မွေးရာပါ သင်ယူလိုခြင်း
မွေးရာပါ သင်ယူလိုခြင်း
“ငှက်တွေက ပျံသန်းတယ်၊ ငါးတွေက ကူးခပ်တယ်၊ လူတွေက တွေးခေါ်သင်ယူတယ်။”—ဂျွန်ဟော့ထ်၊ စာရေးဆရာနှင့် ကျောင်းဆရာ။
သမင်ပေါက်လေးတစ်ကောင်သည် ဒယီးဒယိုင်ဖြစ်နေသော ခြေတံရှည်ကို မတ်မတ်ရပ်ကာ မိခင်နောက်သို့လိုက်နိုင်သည့် မွေးရာပါစွမ်းရည်ရှိသည်။ လူသားကလေးငယ်တစ်ဦးမူ တစ်နှစ်မပြည့်သေးမီ လမ်းလျှောက်နိုင်မည်မဟုတ်ပါ။ သို့တိုင် မည်သည့်တိရစ္ဆာန်ထက်မဆို အလွန်တရာသာလွန်သော အံ့ဖွယ်ဦးနှောက်ကို လူသားတို့ပိုင်ဆိုင်ထားကြ၏။ ဤထူးကဲသာလွန်မှုသည် ကလေးတစ်ဦး၏ အတောမသတ်နိုင်သောစူးစမ်းလိုစိတ်၊ ရှာဖွေလေ့လာလိုစိတ်၊ အသိပညာဆည်းပူးလိုစိတ်တို့တွင် ပေါ်လွင်နေသည်။
ကျန်းမာသော သာမန်ကလေးငယ်များသည် စူးစမ်းလိုစိတ်ကို ကျေနပ်စေရန် မိမိတို့၏ပတ်ဝန်းကျင်ကို ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုအသွင် ပြောင်းလဲလိုက်ကြသည်။ အရာဝတ္ထုတစ်ခုကိုပေးလိုက်ပါက ယင်းကို အရသာမြည်းစမ်းကြည့်ခြင်းအပါအဝင် ရှိသမျှအာရုံဖြင့် လေ့လာကြပါလိမ့်မည်! သူတို့၏စမ်းသပ်လေ့လာမှုသည် ဤမျှနှင့်ရပ်တန့်မသွားပေ။ ကလေးငယ်များသည် မိမိတို့၏ပတ်ဝန်းကျင်ကို သိမြင်နားလည်ရန်နှင့် ထိတွေ့ခံစားနိုင်ရန် မကြာခဏဆိုသလို ပျော်ရွှင်မြူးထူးစွာဖြင့် အရာဝတ္ထုများကို ကွေးကြည့်၊ ထုရိုက်ကြည့်၊ လှုပ်ခါကြည့်၊ ချိုးကြည့်မည်ဖြစ်ကြောင်း မိဘတိုင်းသိထားကြသည်။
ကလေးများ စကားပြောတတ်စတွင် ၎င်းတို့၏သိမြင်နားလည်လိုစိတ်မှာ ပိုပေါ်လွင်ထင်ရှားလာသည်၊ စကားပြောသင်ခြင်းကိုယ်နှိုက်သည် အံ့ဖွယ်အောင်မြင်မှုတစ်ရပ်ဖြစ်၏! ကလေးတို့သည် နေ့ချင်းညချင်းပင် မေးခွန်းများ တရစပ်မေးတတ်လာပုံရသည်။ သူတို့၏ပါးစပ်မှ ‘ဒါဘာလဲ’ ‘ဟိုဟာဘာလဲ’ စသောမေးခွန်းများကို မပြီးနိုင်,မဆုံးနိုင် တရစပ်မေးကြပြီး မိဘများ၏စိတ်ရှည်မှုကို စမ်းသပ်လေတော့သည်။ သူတို့သည် “စိတ်အားထက်သန်သော ကာလတိုအတွင်း များစွာသင်ယူတတ်မြောက်ကြ၏” ဟု စာရေးဆရာဂျွန်ဟော့ထ်က ပြောခဲ့သည်။
သို့နှင့် နှစ်အနည်းငယ်ကြာသော် နိုင်ငံများစွာမှကလေးတို့သည် ကျောင်းဆရာများ၊ ကျောင်းသုံးစာအုပ်များ၊ စားပွဲခုံများ၊ ကလေးရာပေါင်းများစွာရှိသော လေ့လာသင်ယူရာနယ်ပယ်သစ်သို့ တက်လှမ်းကြတော့သည်။ ဝမ်းနည်းစရာမှာ လူငယ်များစွာသည် နှစ်ချီ၍ကျောင်းနေပြီးနောက် ဤနည်းဖြင့် သင်ယူလိုစိတ်လျော့နည်းလာသည်။ အချို့က ကျောင်းတက်ရခြင်းကို စိတ်ဖိစီးစရာ၊ ငြီးငွေ့စရာအဖြစ် ယူမှတ်လာကြ၏။ အချို့သောဘာသာရပ်များ၊ ဆရာ ဆရာမများက မလှုံ့ဆော်ပေးနိုင်၍ ဖြစ်ကောင်းဖြစ်ပေမည်။ သို့မဟုတ် အဆင့်ကောင်းကောင်းရဖို့ ဖိအားပေးခြင်းက သူတို့ကို မခံမရပ်နိုင်လောက်အောင် စိုးရိမ်ပူပန်စေပေမည်။
ထိုကဲ့သို့ လေ့လာသင်ယူမှုအပေါ် အပျက်သဘောထားသည် လူကြီးဘဝနှင့် အသက်ကြီးပိုင်းအထိ ဆက်ရှိနေနိုင်ပြီး နက်နက်နဲနဲ တွေးတော၊ လေ့လာ၊ သုတေသနပြုရမည့်အရာမှန်သမျှကို မလုပ်လိုတော့ချေ။ သက်ကြီးရွယ်အိုများရင်ဆိုင်နေရသော နောက်အတားအဆီးတစ်ခုမှာ အသက်ကြီးလာလျှင် သင်ယူနိုင်စွမ်း အလိုအလျောက်လျော့နည်းသွားသည်ဟု ယူဆနေခြင်းဖြစ်၏။ သို့သော် ဤယူဆချက်မမှန်ကန်ကြောင်း ကျွန်ုပ်တို့တွေ့ရှိကြရမည်ဖြစ်သည်။
သင်သည် အသက်အရွယ်မည်မျှပင်ရှိပါစေ သင်၏သင်ယူနိုင်သည့်စွမ်းရည်နှင့် ဆန္ဒတို့ကို တိုးမြှင့်လိုပါသလော။ သင်သည် မိဘတစ်ဦးဖြစ်ပါက သင့်ကလေးများကို ပိုအောင်မြင်သောကျောင်းသားများဖြစ်လာရန်၊ ကျောင်းနေစဉ်နှင့် နောက်ပိုင်းနှစ်များတစ်လျှောက် သင်ယူလိုစိတ်ရှိနေစေလိုပါသလော။ သို့ဆိုလျှင်၊ ကျေးဇူးပြု၍ ဆက်ဖတ်ရှုပါလေ။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဝမ်းနည်းဖွယ်မှာ လူငယ်များစွာသည် ကျောင်းတွင် စိတ်ဖိစီးပြီး စိုးရိမ်ပူပန်နေကြ