မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေစေနိုင်သော မီးခိုးငွေ့ကို ဖယ်ရှား

သေစေနိုင်သော မီးခိုးငွေ့ကို ဖယ်ရှား

သေစေနိုင်​သော မီးခိုး​ငွေ့​ကို ဖယ်ရှား

ကိန်း​ဂဏန်း​များ​က စိုးရိမ်​စ​ရာ​ဖြစ်နေ​သည်– နေ့ စဉ်​မိနစ်​တိုင်း လူ​သုံးဦး မိမိတို့​အိမ်တွင်း၌ သေဆုံး​နေရ​ကြသည်။ တရားခံ​ကား ဇီဝ​စွန့်ပစ်​ပစ္စည်း​များ လောင်ကျွမ်း​ခြင်း​ကြောင့် ထွက်ပေါ်​လာသော မီးခိုး​ငွေ့​များ​တည်း။

ဇီဝ​စွန့်ပစ်​ပစ္စည်း​ဟူသည် အဘယ်နည်း။ ယင်းသည် စွန့်ပစ်​ပစ္စည်း​များ​မှ ပြန်လည်​အသုံးပြုနိုင်​သော တိရစ္ဆာန်​နောက်​ချေး​ခြောက်​များ၊ သစ်​ဆွေး၊ သစ်​ခက်​များ၊ မြက်​ပင်​များ၊ သို့​မဟုတ် ကောက်​ပဲ​သီးနှံ​အကြွင်းအကျန်​များ ဖြစ်​နိုင်​ပေ​သည်။ ကမ္ဘာ့​လူဦးရေ​၏​သုံးပုံတစ်ပုံ၊ သန်း​နှစ်ထောင်​ကျော်​သည် ချက်ပြုတ်​ရန်၊ အ​နွေး​ဓာတ်​ရ​ရန် ဇီဝ​စွန့်ပစ်​ပစ္စည်း​များ​ကို လောင်စာ​အဖြစ်​အသုံးပြု​ကြ​ကြောင်း နီ​ပေါလ်​နိုင်ငံ ခတ္တမန္ဒူ​ပို့​စ်​သတင်းစာ​က ဖော်ပြ​သည်။ ယင်းသည် ဆင်းရဲသား​များ အသုံးပြုနိုင်​သော တစ်ခု​တည်း​သော​လောင်စာ​ဖြစ်သည်။

ဇီဝ​စွန့်ပစ်​ပစ္စည်း​လောင်စာများ​က သေစေနိုင်​သော​ဓာတ်ငွေ့​များ​ကို ထုတ်လွှတ်​ပေးခြင်း​မှာ ဝမ်းနည်းစရာပင်။ သို့​ဖြစ်၍ အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။ “အိမ်တွင်း လေထု​ညစ်ညမ်းမှု​အတွက် ဖြေရှင်း​နည်း​မှာ ရိုးရိုးလေး​ဖြစ်သည်– မီးခိုး​ငွေ့​များ အိမ်တွင်း​သို့ ဝင်​မလာ​စေခြင်း၊ သို့​မဟုတ် ၎င်းတို့ကို​အိမ်ထဲ​မှ ဖယ်ရှားပစ်​ခြင်း ဖြစ်သည်” ဟု​နိုင်ငံ​များစွာ​မှ လူတို့၏​လူနေမှု​ဘဝ တိုးတက်စေ​ရန် ကူညီ​ပေး​နေသော အလတ်​စား​နည်း​ပညာ​ဖွံ့ ဖြိုး​ရေး​အဖွဲ့ (အိုင်​တီ​ဒီ​ဂျီ) က​ဖော်ပြ​သည်။

ပထမ​အကြံပြုချက်​မှာ အိမ်ပြင်​တွင်​ချက်ပြုတ်​ရန် ဖြစ်သည်။ သို့သော် အိမ်ပြင်​တွင်​ချက်ပြုတ်​ရန် မဖြစ်​နိုင်​လျှင် သို့​မဟုတ် မနှစ်သက်​လျှင်​ကော အသို့နည်း။ အိမ်​တွင် လေဝင်လေထွက် ပိုမို​ကောင်းမွန်​စေရန် လုပ်ဆောင်ပါ​ဟု အိုင်​တီ​ဒီ​ဂျီ​က​အကြံပြု​သည်။ ယင်းကို နည်း​နှစ်နည်း​ဖြင့်​ပြုလုပ်​နိုင်​သည်– ခေါင်မိုး​နား​အမြင့်​နေရာတွင် အပေါက်​များ​ဖောက်​ခြင်း (ဇ​ကာ​တပ်ဆင်​ထား​လျှင် အကောင်ငယ်​လေး​များ ဝင်​မည်​မဟုတ်ပါ)၊ ပြတင်းပေါက်​များ​ထား​ရှိ​ခြင်း ဖြင့်​ဖြစ်သည် (ပြတင်း​ကာ​များ​က အနှောင့်အယှက်​ကင်း​စေပါ​မည်)။ ယင်းက လေဝင်လေထွက်​ရှိစေ​ကာ မီးခိုး​များ​ထွက်သွား​စေပါ​မည်။ သို့ရာတွင် အ​နွေး​ဓာတ်​အတွက် လောင်စာ​ကို အသုံးပြု​သောအခါ နံရံ​တွင်​အပေါက်​များ​ရှိနေခြင်း​သည် လက်တွေ့ကျ​မည်​မဟုတ်သောကြောင့် အခြား​ရိုးရှင်း​သော​နည်းလမ်း​က အကူအညီ​ဖြစ်စေ​နိုင်​သည်။

မီးခိုး​အုပ်​ဆောင်း​များသည် မီးခိုး​ငွေ့​များ​ကို ဖယ်ရှားပစ်​ရန်​အတွက် အကောင်းဆုံး​နှင့်​အထိရောက်ဆုံး နည်း​တစ်နည်း​ဖြစ်​ကြောင်း အိုင်​တီ​ဒီ​ဂျီ​က​ဆို​သည်။ မီးခိုး​အုပ်​ဆောင်း​များ​ကို သွပ်ပြား​ဖြင့်​ဖြစ်စေ၊ အုတ်​နှင့်​ရွှံ့​တို့​ဖြင့်​ပင်​ဖြစ်စေ ဈေး​ပေါ​ပေါ​ဖြင့်​ပြုလုပ်​နိုင်​သည်။ ဤ​အုပ်ဆောင်းကြီး​များ​ကို မီးတောက်များ​ပေါ်​တွင် အုပ်​ထားပြီး မီးခိုး​ကို ခေါင်မိုး​မှ​တစ်ဆင့် အိမ်ပြင်​သို့​ထုတ်ပေး​မည့်​ခေါင်းတိုင် ပါရှိ​သည်။ ခေါင်မိုး​နား​အမြင့်​နေရာတွင် လေဝင်လေထွက် ကောင်းမွန်​ပြီး မီးခိုး​အုပ်​ဆောင်း​များ​ကို အသုံးပြု​သောအခါ အိမ်ထဲ​တွင် အန္တရာယ်​ရှိသော​ညစ်ညမ်း​ပစ္စည်း ၈၀ ရာခိုင်နှုန်း​နီးပါး​ခန့် လျော့နည်း​သွား​သည်​ဟု ကျွမ်းကျင်​သူများ​က​ဆို​သည်။ မီးခိုး​အုပ်​ဆောင်း​များ​ကို အသုံးပြုသူ​တို့​က ပို​၍​ကျန်းမာ​လာပြီး ပို​သန့်ရှင်း​လာ​ကြ​ကြောင်း၊ အလုပ်ပို​လုပ်နိုင်​ပြီး သူတို့၏​အိမ်များတွင် ပို​၍​ပျော်ရွှင်​လာ​ကြ​ကြောင်း ပြောဆို​ကြသည်၊ ယင်းကြောင့် ရိုးရှင်း​သော​အရာ​သည် အသက်တာကို ပိုမို​လှပ​စေနိုင်​သည်​မှာ ထင်ရှား​ပါ​သည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

မီးခိုး​အုပ်​ဆောင်း၊ ကျယ်ပြန့်​သော​တံစက်မြိတ်၊ ပြတင်းပေါက်​များ​ပါရှိ​သည့် ကင်​ညာ​နိုင်ငံ​ရှိ မီးဖိုချောင်​တစ်ခု

[Credit Line]

Dr. Nigel Bruce/www.itdg.org