြီး တံခါးမဆီကို ခေါ်သွားပေးတယ်။ မီးဖိုအချိန်သတ်မှတ် သတိပေးကိရိယာက အချက်ပေးသံကြားတဲ့အခါလည်း တွင်ကီလေးက ကျွန်မဆီပြေးလာတဲ့အတွက် သူ့နောက်ကိုလိုက်သွားတယ်။ မီးခိုးထွက်တဲ့အခါ ဒါမှမဟုတ် မီးလှန့်သံကြားတဲ့အခါမှာ ကျွန်မ သူ့ကိုအာရုံစိုက်လာအောင်လုပ်ပြီး အန္တရာယ်ဖြစ်တော့မယ်ဆိုတာကို လဲချပြီးအချက်ပြဖို့ တွင်ကီကို လေ့ကျင့်ထားပေးတယ်။”

အထူးသဖြင့် မျက်မမြင်နှင့် သူတို့၏လမ်းပြခွေးများအကြား အကျိုးပြုဆက်ဆံရေးသည် မှတ်သားဖွယ်ဖြစ်၏။ လမ်းပြသောမျက်လုံးများ စာအုပ်၏စာရေးဆရာ၊ လမ်းပြခွေး လေ့ကျင့်ပေးသူ မိုက်ကယ် တာကာ က လမ်းပြခွေးတစ်ကောင်သည် မျက်မမြင်များအတွက် “လွတ်လပ်မှု၊ သူတစ်ပါးအပေါ် အမှီအခိုကင်းမှု၊ သွားလာလှုပ်ရှားနိုင်မှုနှင့် ပေါင်းသင်းမှု” တို့ကိုဖန်တီးပေးသည့် ကမ္ဘာသစ်ကို ဖွင့်လှစ်ပေးနိုင်သည်ဟု ယုံကြည်ထားသည်။ ထိုသို့သောခွေးများနှင့် သူတို့သခင်စပ်ကြားရှိ ဆက်ဆံရေးကို တွေ့မြင်ရခြင်းသည် ပျော်ရွှင်ကြည်နူးစရာ အမှန်ပင်!

တစ်နည်းနည်းဖြင့် မသန်မစွမ်းဖြစ်ကာ အဖော်ပြုသောခွေးတစ်ကောင် ရှိသူများ၌လည်း အခြေအနေမှာ အလားတူပင်။ ဘီးတပ်ကုလားထိုင်ဖြင့်သွားလာရသော အမျိုးသမီးတစ်ဦးပိုင်သည့် ခွေးအား တယ်လီဖုန်းကိုင်ပေးရန်နှင့် စာအိတ်တွင်ကပ်ဖို့ တံဆိပ်ခေါင်းကို လျက်ပေးရန် သင်ပေးထားသည်! အခြားခွေးတစ်ကောင်မူ ကုန်ပဒေသာဆိုင်၏ စင်ပေါ်မှ စည်သွတ်ဘူးများနှင့် စက္ကူဘူးများကို သယ်ယူပေးခြင်းအပါအဝင် အမိန့် ၁၂၀ ကိုနားလည်သည်။ မသန်စွမ်းသူ ခွေးပိုင်ရှင်သည် သူရွေးချယ်သည့်ပစ္စည်းကို လေဆာရောင်ခြည်ဖြင့် ထိုးပြရာ ၎င်းတို့ကို သူ၏ခွေးက သယ်လာပေးသည်။

အိမ်မွေးတိရစ္ဆာန်များသည် သက်ကြီးရွယ်အိုများကိုလည်း အကျိုးပြုသည်။ ခွေးများအပါအဝင် အိမ်မွေးတိရစ္ဆာန်များသည် “သက်ကြီးရွယ်အိုများ လူ့ဘောင်အသိုင်းအဝိုင်းနှင့် ကင်းကွာလေ့ရှိသည့်အချိန်၌ ဘဝရည်ရွယ်ချက်နှင့် အသက်ရှင်ရန် အဓိပ္ပာယ်ရှိစေ” သည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ဆိုသည်။ တိုရွန်တိုစတား သတင်းစာက ဤသို့အစီရင်ခံသည်– “အဖော်ရသောတိရစ္ဆာန်များသည် စိတ်ဖိစီးမှုလျော့နည်းစေသည်၊ ဆရာဝန်ခေါ်ရ သက်သာစေသည်၊ နှလုံးရပ်သွားသော်ငြား အသက်ရှင်ကျန်နှုန်း တိုးများလာစေသည်။”

ဗြိတဲန်နီကာစွယ်စုံကျမ်းသစ် က စိတ်ဝင်စားဖွယ်ကောင်းသည့် မှတ်ချက်ကိုဖော်ပြသည်– “အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်းဖြင့် ကလေးများအား တစ်စုံတစ်ရာသော အခွင့်အရေးရခြင်းသည် တာဝန်သိတတ်သူဖြစ်မဖြစ်ပေါ် မူတည်ကြောင်း သင်ကြားပေးခွင့်ရစေသည့်အပြင် ဖိုမသဘာဝနှင့်ပတ်သက်သည့်အရာအချို့ကိုလည်း သင်ပေးခွင့်ရစေသည်။ ပဋိသန္ဓေတည်ရှိနေချိန် ကာလအပြင် သားပေါက်ခြင်း၊ သားပေါက်စောင့်ရှောက်ခြင်းတို့တွင်ပါဝင်သော ပြဿနာများစွာလိုက်ပါလာသည့် မိတ်လိုက်ခြင်းဖြစ်စဉ်ကို ကလေးများ မကြာမီ သတိပြုမိကြသည်။”

ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များကို တွယ်တာခြင်း

တိရစ္ဆာန်များ၏ ထူးကဲသောသစ္စာရှိမှုကြောင့် အချို့သူများမှာ မိသားစုဝင်များထက် သူတို့၏တိရစ္ဆာန်များကို ပိုချစ်လာကြသည်။ ကွာရှင်းခြင်းကိစ္စများ၌ အိမ်မွေးတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ခွင့်သည် ရံဖန်ရံခါ ပိုင်ဆိုင်ခွင့်အငြင်းပွားမှု ဖြေရှင်းပေးရသည့်ကဏ္ဍတစ်ခု ဖြစ်သည်။ ထို့ပြင် လူတို့သည် မိမိတို့၏ သေတမ်းစာ၌ ကျန်ရှိသောမိမိ၏စည်းစိမ်များကို အကျိုးခံစားခွင့်ရှိသူများထဲတွင် အိမ်မွေးတိရစ္ဆာန်များကို ထည့်ထားသည်။

ယနေ့ အိမ်မွေးတိရစ္ဆာန်များသည် ဝင်ငွေကောင်းသည့် လုပ်ငန်းကြီးဖြစ်နေခြင်းကို မအံ့သြသင့်ပေ! အိမ်မွေးတိရစ္ဆာန်များနှင့်ပတ်သက်သည့် ကိစ္စရပ်တိုင်းကို အကြံပြုတင်ပြသော စာအုပ်၊ မဂ္ဂဇင်းများစွာရှိသည်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်အချို့သည် သူတို့၏အချစ်တော်လေးများအတွက် အလွန်ဇိမ်ကျသောပစ္စည်းများ စီမံပေးလိုကြောင်း ကုမ္ပဏီများက သိထားကြရာ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ အလိုရှိရာတိုင်းကို ကမ်းလှမ်းထားသည်။

ဥပမာ၊ အိမ်မွေးတိရစ္ဆာန်များ၌ ကျရောက်တတ်သည့် ရောဂါလက္ခဏာအမျိုးမျိုးကု အထူးကုဆရာဝန်များနှင့် ပြနိုင်ကြသည်။ အိမ်မွေးတိရစ္ဆာန်အတွက် စိတ်ကျဝေဒနာပျောက်ဆေး ညွှန်းပေးသော တိရစ္ဆာန်စိတ်ရောဂါအထူးကုဆရာဝန်များရှိသည်။ ထို့ပြင် အိမ်မွေးတိရစ္ဆာန်၏ ရှေ့နေများ၊ အာမခံကိုယ်စားလှယ်များရှိသကဲ့သို့ ကိုယ်နှင့်အမွေးကိုသန့်စင်ပေးသည့် ဝန်ဆောင်လုပ်ငန်းများနှင့် လေ့ကျင့်ရေးကျောင်းများလည်းရှိသည်။ အိမ်မွေးတိရစ္ဆာန်များအတွက် အသုဘအခမ်းအနား ကျင်းပပေးကြသည်။ ၎င်းပြင် အိမ်မွေးတိရစ္ဆာန်များကို ပုံတူပွားပေးမည်ဟု ကမ်းလှမ်းမှုများလည်းရှိသည်၊ အားလုံး ဈေးကြီး၏!

အိမ်မွေးတိရစ္ဆာန်များကို ချစ်မြတ်နိုးမှု ပျံ့နှံ့လျက်ရှိသည်မှာ ရှင်းနေပါသည်။ တိရစ္ဆာန်ဆွဲဆောင်မှု စာအုပ်တွင် ဒေါက်တာ ဂျိုနီကာ နူးဘီက ဤသို့ကောက်ချက်ချသည်– “ကျွန်မတို့ဆီကို ခွေးတစ်ကောင် အပြေးလာ၊ အမြီးတနန့်နန့်လှုပ်ပြီး သူ့လျှာနဲ့ ကျွန်မတို့ကို လျက်တဲ့အခါ ကျွန်မတို့အိမ်ပြန်လာခြင်းဟာ သူ့ရဲ့တစ်နေ့တာမှာ အပျော်ဆုံးအရာဖြစ်ပုံပါပဲ၊ အဲဒါကို ‘မေတ္တာ’ လို့ခေါ်ရင် မှားမယ်မထင်ပါဘူး။” ထို “မေတ္တာ” ကိုတုံ့ပြန်ရန် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များစွာ အဘယ်ကြောင့် လှုံ့ဆော်ခံရကြသည်ကို အမှန်နားလည်နိုင်ပါသည်။

သို့တိုင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို လူကဲ့သို့ သဘောထားဆက်ဆံခြင်းသည် ဆိုးကျိုးရှိနိုင်ပါသည်။ အားလုံးခြုံကြည့်သော် အိမ်မွေးတိရစ္ဆာန်တစ်ကောင်သည် လူတစ်ဦး၏လိုအပ်ရာကို လူသားချင်းကပေးနိုင်သကဲ့သို့ မဖြည့်ဆည်းနိုင်ချေ။ ထို့ပြင် အိမ်မွေးတိရစ္ဆာန်များကို မြို့သားဖြစ်စေခြင်း—⁠ယင်းတို့ကို မြို့ပြဝန်းကျင်နှင့် လိုက်လျောညီထွေရန်လုပ်ဆောင်ခြင်း—⁠သည် အိမ်မွေးတိရစ္ဆာန်အချို့နှင့် ၎င်းတို့၏ပိုင်ရှင်များကို ပြဿနာဖြစ်စေသည်။ ဤအကြောင်းများကို နောက်ဆောင်းပါးတွင် ဆန်းစစ်ပါမည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဤကဲ့သို့သော သားရိုင်းတိရစ္ဆာန်များကို ယဉ်ပါးစေခဲ့ပြီ

[Credit Line]

ဂီအိုဗာနီ စထရာဒန်နို ရေးသားသည့် ပါသီယာပြည်သားများ၏ မဟာဘုရင် ကျားသစ်ယဉ်နှင့်အတူ အမဲလိုက်ခြင်း စာအုပ်မှ အသေးစိတ်ဖော်ပြချက်– © Stapleton Collection/CORBIS

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဣသရေလသိုးထိန်းများသည် သိုးများကို ကြင်နာစွာ ဆက်ဆံခဲ့ကြ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များသည် မသန်စွမ်းသူနှင့် သက်ကြီးရွယ်အိုတို့ကို ကူညီပေးနိုင်