ကိုယ်လက်လှုပ်ရှားမှု အလုံအလောက် ပြုနေသလော
ကိုယ်လက်လှုပ်ရှားမှု အလုံအလောက် ပြုနေသလော
“တစ်သက်တာ ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်သည် လက်ရှိအသုံးပြုနေသည့် သို့မဟုတ် နောင်တွင်အသုံးပြုမည့် မည်သည့် ဆေးဝါးထက်မဆို ကျန်းမာရေး ပို၍ကောင်းစေသည်။”
ဆေးတက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ ဝေါ်လ်တာ ဘော့ဇ် ၂ က ၁၉၈၂ ခုနှစ်တွင် အထက်ပါအတိုင်း ရေးသားခဲ့၏။ လွန်ခဲ့သော ၂၃ နှစ်ကျော်အတွင်း ကျန်းမာရေးပညာရှင်များနှင့် အဖွဲ့အစည်းများသည် အဆိုပါစကားများကို စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဝက်ဘ်စာမျက်နှာများတွင် ကိုးကားဖော်ပြခဲ့ကြပြီ။ ဒေါက်တာ ဘော့ဇ်၏အကြံပြုချက်သည် ၁၉၈၂ ခုနှစ်ကကဲ့သို့ပင် ယနေ့လည်း ခေတ်မီနေဆဲ၊ အများလက်သင့်ခံနေကြဆဲဖြစ်၏။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ‘ကိုယ်လက်လှုပ်ရှားမှု အလုံအလောက်လုပ်နေရဲ့လား’ ဟု မေးသင့်ပေသည်။
လူတချို့က မိမိတို့သည် ကိုယ်အလေးချိန်မပိုသည့်အတွက် ကိုယ်လက်လှုပ်ရှားဖို့မလိုဟု တလွဲယူဆကြ၏။ အဝလွန်နေသူတို့နှင့် ကိုယ်အလေးချိန်ပိုနေသူတို့သည် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းဖြင့် အကျိုးများစွာ ရရှိနိုင်ပါသည်၊ သို့သော် သင်သည် ကိုယ်အလေးချိန်ပိုသူမဟုတ်သည့်တိုင် ကိုယ်လက်လှုပ်ရှားမှု တိုး၍လုပ်ခြင်းက သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ကင်ဆာရောဂါတချို့အပါအဝင် ဆိုးရွားသောရောဂါများမှ ကာကွယ်ပေးသည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားမှုသည် စိုးရိမ်ပူပန်မှုကိုလျော့နည်းစေနိုင်ပြီး စိတ်ဓာတ်ကျမှုကိုပင် ကာကွယ်ပေးနိုင်ကြောင်း မကြာသေးမီက ပြုလုပ်သော လေ့လာမှုများက ဖော်ပြသည်။ အမှန်မှာ ခန္ဓာကိုယ်သေးသွယ်သူများစွာသည် ကိုယ်လက်လှုပ်ရှားမှုနည်းသည့်အတွက် စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာဖိစီးမှု၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ဆီးချိုရောဂါ၊ ဆိုးရွားသောအခြားရောဂါတချို့ကို ခံစားကြရသည်။ ထို့ကြောင့် သင်သည် ကိုယ်အလေးချိန်ပိုသည်ဖြစ်စေ၊ မပိုသည်ဖြစ်စေ အထိုင်များသည့်ဘဝပုံစံရှိမည်ဆိုလျှင် သင်၏ကိုယ်လက်လှုပ်ရှားမှုပမာဏကို တိုးမြှင့်လိုက်ခြင်းက အကျိုးရှိပေမည်။
အထိုင်များသောဘဝပုံစံဟူသည် အဘယ်နည်း
သင်သည် ကိုယ်လက်လှုပ်ရှားမှု အလုံအလောက် ရှိမရှိ မည်သို့သိနိုင်သနည်း။ အထိုင်များသောဘဝပုံစံတွင် အဘယ်အရာပါဝင်သည်နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမျိုးမျိုးရှိ၏။ သို့သော် လူအများစုနှင့်သက်ဆိုင်သည့် ယေဘုယျလမ်းညွှန်ချက်များနှင့်ပတ်သက်၍မူ ကျန်းမာရေးပညာရှင်အများစု သဘောချင်းတိုက်ဆိုင်ကြသည်။ ကျန်းမာရေးအဖွဲ့အတော်များများ အသုံးပြုခဲ့ကြသည့် ရှင်းပြချက်တစ်ခုမှာ သင်သည် (၁) တစ်ပတ်လျှင် သုံးကြိမ် အနည်းဆုံး မိနစ် ၃၀ လေ့ကျင့်ခန်းမလုပ်လျှင် သို့မဟုတ် ခွန်အားစိုက်ထုတ်ရသည့်အလုပ်မျိုးမလုပ်လျှင်၊ (၂) အပန်းဖြေမှုများပြုလုပ်စဉ် နေရာဖြစ်စေ၊ အနေအထားဖြစ်စေ မပြောင်းလဲလျှင်၊ (၃) တစ်နေ့တာအတွင်း ကိုက် ၁၀၀ ထက်ပို၍ လမ်းမလျှောက်လျှင်၊ (၄) သင်နိုးနေသည့်အချိန်အများစုတွင် ထိုင်ရာမှမထဘဲနေလျှင်၊ (၅) ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိသည့် အလုပ်မျိုးလုပ်နေရလျှင် အထိုင်များသူဖြစ်သည်။
သင်သည် ကိုယ်လက်လှုပ်ရှားမှု အလုံအလောက်ပြုနေသလော။ မလုပ်လျှင် ယနေ့ပင် တစ်ခုခုကို အစပြုလုပ်ဆောင်နိုင်သည်။ ‘ဒါပေမဲ့ ငါ့မှာ အချိန်မှမရှိတာ’ ဟုသင်ဆိုပေမည်။ သင်သည် နံနက်အိပ်ရာမှ နိုးထလာသည့်အခါ ပင်ပန်းနွမ်းနယ်လွန်းနေပေမည်။ တစ်နေ့တာအစပြုချိန်တွင် အလုပ်သို့သွားရန် ပြင်ဆင်ရ၍ အချိန်မလောက်ဘဲဖြစ်နေမည်။ ဤသို့ဖြင့် တစ်နေကုန်ပြီးနောက် ကိုယ်လက်မလှုပ်ရှားနိုင်လောက်အောင် ပင်ပန်းလွန်းကာ တခြားလုပ်ဆောင်စရာများစွာလည်း ရှိနေပေမည်။
ရက်အနည်းငယ်မျှ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီး ရပ်ပစ်လိုက်သူများစွာတွင် သင်ပါဝင်ကောင်းပါဝင်နေပေမည်၊ အကြောင်းမှာ ပင်ပန်းလွန်းသောကြောင့်၊ ကိုယ်လက်လှုပ်ရှားပြီးနောက် ဖျားချင်သလိုလိုပင် ခံစားရသောကြောင့်ဖြစ်သည်။ အခြားသူတို့မှာမူ ပြင်းပြင်းထန်ထန် အလေးမခြင်း၊ နေ့စဉ် မိုင်နှင့်ချီ၍ပြေးခြင်း၊ စနစ်တကျစီစဉ်ထားသည့် အကြောလျှော့လေ့ကျင့်ခန်းများပါဝင်မှ ကျန်းမာကြံ့ခိုင်မှုအစီအစဉ်ကောင်းဖြစ်သည်ဟု ယူဆကြသောကြောင့် ကိုယ်လက်လှုပ်ရှားခြင်းမပြုဘဲ နေလိုက်ကြသည်။—“အလေးမခြင်းနှင့် အကြောလျှော့ခြင်း” လေးထောင့်ကွက်ကိုရှု။
ထို့ပြင် စရိတ်စကနှင့် အဆင်မပြေမှုဟု ထင်ရသည့်အရာကလည်း ရှိနေပြန်သည်။ ဖြည်းဖြည်းမှန်မှန်ပြေးသူများသည် သင့်တော်သည့် အဝတ်အစားနှင့် ဖိနပ်များလိုအပ်၏။ ကာယဗလသင်တန်းအတွက် အလေးများ သို့မဟုတ် အထူးလေ့ကျင့်ခန်းစက်ကိရိယာများ လိုအပ်သည်။ အားကစားကလပ်အသင်းဝင်ခြင်းက စရိတ်စကကြီးနိုင်သည်။ အားကစားရုံသို့သွားလာခြင်းကလည်း အချိန်ကုန်စေနိုင်၏။ သို့တိုင် အထက်ပါအရာတို့ကြောင့် တက်ကြွလှုပ်ရှားသည့်ဘဝနှင့်ကင်းဝေးအောင်၊ ကျန်းမာရေးအကျိုးကျေးဇူးများမခံစားရလေအောင် မဖြစ်စေပါနှင့်။
လက်တွေ့ကျပန်းတိုင်များထားပါ
ဦးဆုံး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု အစပြုဖို့ သင်ကြံရွယ်နေသည်ဆိုလျှင် လက်တွေ့မကျသည့် ပန်းတိုင်များမထားပါနှင့်။ ဖြည်းဖြည်းချင်း အစပြုကာ တစ်စတစ်စတိုး၍လုပ်ဆောင်သွားပါ။ သိပ္ပံပညာရှင်များသည် မကြာသေးမီက နည်းနည်းလေးနှင့် တော်သင့်ရုံ ကိုယ်လက်လှုပ်ရှားခြင်း၏တန်ဖိုးကို အသိအမှတ်ပြုခဲ့ကြပြီး အထိုင်များသူတို့အား လှုပ်ရှားမှုကို တဖြည်းဖြည်း တိုး၍လုပ်ဆောင်သွားကြရန် အကြံပေးကြသည်။ သာဓကအနေနှင့် အာဟာရ၊ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဖိစီးမှုတို့ကို ကိုင်တွယ်နည်းနှင့်ပတ်သက်၍ ကယ်လီဖိုးနီးယားတက္ကသိုလ်မှထုတ်ဝေသည့် သတင်းလွှာ ယူစီ ဘားကလေး ဝဲလ်နက်စ် စာစောင်က “သင့်တစ်နေ့တာကို မိနစ်အနည်းငယ်စီ တိုး၍ကိုယ်လက်လှုပ်ရှားသွားခြင်းဖြင့် အစပြုကာ အများဆုံး မိနစ် ၃၀ အထိတိုး၍၊ ဖြစ်နိုင်မည်ဆိုလျှင် နေ့တိုင်းကိုယ်လက်လှုပ်ရှားပါ” ဟုအကြံပြုထားသည်။ “သင်ပြုလုပ်ရမည့်အရာများမှာ လမ်းလျှောက်ခြင်းနှင့် လှေကားတက်ခြင်းကဲ့သို့သော သာမန်ကိစ္စများဖြစ်ပေသည်၊ သို့သော် အကြိမ်များများ၊ ခပ်ကြာကြာ နှင့်/သို့မဟုတ် ခပ်မြန်မြန် လုပ်ဆောင်သွားပါ” ဟုလည်း အဆိုပါသတင်းလွှာတွင် ရှင်းပြထား၏။
အစပိုင်းတွင် ပြင်းပြင်းထန်ထန်လုပ်ဖို့ထက် မှန်မှန်လုပ်ဆောင်ဖို့ အာရုံစိုက်သင့်၏။ သင့်ခွန်အားနှင့် ခံနိုင်ရည်တို့တွင် တိုးတက်ကောင်းမွန်လာပြီဆိုလျှင် ကိုယ်လက်လှုပ်ရှားမှုကို တိုး၍လုပ်ဆောင်သွားနိုင်ပါသည်။ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းမှန်မှန်ပြေးခြင်း၊ လှေကားတက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့သော ပိုမိုအားစိုက်ထုတ်ရသည့် လှုပ်ရှားမှုများကို အချိန်ကြာကြာ ပူးပေါင်းလုပ်ဆောင်သွားနိုင်ပါသည်။ နောက်ဆုံးတွင် ပို၍ဘက်စုံမျှတသည့် ကျန်းမာကြံ့ခိုင်ရေးအစီအစဉ်အတွက် အလေးမခြင်းနှင့် အကြောလျှော့လေ့ကျင့်ခန်းများကိုပင် ထည့်သွင်းနိုင်သည်။ သို့သော် ကျန်းမာရေးပညာရှင်များစွာက ကိုယ်လက်လှုပ်ရှားခြင်းသည် “အနာမခံလျှင် အသာမစံရ” ကြောင်း သဘောတူထားကြ၏။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရခြင်းနည်းစေရန်၊ မောဟိုက်နွမ်းလျခြင်းကို ရှောင်ကြဉ်ရန်၊ ရပ်ဆိုင်းလိုက်ရသည့်အထိ စိတ်ဓာတ်ကျခြင်းမရှိစေရန် သက်သောင့်သက်သာဖြင့် ကိုယ်လက်လှုပ်ရှားသွားပါလေ။
မှန်မှန်လှုပ်ရှားပါ
ကိုယ်လက်လှုပ်ရှားရန် လုံးဝအချိန်ရပုံမပေါ်သူတို့သည် ဝဲလ်နက်စ်စာစောင်၏ အကြံပြုချက်တစ်ခုကို ဝမ်းသာအားရ လက်ခံကြပေမည်။ “တစ်နေ့တာအတောအတွင်း ခဏတစ်ဖြုတ် ကိုယ်လက်လှုပ်ရှားခြင်းက ကျန်းမာရေးအတွက် အားဖြည့်ပေး၏။ ဆိုလိုသည်မှာ ၁၀ မိနစ်စီ သုံးကြိမ် အားစိုက်လုပ်ဆောင်သွားခြင်းက တစ်ကြိမ်တည်းဖြင့် မိနစ် ၃၀ ကြာလုပ်ဆောင်ခြင်းလောက် အကျိုးပြုနိုင်” ကြောင်း ၎င်းစာစောင်က ရှင်းပြသည်။ သို့ဖြစ်၍ ကျန်းမာရေးအကျိုးကျေးဇူးများ ခံစားရရန် ကိုယ်လက်လှုပ်ရှားမှုကို အချိန်ကြာကြာ အားစိုက်လုပ်စရာ မလိုချေ။ “နည်းနည်းနှင့်တော်သင့်ရုံ လှုပ်ရှားခြင်းသည် အားစိုက်လှုပ်ရှားခြင်းကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်ကို လျော့နည်းစေ” ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်ဟု အမေရိကန်ဆေးအဖွဲ့ဂျာနယ်ကဆို၏။
သို့သော် ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်း မရှိမဖြစ်ပေ။ ယင်းကို စိတ်စွဲမှတ်ထားကာ ကိုယ်လက်လှုပ်ရှားကစားဖို့ ပြက္ခဒိန်ကိုကြည့်၍ နေ့ရက်များ၊ အချိန်များကို သတ်မှတ်လိုပေမည်။ ကိုယ်လက်လှုပ်ရှားခြင်းကို ရက်သတ္တပတ်အနည်းငယ် ပုံမှန်ပြုလုပ်ပြီးနောက် ယင်းသည် သင့်ဘဝ၏သာမန်အစိတ်အပိုင်းတစ်ခုဖြစ်လာသည်ကို တွေ့ရှိရပေမည်။ ကျန်းမာရေးအကျိုးကျေးဇူးများ သင်စတင်ခံစားရသည်နှင့် ကိုယ်လက်လှုပ်ရှားရမည့်အချိန်ကို အမှန်စောင့်မျှော်နေပေတော့မည်။
လှပဘဝ၊ တက်ကြွလှုပ်ရှားမှ
နေ့စဉ် မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှားခြင်းက သင်၏ကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်စေနိုင်သော်လည်း နောက်ဆုံး ဆေးဘက်ဆိုင်ရာအကြံပြုချက်တစ်ခုအရ နာရီဝက်ထက်မကပြုခြင်းက ပိုကောင်းသည်။ ယခုအခါ နှလုံးသွေးကြောကျန်းမာရေးအခြေအနေ အကောင်းဆုံးဖြစ်နေစေရန် နေ့စဉ် မိနစ် ၆၀ အထိ ကိုယ်လက်လှုပ်ရှားမှုပြုသင့်ကြောင်း အကြံပြုထားသည်။ တစ်ဖန် တစ်နေ့တာလုံး အချိန်များခွဲ၍ ယင်းသို့ လုပ်ဆောင်နိုင်ပါသည်။ “လောလောဆယ်အကြံပြုချက်များအရ တစ်နေ့လျှင် မိနစ် ၆၀ အထိ ကိုယ်လက်လှုပ်ရှားရန်လိုသည်။ ကျန်းမာရေးအကျိုးခံစားရရန် မိနစ်မည်မျှစီခွဲ၍ ကိုယ်လက်လှုပ်ရှားမည်ဟူသည့်အချက်က အကြောင်းမဟုတ်” ကြောင်း ကနေဒီးယန်း မိသားစု သမားတော်ဂျာနယ်က ရှင်းပြသည်။ ထို့ပြင် ယင်းဆေးဂျာနယ်ကပင် ဤသို့ဆိုလေသည်– “ခွန်အားစိုက်ရသည့် လှုပ်ရှားမှုသည် သေဆုံးမှုနှုန်းကို လျော့နည်းစေကြောင်း လေ့လာမှုအတော်များများက ဖော်ပြသော်လည်း လောလောဆယ်တွင်မူ တော်သင့်ရုံလှုပ်ရှားမှုဖြစ်မြောက်ရေးကို အလေးပေးဖော်ပြကြသည်။”
အဓိကအချက်မှာ သင်၏ကိုယ်ခန္ဓာသည် လှည့်ပတ်လှုပ်ရှားပြီး မှန်မှန်ကိုယ်လက်လှုပ်ရှားရန် ပုံစံပြုထားခြင်းဖြစ်သည်။ အထိုင်များသောဘဝပုံစံသည် သင်၏ကျန်းမာရေးကို ထိခိုက်စေ၏။ လှုပ်ရှားတက်ကြွနေရန် လိုအပ်ချက်ကိုအစားထိုးနိုင်သည့် ဗီတာမင်၊ ဆေးဝါး၊ အစားအစာ သို့မဟုတ် ခွဲစိတ်ကုထုံးမရှိပါ။ ထို့ပြင် အတော်အတန်ကိုယ်လက်လှုပ်ရှားသည့် လုပ်ရိုးလုပ်စဉ်တစ်ခုသည် တော်သင့်ရုံဖြစ်စေ၊ ခွန်အားစိုက်၍ဖြစ်စေ၊ ခဏတစ်ဖြုတ်ဖြစ်စေ၊ အချိန်ကြာကြာဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် အချိန်လိုသည်။ စားဖို့အိပ်ဖို့ သင်အချိန်ပေးသကဲ့သို့ ကာယရေးပိုင်း တက်ကြွလှုပ်ရှားနေစေရန်လည်း အချိန်ပေးဖို့ အရေးကြီး၏။ ထိုသို့ပြုရန် ကိုယ့်စည်းကိုယ်စောင့်ပြီး စနစ်တကျစီစဉ်ထားရန်လိုသည်။
သက်သောင့်သက်သာရှိသည့် ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်ဟူ၍ မရှိချေ။ သို့သော် လှုပ်ရှားတက်ကြွသည့် ဘဝပုံစံရှိနေစေရန် အနစ်နာခံမှုများနှင့် အဆင်မပြေမှုများသည် တက်ကြွလှုပ်ရှားမှုမရှိသောဘဝပုံစံကြောင့် အသက်အန္တရာယ်ဖြစ်နိုင်သည့် ဘေးများနှင့်ယှဉ်လိုက်လျှင် အသေးအမွှားပင်။ လှုပ်ရှားတက်ကြွနေပါ၊ ချွေးထွက်သည်အထိ မကြာခဏ ကိုယ်လက်လှုပ်ရှားပါ၊ သင်၏ကြွက်သားများကို အသုံးပြုပါ၊ သို့ဖြင့် သင့်ကျန်းမာရေး ပိုကောင်းပြီး အသက်ပိုရှည်ပေမည်!
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ပိုမိုအားစိုက်၍ ကိုယ်လက်လှုပ်ရှားခြင်း
ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် တော်သင့်ရုံ တိုး၍ လုပ်ဆောင်ခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများကို သိသိသာသာရရှိစေနိုင်သော်လည်း ပိုမိုအားစိုက်၍ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် အကျိုးပိုရနိုင်သည်ဟု သုတေသီများက ဆိုကြ၏။ အောက်ပါတို့မှာ ရွေးချယ်စရာအချို့ ဖြစ်ကြသည်။
ခွန်အားစိုက်ရသည့် ကိုယ်လက်လှုပ်ရှားမှုကို မစတင်မီ ဆရာဝန်တစ်ဦးနှင့်တိုင်ပင်ဖို့ ကျန်းမာရေးပညာရှင်များက အကြံပြုကြ၏။
● ခပ်သွက်သွက်လမ်းလျှောက်ခြင်း– ယင်းသည် ကိုယ်လက်လှုပ်ရှားရန် ပို၍အဆင်ပြေသောနည်းများအနက် နည်းတစ်နည်းဖြစ်၏။ ယင်းအတွက် သက်သောင့်သက်သာရှိသည့် လမ်းလျှောက်ဖိနပ်တစ်ရန်နှင့် လမ်းကြောင်းတစ်ခုသာလိုသည်။ အပျင်းပြေလမ်းလျှောက်ခြင်းထက် အတော်လေးပိုမြန်သည့်နှုန်းဖြင့် ခပ်ကျဲကျဲလျှောက်ပါ။ တစ်နာရီလျှင် သုံးမိုင်မှ ငါးမိုင်နှုန်းခန့်အထိ လျှောက်နိုင်ရန် ကြိုးစားပါ။
● ဖြည်းဖြည်းမှန်မှန်ပြေးခြင်း– သင်သည် ဖြည်းဖြည်းမှန်မှန်ပြေးသည့်အခါ အခြေခံအားဖြင့် ခြေလှမ်းနှေးနှေးနှင့် ပြေးနေခြင်းဖြစ်၏။ ဖြည်းဖြည်းမှန်မှန်ပြေးခြင်းကို နှလုံးသွေးကြောများ ကျန်းမာကြံ့ခိုင်စေရန် အထိရောက်ဆုံးသောနည်းအဖြစ် ဖော်ပြခဲ့ကြပြီ။ သို့သော် ဖြည်းဖြည်းမှန်မှန်ပြေးခြင်း၏ သက်ရောက်မှုမှာ သာ၍မြင့်မားသဖြင့် ကြွက်သားနှင့် အဆစ် ထိခိုက်ဒဏ်ရာရနိုင်ဖွယ်ရှိ၏။ ထို့ကြောင့် သင့်တော်သည့်ဖိနပ်များ၊ အကြောလျှော့ခြင်း၊ တော်ရုံသင့်ရုံဖြစ်ခြင်းတို့လိုကြောင်း ဖြည်းဖြည်းမှန်မှန်ပြေးသူများကို သတိပေးထားသည်။
● စက်ဘီးစီးခြင်း– သင်၌ စက်ဘီးတစ်စီးရှိမည်ဆိုလျှင် အလွန်တရာထိရောက်သည့် ကိုယ်လက်လှုပ်ရှားနည်းတစ်မျိုးမှ အကျိုးရနိုင်ပါသည်။ စက်ဘီးစီးခြင်းသည် တစ်နာရီလျှင် ကယ်လိုရီ ၇၀၀ အထိ လောင်ကျွမ်းစေနိုင်၏။ သို့သော် လမ်းလျှောက်ခြင်းနှင့် ဖြည်းဖြည်းမှန်မှန်ပြေးခြင်းကဲ့သို့ပင် စက်ဘီးစီးခြင်းကို လမ်းမများပေါ်တွင် ပြုလုပ်ရလေ့ရှိ၏။ ထို့ကြောင့် သင်စက်ဘီးစီးသောအခါ နိုးနိုးကြားကြားရှိကာ မတော်တဆမှုများမဖြစ်စေရန် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရမည်။
● ရေကူးခြင်း– သင်၏ကိုယ်ခန္ဓာရှိ အဓိကကြွက်သားအုပ်စုမှန်သမျှကို ရေကူးခြင်းဖြင့် လှုပ်ရှားစေနိုင်ပါသည်။ ၎င်းအပြင် ရေကူးခြင်းသည် သင်၏အဆစ်များကို ပျော့ပျောင်း စေသည့်အပြင် ဖြည်းဖြည်းမှန်မှန်ပြေးခြင်းကဲ့သို့ပင် နှလုံးသွေးကြောဆိုင်ရာ အကျိုးကျေးဇူးများခံစားစေနိုင်၏။ ရေကူးခြင်းသည် သင်၏ကိုယ်ခန္ဓာကို ညင်သာပျော့ပျောင်းစေသည့် အတွက် လေးဖက်နာရောဂါရှိသူများ၊ ခါးကိုက်ဝေဒနာ ခံစားသူများ၊ ကိုယ်အလေးချိန်ပြဿနာရှိသူများအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများပါ ရေကူးကြဖို့ အကြံပေး လေ့ရှိ၏။ သို့သော် တစ်ဦးတည်း ရေကူးခြင်းကို ရှောင်ပါ။
● ခုန်ပေါက်ခြင်း– ဤအေရိုးဗစ်လေ့ကျင့်ခန်းသည် စပရင်ဖြင့်တွဲကြက်ထားသော ပတ္တူဖျင်ချပ်ငယ် (ထရမ်ပိုလင်း) ပေါ် ခုန်ပေါက်ခြင်းဖြစ်သည်။ ဤသို့ခုန်ပေါက်ခြင်းက သွေးနှင့် ပြန်ရည် လှည့်ပတ်မှုတို့ကို တိုးတက်ကောင်း မွန်စေ၍ နှလုံးနှင့်အဆုတ်တို့၏ စွမ်းရည်ကို တိုးပွားစေကာ ကြွက်သားများ၏အခြေအနေ၊ အလိုက်သင့် လှုပ်ရှားနိုင်မှု၊ ဟန်ချက်တို့ကို တိုးတက်ကောင်းမွန်စေကြောင်း ထောက်ခံအားပေးသူများက ပြောဆိုကြ၏။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အလေးမခြင်းနှင့် အကြောလျှော့ခြင်း
သိပ္ပံပညာရှင်များသည် မကြာသေးမီက ဟန်ချက်ညီသည့် ကျန်းမာကြံ့ခိုင်ရေးတွင် အလေးမခြင်းကဲ့သို့သော ကာယဗလသင်တန်းပုံစံတချို့ကို ထည့်သွင်းထားသင့်ကြောင်း ကောက်ချက်ချခဲ့ကြ၏။ နည်းလမ်းတကျ အလေးမခြင်းသည် ကြွက်သားများကို သန်မာထွားကြိုင်းစေသည့်အပြင် အရိုးသိပ်သည်းမှုကိုပါ တိုးများစေကာ ကိုယ်ခန္ဓာအဆီကိုလည်း ချပေး၏။
ထို့ပြင် အကြောလျှော့ခြင်းသည် ကွေးနိုင်ဆန့်နိုင် စေကာ သွေးလှည့်ပတ်မှုကောင်းစေကြောင်း ကျန်းမာ ရေးပညာရှင်များစွာက ထောက်ခံပြောဆိုကြသည်။ အကြောလျှော့ခြင်းသည် သင်၏အဆစ်များကို အပြည့်အဝလှုပ်ရှားရန် ကူညီပေးနိုင်၏။
သို့သော် ထိခိုက်ဒဏ်ရာရမှုမရှိစေရန် အလေးမခြင်းနှင့် အကြောလျှော့ခြင်းနှစ်မျိုး စလုံးကို နည်းလမ်းတကျ လုပ်ဆောင်ရပေမည်။ ယင်းတို့နှင့်ပတ်သက်၍ အခြေခံလမ်းညွှန်ချက်အချို့ရရှိရန် ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်ကို ဖတ်ရှုလေ့လာခြင်း သို့မဟုတ် ဆရာဝန် နှင့်တိုင်ပင်နှီးနှောခြင်းဖြင့် သင်ယူသိရှိလိုပေမည်။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ကိုယ်လက်လှုပ်ရှားခြင်းနှင့် စိတ်
အားစိုက်လှုပ်ရှားခြင်းသည် ဒိုပါမင်းဓာတ်၊ နော်ရက်ဖနက်ဖရင်ဓာတ်၊ ဆီရိုတိုနင်ဓာတ်ကဲ့သို့သော ဦးနှောက်အတွင်းရှိ စိတ်ကိုပြောင်းလဲစေသည့် ဓာတုပစ္စည်းအတော်များများကို အကျိုးပြုနိုင်ကြောင်း သိပ္ပံပညာရှင်များ ရှာဖွေတွေ့ ရှိခဲ့ကြ၏။ ကိုယ်လက်လှုပ်ရှားပြီးနောက်ပိုင်း စိတ်ပျိုကိုယ်နုလာသည်ဟူ၍ လူအများ အဘယ်ကြောင့်ထိုသို့ဆိုကြကြောင်းကို ယင်းက ရှင်းလင်းပေးကောင်းပေးနိုင်ပါသည်။ မှန်မှန်ကိုယ်လက်လှုပ်ရှားသူတို့သည် အထိုင်များသူတို့ထက် စိတ်ဓာတ်ကျဆင်းနိုင်စရာအကြောင်း ပိုနည်းသည်ဟုပင် လေ့လာမှုတချို့ကဖော်ပြ၏။ အဆိုပါ လေ့လာမှုများအနက်တချို့မှာ မသေချာသေးသော်လည်း ကိုယ်လက်လှုပ်ရှားခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးသည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ဆရာဝန်များစွာက ထောက်ခံကြ၏။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်သည့် နေ့စဉ်လုပ်ငန်းဆောင်တာများ
မကြာသေးမီက ပြုခဲ့ကြသည့် လေ့လာမှုများအရ အထိုင်များသူတို့သည် အတော်အသင့်အားစိုက်ထုတ်ရသည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အကြိမ်များများ တိုးလုပ်သွားရုံဖြင့် အကျိုးရရှိနိုင်သည်။ အောက်ပါတို့အနက် တချို့ကို သင်စမ်းကြည့်လိုပေမည်။
● ဓာတ်လှေကားစီးမည့်အစား ရိုးရိုးလှေကားဖြင့်တက်နိုင်သည် သို့မဟုတ် သင်သွားမည့်အထပ်မရောက်မီ အထပ်တစ်ထပ်တွင် ဓာတ်လှေကားမှထွက်ပြီး လှေကားဖြင့် ဆက်တက်သွားပါ။
● သင်သည် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များ အသုံးပြုမည်ဆိုလျှင် သွားလိုသည့်မှတ်တိုင်မရောက်မီ ကားပေါ်မှ ဆင်းလိုက်ပြီး လမ်းဆက်လျှောက်သွားပါ။
● စကားပြောရင်း လမ်းလျှောက်ပါ။ မိတ်ဆွေများ သို့မဟုတ် မိသားစုဝင် များနှင့် အာလာပသလ္လာပပြောဆိုသည့်အခါ တစ်ချိန်လုံး ထိုင်နေစရာ မလိုပေ။
● သင်၌ အထိုင်များသောအလုပ်ရှိမည်ဆိုလျှင် မတ်တတ်ရပ်အနေအထားဖြင့် အလုပ်လုပ်ရန် အခွင့်အလမ်းများရှာယူပြီး ဖြစ်နိုင်သည့်အခါတိုင်း ဟိုဟိုဒီဒီ သွားလာလှုပ်ရှားပါ။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ရေ အလုံအလောက် သောက်နေသလော
ကိုယ်လက်လှုပ်ရှားစဉ် ရေအသောက်နည်းပါက ဘေးဖြစ်စေနိုင်၏။ ယင်းသည် မောပန်းနွမ်းနယ်စေနိုင်၏၊ ကိုယ်ခန္ဓာ၏ဟန်ချက်ညီညီလှုပ်ရှား နိုင်မှုကို အားပျော့သွားစေကာ ကြွက်တက်စေနိုင်သည်။ ကိုယ်လက်လှုပ်ရှားသည့်အခါ ချွေးထွက်နှုန်းပိုမြန်လာကာ သင်၏သွေးပမာဏကို ကျဆင်းစေနိုင်၏။ ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသည့်ရေကို ပြန်မဖြည့်ပေးပါက သွေးလှည့်ပတ်ရန် နှလုံးက အလုပ်ပိုလုပ်ရလေသည်။ ထို့ကြောင့် ရေဓာတ် ကုန်ခန်းခြင်း မဖြစ်စေရန် ကိုယ်လက်လှုပ်ရှားမှုမပြုမီ၊ ကစားနေစဉ်အတွင်း၊ ကစားပြီးနောက် ရေသောက်သင့်ကြောင်း အကြံပြုထား၏။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
ဘုရားသခင်ပေးသော ဆုကျေးဇူးဖြစ်သည့် သင့်ကိုယ်ခန္ဓာကို မြတ်နိုးပါ
ကျွန်ုပ်တို့၏ခန္ဓာကိုယ်နှင့် အသက်ဆုကျေးဇူးကို အလွန်တန်ဖိုးထားဖို့ သမ္မာကျမ်းစာက အားပေးထားသည်။ ရှေးဣသရေလဘုရင်ဒါဝိဒ်က “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်” ဟုရေးသားခဲ့၏။ (ဆာလံ ၁၃၉:၁၄) ဒါဝိဒ်ကဲ့သို့ပင် စစ်မှန်သောခရစ်ယာန်များသည် အသက်ဆုကျေးဇူးကို အထူးတန်ဖိုးထားကြောင်း တင်ပြကြ၏။ သူတို့သည် ခန္ဓာကိုယ်ဂရုစိုက်ခြင်းကို ကြီးလေးသောတာဝန်တစ်ရပ်အဖြစ် လျောက်ပတ်စွာ ယူမှတ်ကြ၏။
လွန်ခဲ့သော အနှစ်နှစ်ထောင်ခန့်က တမန်တော်ပေါလုအား ဤသို့ရေးသားရန် ဘုရားသခင်လှုံ့ဆော်ပေးခဲ့သည်– “ကိုယ်ကာယကိုအားဖြည့်ရန် လေ့ကျင့်ခြင်းသည် အနည်းငယ်သောအကျိုးကိုပေးတတ်၏။ ဘုရား [သခင်] ဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောက်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကိုရသည်။” (၁ တိမောသေ ၄:၈၊ သမ္မာ) ကိုယ်လက်လှုပ်ရှားခြင်း၏ အကျိုးကျေးဇူးများသည် အမှန်တကယ်တွင် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိခြင်း၏ ရေရှည်အကျိုးကျေးဇူးများလောက် မမြတ်ကြောင်း ပေါလု၏စကားများက ဖော်ပြသည်။ သို့ဖြစ်၍ စစ်မှန်သောခရစ်ယာန်များသည် ကျန်းမာရေးလိုက်စားရာတွင် ဟန်ချက်ညီဖို့ ကြိုးစားကြ၏၊ သူတို့သည် ‘ကိုယ်ကာယလေ့ကျင့်ခြင်း’ ကို ဘုရား သခင်အား ဝတ်ပြုရေးထက် အလေးမပေးကြချေ။
ကျန်းမာရေးပိုကောင်းလေ ဘုရားသခင်နှင့် အိမ်နီးချင်းတို့အား ချစ်ကြောင်း ဖော်ပြရာတွင် ပိုမိုတက်ကြွနိုင်လေဖြစ်ကြောင်း ခရစ်ယာန်များ သဘောပေါက်ကြသည်။ ကျန်းမာရေးကောင်းဖို့ သင့်တော်သော အာဟာရမှီဝဲခြင်းနှင့် ကောင်းကောင်းအနားယူခြင်းအပြင် လှုပ်ရှား တက်ကြွနေခြင်းသည် မရှိမဖြစ်လိုအပ်၏။ ခရစ်ယာန်စစ်များသည် မိမိတို့၏ကိုယ်ခန္ဓာကို ဘုရားသခင်ပေးသော ဆုကျေးဇူးတစ်ရပ်အဖြစ် မြတ်နိုးကြသောကြောင့် အဆိုပါကဏ္ဍများတွင် အလေ့အကျင့်ကောင်းများကို ကြိုးစားထိန်းသိမ်းကြသည်။