မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏အရေပြားကို ထိန်းသိမ်းကာကွယ်လော့!

သင်၏အရေပြားကို ထိန်းသိမ်းကာကွယ်လော့!

သင်၏​အရေပြား​ကို ထိန်းသိမ်း​ကာကွယ်​လော့!

“နေရောင်​သည် အလွန်​တ​ရာ​အန္တရာယ်​ဖြစ်စေ​နိုင်​ကြောင်း . . . အရေပြား​၏​ဒီအဲန်အေ​ကို ထိခိုက်​ပျက်စီး​စေနိုင်​ကြောင်း လူ​တို့​သတိမမူ​ကြ​ပေ။ ယင်း​ထိခိုက်​ပျက်စီးမှု​များ​လာ​လျှင် အရေပြား​ကင်ဆာ​ဖြစ်​နိုင်​သည်။”—ဒေါက်တာ မာ့ခ် ဘ​ရ​စ်ခ်ျ မချင်း၊ အရေပြား​ကင်ဆာ​ပါရဂူ။

အရေပြားသည် ခန္ဓာကိုယ်​၏​အကြီးမားဆုံး​အင်္ဂါ​ဖြစ်​ပြီး သာမန်​အမျိုးသား​တစ်ဦး​တွင် ၂၀ စတုရန်း​ပေ​ခန့်​ရှိပြီး သာမန်​အမျိုးသမီး​တစ်ဦး​တွင် ၁၇ စတုရန်း​ပေ​ခန့်​ရှိသည်။ ယင်း​တွင် နာကျင်မှု၊ အထိအတွေ့၊ အပူချိန်​တို့ကို တုံ့ပြန်​သည့်​လက်ခံ​ဆဲလ်​များ ပါရှိ​သည်။ အရေပြားသည် အပူ၊ အအေး၊ ထိခိုက်​ဒဏ်ရာ​ဖြစ်မှု​တို့​အပြင် အဆိပ်အတောက်​များ၊ ဓာတု​ပစ္စည်း​များ၊ ညစ်ညမ်း​စေသော​ပစ္စည်း​များ​မှ ခန္ဓာကိုယ်​ကို အဓိက​ကာကွယ်​ပေး​သည်။ ယင်းသည် ခန္ဓာကိုယ်​ထဲ​သို့​အရည်များ မဝင်နိုင်​စေရန်​နှင့် အပြင်​သို့ စိမ့်ထွက်​မသွား​စေရန် ကာကွယ်​ပေး​သည်။ သို့သော် နေရောင်​သည် အရေပြား​၏ ရန်သူ​ဖြစ်လာ​နိုင်​သည်။ နေရောင်ခြည်​သည် အသက်​အတွက် မရှိမဖြစ်​သည့်​အရာ​မဟုတ်ပေ​လော။

မှန်ပါသည်။ ကျွန်ုပ်​တို့​မှီခို​နေသော​အပင်များ ကြီးထွား​လာရန် နေရောင်ခြည် လိုအပ်​သည်။ ထို့​ပြင် နေရောင်ခြည်​ပမာဏ​အနည်းငယ်​သည် အရိုးများ​ကို သန်မာ​စေသော ကယ်​လ​စီ​ယမ်​ဓာတ်​ကို စုစည်း​ပေး​သည့် ဗီတာမင်ဒီ ထုတ်လုပ်​ပေး​သည်။ သို့သော် နေရောင်ခြည်​အနည်းငယ်​သည် အကျိုးပြု​လျှင် ပမာဏ​များများ​ဆို​က ပို​၍​ပင်​အကျိုးပြု​မည်​ဟု​ကား မဆိုလို​ပါ။ နေရောင်​သည် ခရမ်း​လွန်​ရောင်ခြည်​ကို ထုတ်လုပ်​ကာ ယင်းက အရေပြား​ကို ပြန်လည်​ပြုပြင်၍​မရတော့​သည်​အထိ ပျက်စီး​စေနိုင်​သည်။ အကျိုးဆက်​တစ်ခု​မှာ အချိန်မတန်​ဘဲ​ရင့်ရော်​ခြင်း​ဖြစ်သည်။

သင်၏​အရေပြား​အား ထိန်းသိမ်း​ကာကွယ်​ခြင်း​စာအုပ်​က ပို​၍​ပင်​ကြီးမားသော​အန္တရာယ်​နှင့်​ပတ်သက်ပြီး ဤသို့​သတိပေး​သည်– “ခရမ်း​လွန်​ရောင်ခြည်​သည် [ဆဲလ်​ပွား​ခြင်း​စ​သည့် ဆဲလ်​လုပ်ငန်းများ​ကို ထိန်းချုပ်​ပေး​သော ဗီဇ​ပစ္စည်း] ဒီအဲန်အေ​ကို ထိခိုက်​ပျက်စီး​စေပြီး ကိုယ်ခံအား​စနစ်​ကို ဖိနှိပ်​ကာ ကင်ဆာ​ဖြစ်စေ​သည့်​ဖြစ်​စဉ်​များ​ကို ဆွပေး​သည့် ခန္ဓာကိုယ်​ရှိ ဓာတု​ပစ္စည်း​များ​ကို လှုံ့ဆော်ပေး​သည်။” “ကင်ဆာ” ဟူ​သည့်​စကားလုံး​သည် ထိတ်လန့်​တုန်လှုပ်​စေ​သည်။ သို့သော် အရေပြား​ကင်ဆာ​သည် မည်မျှ​တိုင်​ပျံ့နှံ့​နေပြီ​နည်း။ အထိတ်တလန့်​ဖြစ်စရာ အကြောင်း​ရှိသလော။

အရေပြား​ကင်ဆာ—ခေတ်​သစ်​ကပ်ရောဂါ

သည်​မာ့ခ်​လက်စွဲ​စာအုပ်​က အရေပြား​ကင်ဆာ​သည် ကမ္ဘာ​ပေါ်​တွင် အဖြစ်​အများဆုံး​ကင်ဆာ​ဟု ဖော်ပြ​သည်။ အမေရိကန်​ပြည်ထောင်စု​တွင် လူ ၆ ဦး၊ ၇ ဦး​တိုင်း​တွင် တစ်ဦး​သည် အရေပြား​ကင်ဆာ​တစ်မျိုး​မျိုးကို ခံစား​နေရ​သည်။ သို့သော် ရောဂါ​ဖြစ်နှုန်း​မှာ တိုးများ​လာ​လျက်​ရှိသည်။ အရေပြား​ကင်ဆာ​အဖြေ​ဟူသော​စာအုပ်​တွင် ဒေါက်တာ အိုင် ဝီလီယံ လိ​န်း​၏​အဆို​အရ “ယခု​အခါ အသက်​ခြောက်​ဆယ့်ငါး​နှစ်​ရှိသူ ၅၀ ရာခိုင်နှုန်း​တွင် အရေပြား​ကင်ဆာ​တစ်မျိုး​မျိုး​ဖြစ်​လိမ့်​မည်​ဟု ခန့်မှန်း​ရသည်။” အမေရိကန်​အရေပြား​ရောဂါဗေဒ​အဖွဲ့​၏ အဆို​အရ ပြင်းထန်သော​မြင်း​မည်း​ကင်ဆာ​သည် ထို​နိုင်ငံ​တွင် နှစ်စဉ်​လူပေါင်း ၇,၅၀၀ ခန့်​ကို​သေဆုံး​စေပြီး ပို​၍​အဖြစ်​များ​လာ​နေသည်။ အသား​မည်း​သူများ​သည် အရေပြား​ကင်ဆာ​အဖြစ်နည်း​သော်လည်း သူတို့လည်း​အန္တရာယ်​ရှိသည်။

အရေပြား​ကင်ဆာ​သည် အဘယ်ကြောင့် ကပ်ရောဂါ​တစ်ခု​ဖြစ်လာ​ရသနည်း။ ပင်လယ်ရေ​မျက်နှာပြင်​အမြင့်၊ လ​တ္တီတွဒ်၊ တိမ်ဖုံး​အုပ်​မှု​ပမာဏ၊ အိုဇုန်း​လွှာ​အခြေအနေ​စ​သည့် ဆက်နွှယ်သော​အချက် အများအပြား​ရှိ​နိုင်​သော်လည်း အဓိက​တရားခံ​မှာ နေ​ပူ​ခံ​လွန်း​ခြင်း​ဖြစ်​နိုင်​သည်။ ဘဝ​ပုံစံ​များ ပြောင်းလဲ​ခဲ့​ပေ​ပြီ။ အဆောက်အအုံ​အတွင်း အလုပ်လုပ်သူ​များ​အတွက် ကမ်းခြေ​၌​အပန်းဖြေ​ခြင်း၊ တောင်တက်​ခြင်း၊ နှင်း​လျှော​စီး​ခြင်း​စ​သော အိမ်အပြင်ဘက်​အပန်းဖြေမှု​များသည် ပို​၍​ရေပန်းစား​လာ​ပေ​ပြီ။ လူတို့၏​ဖက်ရှင်​များ ပြောင်းလဲ​ခဲ့ပြီ။ တစ်ချိန်က အမျိုးသား အမျိုးသမီးများ​သည် ရှည်လျားသော​ရေကူး​ဝတ်စုံ​များ​ကို ဣန္ဒြေရရ​ဝတ်​ကြသော်လည်း ရေကူး​ဝတ်စုံ​များသည် ပို​၍​ပို​၍ မလုံ့တလုံ​ဖြစ်လာ​ကြသည်။ သို့​နှင့် အရေပြား​ကင်ဆာ​လည်း တိုးများ​လာ​ရသည်။ ဝတ်ရုံ​ရှည်​ကြီး​များ၊ ခေါင်းအုပ်​များ​ဝတ်ဆင်​ကြ​သည့် သဲကန္တာရ​တွင် လှည့်လည်​နေထိုင်​သော ဘယ်​ဒူ​အင်​လူမျိုး​သည် ကျွန်ုပ်​တို့​ဂ​ရု​မပြုမိ​သည့်​အရာ​ကို သိထားကြသည် မဟုတ်လော။

အလွန်​တ​ရာ​အန္တရာယ်​ရှိသော အရေပြား​ကင်ဆာ

အဖြစ်​အများဆုံး​အရေပြား​ကင်ဆာ​သုံးမျိုး​မှာ အောက်ခြေ​ဆဲလ် ကာဆီနိုမာ၊ ချပ်ပြား​ဆဲလ် ကာဆီနိုမာ၊ ပြင်းထန်​သည့် မြင်း​မည်း​ကင်ဆာ တို့​ဖြစ်သည်။ အောက်ခြေ​ဆဲလ်​နှင့် ချပ်ပြား​ဆဲလ် ကာဆီနိုမာ​တို့သည် ပျမ်းမျှ​တစ်လက်​မ​၏ နှစ်​ဆယ့်ငါး​ပုံ​တစ်​ပုံ​မျှ​သာ​ရှိသော အရေပြား​၏​အပေါ်ယံ​အလွှာ​တွင် စတင်​ဖြစ်ပေါ်​သည်။ ထို​မြင်း​မည်း​မဟုတ်သော​ကင်ဆာ​များသည် နေရောင်အောက်​အလုပ်လုပ်သူ​များ​ကဲ့သို့ နေပူဒဏ်​ကြာရှည်​စွာ​ခံရ​ခြင်း​ကြောင့် ဖြစ်ပုံရ​ပြီး မျက်နှာ​နှင့်​လက်​များ​စ​သည့် နေရောင်​နှင့်​ထိတွေ့​သည့် ခန္ဓာကိုယ်​အစိတ်အပိုင်း​များ​တွင် အဖြစ်​များ​တတ်​သည်။ * ဤ​ကာဆီနိုမာ​များသည် သေးငယ်သော​အဖု သို့​မဟုတ် မကြာခဏ​သွေး​ထွက်​တတ်​ပြီး လုံးလုံး​မ​ပျောက်​ဘဲ ကြီး​လာသော​အနာ​မှ စတင်​ဖြစ်တတ်​သည်။ အနီးတစ်ဝိုက်​သို့​ပြန့်ပွား​ကာ ပတ်လည်​ရှိ​တစ်ရှူး​ကို ကျူးကျော်​ဝင်ရောက်​နိုင်​ပေ​သည်။ အရေပြား​ကင်ဆာ​များ​၏ ၇၅ ရာခိုင်နှုန်း​ခန့်​မှာ အောက်ခြေ​ဆဲလ် ကာဆီနိုမာ​များ​ဖြစ်သည်။ ချပ်ပြား​ဆဲလ် ကာဆီနိုမာ​သည် အဖြစ်နည်း​သော်လည်း မူလ​နေရာ​မှ ခန္ဓာကိုယ်​၏​အခြား​အစိတ်အပိုင်း​များ​သို့ နယ်​လွန်​ပြန့်ပွား​နိုင်​စ​ရာ အကြောင်း​ပို​များသည်။ ရောဂါ​ကို​စောစော​ရှာတွေ့​ရန် အရေးကြီး​သည်၊ အဘ​ယ့်​ကြောင့်​ဆို​သော် မြင်း​မည်း​မဟုတ်သော ကင်ဆာ​များသည် ကုသ​ရ​အလွယ်ဆုံး အရေပြား​ကင်ဆာ​များ​ဖြစ်​သော်လည်း မ​ကု​ဘဲ​ထား​လိုက်ပါ​က သေစေနိုင်​သည်။

အရေပြား​ကင်ဆာ​အားလုံး​တွင် ၅ ရာခိုင်နှုန်း​လောက်​သာ​ဖြစ်သည့် ဆိုးရွား​လှ​သော မြင်း​မည်း​ကင်ဆာ​သည်လည်း အရေပြား​၏​အပေါ်ယံလွှာ​မှ စတင်​ဖြစ်ပေါ်​သည်။ မြင်း​မည်း​ကင်ဆာ​ဖြစ်​ရသည့် အဓိက​အကြောင်း​တစ်ခု​မှာ နေ​ပူ​တွင်​အားလပ်ခွင့်​ရက်​သုံး​ကြသော အိမ်တွင်း​လုပ်သားများ ထိတွေ့​သည့်​နေပူဒဏ်​မျိုး​ကဲ့သို့ အပြင်းအထန်၊ ခဏ​ခဏ နေ​ပူ​ခံ​ခြင်း​ကြောင့်​ဖြစ်ပုံရ​သည်။ ပြင်းထန်​သည့်​မြင်း​မည်း​ကင်ဆာ​၏ ၅၀ ရာခိုင်နှုန်း​ခန့်​သည် ရောင်ခြယ်​ပါ​သော​မှဲ့​များ​မှ စတင်​ဖြစ်ပွား​ပြီး အထူးသဖြင့် ကျော​အထက်ပိုင်း​နှင့် ခြေထောက်​အောက်ပိုင်း​တွင်​ဖြစ်တတ်​သည်။

ဤ​အရေပြား​ကင်ဆာ​မျိုး​သည် သေစေ​ရန်​အကြောင်း​များသည်၊ စောစီး​စွာ မ​ကုသ​လျှင် သွေးကြော​များနှင့် ပြန်​ရည်​တည်ရှိရာ အရေပြား​အတွင်း​လွှာ​သို့ ရောက်ရှိ​နိုင်​သည်။ ထို​နေရာ​မှ ချက်ချင်း နယ်​လွန်​ပြန့်ပွား​သွား​နိုင်​သည်။ ကင်ဆာ​အထူးကု​ဆရာဝန် ဒေါက်တာ လယ်​ရီ နေသန်​ဆန်​က “မြင်း​မည်း​ကင်ဆာ​သည် စောစီး​စွာ​ကုသ​လျှင် ကောင်းစွာ​ပျောက်ကင်း​နိုင်သော​ရောဂါ​ဖြစ်သည်။ သို့သော် နယ်​လွန်​ပြန့်ပွား​သွားပြီ​ဆိုလျှင် ဆေးဝါး​များ သို့​မဟုတ် ဓာတ်​ကင်​ခြင်း​ဖြင့် ကုသမှု​ကို အတော်အသင့် ခံနိုင်ရည်​ရှိသွား​သည်” ဟု​ပြော​သည်။ မြင်း​မည်း​ကင်ဆာ ပြန့်ပွား​သွားသော​လူနာ ၂ သို့​မဟုတ် ၃ ရာခိုင်နှုန်း​လောက်​သာ ၅ နှစ်​အသက်ရှင်​ကြသည်။—မြင်း​မည်း​ရောဂါ​၏ အစပိုင်း​လက္ခဏာများ​အတွက် စာမျက်နှာ ၇ ပါ​လေးထောင့်ကွက်​ရှု။

မည်သူ​တို့သည် အရေပြား​ကင်ဆာ​အန္တရာယ်​ရှိ​သနည်း။ နေ​ပူ​ထဲ​တွင်​ကြာရှည်​စွာ အလုပ်လုပ်​ရသူ​များ သို့​မဟုတ် အပြင်းအထန်၊ ခဏ​ခဏ နေလောင်​ခံ​သူများ​အပြင် အသား​ဖြူ​ပြီး ဆံပင်​နှင့်​မျက်လုံး​အရောင်​ဖျော့​ကာ မှဲ့​များ၊ မှဲ့​ခြောက်​များ၊ မိသားစု​မျိုးရိုး​တွင်​ရောဂါ​ရှိ​သူများ အထူးသဖြင့် အန္တရာယ်​ရှိသည်။ အရေပြား​ကင်ဆာ​သည် အသားညို​သူတို့တွင် ဖြစ်​နိုင်​စ​ရာ​အလွန်​နည်း​သည်။ ယင်းက သင်​နေလောင်​ခံ​ပြီး အသားညို​လာ​လေ အရေပြား​ကင်ဆာ​ဖြစ်​ရန် အန္တရာယ်​ပို​နည်း​လေ​ဟု ဆိုလို​ပါသလော။ မဆိုလို​ပေ၊ အသားညို​ခြင်း​သည် ခရမ်း​လွန်​ရောင်ခြည်​မှ ကာကွယ်​ရန် အရေပြား​၏​တန်ပြန်​တုံ့ပြန်မှု​ဖြစ်​သော်လည်း အသားညို​လာချိန်​အတွင်း အရေပြား​ပျက်စီး​သွား​သဖြင့် ထပ်ခါတလဲ​ထိခိုက်​ပျက်စီးခြင်း​က အရေပြား​ကင်ဆာ​အန္တရာယ်ကို တိုးများ​လာ​စေ​သည်။

အရေပြား​ကင်ဆာ​ကုထုံး

အကျိတ်​အမျိုးအစား၊ နေရာ၊ အရွယ်အစား၊ ပထမ​ကုထုံး​ပေါ်​မူတည်ပြီး လှီး​ထုတ်ပစ်​ခြင်း၊ ခွဲစိတ်​ဖြတ်ထုတ်ခြင်း၊ လျှပ်စစ်​အပ်​ဖြင့် လောင်ကျွမ်း​စေခြင်း၊ အေးခဲ​စေခြင်း၊ ဓာတ်​ရောင်ခြည်​ကုထုံး​စ​သည်​ဖြင့် ကုထုံး​အမျိုးမျိုး​ရှိသည်။ ခက်ခဲ​သော​အလုပ်မှာ ကင်ဆာ​ဖြစ်နေ​သော​ဆဲလ်​အားလုံး​ကို ဖယ်ရှားပစ်​ခြင်း​ဖြစ်သည်။ အဏုကြည့်​ကိရိယာ​အသုံးပြုပြီး လှီး​ထုတ်​သည့် မိုး​စ်​ခွဲစိတ်​ကုသမှု​ဟု​ခေါ်​သည့် ကုထုံး​သည် ကျန်းမာ​သည့် တစ်ရှူး​မြောက်မြားစွာ​ကို မပျက်စီး​အောင်​ထိန်းသိမ်း​ပြီး အမာရွတ်​ကြီး​များ အဖြစ်နည်း​စေ​ကာ အောက်ခြေ​ဆဲလ်​နှင့် ချပ်ပြား​ဆဲလ် ကာဆီနိုမာ​များ​ကို အမြစ်​ပြတ်​စေ​ရာ​တွင် ထိရောက်​သည် (ကုသ​ပျောက်ကင်း​နှုန်း ၉၅ မှ ၉၉ ရာခိုင်နှုန်း​အထိ​ရှိသည်)။ မည်သို့​ပင်​ဖြစ်ပါစေ တစ်ရှူး​များ​ပြန်လည်​တည်ဆောက်​ရန် လို​ပေမည်။

အိုမင်း​ခြင်း​ဆိုင်ရာ ယူ.အက်စ်. အမျိုးသား​တက္ကသိုလ်​က ဤသို့​ဆို​သည်– “အရေပြား​ကင်ဆာ​အားလုံး​သည် မ​ပြန့်ပွား​မီ စောစီး​စွာ​သိရှိပြီး ဆရာဝန်​၏​ကုသမှု​ခံယူ​လျှင် ကုသ​ပျောက်ကင်း​နိုင်​သည်။” ထို့​ကြောင့် စောစီး​စွာ​သိရှိ​ရန် အလွန်​အရေးကြီး​သည်။ သို့သော် အရေပြား​ကင်ဆာ​ကို ကာကွယ်​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

အန္တရာယ်ကင်း​သော နေရောင်​ခံသည့်​အလေ့အထ​ကို သင်ယူ​ထား​ပါ

အန္တရာယ်ကင်း​သော​နေရောင်​ခံသည့် အလေ့အထ​ကို ကလေး​ဘဝ​မှ​စ၍ သင်ယူ​ထား​ရန် လိုအပ်​သည်။ အရေပြား​ကင်ဆာ​ဖောင်ဒေးရှင်း​၏ အဆို​အရ ‘လူအများစု​သည် အသက် ၁၈ နှစ်​မပြည့်မီ သူတို့​သက်တမ်း​တွင် ထိတွေ့​ခံစားရ​သည့်​နေရောင်​၏ ၈၀ ရာခိုင်နှုန်း​ကို ရရှိ​ကြသည်။ ကလေး​ဘဝတွင် နေလောင်​၍​ပေါက်​သော​အပူ​ဖု​လေး​တစ်ခု​သည် သက်ကြီး​ပိုင်း​အရွယ်​တွင် မြင်း​မည်း​ကင်ဆာ​ဖြစ်​နိုင်​သည့် အန္တရာယ်ကို​နှစ်ဆ​ဖြစ်စေ​သည်​ဟု ခန့်မှန်း​ရသည်။’ ယင်း​သို့​ဖြစ်​ခြင်း​မှာ အရေပြား​ကင်ဆာ​ဖြစ်​ရန် အနှစ် ၂၀ သို့​မဟုတ် ထို့​ထက်​ပို​၍​ကြာ​တတ်သော​ကြောင့်​ဖြစ်သည်။—အန္တရာယ်ကင်း​သော နေရောင်​ခံသည့်​အလေ့အထ​အတွက် အထောက်အကူ​ပြု​သည့် အကြံပြုချက်များ​ကို စာမျက်နှာ ၈ ရှိ လေးထောင့်ကွက်​ရှု။

ဩစတြေးလျ​တွင် အရေပြား​ကင်ဆာ၊ အထူးသဖြင့် မြင်း​မည်း​ကင်ဆာ​အလွန်​အဖြစ်​များသည်။ * အကြောင်း​မှာ ထို​နိုင်ငံ​သည် ဥရောပ​မြောက်ပိုင်း​မှ ပြောင်းရွှေ့​လာ​သည့် အသား​ဖြူ​သူများ အများဆုံး​နေထိုင်ရာ​ဖြစ်​ပြီး ထို​သူ​အများစုမှာ နေ​ပူ​သော​ကမ်း​ရိုး​တစ်လျှောက် နေထိုင်ကြ​သည်။ ထို​ပြောင်းရွှေ့​လာ​သူများ​နှင့် ပတ်သက်​သည့် လေ့လာမှု​တစ်ခု​က သူတို့​ဘဝတွင် ဩစတြေးလျ​သို့ စောစော​ရောက်​လေ သူတို့၏ မြင်း​မည်း​ကင်ဆာ​ဖြစ်​နိုင်​သည့်​အန္တရာယ် ပို​များ​လေ​ဖြစ်​ခြင်း​က ငယ်ရွယ်စဉ်​ကတည်းက အန္တရာယ်ကင်း​သည့် နေရောင်​ခံ​သော​အလေ့အထ​ကို သင်ယူ​ထား​ရန်လို​အပ်​ကြောင်း ပြသ​သည်​ဟူ​၏။ ဩစတြေးလျ​အစိုးရ​သည် “တီရှပ်​ဝတ်​လို့၊ ဦးထုပ်​ဆောင်း​ကာ၊ နေလောင်​ကာ​ဆေး​လိမ်း​ကြ​စို့” ဟူသော ဆောင်ပုဒ်​ဖြင့် နေရောင်​အန္တရာယ်ကို လူ​တို့အား​ပညာပေး​ရန် ကင်ပိန်း​ကြီး​တစ်ခု အစပြု​ခဲ့​သည်။ ဘဝ​ပုံစံ​တွင် ယင်း​သို့ အတော်အသင့်​အပြောင်းအလဲ​များ ပြုလုပ်ခြင်း​က ထို​နိုင်ငံ​ရှိ သက်​ငယ်​အုပ်စု​ကြား မြင်း​မည်း​ကင်ဆာ​ဖြစ်မှု​အပေါ် အကျိုး​သက်ရောက်​လျက်​ရှိသည်။

ခရမ်း​လွန်​ရောင်ခြည်​အဆင့်​အေ (ယူ​ဗီ-အေ) နှင့် ခရမ်း​လွန်​ရောင်ခြည်​ဘီ (ယူ​ဗီ-ဘီ) တို့ကို​စစ်ထုတ်​ပေး​သော ရောဂါ​ပိုးမွှား​များ​သတ်​သည့် နေလောင်​ကာကွယ်​ဆေး​လိမ်း​ခြင်း​သည် ကောင်း​သည်။ ခရမ်း​လွန်​ရောင်ခြည် ၈၅ ရာခိုင်နှုန်း​သည် တိမ်​များ​ကို​ထိုးဖောက်​နိုင်သော​ကြောင့် တိမ်ထူ​သော​နေ့​များ​တွင်​ပင် လိမ်း​ထား​ရန် အရေးကြီး​သည်။ ရောင်ခြည်​များသည် ရေ​ကိုလည်း ထိုးဖောက်​နိုင်​သည်။ နေရောင်ခြည်​ကာကွယ်​သည့်​ဝတ္ထု (SPF) အနည်းဆုံး ၁၅ ရှိသည့် နေလောင်​ကာ​လိမ်းဆေး​ကို ကျွမ်းကျင်​သူတချို့​ဆရာဝန်​များ​က သုံး​စေ​လို​ကြသည်။ ထို SPF ၁၅ သည် အချိန်​မည်မျှ​ကာကွယ်​ပေး​သည်ကို​သိ​ရန် သင်​နေ​ပူ​ခံ​နေကျ​မိနစ်​များ​ကို ၁၅ ဖြင့် မြှောက်​ပါ။ နေလောင်​ကာ​လိမ်းဆေး​ကို အနည်းဆုံး နှစ်နာရီ​ခြား​တစ်ကြိမ် လိမ်းပေး​သင့်​သည်၊ သို့သော် ထိုသို့​လိမ်း​ခြင်း​က စုစုပေါင်း​ကာကွယ်​ပေး​သည့်​အချိန်ကို နှစ်ဆ​မဖြစ်စေ​ပါ။

ထို့​ပြင် အရေပြား​ကင်ဆာ​အဖြေ​စာအုပ်​က သင်​နေလောင်​ကာ​လိမ်းဆေး​သုံး​ကာ​မျှ​ဖြင့် အန္တရာယ်​မရှိတော့​ဟု လွဲမှား​စွာ​မယူဆ​ရန် သတိပေး​သည်။ မည်သည့်​နေလောင်​ကာ​လိမ်းဆေး​မှ နေလောင်​ဒဏ်​မှ ရာနှုန်းပြည့် မကာကွယ်​ပေး​သကဲ့သို့ အရေပြား​ကင်ဆာ​ကိုလည်း မတားဆီး​ပေးချေ။ အမှန်​အားဖြင့် နေလောင်​ကာ​လိမ်းဆေး လိမ်း​ထားခြင်း​က သင့်​အား နေရောင်အောက်​တွင် ပို​ကြာကြာ​နေ​စေသော​ကြောင့် အရေပြား​ကင်ဆာ​ဖြစ်​မည့် အန္တရာယ်ကို သွယ်ဝိုက်​သော​နည်းဖြင့် တိုးများ​စေ​သည်။ စာအုပ်​က ဤသို့​ဆို​သည်– “အန္တရာယ်ကင်း​သော နေလောင်​ခံသည့်​အလေ့အထ​ကို အဘယ်အရာ​နှင့်​မျှ အစားထိုး​၍​မရပါ။ လုံခြုံ​သော​အဝတ်အစား​ဝတ်​ခြင်း၊ နေ​ခြစ်ခြစ်တောက်​ပူ​နေချိန်​များ​တွင် အတွင်း​၌​နေခြင်း​တို့သည် အရေပြား​ကင်ဆာ​ကို ကာကွယ်​ရာ​တွင် ‘ထိရောက်​သော’ လက်နက်များ​ဖြစ်သည်။

နေ​မီးအိမ်​နှင့် အသားညို​စေသော​အိပ်ရာ​များ​သုံးပြီး အဆောက်အအုံ​အတွင်းမှာ​ပင် အသားညို​လာအောင်​ပြုခြင်း​ကော အသို့နည်း။ အသားညို​အောင်​ပြုပြင်ပေး​သည့်​ဆိုင်​တွင် ပြုလုပ်​သည့် မိနစ် ၂၀ မျှ​သည် ခန့်မှန်းခြေ​အားဖြင့် နေရောင်​တွင်​နေသည့် လေး​နာရီ​နှင့်​ညီမျှ​သည်​ဟု ခန့်မှန်း​ရသည်။ အိမ်တွင်း​တွင် အသားညို​အောင်​ပြုခြင်း​သည် နေလောင်​မှုများ မဖြစ်စေ​ပုံ​ရသည့် ခရမ်း​လွန်​ရောင်ခြည်​အဆင့်​အေ​ကို အဓိက​အသုံးပြု​သောကြောင့် အန္တရာယ်ကင်း​သည်​ဟု ယူဆကြ​သည်။ သို့သော် အရေပြား​ကင်ဆာ​အဖြေ​စာအုပ်​က “ယူ​ဗီ-အေ​သည် ယူ​ဗီ-ဘီ​ထက် အရေပြား​ထဲ​သို့ ပိုမို​ထိုးဖောက်​ဝင်ရောက်​ပြီး ကိုယ်ခံအား​စနစ်​ကို ချေဖျက်​နိုင်​ကြောင်း ယခု​သိလာ​ကြပြီ” ဟု​ဆို​သည်။ အင်​တာ​နေ​ရှင်​နယ် မီ​ယာ​မီ​သံတော်ဆင့်​သတင်း​တွင် ဖော်ပြ​ထားသော လေ့လာမှု​တစ်ခု​က အသားညို​အောင်​ပြုပြင်ပေး​သည့်​ဆိုင်​များ​သို့ တစ်လ​တစ်ကြိမ် သို့​မဟုတ် ထို့​ထက်​ပို​၍​သွားသော အမျိုးသမီးများ​တွင် “မြင်း​မည်း​ကင်ဆာ​ဖြစ်​နိုင်​ခြေ ၅၅ ရာခိုင်နှုန်း​ထိ​ရှိ” သည်​ဟု ဖော်ပြ​ထား​သည်။

ထို့​ကြောင့် အန္တရာယ်ကင်း​သော နေ​ပူ​ခံသည့်​အလေ့အထ​ကို အလေးအနက်​သဘောထား​ရန် လိုအပ်​သည်။ ယနေ့ သင်​နေ​ပူ​ခံ​လိုက်​သော နေလောင်​မှု​သည် နောင်​အနှစ် ၂၀ သို့​မဟုတ် ထို့​ထက်​ကြာ​သော​အနာဂတ်​တွင် အရေပြား​ကင်ဆာ​ဖြစ်စေ​နိုင်​ကြောင်း သတိရပါ။ အချို့​သူတို့သည် အရေပြား​ကင်ဆာ​ကို မည်သို့​ခါးစည်း​ခံ​ခဲ့​ကြ​သနည်း၊ ကိုင်တွယ်​ဖြေရှင်း​ရန် အဘယ်အရာက သူတို့ကို​ထောက်ကူ​ခဲ့​သနည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 10 ခရမ်း​လွန်​ရောင်ခြည်​သည် ရောဂါ​တိုက်ဖျက်​ရာ​တွင် အဓိက​ကဏ္ဍ​မှ​ပါဝင်သော အရေပြား​အပြင်​လွှာ​ရှိ ရောဂါ​တိုက်ဖျက်​ပေး​သည့် အရေပြား​ဆဲလ်​ကိုလည်း ပျက်စီး​စေနိုင်​သည်။ အရေပြား​ကင်ဆာ​အဖြေ ဟူ​သည့်​စာအုပ်​က ဤသို့​ဆို​သည်– “ထို့​ကြောင့် ရောဂါ​တိုက်ဖျက်​သည့်​စနစ် ပျက်စီး​သွားခြင်းက အရေပြား​ကင်ဆာ​ကို ကြီးထွား​စေ​သည်​ဟု အချို့​သိပ္ပံ​ပညာရှင်​များ ယူဆကြ​သည်။”

^ အပိုဒ်၊ 19 န​ယူး​ဆောက်​ဝေး​လ်​ရှိ ကင်ဆာ​ကောင်စီ​အရ “ဩစတြေးလျ​လူမျိုး နှစ်​ဦးလျှင်​တစ်ဦး​သည် သူတို့၏​သက်တမ်း​အတွင်း အရေပြား​ကင်ဆာ​တစ်မျိုး​မျိုးကို ခံစားရ​လိမ့်​မည်။” ၁၉၉၈ ခုနှစ်​က ဩစတြေးလျ​နိုင်ငံ၊ ကွင်းစလန်​ပြည်နယ်​တွင် ၁၅ ဦးလျှင် ၁ ဦး​သည် မြင်း​မည်း​ကင်ဆာ​ဖြစ်​နိုင်​သည့် အန္တရာယ်​ရှိခဲ့​သည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ပြင်းထန်သော မြင်း​မည်း​ကင်ဆာ​၏ အဓိက​လက္ခဏာများ

၁။ အချိုး​မညီ​ခြင်း။ မြင်း​မည်း​ကင်ဆာ​အများစု​၏ အ​ဦး​ပိုင်း​လက္ခဏာ​မှာ အချိုး​မညီ​ခြင်း (မျက်နှာပြင်​နှစ်ဖက် မတူညီခြင်း) ဖြစ်သည်။ ကင်ဆာ​မဟုတ်သည့် သာမန်​မှဲ့​များ​မှာ လုံးဝန်း​ပြီး အချိုး​ညီ​သည်။

၂။ အနား​ပုံမမှန်​ခြင်း။ အစောပိုင်း မြင်း​မည်း​ကင်ဆာ​များ​၏ အနား​များသည် များသောအားဖြင့် မညီမညာ​ဖြစ်​ပြီး အနား​များ​တွန့်​နေ၊ အထစ်ထစ်​ဖြစ်နေ​နိုင်​ပေ​သည်။ သာမန်​မှဲ့​များသည် အနား​များ ပို​ချောမွတ်​ပြီး ညီညာ​ကြသည်။

၃။ အရောင်​ကွဲပြားခြင်း။ မြင်း​မည်း​ကင်ဆာ​၏ ပထမ​ပိုင်း​လက္ခဏာ​မှာ အညို၊ အနက်​စ​သည့် ကွဲပြား​သော​အရောင်​များ​ဖြစ်သည်။ မြင်း​မည်း​ကင်ဆာ​ကြီးထွား​လာ​သည်​နှင့် အရောင်​များ​မှာ အ​နီ၊ အဖြူ၊ အ​ပြာ​တို့​ပေါ်လာ​နိုင်​သည်။ သာမန်​မှဲ့​များ​မှာ အညို​ရော​င်​တစ်မျိုးတည်း​သာ​ဖြစ်သည်။

၄။ အချင်း။ မြင်း​မည်း​ကင်ဆာ​များသည် သာမန်​မှဲ့​များ​ထက် ပို​ကြီး​ကာ အချင်း​အားဖြင့် တစ်လက်​မ​၏​လေး​ပုံ​တစ်​ပုံ​အထိ​ကြီး​လာ​တတ်​သည်။

[Credit Lines]

ရင်းမြစ်– အရေပြား​ကင်ဆာ​ဖောင်ဒေးရှင်း

Skin samples: Images courtesy of the Skin Cancer Foundation, New York, NY, www.skincancer.org

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်​အရေပြား​ကို ထိန်းသိမ်း​ကာကွယ်​ရေး​အတွက် အကြံပြုချက်များ

၁။ အန္တရာယ်​ရှိသော ခရမ်း​လွန်​ရောင်ခြည် အပြင်းထန်ဆုံး​အချိန်​များ၊ အထူးသဖြင့်​နံနက် ၁၀:၀၀ နာရီ​မှ ညနေ ၄:၀၀ နာရီ​အတွင်း နေရောင်​ထိတွေ့​ခြင်း​ကို ကန့်သတ်​ထား​ပါ။

၂။ သင်၏​အရေပြား​ကို ခြေ​ဆုံး​ခေါင်း​ဆုံး အနည်းဆုံး​သုံးလ​တစ်ကြိမ် စစ်ဆေး​ပါ။

၃။ နေရောင်အောက်​တွင်​ရှိသည့်​အချိန်​များ​၌ SPF ၁၅ သို့​မဟုတ် ထို့​ထက်​ပို​မြင့်သော ရောဂါပိုး​သတ်​သည့်​နေလောင်​ကာ​လိမ်းဆေး သုံးပါ။ နေရောင်​မခံ​မီ မိနစ် ၃၀ ကြို​ပြီး များများ​လိမ်း​ပါ၊ ထို့နောက် နှစ်နာရီ​ခြား​တစ်ကြိမ် လိမ်း​ပါ။ (နေလောင်​ကာ​လိမ်းဆေး​ကို အသက်​ခြောက်​လ​အောက် ကလေး​များ​အား မ​လိမ်းပေး​သင့်​ပါ။)

၄။ အသက်ကြီး​ချိန်​တွင် အရေပြား​ကင်ဆာ​ဖြစ်စေ​သည့် ထိခိုက်​ပျက်စီးမှု​သည် ကလေး​ဘဝတွင် အစပြု​သောကြောင့် သင့်​ကလေး​အား ငယ်ရွယ်စဉ်​ကတည်းက နေရောင်​ကာကွယ်​သည့် အလေ့အထ​ကောင်း​များ​ကို သင်ပေး​ထား​ပါ။

၅။ ဘောင်းဘီရှည်​များ၊ ရှပ်အင်္ကျီ​လက်​ရှည်​များ​ဝတ်​ကာ အနား​သား​ကျယ်​သော ဦးထုပ်များ ဆောင်း​ကာ ခရမ်း​လွန်​ရောင်ခြည်​ကာကွယ်​သည့် နေ​ကာ​မျက်မှန်​များ တပ်​ပါ။