မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ယူလိုစိတ်ရှိစေရန် ပြုစုပျိုးထောင်နိုင်ပုံ

သင်ယူလိုစိတ်ရှိစေရန် ပြုစုပျိုးထောင်နိုင်ပုံ

သင်ယူ​လို​စိတ်​ရှိစေရန် ပြုစု​ပျိုးထောင်​နိုင်​ပုံ

“ကလေး​အား ဆုံးမ​သွန်သင်​လော့။ သို့ပြုလျှင် သူသည် တစ်သက်ပတ်လုံး ဆုံးမ​သွန်သင်ချက်​တို့ကို မေ့ပျောက်​လိမ့်​မည်​မဟုတ်။—သု. ၂၂:၆ခေတ်သုံး။

တစ်စုံတစ်ရာ စိတ်ဝင်စားဖွယ်​ဖြစ်ပျက်​နေချိန်​တွင် ကလေး​များ​ကို ချော့သိပ်​ဖူး​ပါသလော။ ကလေး​များသည် မောပန်း​ကာ ငိုယို​လျက် စိတ်​ပင်​ဆိုး​နေ​မည်​ဖြစ်​သော်လည်း မ​အိပ်ချင်​ဘဲ ပါဝင်​ဖို့ ရုန်းကန်​နေပါ​လိမ့်​မည်။ ကလေး​များ “လောကကြီး​ကို သိမြင်​နားလည်​လို​ခြင်း​နှင့် ကျွမ်းကျင်​သူ​ဖြစ်​လို​ခြင်း​တို့သည် သူတို့၏​စားသောက်​လို၊ အနားယူ​လို၊ အိပ်စက်​လို​ခြင်း​ကဲ့သို့​ပင် နက်ရှိုင်း​ပြင်းထန်​သည်။ တစ်ခါတစ်ရံ သာ၍​ပင် လိုအပ်​နေ​ပေမည်” ဟု စာရေး​ဆရာ​ဂျွန်​ဟော့ထ်​က ရေးသားခဲ့​သည်။

ကလေး​များ​အတွက်​စိန်ခေါ်ချက်​မှာ ကျောင်းနေ​သည့်​နှစ်များ​အပါအဝင် ဘဝ​တစ်လျှောက်​လုံး​တွင် သင်ယူ​လို​စိတ် ဆက်​ရှိ​မြဲ​ရှိနေ​ရန်ဖြစ်​သည်။ အောင်မြင်မှု​အတွက် သေချာ​သော​ပုံသေနည်း မရှိ​သော်လည်း မိဘ၊ ဆရာ​နှင့် ကလေး​များ ကျင့်သုံး​နိုင်သော နည်း​စနစ်​အတော်များများ ရှိပါ​သည်။ သို့သော် မည်သည့်​နည်း​စနစ်​ထက်​မဆို ပို​၍​အရေးကြီး​သည်​ကား မေတ္တာ​ပင်​တည်း။

မေတ္တာသည် ကလေး​၏​စွမ်းပကား​ကို တိုးမြှင့်​ပေး

သားသမီး​များသည် မိဘ​မေတ္တာကို တောင့်တ​ကြသည်။ ယင်းသည် သူတို့ကို လုံခြုံမှု​ခံစား​စေပြီး ဆက်သွယ်​ပြောဆို​လို​စိတ်၊ မေးမြန်း​လို​စိတ်၊ စူးစမ်း​လေ့လာ​လို​စိတ် ပိုမို​ရှိစေသည်။ မေတ္တာသည် မိဘတို့​အား မိမိတို့၏​ကလေး​များနှင့် ပုံမှန်​စကားပြော​ဆို​စေပြီး ၎င်းတို့၏​ပညာရေး​ကို​စိတ်ဝင်စား​ရန် လှုံ့ဆော်ပေး​သည်။ သင်ယူ​လို​စိတ်​ပြင်းပြ—လှုံ့ဆော်ပေး​ပြီး သင်ယူ​လို​စိတ်​ရှိလာ​ရန် ကလေး​များ​ကို​ကူညီ​ပေးခြင်း စာအုပ်​ကို​ထောက်ပြ​ကာ “မိဘများသည် ကလေး​တစ်ဦး၏​သင်ယူ​လို​စိတ်ဇော​အပေါ် အဓိက​သြဇာညောင်း​ကြ​သူများ ဖြစ်ပုံရ​သည်” ဟု သုတေသန​ပြုချက်​က ဖော်ပြ​သည်။ မိဘ​နှင့်​ဆရာ​တို့ ပူးပေါင်း​လုပ်ဆောင်​သည့်​အခါ ပို​၍​သြဇာညောင်း​လာ​သည်။ “ကလေး​တစ်ဦး၏​သင်ယူ​လို​စိတ်ဇော​ကို အားဖြည့်ပေး​ရာ​တွင် မိဘ​နှင့်​ဆရာ​တို့ ပူးပေါင်း​ဆောင်ရွက်မှု​လောက် ထိရောက်​သည့်​အရာ​မရှိ” ဟု ထို​စာအုပ်​က ဖော်ပြ​သည်။

မိဘများသည် ကလေး​တို့၏​သင်ယူနိုင်စွမ်း​ကိုလည်း ဩဇာ​ညောင်း​နိုင်​သည်။ မိသားစု ၄၃ စု​ကို နှစ်​ရှည်​လေ့လာမှု​တစ်ရပ်​တွင် “[ပထမ​အသက်​သုံးနှစ်​အတွင်း] စကား​အများဆုံး​ပြောပေး​သော ကလေး​များသည် စကား​သိပ်​မပြော​ပေး​သော ကလေး​များ​ထက် ဉာဏ်ရည် သိသိသာသာ​မြင့်မား​ကြောင်း” သုတေသီ​များ​တွေ့ရှိ​ရသည်​ဟု ဦးနှောက်​အတွင်းပိုင်း​စာအုပ်​က ဖော်ပြ​၏။ “မိမိတို့၏​ကလေး​များနှင့် စကား​များများ​ပြော​သော​မိဘတို့​သည် ကလေး​များ​၏​အောင်မြင်​ပြီးမြောက်မှု​များ​ကို ချီးမွမ်း​ပေး​ကြသည်၊ သူတို့၏​မေးခွန်းများကို ဖြေဆို​ပေး​ကြသည်၊ အမိန့်ပေး​မည့်​အစား လမ်းညွှန်​ပေး​ကြသည်၊ ကွဲပြား​ခြားနား​သော စကားလုံး​အမျိုးမျိုး အသုံးပြု​ကြသည်” ဟု ထို​စာအုပ်​က ဆက်​ဖော်ပြ​၏။ သင်သည် မိဘ​တစ်ဦး​ဖြစ်ပါ​က သင့်​ကလေး​များနှင့် အဓိပ္ပာယ်ရှိရှိ၊ ပုံမှန်​ဆက်သွယ်​ပြောဆို​ပါသလော။

မေတ္တာသည် ကြင်နာ​ပြီး​နားလည်မှု​ရှိ

ကလေး​များသည် စွမ်းရည်​နှင့် ဝါသနာ ကွဲပြား​ကြသည်။ ထို​ကွဲပြားမှု​များ​ကြောင့် မိဘတို့​သည် သူတို့​လေး​များ​အပေါ် အချစ်​ပို​သွား၊ လျော့​သွားခြင်း​မျိုး မဖြစ်​သွား​စေ​လို​ကြ​ပါ။ သို့သော် ယနေ့​လောကတွင် လူတို့သည် ကလေး​များ​၏​စွမ်းရည်​နှင့်​အညီ အကဲဖြတ်လေ့​ရှိကြသည်၊ ယင်းက ကလေး​အချို့​ကို “ယှဉ်ပြိုင်​အနိုင်​ရခြင်း​က မိမိတို့၏​တန်ဖိုး​ကို အကဲဖြတ်​စမ်းသပ်နည်း​တစ်ခု​ဖြစ်သည်​ဟု ရှုမြင်​စေ” နိုင်​ကြောင်း တွေးတော​သင်ယူခြင်း​စွမ်းရည်​စာအုပ်​က ဆို​သည်။ ဤသို့​ရှုမြင်ခြင်းက ကလေး​များ​အား “ရှုံးနိမ့်​မှု​ကြောင့် အလွယ်တကူ​ခြိမ်းခြောက်​ခံရ​စေ” သည့်​အပြင် အလွန်အမင်း​စိုးရိမ်​ပူပန်​စေပြီး စိတ်ဖိစီး​စေနိုင်​သည်။ လွန်ခဲ့သော ၂၅ နှစ်​ကျော်​အတွင်း အိန္ဒိယ​နိုင်ငံ​ရှိ ဆယ်ကျော်သက်​များ ကိုယ့်​ကိုယ်ကို​သတ်​သေနှုန်း သုံး​ဆ​တိုးများ​လာ​ရသည့် အဓိက​အကြောင်းရင်း​မှာ ကျောင်း​ဖိစီးမှု​နှင့် မိသားစု​ထောက်ပံ့​ကူညီ​မှု​မရ​၍ စိုးရိမ်​ပူပန်ခြင်း​ကြောင့်​ဖြစ်သည်​ဟု အိန္ဒိယ​ထူ​ဒေး​မဂ္ဂဇင်းက ရေးသား​၏။

ကလေး​များ​ကို “လူ​အ​လူ​န” ဟု​သမုတ်ခြင်း​ကြောင့်​လည်း စိတ်ထိခိုက်​စေနိုင်​သည်။ အဆိုပါ​အကြင်နာမဲ့​စကား​များ​က သင်ယူ​လို​စိတ်​ကို မြှင့်တင်​ပေး​မည့်​အစား စိတ်ဓာတ်ကျ​ဆင်း​စေပါ​သည်။ သို့သော် မိဘ​မေတ္တာ​ဟူသည် အမြဲ​သနား​ကြင်နာ​သင့်​ကာ ကလေး​၏​ပင်ကို​သင်ယူ​လို​စိတ်​ကို အားပေးပြီး အရှက်ရ​မည်​ကို​ကြောက်ရွံ့​မနေ​စေ​ဘဲ သူ့​နည်း​သူ့​ဟန်​ဖြင့် သင်ယူ​စေပါ။ (၁ ကောရိန္သု ၁၃:၄) ကလေး​တစ်ဦး သင်ယူ​ရေး​တွင် အခက်တွေ့​နေပါက မေတ္တာ​ရှိသော​မိဘများသည် နုံ​အ​သူ၊ အသုံးမကျ​သူ​ဟု လုံးလုံး​မခံစား​စေ​ဘဲ ကြိုးစား​ကူညီ​ပေမည်။ စိတ်ရှည်​ပြီး လိမ္မာ​ပါးနပ်​ဖို့​လို​သော်လည်း ထိုသို့​မေတ္တာပါပါ​ကူညီ​ခြင်း​က လုပ်ဆောင်​ရကျိုးနပ်​ပါ​သည်။ ထို​မေတ္တာ​မျိုးကို မည်သို့​ပြုစု​ပျိုးထောင်​မည်​နည်း။ အရေးကြီးသော​ပထမ​ခြေလှမ်း​မှာ ဝိညာဉ်​ရေး​အမြင်​ရှိ​ခြင်း​ဖြစ်၏။

ဝိညာဉ်​ရေး​အမြင်​သည် မျှတမှု​ရှိစေ

ကျမ်းစာ​အခြေပြု ဝိညာဉ်​ရေး​စိတ်ထား​သည် အလွန်​အဖိုးထိုက်​ရသည့် အကြောင်းရင်း​များစွာ​ရှိသည်။ တစ်ခု​မှာ၊ ယင်းသည် လောက​ပညာ​ဆည်းပူးခြင်း​အပေါ် တော်မှန်​သော​အမြင်​ရှိစေပြီး လောက​ပညာ​ကို အရေးကြီး​သော်လည်း အရေး​အကြီးဆုံး​အရာ​အဖြစ် မ​ရှုမြင်​စေပါ။ ဥပမာ၊ သင်္ချာ​ဘာသာရပ်​သည် များစွာ​အသုံးဝင်​သော်လည်း လူတစ်ဦးကို ကိုယ်ကျင့်တရား​ကောင်း​အောင် မစွမ်းဆောင်​နိုင်​ချေ။

ကျောင်း​ပညာ​ဆည်းပူး​ရန် အချိန်​မည်မျှ​ပေး​မည်​နှင့်​ပတ်သက်​၍​လည်း မျှတမှု​ရှိ​ရန် ကျမ်းစာ​က အားပေးထား​ပြီး ဤသို့​ဆို​၏– “စာ​များ​ကို စီရင်၍​မကုန်မဆုံး။ စာ​ကို အားကြီး​စွာ သင်ကြား​လေ့​ကျက်​ခြင်း​အမှုသည် ကိုယ်ကို​ပင်ပန်း​စေသော​အမှု​ဖြစ်၏။” (ဒေ. ၁၂:၁၂သမ္မာ) ကလေး​များသည် ပညာရေး​အခြေခံ​ကောင်းကောင်း ရှိ​ထား​ဖို့​လို​သော်လည်း ယင်းကြောင့် သူတို့၏​အချိန်​အားလုံး မကုန်ဆုံး​သင့်​ပေ။ သူတို့သည် အခြား​အကျိုးပြု​လုပ်ငန်းဆောင်တာ​များ၊ အထူးသဖြင့် လူတစ်ဦး​၏​အတွင်းလူ​ကို ပြုပြင်ပေး​သည့် ဝိညာဉ်​ရေးရာ​များ​အတွက် အချိန်ပေး​ရန်လို​သည်။

ကျမ်းစာ​အခြေပြု ဝိညာဉ်​ရေး​စိတ်ထား​၏ နောက်​အသွင်အပြင်​တစ်ခု​မှာ ကျိုးနွံ​ခြင်း​ဖြစ်၏။ (မိက္ခာ ၆:၈) ကျိုးနွံ​သူတို့သည် မိမိ၏​အားနည်းချက်များ​ကို အသိအမှတ်ပြု​ကြသည်၊ ပညာရေး​အသင်းအဖွဲ့​များစွာ​တွင် တွေ့​နေရ​သည့် ရည်မှန်းချက်​ကြီး​လွန်း​ခြင်း၊ အကြိတ်အနယ်​ပြိုင်ဆိုင်ခြင်း​တို့၏ သားကောင်​များ ဖြစ်​မသွားကြ​ချေ။ ဤ​အကျိုးမပြုသော​စရိုက်​များသည် “စိတ်ဓာတ်ကျ​စေ​သည်” ဟု အိန္ဒိယ​ထူ​ဒေး​က ဆို​ထား​သည်။ ဤ​မှုတ်သွင်းခံ ကျမ်းစာ​အကြံပြုချက်များ​ကို ကျွန်ုပ်​တို့​ကြီးငယ်မဟူ နာခံကြ​သောအခါ ပို​၍​အကျိုး​ရှိသည်– “အချည်းနှီး​သော​ကျော်စော​ကိတ္တိ​ကို တပ်မက်​ခြင်း၊ အချင်းချင်း​ချုပ်ချယ်​နှောင့်ယှက်ခြင်း၊ အချင်းချင်း​ငြူစူ​ခြင်း​တို့ကို ရှောင်​၍​နေကြ​ကုန်​အံ့။” “လူတိုင်း​ကိုယ်​ပြုသော​အမှုကို စစ်ကြော​စေ။ သို့ပြုလျှင် သူတစ်ပါး​၌​မဆို​ဘဲ ကိုယ်​၌​သာ ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း​ရှိ​လိမ့်​မည်။”—ဂလာတိ ၅:၂၆; ၆:၄

ယင်းကို သားသမီးတို့၏​ပညာရေး​တွင် မိဘများ မည်သို့​လိုက်နာ​နိုင်​မည်​နည်း။ တစ်နည်း​မှာ၊ ကလေး​တစ်ဦးစီ​ကို ကိုယ်ပိုင်​ပန်းတိုင်​များ​ချမှတ်​ဖို့ အားပေးပြီး သူ့ကိုယ်သူ နှိုင်းယှဉ်​ကြည့်​စေပါ။ ဥပမာ၊ မကြာသေးမီ​က သင့်​ကလေး​ဖြေဆို​ခဲ့​သော သင်္ချာ​ဘာသာရပ် သို့​မဟုတ် စာလုံးပေါင်း​သတ်​ပုံစာ​မေး​ပွဲ​၏​ရမှတ်​ကို ယခင်​ရမှတ်​နှင့် နှိုင်းယှဉ်​ကြည့်​စေပါ။ ထို့နောက် သင့်တော်​သလို​ချီးမွမ်း​ပါ၊ အားပေး​စကား​ပြောပါ။ ဤနည်းဖြင့် လက်လှမ်းမီ​နိုင်​မည့်​ပန်းတိုင်​များ ချမှတ်​နိုင်​ရန်၊ သူ၏​တိုးတက်မှု​ကို​ကြပ်မတ်​ပေး​ရန်၊ အားနည်းချက်​မှန်သမျှကို​ဖြေရှင်း​တတ်​ရန် ကူညီ​ပေး​သည်၊ သို့သော် အခြား​ကလေး​များနှင့် မ​နှိုင်းယှဉ်ပါ​နှင့်။

ယခု​ခေတ်တွင် အစွမ်းအစ​ရှိသော​လူငယ်​အချို့​သည် ကျောင်းတွင် ပြောင်လှောင်​ခံရ​မည်​ကို စိုးရိမ်​သောကြောင့် အဆင့်​ကောင်းကောင်း​ရဖို့ မကြိုးစား​ကြ​ချေ။ “စာတော်​တဲ့​ကျောင်းသား​ဖြစ်​ရတာ မ ‘မိုက်’ ပါ​ဘူး” ဟု လူငယ်​တချို့ ယူဆကြ​၏။ ဤ​တွင် ဝိညာဉ်​ရေး​အမြင်​က ကူညီ​နိုင်​သလော။ အမှန်​ကူညီ​နိုင်၏! “အဘယ်​အမှုကိုပြု​သည်​မဆို သင်တို့သည် လူ​၏​အလိုကို​မဟုတ်ဘဲ သခင်​ဘုရား​၏​အလိုကို ဆောင်ရွက်​သကဲ့သို့ အစွမ်း​ရှိသမျှ​ဖြင့် လုပ်ဆောင်ကြ​လော့” ဟု​ဆို​ထား​သည့် ကောလောသဲ ၃:၂၃ [ခေတ်သုံး] ကို သုံးသပ်ကြည့်​ပါ။ ဘုရားသခင့်​စိတ်တော်​တွေ့​စေရန် ကြိုးစား​လုပ်ဆောင်ခြင်း​ထက် ပို​ကောင်းမွန်​သည့်​အရာ ရှိ​နိုင်​မည်​လော။ ဤ​မွန်မြတ်သော​အမြင်မျိုး​ရှိ​ခြင်း​က လူတစ်ဦး​အား အကျိုးမပြုသော ရွယ်တူချင်း​ဖိအား​ကို တွန်းလှန်​နိုင်​စေ​သည်။

ကလေး​များ စာဖတ်​ချင်စိတ်​ရှိအောင် သင်ပေးပါ

အရေး၊ အဖတ်​ဟူသည် လောက​ပညာ​နှင့် ဝိညာဉ်​ရေး​ပညာ နှစ်မျိုး​စ​လုံး​အတွက် အခြေခံ​ကောင်း​ဖြစ်သည်။ မိဘတို့​သည် ကလေး​များ​ကို နို့စို့အရွယ်​ကတည်းက စာဖတ်​ပြ​ခြင်း​ဖြင့် စာဖတ်​လို​စိတ်​ရှိအောင် လှုံ့ဆော်ပေး​နိုင်​သည်။ စာ​ပြင်​သူ​တစ်ဦး​ဖြစ်သော ဒက်ဖ​နီ​သည် ကလေး​ဘဝတွင် မိဘများ​ပုံမှန်​စာ​ဖတ်ပြ​သည်ကို သဘောကျ​နေ​သူ​ဖြစ်သည်။ “ကျွန်မ စာဖတ်​ချင်စိတ်​ရှိ​လာအောင် သူတို့​ပျိုးထောင်​ပေး​ခဲ့​ကြတယ်” ဟု ပြောပြ​သည်။ “ဒါ​ကြောင့် ကျွန်မ ကျောင်း​မနေ​ခင်​ကတည်းက စာဖတ်​တတ်​နေပြီ။ ကျွန်မ​သိချင်တဲ့​မေးခွန်းတွေကို အဖြေရှာ​တတ်​အောင် သုတေသန​လုပ်တတ်​ဖို့​လည်း မိဘတွေ​သင်ပေးခဲ့တယ်။ အဲဒီ​လေ့ကျင့်မှု​က ဒီနေ့​အထိ တကယ်​တန်ဖိုး​ရှိတယ်။”

အခြား​တစ်ဖက်​တွင်​မူ ကလေး​များ​ကို​စာဖတ်​ပြ​ခြင်း​သည် “နတ်​ဆေး​လုံး​တစ်မျိုး” မဟုတ်​ကြောင်း အစပိုင်း​၌​ကိုးကား​ခဲ့​သည့် ဟော့ထ် က သတိပေး​ခဲ့​၏။ သူ ဤသို့​ဆက်​ပြော​၏– “မိဘ​ရော၊ ကလေး​ပါ စာဖတ်​လို​စိတ်​မရှိပါ​က စာဖတ်ခြင်း​သည် ကောင်းကျိုး​ထက် ဆိုးကျိုး​ဖြစ်စေ​ပါ​လိမ့်​မည်။ . . . စာဖတ်​ချင်စိတ်​ရှိသော ကလေး​များ​ပင် . . . မိဘများ​က စာဖတ်​ပြ​လို​စိတ်​မ​ရှိလျှင် သူတို့လည်း စာဖတ်​ချင်စိတ်​မရှိတော့။” ထို့​ကြောင့် မိဘတို့​သည် စာ​ဖတ်ပြ​သည်ကို ကလေး​များ အကြိမ်ကြိမ်​နားထောင်​လို​ကြ​ကြောင်း သတိရ​လျက် မိမိတို့​ဖတ်​ပျော်​သည့်​စာအုပ်​များ​ကို ရွေးချယ်​ကြ​ရန် ဟော့ထ်​က အကြံပြု​ခဲ့​သည်! ကမ္ဘာ​တစ်ဝန်း​ရှိ မိဘ​များစွာ​နှစ်သက်​ကြသော စာအုပ်​နှစ်အုပ်​မှာ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ထား​သည့် ကြီးမြတ်သော​ဆရာ​ထံ​မှ​သင်ယူ​လော့​နှင့် ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​စာအုပ်​တို့​ဖြစ်​ကြသည်။ ကလေး​များ​အတွက် အထူး​ရည်ရွယ်​ထုတ်ဝေ​ထား​သည့် ဤ​စာအုပ်​များ​တွင် ရုပ်ပုံများ​စွာ​ပါရှိ​ပြီး စဉ်းစား​တွေးတော​စေ​ကာ ဘုရားသခင်​၏​မူများ​ကို သွန်သင်ပေး​သည်။

ပထမ​ရာစု​ခရစ်ယာန် တိမောသေ​သည် မိမိ၏​ပညာရေး၊ အထူးသဖြင့် ဝိညာဉ်​ရေး​ပညာ​ကို အလွန်​စိတ်ဝင်စား​သော မိခင်​နှင့်​အဘွား​တို့၏ ကောင်းစွာ​သင်ကြား​ပေးခြင်း​ခံ​ခဲ့​ရသည်။ (၂ တိမောသေ ၁:၅; ၃:၁၅) လောက​ပညာ​ဆည်းပူးခြင်း​တစ်ခု​တည်း​ဖြင့် မရရှိ​နိုင်​သည့် အရည်အသွေးများ​ဖြစ်သော ထူးထူးခြားခြား တာဝန်​ယူ​တတ်​သူ၊ အားထားထိုက်သူ​အဖြစ် တိမောသေ​ကြီးပြင်း​လာ​ခဲ့​သည်။ (ဖိလိပ္ပိ ၂:၁၉၊ ၂၀; ၁ တိမောသေ ၄:၁၂-၁၅) မေတ္တာပြည့်​ဝ​ပြီး ဝိညာဉ်​ရေး​စိတ်ထား​ရှိသော မိဘများ​ကြောင့် ယနေ့ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏​အသင်းတော်​တို့​တွင် “တိမောသေ” ကဲ့သို့​သော လူငယ်​မောင်​မယ်​များစွာ ရှိနေကြ​သည်။

တက်ကြွ​ထက်သန်​စွာ သင်ပေးပါ!

အခြား​သူတို့ကို သင်ယူ​လို​စိတ်​ရှိလာ​စေ​လို​သော ဆရာ၊ ဆရာမ​များ​သိ​အပ်​သည့် “စကား​တစ်လုံးတည်း​မှာ—တက်ကြွ​ထက်သန်ခြင်း” ဖြစ်သည်​ဟု သင်ယူ​လို​စိတ်​ပြင်းပြ​စာအုပ်​က ဆို​သည်။ “တက်ကြွ​ထက်သန်​သော​ဆရာများ​သည် ရောက်လာ​သည်​နှင့် မိမိတို့​သင်​ပြ​နေသည့် ဘာသာရပ်​ကို အင်မတန်​အားရ​နှစ်ခြိုက်​ကြောင်း ကျောင်းသား​များ​ခံစား​နေရ​ပြီး သူတို့၏​ဖျတ်လတ်​တက်ကြွ​မှု​အားမာန်​တွင် ဤ​အရည်အသွေး​ပေါ်​နေသည်။”

အမှန်​မှာ မိဘ​ဆရာ​တိုင်း တက်ကြွ​ထက်သန်မှု​မရှိ​နိုင်​ကြ​ပါ။ ထို့​ကြောင့် အမြော်အမြင်​ရှိသော​ကျောင်းသား​များသည် ကိုယ့်​ကိုယ်ကို​တွန်းအား​ပေး​ကာ သင်ယူခြင်း​ကို မိမိတို့​ကိုယ်နှိုက်​၏​တာဝန်​အဖြစ် ရှုမြင်​ရန်ဖြစ်​သည်။ “ကျွန်ုပ်​တို့​ကလေး​များ​၏ ကျန်​သော​ဘဝ​တစ်လျှောက်​လုံး​တွင် မည်သူမျှ သူတို့နှင့်​အတူ​နေပြီး လေ့လာ​ရန်၊ အရည်အသွေး​ရှိ​ရှိ​လုပ်ဆောင်ရန်၊ တွေးခေါ်​တတ်​ရန်၊ ထူးကဲ​သာလွန်​သည့်​စွမ်းရည်​များ​ကို ပျိုးထောင်​ဖို့ ထပ်ဆင့်​အားထုတ်မှု​များ​ပြုလုပ်​ရန် ကူညီ​ပေး​နေ​မည်​မဟုတ်” ဟု အထက်​ဖော်ပြ​ပါ​စာအုပ်​က ဆို​ထား​သည်။

တစ်ဖန်၊ ယင်းက ကျောင်း​ထက် အိမ်​တွင်​သင်ယူခြင်း​ကို အာရုံစိုက်​စေပြီး အိမ်​တွင်​သင်ယူခြင်း​၏​တန်ဖိုး​ကို အလေးပေး​ထား​သည်။ မိဘတို့၊ သင်ယူ​ရာ​တွင် တက်ကြွ​ထက်သန်​ကြ​သလော။ သင့်​အိမ်သည် ဝိညာဉ်​ရေး​စံနှုန်း​များ​ကို အလေးပေး​သော အကျိုးပြု​သင်ယူ​ရာ​နေရာ​ဖြစ်​သလော။ (ဧဖက် ၆:၄) သင့်​ပုံသက်သေ​နှင့် သွန်သင်ပုံ​တို့​က သင့်​ကလေး ကျောင်း​နှင့်​အိမ်​တို့​မှ ထွက်ခွာ​သွားပြီး​နောက် နှစ်​အတန်ကြာ​အထိ ဩဇာ​ညောင်း​မည်​ဖြစ်​ကြောင်း သတိရပါ။—စာမျက်နှာ ၁၇၊ “သင်ယူ​ရာ​တွင် အောင်မြင်​နေသည့်​မိသားစု​များ” လေးထောင့်ကွက်​ကို​ရှု။

လူတို့သည် နည်း​အဖုံဖုံ​ဖြင့် သင်ယူ​ကြ​ကြောင်း သိမှတ်ပါ

လူ​နှစ်ဦး​ပင် စိတ်​ချင်း​မတူကြ​ပေ၊ တစ်ဦးစီ​တွင် ကိုယ်ပိုင်​သင်ယူ​နည်းလမ်း​ရှိကြသည်။ လူတစ်ဦး​အတွက် အကျိုးပြု​ရာ​သည် နောက်​တစ်ဦး​အတွက် အကျိုးပြု​ချင်​မှ​ပြု​ပေမည်။ ထို့​ကြောင့် ဒေါက်တာ​မဲ​လ်​လာ​ဗင်​၏ ဉာဏ်​ရေ​အလိုက် စာအုပ်​တွင် “သားသမီး​များ​ကို တစ်​ပုံစံ​တည်း​ဆက်ဆံခြင်း​သည် သူတို့​အပေါ် မမျှတ​ရာ​ရောက်​သည်။ ကလေး​အသီးသီး​သည် သင်ယူ​ပုံ​ကွဲပြား​ခြားနား​ကြသည်; သူတို့​လိုအပ်ရာ​များ​ကို ရပိုင်ခွင့်​ရှိကြသည်” ဟု​ဆို​ထား​၏။

ဥပမာ၊ လူတချို့​အတွက် ရုပ်ပုံ​ကားချပ်​များ​ကို​ကြည့်​ခြင်း​ဖြင့် အယူအဆ​များ​ကို ပို​ပြီး​သဘောပေါက်၊ မှတ်မိ​ကြသည်။ အချို့​သူတို့​မူ ရေးသား​ထားသော​စာလုံး​များ​ကို​ဖြစ်စေ၊ ပြောဆို​သည့်​စကား​ကို​ဖြစ်စေ၊ ယင်း​တို့​နှစ်မျိုး​ပေါင်းစပ်​ခြင်း​ကို​ဖြစ်စေ ပိုမို​နှစ်သက်​ကြ​ပေမည်။ “တစ်စုံတစ်ရာ​ကို​မှတ်မိ​ရန် အကောင်းဆုံးနည်း​မှာ ယင်းကို​ပြောင်းလဲ​ပေးခြင်း​နှင့် အချက်အလက်​များ​ကို တစ်မျိုး​တစ်​ဖုံ အသွင်ပြောင်း​ပေးခြင်း​တို့​ဖြစ်၏။ ယင်းသည် မျက်စိ​နှင့်​မြင်ရသော​အရာ​ဖြစ်​မည်​ဆိုလျှင် ပြော​စကား​အဖြစ်​ပြောင်း​လိုက်ပါ၊ ပြော​စကား​ဖြစ်​မည်​ဆိုလျှင် ရုပ်ပုံ​ကားချပ်​အဖြစ်​ပြောင်း​လိုက်ပါ” ဟု လာ​ဗင် ပြော​ခဲ့​၏။ ဤ​နည်း​သည် သင်ယူခြင်း​ကို ပို​၍​အကျိုး​ဖြစ်ထွန်း​စေ​ရုံ​မ​က ပိုမို​နှစ်သက်ဖွယ်​ဖြစ်စေ​သည်။

ထို့​ကြောင့် မည်သည့်​နည်း​စနစ်​က သင့်အတွက် အကောင်းဆုံး​ဖြစ်​မည်​ကို စမ်း​ကြည့်​နိုင်​သည်။ အချိန်ပြည့်​ခရစ်ယာန်​အမှုဆောင်​သူ ဟန်​စ်​သည် အခြေခံ​ပညာရေး​သာ​ရှိသည့် အသက်ကြီးသူ ဂျော့ခ်ျ​နှင့် ကျမ်းစာ​သင်အံ​ခဲ့​သည်။ ဂျော့ခ်ျ​သည် အဓိက​အချက်များ​ကို သဘောပေါက်၊ မှတ်မိ​ဖို့​ခက်​သည်။ ထို့​ကြောင့် ဟန်​စ်​က အဓိက​အချက်များ​ကို သရုပ်ဖော်ပုံ​ဆွဲ​ပြ​ခဲ့​သည်။ “ဒါက ဂျော့ခ်ျ​အတွက် အလှည့်အပြောင်း​တစ်ခု​ပဲ။ သူ့ကိုယ်သူ​အံ့သြ​သွား​လောက်​အောင် အယူအဆ​တွေ​ကို သဘောပေါက်၊ မှတ်မိ​စ​ပြု​လာတယ်! ပြီး​တော့ သူ​ဘယ်လောက်​ဉာဏ်​ပြေး​တယ်​ဆိုတာ ဆန်းစစ်​ကြည့်​တဲ့​အခါ အစ​က ကျွန်တော်​ထင်ထား​တာ​ထက် ပို​နေတယ်။ မကြာခင် သူ့ကိုယ်သူ​ယုံကြည်​စိတ်ချ​လာပြီး သင်ခန်းစာတွေကို အရင်ကထက် ပို​စောင့်မျှော်​လာတယ်” ဟု ဟန်​စ်​ပြော​ခဲ့​သည်။

ပညာ​လို အို​သည်​မရှိ

“ဦးနှောက်​လုပ်ဆောင်​နိုင်​မှု​သည် ယင်းကို အသုံးပြုခြင်း၊ မပြုခြင်း​အပေါ်​မူတည်​သည်။ ယင်းသည် အသုံးပြု​လျှင်​ပြု၊ မပြုလျှင် ပျက်စီး​မည့်​ယန္တရား​ဖြစ်​ပြီး စွမ်းရည်​အသစ်​တို့ကို သင်ယူ​လို​စိတ်​ပြင်းပြ​လှ​သည်” ဟု ဦးနှောက်​အတွင်းပိုင်း​စာအုပ်​တွင် ဖော်ပြ​ထား​သည်။ “လေ့ကျင့်ခန်း​လုပ်ခြင်းက အသက်​ခု​နစ်​ဆယ်၊ ရှစ်​ဆယ်​အရွယ်​အထိ ကျန်းမာ​သန်စွမ်း​နေ​စေ​သကဲ့သို့ပင် စိတ်ပိုင်း​လေ့ကျင့်ခန်း​များသည် အိုမင်း​လာသော​ဦးနှောက်ကို ထပ်တူ​သန်စွမ်း​စေ​ကြောင်း သုတေသီ​များ​က သက်သေပြ​ခဲ့​ကြသည်။ အိုမင်း​ခြင်း​ကို စိတ်ပိုင်း​ရှုပ်ထွေးခြင်း​သို့ ဦးတည်​စေသော​ယိုယွင်းမှု​ဟူ၍ ကြာမြင့်စွာ​က​ပင် ယူဆ​ခဲ့​ကြသည်။ သို့သော် [ယင်း] သို့ ထင်​သည့်​အတိုင်း​ဖြစ်လာ​သည့်​အရာ​မဟုတ်ဘဲ အများအားဖြင့် ဦးနှောက်ကို​အသုံးမပြု​ခြင်း​၏​ရလဒ်​ဟု သုတေသန​ပြုချက်​အသစ်​က ဖော်ပြ​သည်။ ထို့​ပြင် တစ်ချိန်က​ယူဆ​ခဲ့​သကဲ့သို့ လူတို့သည် အသက်ကြီး​လာ​သည်​နှင့်​အမျှ ဦးနှောက်​ဆဲလ်​များစွာ နေ့စဉ်​သေဆုံး​မသွား​ပါ” ဟု ထို​စာအုပ်​တွင် ဆက်​ဖော်ပြ​၏။ စိတ်ပိုင်း​လုပ်ဆောင်မှု အလွန်​ကျဆင်း​လာ​ခြင်း​သည် နှလုံးသွေး​ကြော​ဆိုင်ရာ​ရောဂါ​အပါအဝင် ရောဂါ​လက္ခဏာ​တစ်ခု​ဖြစ်လေ့​ရှိသည်။

သက်ကြီး​ပိုင်း​တွင် စိတ်စွမ်း​ဆောင်​နိုင်​မှု အနည်းငယ်​ဆုတ်ယုတ်​သွား​နိုင်​သော်လည်း ဆိုးဆိုးရွားရွား​တော့​မဟုတ်​ချေ။ အလုပ်လုပ်​နေသော​ဦးနှောက်​သည် ပျက်စီး​ယိုယွင်း​လာ​ခြင်း​ကို​တားဆီး​ပြီး လူတစ်ဦး ကာယ​လေ့ကျင့်ခန်း​မှန်မှန်​လုပ်​နေလျှင် ပို​၍​တားဆီး​ပေး​နိုင်​ကြောင်း သုတေသီ​တို့​က ဆို​သည်။ “လူတစ်ဦး​သည် သင်ယူ​လေ​လေ၊ သင်ယူနိုင်စွမ်း တိုး​လေ​လေ​ဖြစ်သည်။ စွဲစွဲမြဲမြဲ​သင်ယူ​နေ​သူများ​သည် ပို​တော်​သော သင်ယူ​သူများ​ဖြစ်​ကြ​ကြောင်း” သက်ကြီး​ပိုင်း​သင်ယူခြင်း—သက်ကြီးရွယ်အို​များ​၏​နယ်ပယ်​သစ်​စာအုပ်​တွင် ဖော်ပြ​ထား​သည်။

ဩစတြေးလျ​နိုင်ငံ​တွင် အသက် ၆၀ မှ ၉၈ နှစ်အရွယ်​တို့အား အနှစ် ၂၀ ကြာ လေ့လာမှု​တစ်ရပ်​က ယင်း​ဖြစ်ရပ်မှန်​ကို သက်သေထူ​နေသည်။ လေ့လာမှု​တွင်​ပါဝင်​ခဲ့​သူ​အများစု​၏ ဉာဏ်ရည်​အဆင့်​သည် တစ်နှစ်​လျှင် ၁ ရာခိုင်နှုန်း​ခန့်​သာ ကျဆင်း​သည်။ သို့သော် “အသက်​ကိုး​ဆယ်​ကျော်​အပါအဝင် အချို့​သူတို့သည် ဉာဏ်ရည် လုံးလုံး​ကျဆင်း​မသွား​ပါ၊ ယင်း​တို့​မှာ ဘာသာ​ခြား​စကား​တစ်မျိုး​ပြောတတ်​ရန်၊ တူရိယာ​တစ်မျိုး​တီး​တတ်​ရန် လေ့လာခြင်း​ပါဝင်​သည့် နည်းလမ်း​တ​ကျ လေ့လာ​စမ်းသပ်မှု​များ​တွင် ပါဝင်သူ​များ​ဖြစ်စေ​သည်” ဟု​ဖော်ပြ​သည်။

အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သော ဂျော့ခ်ျ​သည် ဘုရားသခင့်​နှုတ်မြွက်တော်​ကို စလေ့လာ​ချိန်​တွင် အသက် ၇၀ ကျော်​နေပြီ။ အလားတူ၊ အသက် ၈၀ အရွယ် ဗာဂျီးနီးယား​နှင့် ကွယ်လွန်​သူ​ခင်ပွန်း ရောဘတ်တို့​လည်း အသက်ကြီး​ပိုင်း​တွင် ကျမ်းစာ​စလေ့လာ​ခဲ့​ကြသည်။ “ရောဘတ်​ဟာ မျက်စိ​မမြင်​ပေမဲ့ သူ့​မှတ်ဉာဏ်​ထဲ​က ကျမ်းစာ​အခြေပြု​ဟောပြောချက်​တို​တွေ​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ ဟော​နိုင်ပြီ။ ကျွန်မ​လည်း စာဖတ်​ဝါသနာ​မပါ​ခဲ့​ပေမဲ့ အခုတော့ စာဖတ်​ရတာ​ပျော်​လာတယ်။ ဒီ​မနက်စောစော​မှာ နိုးလော့! တစ်အုပ်လုံး ဖတ်​ပြီးပြီ” ဟု ဗာဂျီးနီးယား​ပြော​ခဲ့​၏။

ဂျော့ခ်ျ၊ ရောဘတ်​နှင့် ဗာဂျီးနီးယား​တို့သည် သ​မား​ရိုး​ကျ​ပုံစံ​ကို လွန်ဆန်​ပြီး မိမိတို့​ဉာဏ်စွမ်း​ကို အကျိုးရှိရှိ​အသုံးချ​ကြသော သက်ကြီးရွယ်အို​များစွာ​မှ ပုံ​နမူနာ​သုံးဦး​မျှ​သာ​ဖြစ်၏။ အနှစ် ၇၀၊ ၈၀ ကြာ​သင်ယူခြင်းက စွမ်းပကား​ကြီးမား​လှ​သော​ဦးနှောက်​အတွက် ရေ​စ​ည်​ကြီး​ထဲ​မှ ရေ​တစ်​စက်​မျှ​ဖြစ်​ပြီး မသိသာ​လှ​ကြောင်း သုတေသန​ပြုချက်​က ဖော်ပြ​နေသည်။ ဦးနှောက်​သည် အဘယ်ကြောင့် ဤမျှ​စွမ်းပကား​ကြီးမား ရသနည်း။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အင်တာနက်​နှင့် တီဗွီ—အကျိုးပြု​သလော၊ ဘေး​ဖြစ်စေ​သလော

“အင်တာနက်​အသုံးပြုခြင်း​သည် ကောင်းကျိုး​ရော ဆိုးကျိုး​ကို​ပါ ဖြစ်စေ​သည်” ဟု ဉာဏ်​ရေ​အလိုက်​စာအုပ်​က​ဆို​၏။ အချက်အလက်​များ မည်သို့​ရှာဖွေ​ရမည်ကို သင်ယူခြင်း​သည် အလွန်​အကျိုးရှိ​သော်လည်း ကျောင်းသား​အချို့​မှာ “အချက်အလက်​များ​ကို အမှန်​သိ​နားလည်ခြင်း၊ စုစည်း​ပေါင်းစပ်​တတ်​ခြင်း​မရှိဘဲ ကူးယူ​ရုံ​သာ​ပြု​ကြသည်။ ထို့​ကြောင့် ဖြစ်​စဉ်​မှာ ကြိုးစား​အားထုတ်ခြင်း​မရှိသော နည်းသစ် သို့​မဟုတ် သူတစ်ပါး​၏​အစွမ်းအစ​ကို​ခိုးယူ​သည့်​နည်း​ပင် ဖြစ်သွား​မည့်​အန္တရာယ်​ရှိ​နေသည်” ဟု ထို​စာအုပ်​က ရှင်းပြ​ထား​သည်။

အချိန်ကုန်​ခံ​တီဗွီ​ကြည့်​ခြင်း​သည် ပြဿနာ​ဖြေရှင်း​နိုင်စွမ်း​နှင့် နားထောင်​နိုင်စွမ်း​တို့ကို နှေးကွေး​စေ​ကာ စိတ်ကူး​ဉာဏ်​ထုံထိုင်း​စေပြီး စရိုက်​ကောင်း​အောင် မစွမ်းဆောင်​ပေး​နိုင်​ဟု သုတေသီ​များ​က ဆို​ကြသည်။ “စီးကရက်​များ​နည်းတူ ရုပ်မြင်သံကြား​စက်​များ​တွင်​လည်း လူတစ်ဦး​၏​ကျန်းမာ​ရေး​ကို​ထိခိုက်​စေ​ကြောင်း သတိပေး​ချက်​ရိုက်နှိပ်​ထား​သင့်​သည်” ဟု သင်ယူ​လို​စိတ်​ပြင်းပြ​စာအုပ်​တွင် ဖော်ပြ​ထား​သည်။

ကလေး​များ​အလိုအပ်ဆုံး​အရာ​မှာ “ဘာသာ​စကား (စာဖတ်ခြင်း​နှင့် စကားစမြည်​ပြောဆိုခြင်း)၊ မေတ္တာ​နှင့် နွေးထွေး​သော​ပွေ့ဖက်မှု​တို့​ဖြစ်သည်” ဟု နောက်​ကိုးကားချက်​တစ်ခု​က အကြံပြု​ထား​၏။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်ယူ​ရာ​တွင် အောင်မြင်​နေသည့် မိသားစု​များ

သင်ယူ​ရာ​တွင် အောင်မြင်​စေရန် အောက်ပါ အလေ့အကျင့်​များနှင့် စရိုက်​များ​က သင့်​မိသားစု​အား ကူညီ​ပေး​နိုင်​သည်–

▪ မြင့်မား​ပြီး အကျိုးသင့်အကြောင်းသင့်​ရှိသော ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို သင့်​ကလေး​များ​အား မေတ္တာပါ​စွာ အထပ်ထပ်​အသိပေး​ခြင်း

▪ ကြိုးစား​ခြင်း​သည် အောင်မြင်မှု​၏​သော့ချက်​ဟူသော သဘောထား​ရှိ​ခြင်း

▪ အထိုင်​များသော​ဘဝ​ပုံစံ​မဟုတ်ဘဲ တက်ကြွ​လှုပ်ရှား​သည့်​ဘဝ​ပုံစံ​ရှိ​ခြင်း

▪ သားသမီး​များ​ကို ပတ်စဉ် အချိန်​များစွာ အိမ်​တွင်​သင်ယူ​လေ့လာ​စေခြင်း​နှင့် အိမ်စာ၊ အားလပ်ချိန်​စာဖတ်ခြင်း၊ ဝါသနာပါရာ​လုပ်ဆောင်ခြင်း၊ မိသားစု​အစီအစဉ်များ၊ အိမ်တွင်း​လေ့ကျင့်ခြင်း​နှင့် တာဝန်​များ​အပါအဝင် လုပ်ငန်းဆောင်တာ​များ​လုပ်​စေခြင်း

▪ မိသားစုကို အပြန်အလှန်​အကူအညီ​ပေး​ရာ​နှင့် ပြဿနာ​များ​ဖြေရှင်း​ပေး​ရာ​အဖြစ် သဘောထား​ခြင်း

▪ အိမ်တွင်း​စည်းကမ်း​များ​ကို ရှင်းလင်းစွာ​နားလည်စေ​ပြီး တစ်သမတ်တည်း ကြပ်မတ်​ပေးခြင်း

▪ ဆရာ/မများ​နှင့် မကြာခဏ​ဆက်သွယ်ခြင်း

▪ ဝိညာဉ်​ရေး​ကြီးထွားမှု​ကို အလေးပေး​ခြင်း

[ရုပ်ပုံ]

မိဘတို့၊ သင့်​ကလေး​များ စာဖတ်​လို​စိတ်​ရှိအောင် သင်ပေး​နေ​သလော

[Credit Line]

သင်ယူ​လို​စိတ်​ပြင်းပြ—လှုံ့ဆော်ပေး​ပြီး သင်ယူ​လို​စိတ်​ရှိလာ​ရန် ကလေး​များ​ကို​ကူညီ​ပေးခြင်း​စာအုပ်​ကို အခြေခံ​ထား​၏။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

တိုးတက်စေ​ပြီး ပိုမို​နှစ်သက်ဖွယ် ဖြစ်စေ​သည့် သင်ယူ​နည်း​များ

စိတ်ဝင်စား​ပါ တစ်စုံတစ်ရာ​တွင် အာရုံ​နှစ်​ထား​မည်​ဆိုလျှင် ယင်းကို ပိုမို​သင်ယူ​တတ်မြောက်​လွယ်​၏။ ဉာဏ်စွမ်း​မြှင့်တင်—သင်ယူခြင်း​ကို​မြတ်နိုး​လာရန် ကလေး​များ​ကို​ပျိုးထောင်​ပေးခြင်း​စာအုပ်​တွင် အောက်ပါ​တွေ့ရှိချက်​ပါရှိ​၏– “ကလေး​များသည် လေ့လာ​ရသည်ကို အားရ​နှစ်သက်သော​အခါ သူတို့၏​သင်ယူ​မှု​သည် ပို​လေးနက်​လာ​သည်၊ ပို​အဓိပ္ပာယ်​ပြည့်ဝ​လာ​သည်၊ ပို​၍​ရေရှည်​တည်တံ့​လာ​သည်။ ထို့​ပြင် ပို​၍​စွဲမြဲ​စွာ​လုပ်တတ်၊ တီထွင်​ကြံဆ​တတ်​ပြီး ခက်ခဲ​သည့်​အလုပ်ကို လုပ်​လို​စိတ်​ပြင်းပြ​ကြ​ကြောင်း သုတေသီ​များ အထင်အရှား​ဖော်ပြ​ခဲ့​သည်။”

သင်ယူခြင်း​နှင့် ဘဝကို ဆက်စပ်​ပါ စာရေး​ဆရာ​နှင့် ကျောင်း​ဆရာ​ဖြစ်သော ဒုတိယ​မြောက် ရစ်ချက်​အယ်​လ်ဝီးဗား​က ဤသို့​ရေးခဲ့​၏– “စာသင်​ခန်း​တွင်​သင်ယူ​ရာ​နှင့် ဘဝ​အတွေ့ အ​ကြုံ​တို့ကို တိုက်ရိုက်​ဆက်စပ်​သည့်​အခါ သိနားလည်မှု​မီးသီး​ကို​လင်း​စေသော လျှပ်စစ်မီး​ပွား​အလား ဖြစ်ပေါ်​လာ​သည်။”

နားလည်​ရန်​ကြိုးစား​ပါ လူတို့သည် တစ်စုံတစ်ရာ​ကို နားလည်​ရန်​ကြိုးစား​သည့်​အခါ မိမိတို့၏​စဉ်းစား​နိုင်စွမ်း​နှင့် မှတ်ဉာဏ် နှစ်မျိုး​စ​လုံး​ကို လှုံ့ဆော်ပေး​သည်။ အလွတ်ကျက်​မှတ်​သင့်​သည့် အခါ ရှိသော်လည်း ယင်းကို နားလည်ခြင်း​နှင့် အစားမထိုး​နိုင်​ချေ။ “ဆည်းပူး​သမျှ​သော​ဥစ္စာ​တို့​တွင် ဉာဏ် (“နားလည်ခြင်း၊” က​ဘ) ကို ဆည်းပူး​လော့။ သူ့ကို​အမြတ်​ထား​လော့။ သူသည် သင့်ကို​ချီးမြှောက်​လိမ့်​မည်” ဟု နယပုံပြင် ၄:၇၊ ၈ တွင် ဖော်ပြ​ထား​၏။

အာရုံ​စူးစိုက်​ပါ “သင်ယူ​ရေး​တွင် အာရုံ​စူးစိုက်​ခြင်း မရှိမဖြစ်​လိုအပ်​သည်။ [ယင်းသည်] အလွန်​အရေးပါ​လှ​သဖြင့် ဉာဏ်ရည်​၏​အခြေခံကျ​သော​လိုအပ်ချက်​ဟု ခေါ်ဆို​ခဲ့​ကြ​ပြီး ဉာဏ်ရည်​နှင့်​တန်းတူ​ဖြစ်သည်​ဟု​ပင် ယူဆကြ​သည်” ဟု သင့်​ကလေး​ကို အာရုံ​စူးစိုက်​တတ်​ရန်​သင်ပေးခြင်း​စာအုပ်​တွင် ရှင်းပြ​ထား​သည်။ အာရုံ စူးစိုက်​ခြင်း​ကို သင်ယူ​နိုင်​သည်။ အဓိက​အချက်​တစ်ချက်​မှာ လေ့လာမှု​ကို အချိန်တို​တို​နှင့် အစ​ပြုပြီး​နောက် တဖြည်းဖြည်း အချိန်​တိုး​ပေး​သွားခြင်း​ဖြစ်၏။

စကားပြေ​ပြန်ပါ “အတော်ဆုံး​ကျောင်းသား​များသည် စကားပြေ​အပြန်​တတ်​ဆုံး​သူများ​ဖြစ်​ကြသည်” ဟု ဒေါက်တာ​မဲ​လ်​လာ​ဗင်​၏ ဉာဏ်​ရေ​အလိုက် စာအုပ်​က ဆို​သည်။ စကားပြေ​ပြန်​ခြင်း​က အချက်အလက်​များ​ကို ပိုမို​နည်းပါး၊ နိုင်နင်း​စေ​ကာ မှတ်မိ​လွယ်​စေ​သည်။ မှတ်စု​ကောင်းစွာ​ယူ​သူတို့သည် လုံး​စေ့​ပတ်​စေ့​မှတ်စု​မယူ​ခြင်း​ဖြင့် ဤ​သဘောတရား​မှ အကျိုး​ခံစားရ​သည်။

ဆက်စပ်​ခြင်း မှတ်ဉာဏ်​များသည် ယခင်​မှတ်မိ​ထား​ရာ​များ​အပေါ် တွဲ​လဲ​ချိတ်​နေသော ချိတ်​များနှင့်​တူ​သည်​ဟု ဦးနှောက်​စာအုပ်​တွင် ပီတာ​ရပ်​စ​ယ် ပြော​ခဲ့​၏။ အတိုချုပ်​ပြော​ရ​လျှင် သင်​သိ​နှင့်​ပြီး​သော​အရာ​တို့ကို အသစ်​သော​အရာ​တို့​နှင့် ရှင်းရှင်းလင်းလင်း​ဆက်စပ်​ပေး​သည့်​အခါ မှတ်ဉာဏ် ပို​တိုးလာ​မည်။ ပို​၍​ဆက်စပ်​တတ်​လေ​လေ၊ ပို​၍ မှတ်မိ လေ​လေ​ဖြစ်၏။

မြင်ယောင်​ကြည့်​ပါ ထင်ရှားသော​ပုံရိပ်​များသည် ကြာရှည်ခံ​သည်။ ထို့​ကြောင့် ဖြစ်​နိုင်​မည်​ဆိုလျှင် မြင်ယောင် ကြည့်​ပါ။ မှတ်ဉာဏ်​ဆိုင်ရာ​ပညာရှင်​များ​က ဤ​နည်းကို အသုံးပြုပြီး မှတ်ဉာဏ်​အထောက်အကူ​အဖြစ် ချဲ့ကားခြင်း သို့​မဟုတ် ရ​ယ်​စ​ရာ​စိတ်​ပုံရိပ်​များ​ကို ဖန်တီး​လေ့​ရှိကြသည်။

ပြန်​သုံးသပ်ပါ ကျွန်ုပ်​တို့​လေ့လာ​ထား​ရာ​၏ ၈၀ ရာခိုင်နှုန်း​ကျော်​မှာ ၂၄ နာရီ​အတွင်း မေ့ပျောက်​သွား​နိုင်​သည်။ လေ့လာမှု​တစ်ခု​ပြီး​တိုင်း အကျဉ်းချုပ်​ပြန်လည်​သုံးသပ်ခြင်း၊ ၎င်းနောက် တစ်ရက်၊ တစ်ပတ်၊ တစ်လ​နှင့် ခြောက်​လ​ကြာ​သည့်​တိုင် ပြန်လည်​သုံးသပ်ခြင်းက ကျွန်ုပ်​တို့​မှတ်ဉာဏ်​ကို ၁၀၀ ရာခိုင်နှုန်း​နီးပါး​အထိ​ပင် တိုး​စေနိုင်​သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကလေး​များ သင်ယူ​တတ်​စေရန် မိဘ​ဆရာ​တို့ ပူးပေါင်း​လုပ်ဆောင်​သင့်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အသက်​ကြီးရင့်​ခြင်း​က သင်ယူ​ရာ​တွင် အဟန့်အတား​မဖြစ်