မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းသောနေအိမ် ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ရမည့်ကဏ္ဍ

သန့်ရှင်းသောနေအိမ် ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ရမည့်ကဏ္ဍ

သန့်ရှင်းသော​နေအိမ် ကျွန်ုပ်​တို့အားလုံး လုပ်ဆောင်​ရမည့်​ကဏ္ဍ

မက္ကဆီကို​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

သန့်ရှင်း​သပ်ရပ်​သော ပတ်ဝန်းကျင်​တွင် နေထိုင်​ရခြင်း​သည် အမှန်တကယ် ပျော်စရာ​ကောင်း​လိုက်​လေ​ခြင်း! သို့သော်၊ မြို့ကြီးပြကြီး​များ​တွင် အမှိုက်​သ​ရိုက်​များ​လာ​လွန်း​သဖြင့် ကျွန်ုပ်​တို့၏​ပတ်ဝန်းကျင်​ကို သန့်ရှင်း​သပ်ရပ်​စွာ​ထား​ရန် ပို​၍​ခက်ခဲ​လာ​သည်။

ဒေသန္တရ​အုပ်ချုပ်ရေး​အဖွဲ့​များ​က အမှိုက်​စုသိမ်း​သည့်​စနစ်​များ စီစဉ်​ပေးခြင်း​ဖြင့် လမ်းများ​ကို​သန့်ရှင်း​သပ်ရပ်​မှု​ရှိစေရန် ကြိုးစား​ကြသော်လည်း အချို့​နေရာများ​တွင် အမှိုက်​သ​ရိုက်​စုပုံ​လာလေ့​ရှိသည်။ ယင်း​နေရာများ​သည် အလွန်​ပင်​အကျည်းတန်​လာပြီး လူထု​ကျန်းမာ​ရေး​ကို​ထိခိုက်​စေ​သည်။ အမှိုက်ပုံ​များ​ကြောင့် ရောဂါ​ဖြစ်စေ​သည့် ကြွက်​များ၊ ပိုးဟပ်​များနှင့် အခြား​ပိုးမွှား​များ တိုးပွား​များပြား​လာ​စေ​သည်။ ဤ​အခြေအနေ​နှင့်​ပတ်သက်​၍ သင်​ပြုလုပ်​နိုင်​စ​ရာ တစ်စုံတစ်ခု​ရှိပါ​သလော။ အမှန်ပင်​ရှိပါ​သည်၊ သင်၏​အိမ်​နှင့်​ပတ်ဝန်းကျင်​ကို သန့်ရှင်း​သပ်ရပ်​စွာ​ထား​ပေး​ပါ။

စိတ်သဘောထား​မှန်​ရှိ​ခြင်း

ဆင်းရဲ​နွမ်းပါး​ခြင်း​နှင့် ညစ်ပတ်​သည့်​ပတ်ဝန်းကျင်​များ သို့​မဟုတ် လူနေအိမ်​များသည် တစ်တွဲ​တည်း​ဖြစ်သည်​ဟု အချို့​ယူမှတ်​ကြသည်။ သို့သော် ယင်း​သို့​ဖြစ်စရာ​မလိုပါ။ ငွေ​အင်အား​နည်း​ခြင်း​ကြောင့် ပတ်ဝန်းကျင်​ကို သန့်ရှင်း​သပ်ရပ်​စွာ​ထား​ရန် ပို​၍​ခက်ခဲ​မည်​မှန်​သော်လည်း စပိန်​စကားပုံ​တစ်ခု​ဆို​သကဲ့သို့ “ဆင်းရဲ​နွမ်းပါး​ခြင်း​နှင့် သန့်ရှင်း​စင်ကြယ်​ခြင်း​တို့သည် ဆန့်ကျင်ဘက်​မဖြစ်​ကြ​ပါ။” အခြား​တစ်ဖက်​တွင်​မူ လူတစ်ဦး​သည် ပြည့်စုံ​ကုံလုံ​သည့်​အတွက် သူ၏​ပတ်ဝန်းကျင်​ကို သန့်ရှင်း​သပ်ရပ်​စွာ​ထား​လိမ့်​မည်​ဟု မယူမှတ်​နိုင်​ချေ။

အိမ်တွင်းအိမ်ပြင်​သန့်ရှင်း​သပ်ရပ်​ခြင်း​သည် လက်တွေ့​ကျင့်ဆောင်​တတ်သော စိတ်သဘောထား​အပေါ် မူတည်​သည်။ အမှန်​မှာ၊ အိမ်ကို​သန့်ရှင်း​သပ်ရပ်​စွာ​ထားခြင်း​သည် မိသားစု​တစ်စုလုံး​၏ စိတ်သဘောထား​အပေါ် များစွာ​မူတည်​သည်။ ထို​အကြောင်းကြောင့် ကျွန်ုပ်​တို့​နေထိုင်​သည့်​ပတ်ဝန်းကျင်​အပါအဝင် နေအိမ်များ သန့်ရှင်း​သပ်​ရပ်နေ​ရန် ကျွန်ုပ်​တို့အားလုံး အဘယ်အရာ​ပြုလုပ်​နိုင်​သည်ကို ဆန်းစစ်​သင့်​သည်။

သန့်ရှင်းရေး​အစီအစဉ်

မိခင်​တစ်ဦး၏​အိမ်မှုကိစ္စ​များသည် ဘယ်တော့​မျှ​ပြီးဆုံး​သွား​သည် မရှိ​ချေ။ အစားအစာ​ချက်ပြုတ်​ရပြီး ကလေး​များ​ကျောင်း​သွား​ရန် အသင့်​ပြင်ပေး​ရ​ရုံ​မ​က အိမ်​နှင့်​ပတ်ဝန်းကျင်​ကို​ပါ သန့်ရှင်း သပ်ရပ်​စွာ ကြိုးစား​ထား​ပေး​ရသည်။ မိခင်​သည် သားသမီး​များ​၏​အဝတ်​ပေ​များနှင့် အခြား​အသုံးအဆောင်​များ​ကို မကြာခဏ​လိုက်​သိမ်းဆည်း​ပေး​ရ​ကြောင်း သင်​သတိပြုမိ​သလော။ မိသားစု​တစ်စုလုံး​ပါဝင်​သည့် ရှင်းလင်း​ပြတ်သား​သော သန့်ရှင်းရေး​အစီအစဉ်​တစ်ခု​ရှိ​ခြင်း​က မိခင်၏​တာဝန်ကို ပေါ့ပါး​သွား​စေနိုင်​သည်။

အိမ်​တွင် နေ့စဉ် ဂရုစိုက်​ဆေးကြော​သန့်ရှင်း​ပေး​ရမည့် အလုပ်များ​ရှိသကဲ့သို့ တစ်ပတ်​တစ်ခါ၊ တစ်လ​တစ်ခါ သန့်ရှင်းရေး​လုပ်​ရမည့် အလုပ်များ​လည်း​ရှိသည်​ကို အိမ်ရှင်မ​အချို့ ဆုံးဖြတ်​ပြုလုပ်​ကြသည်။ အမှန်​မှာ တစ်နှစ်​တစ်ခါ​သာ သန့်ရှင်းရေး​ပြုလုပ်​ပေးဖို့ ဇယား​ဆွဲ​ထား​နိုင်​သည့်​အရာများ​လည်း​ရှိသည်။ ဥပမာ၊ နိုင်ငံ​အသီးသီး​ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲ​အဆောက်အအုံ​များ​မှ ဗေသလ​အိမ်များတွင် နံရံ​ကပ်​ဗီရို​များ​ကို တစ်နှစ်​တစ်ခါ အသေးစိတ်​သန့်ရှင်းရေး ပြုလုပ်​ကြသည်။ ထို​အချိန်​သည် အသုံးမပြု​သည့်​ပစ္စည်း​များ​ကို လွှင့်ပစ်​ပြီး ဗီရို​ကို​သန့်ရှင်း​သပ်ရပ်​စွာ​ပြန်​ထား​ရန် အခွင့်ကောင်း​ဖြစ်သည်။ နံရံ​များ​ကိုလည်း ဆေးကြော​တိုက်ချွတ်​ရန် ပုံမှန်​ဇယား​တစ်ခု​ရှိသည်။

အိမ်​တွင် ကျန်းမာ​ရေး​ကောင်း​ရှိ​ရန်​အတွက် သန့်ရှင်း​ဖို့​လို​သော​ရေချိုးခန်း၊ အိမ်သာ​အစ​ရှိသည့်​နေရာများ​ရှိသည်။ နေ့စဉ်​သန့်ရှင်း​ဆေးကြော​ပေးဖို့​လို​သည့်​အပြင် ဖြစ်​နိုင်​လျှင် တစ်ပတ်​တစ်ကြိမ် ပို​စေ့စေ့စပ်စပ် သန့်ရှင်းရေး​ပြုလုပ်​ပေးခြင်း​ဖြင့် ပိုးမွှား​များ​တိုးပွား​လာ​မည်​မဟုတ်ပေ။ အိမ်သာအိုး​တွင် အစွန်း​အထင်း​များ​ပေါ်​တတ်​၍ ၎င်းတို့ကို​ချွတ်​မရ​ဟု အချို့​ယူမှတ်​ကြသည်။ သို့သော် အချို့​အိမ်များ​ရှိ အိမ်သာအိုး​များသည် လုံးဝ​အစွန်း​အထင်း​မရှိ သန့်ရှင်း​တောက်ပြောင်​နေသည်​ကို သင်​တွေ့ဖူး​မည်။ အမှန်​မှာ ယင်းကို သက်ဆိုင်ရာ​သန့်ရှင်းရေး​ပစ္စည်း​များနှင့် အမြဲ​ဆေးကြော​ပေးဖို့​သာ​လို​သည်။

မီးဖိုချောင်​တွင်​လည်း အသေအချာ​သန့်ရှင်းရေး​ပြုလုပ်​ဖို့​လို​သည်။ သင်သည် နေ့စဉ်​ပင် ပန်းကန်ခွက်ယောက်​များ​ကို​ဆေးကြော​ပြီး မီးဖို​နှင့်​စားပွဲ​ခုံ​ကို သန့်ရှင်းရေး​ပြုလုပ်​သည်​မှန်​သော်လည်း၊ မကြာခဏ​ဆို​သလို၊ ဖြစ်​နိုင်​လျှင်​အနည်းဆုံး​တစ်လ​တစ်ကြိမ် မီးဖိုချောင်​ရှိ ရေခဲ​သေတ္တာ​စ​သည့်​အခြား​ပစ္စည်း​များ​၏ အနောက်ဘက်​နှင့် ပန်းကန်​ဆေး​ကန်​အောက်ဘက်​တို့​တွင် ပို​၍​စေ့စေ့စပ်စပ် သန့်ရှင်းရေး​ပြုလုပ်​ဖို့​လို​သည်။ အစားအသောက်​သိမ်းဆည်း​လေ့​ရှိသည့် ကြောင်​အိမ်၊ ဗီရို​စ​သည်​တို့ကို မကြာခဏ​သန့်ရှင်းရေး​ပြုလုပ်​ပေးခြင်း​ဖြင့် ပိုးဟပ်​များနှင့် အခြား​ပိုးမွှား​များ ခိုအောင်း​နိုင်​မည်​မဟုတ်ပါ။

မိသားစု​ပူးပေါင်း​ဆောင်ရွက်မှု

အချို့​မိဘများသည် သားသမီး​များ​ကို စည်းကမ်း​ချမှတ်​ပေး​ပြီး လေ့ကျင့်ပေး​ထား​သည့်​အတွက် ကျောင်း​မသွားမီ သူတို့​အိပ်ရာ​များ​သိမ်း​ကြသည်၊ အဝတ်​ပေ​များ​ကို သူ့​နေရာ​သူ​ထား​ကြ​ပြီး သူတို့၏​ကိုယ်ပိုင်​ပစ္စည်း​များ​ကိုလည်း သပ်ရပ်​စွာ​ထား​ကြသည်။ လူတိုင်း​အတွက်​အကူအညီ​ဖြစ်သော​စည်းမျဉ်း​တစ်ခု​မှာ “အရာအားလုံး သူ့​နေရာ​သူ​ရှိ​ရမည်​ဖြစ်သည်။”

ထို့​ပြင်၊ မိသားစု​မှ​အချို့​သူများ​သည် သတ်သတ်မှတ်မှတ် အိမ်မှုကိစ္စ​တာဝန်​တစ်ခု သို့​မဟုတ် အိမ်​တစ်ခြမ်း​ကို သန့်ရှင်းရေး​ပြုလုပ်​ရန် တာဝန်​ယူ​နိုင်​သည်။ ဥပမာ၊ ဖခင်​ဖြစ်သူ​သည် ကား​ဂိုဒေါင်​ကို သန့်ရှင်း​သပ်ရပ်​စွာ​ထား​ကာ အနည်းဆုံး​တစ်နှစ်​တစ်ကြိမ် စေ့စေ့စပ်စပ် သန့်ရှင်းရေး​ပြုလုပ်​သလော။ ဤသို့​ပြုလုပ်​ချိန်​တွင် ကလေး​တစ်ယောက် ကူညီ​ပေး​နိုင်​သလော။ ခြံရှေ့​တွင် ပေါင်းပင်​များ​ရှင်း​ခြင်း၊ မြက်ရိတ်ခြင်း​တို့ကို မည်သူ​ပြုလုပ်​သနည်း။ အိမ်ပြင်​၏​အသွင်အပြင်​သည် ကြည့်​ပျော်​ရှုပျော် ဖြစ်စေ​ရန် ယင်းကို​ဘယ်နှစ်ကြိမ် ပြုလုပ်​ကြ​သနည်း။ ခေါင်မိုး​အောက်ထပ်​ခိုး သို့​မဟုတ် ပစ္စည်း​သိုလှောင်ခန်း​မှ မလိုအပ်ဘဲ​ရှုပ်ပွ​နေသော ပစ္စည်း​များ​ကို ရှင်းထုတ်​ပစ်​ပြီး သန့်ရှင်း​သပ်ရပ်​စွာ​ထား​ပေး​ရန် လို​သလော။ လိုအပ်​မည်​ဆိုလျှင် မည်သူ​ရှင်း​ပေး​မည်​နည်း။ မိဘ​အချို့​သည် သားသမီး​များ​ကို ဤ​တာဝန်​များ​ခွဲပေး​တတ်ကြ​ပြီး အလှည့်ကျ​လုပ်​စေ​သည်။

ထို့​ကြောင့် သင့်​အိမ်ကို​ထိန်းသိမ်း​ပေး​ရန် အစီအစဉ်​ဇယား​ကောင်း​တစ်ခု ရေးဆွဲ​ပါ။ သန့်ရှင်းရေး​ကို သင်​တစ်ယောက်တည်း လုပ်​သည်​ဖြစ်စေ၊ မိသားစု​နှင့်အတူ​လုပ်​သည်​ဖြစ်စေ၊ လူ​ငှား​ပြီး​လုပ်​ရသည်​ဖြစ်စေ ရှင်းလင်း​ပြတ်သား​သော​အစီအစဉ်​ရှိ​ရန်လို​သည်။ မိမိ​အိမ်ကို​အလွန်​သပ်ရပ်​စွာ​ထားသော မိခင်​တစ်ဦး​က ထိုသို့​ဖြစ်စေ​ရန် မိသားစု​လိုက်​ဝိုင်းဝန်း​ကူညီ​ကြ​ပုံ​ကို ဤသို့​ပြောပြ​သည်– “ကျွန်မ​နဲ့​သမီး​သုံးယောက်​က အိမ်​အလုပ်တွေကို ခွဲဝေ​ပြီး​လုပ်ကြတယ်။ နော်​မာ​အာဒရီအာနာ​က ဧည့်​ခန်း၊ အိပ်ခန်း​နှစ်ခန်း၊ အိမ်ဝင်း​ရှိ လေ​သာ​ဆောင်​နဲ့ အိမ်ရှေ့​လမ်းမ​ကို သန့်ရှင်းရေး​လုပ်​ရတယ်။ အဲနာ​ဟို​အာကီ​နာ​က မီးဖိုချောင်​သန့်ရှင်းရေး​ကို တာဝန်​ယူတယ်။ မာ​ရီ​ယာ​ဒဲလ်​ကာမဲန်​က ပန်းကန်​အိုး​ခွက်​တွေ တိုက်ချွတ်​ဆေးကြော​ပေး​ပြီး ကျွန်မ​က​တော့ အဝတ်​လျှော်ဖွပ်တာ​နဲ့ တခြား​အလုပ်တွေ​လုပ်တယ်။”

အိမ်အပြင် သပ်ရပ်​သန့်ရှင်း​ရှုပျော်ဖွယ်​ရှိ​ခြင်း

အိမ်အပြင်ဘက်​ကော။ သင်သည် အိမ်ကြီးအိမ်ကောင်း​နှင့်​နေသည်​ဖြစ်စေ၊ ရိုးရိုးကုပ်ကုပ်​အိမ်​မျိုး​တွင် နေထိုင်​သည်​ဖြစ်စေ အိမ်အပြင်ဘက်​၏ သန့်ရှင်းရေး​နှင့် ပြုပြင်​ထိန်းသိမ်းရေး​ကို စီစဉ်​ပေးဖို့​လို​သည်။ ဥပမာ၊ အိမ်​ခြံစည်းရိုး​တံခါး​၏ ပ​တ္တာ​တစ်ခု ပြုတ်​နေ​ပေမည်။ တံခါး​ပြုတ်ထွက်​သွား​သည့်​အထိ ၎င်းကို​မပြု​ပြင်​ဘဲ​ထား​မည်​ဆိုလျှင် မည်မျှ​အကြည့်​ရ​ဆိုး​မည်​ကို သင်​သိ​ပေမည်။ အိမ်​အဝင်ဝ​တွင် သို့​မဟုတ် လူ​သွား​လမ်းဘေး​တွင် အမှိုက်များ​စုပုံ​ထား​လျှင်​လည်း အလားတူ​ပင်​ဖြစ်သည်။ ထို့​ပြင်၊ ခြံဝင်း​အတွင်း ဘူးခွံ​များ၊ ကိရိယာ​တန်ဆာပလာ​များနှင့် အခြား​ပစ္စည်း​များ​ကို စနစ်တကျ​မ​စီ​ဘဲ စုပုံ​ထား​ပါ​က ပိုးမွှား​သတ္တဝါများ ခိုအောင်းရာ​နေရာ​ဖြစ်စေ​နိုင်​သည်။

မိသားစု​အချို့​သည် လူ​သွား​လမ်း​နှင့် အိမ်ရှေ့​လမ်းမ ကြီး​ပင်​အပါအဝင် အိမ်​ပတ်ပတ်လည်​တွင် တစ်ရက်​တစ်ခါ သို့​မဟုတ် ပတ်စဉ် လိုအပ်​လျှင်​လိုအပ်​သလို တံမြက်စည်း​လှည်း​ပြီး သန့်ရှင်းရေး​ပြုလုပ်​ကြသည်။ အချို့​နေရာများ​တွင် အစိုးရ​က မြို့ရွာ​သန့်ရှင်းရေး​အတွက် အလွန်​ကောင်းသော အစီအစဉ်များ ရှိသော်လည်း၊ အခြား​နေရာများ​တွင်​မူ စည်ပင်​သာယာ​ရေး အစီအစဉ်များ​မရှိပေ။ ကျွန်ုပ်​တို့အားလုံး​သည် မိမိ တို့​နေထိုင်ရာ​ပတ်ဝန်းကျင်​ကို သန့်ရှင်း​စွာ​ထား​ကြ​မည်​ဆိုလျှင် ရှုပျော်ဖွယ်​ဖြစ်​ရုံ​မ​က​ကျန်းမာ​ရေး​နှင့်​လည်း​ပို​၍​ညီညွတ်​ပေမည်။

မိသားစု​အချို့​သည် အထက်​ဖော်ပြ​ပါ​တာဝန်​များ​ကို ဇယား​ရေးဆွဲ​ပြီး ယင်း​အတိုင်း​လုပ်ဆောင်ရန် မြင်တွေ့​နိုင်​သည့်​နေရာတွင်​ကပ်​ထား​ကြသည်။ ဤသို့​ပြုခြင်း​သည် အကျိုးများစွာ​ရှိ၏။ အမှန်​မှာ၊ သန့်ရှင်းရေး​နှင့်​ပတ်သက်​၍ သင်​သိသင့်သိအပ်​ရာ​အားလုံး​ကို ဤ​တွင်​ကျွန်ုပ်​တို့​မဖော်​ပြ​ထား​ပါ။ ဥပမာ၊ မည်သည့်​သန့်ရှင်းရေး​ပစ္စည်း​များသည် သင့်​အရပ်ဒေသ​နှင့်​သင့်တော်​မည်၊ သင်​တတ်နိုင်​သည့်​ငွေ​အားဖြင့် အဘယ်​ပစ္စည်း​ကိရိယာ​များ​ဝယ်ယူ​နိုင်​မည်​ကို သင်​ကိုယ်တိုင်​ဆုံးဖြတ်​ရန်လို​သည်။

ဤ​တိုတုတ်​ရှင်းလင်း​သော အကြံပြုချက်များ​က သင့်​နေအိမ်​နှင့်​ပတ်ဝန်းကျင်​ကို ထိန်းသိမ်း​စောင့်ရှောက်​ရန်လို​ကြောင်း မိသားစု​တစ်စုလုံး​ကို သတိပြု​စေမည်​မှာ သေချာ​ပါ​သည်။ နေအိမ်​တစ်ခု​နှင့် အိမ်​ပတ်ဝန်းကျင်​ကို သန့်ရှင်း​သပ်ရပ်​စွာ​ထားခြင်း​သည် သင်၏​ငွေ​အင်အား​အပေါ် မ​မူတည်​ဘဲ သင်၏​စိတ်သဘောထား​အပေါ် မူတည်​ကြောင်း မှတ်ကျုံး​ပါ။

[စာမျက်နှာ ၁၂၊ ၁၃ ပါ လေးထောင့်ကွက်]

အိမ်​သန့်ရှင်းရေး​အတွက် လက်တွေ့ကျ​အစီအစဉ်

သင့်ကိုယ်​ပိုင်​အချက်အလက်​များ ဖြည့်စွက်​ရေးသား​ရန် အပို​ကွက်လပ်​ကို​အသုံးပြုပါ

အရေးကြီးသော​အချက်– သန့်ရှင်းရေး​ဓာတု​ပစ္စည်း​များ​ကို ရောနှော​အသုံးပြုခြင်း​သည် အလွန်​အန္တရာယ်များ​နိုင်​သည်၊ အထူးသဖြင့် ချွတ်ဆေး​နှင့် အမိုး​နီး​ယား ရောနှော​အသုံးပြုခြင်း​ဖြစ်သည်

နေ့စဉ်

အိပ်ခန်း– အိပ်ရာခင်း​ပြီး အခန်း​ထဲ​ရှိ​ပစ္စည်း​များ​ကို စနစ်တကျ​သပ်ရပ်​စွာ​ထား​ပါ

မီးဖိုချောင်– ပန်းကန်ခွက်ယောက်​များနှင့် ပန်းကန်​ဆေး​ကန်​ကို​ဆေးကြော​ပါ။ စင်​များ​ပေါ်၊ စားပွဲ​ပေါ် ရှုပ်ပွ​မနေ​အောင် ပစ္စည်း​များ​ကို သပ်ရပ်​စွာ​ထား​ပါ။ လိုအပ်​ပါ​က တံမြက်စည်း​လှည်း​ပါ၊ ကြမ်းတိုက်​ပါ

ရေချိုးခန်း– လက်​ဆေး​ဇလုံ​နှင့် အိမ်သာအိုး​ကို​ဆေးကြော​ပါ။ ပစ္စည်း​များ​ကို​စနစ်တကျ​ထား​ပါ

ဧည့်​ခန်း​နှင့်​အခြား​အခန်း​များ– ပစ္စည်း​များ​ကို စနစ်တကျ​သပ်ရပ်​စွာ​ထား​ပါ။ ပရိဘောဂ​များ​ကို အပေါ်ယံ​သန့်ရှင်းရေး​လုပ်ပါ။ လိုအပ်​ပါ​က တံမြက်စည်း​လှည်း​ပါ၊ ကြမ်းတိုက်​ပါ၊ သို့​မဟုတ် ဖုန်​စုပ်​ပါ

အိမ်တစ်အိမ်လုံး– အမှိုက်များ​ကို စနစ်တကျ စုသိမ်း​ပါ

အပတ်စဉ်

အိပ်ခန်း– အိပ်ရာခင်း​လဲ​ပါ။ လိုအပ်​ပါ​က တံမြက်စည်း​လှည်း​ပါ၊ ကြမ်းတိုက်​ပါ၊ သို့​မဟုတ် ဖုန်​စုပ်​ပါ။ ပရိဘောဂ​များ​ကို ဖုန်​သု​ပ်​ပါ

မီးဖိုချောင်– မီးဖို၊ မီးဖိုချောင်​စင်ပေါ်​တင်ထားသော ပစ္စည်း​များနှင့် ပန်းကန်​ဆေး​ကန်​တွင်​တပ်ဆင်​ထား​ရာ​များ​ကို ဆေးကြော​သန့်ရှင်း​ပေး​ပါ။ ကြမ်းတိုက်​ပါ

ရေချိုးခန်း– ရေချိုးခန်း​နံရံ​နှင့် ထို​တွင်​တပ်ဆင်​ထား​ရာ​အားလုံး​ကို ဆေးကြော​ပါ။ အိမ်သာအိုး၊ ဗီရို​နှင့် အခြား​မျက်နှာပြင်​များ​ကို ပိုးသတ်ဆေး​ဖြင့် သန့်ရှင်းရေး​လုပ်ပါ။ မျက်နှာ​သုတ်​ပဝါ​များ​လဲ​ပါ။ တံမြက်စည်း​လှည်း​ပါ၊ ကြမ်းတိုက်​ပါ

လစဉ်

ရေချိုးခန်း– နံရံ​အားလုံး​ကို စေ့စေ့စပ်စပ်​ဆေးကြော​ပါ

အိမ်တစ်အိမ်လုံး– တံခါး​ဘောင်​များ​ကို သန့်ရှင်းရေး​လုပ်ပါ။ ဆိုဖာ၊ ဆက်​တီ စ​သော​ပရိဘောဂ​ပစ္စည်း​များ​ကို စေ့စေ့စပ်စပ်​သန့်ရှင်းရေး​လုပ်ပါ

ဥယျာဉ်၊ ခြံဝင်း၊ကား​ဂိုဒေါင်– လိုအပ်​ပါ​က တံမြက်စည်း​လှည်း​ပြီး သန့်ရှင်းရေး​လုပ်ပါ။ အမှိုက်​သ​ရိုက်​များနှင့် မလို​အပ်သော​ပစ္စည်း​များ မ​စုပုံ​စေပါ​နှင့်

ခြောက်​လ​တစ်ကြိမ်

အိပ်ခန်း– အိပ်ရာဖုံး​များ​ကို ကုန်​ထုတ်​သူ၏ ညွှန်ကြားချက်​အတိုင်း လျှော်ဖွပ်​သန့်ရှင်းရေး​လုပ်ပါ

မီးဖိုချောင်– ရေခဲ​သေတ္တာ​ကို​ရှင်းထုတ်​ပြီး စေ့စေ့စပ်စပ်​သန့်ရှင်းရေး​လုပ်ပါ

ရေချိုးခန်း– စင်​များနှင့် အံဆွဲ​များ​ကို ရှင်းထုတ်​ပြီး သန့်ရှင်းရေး​လုပ်ပါ။ မလို​အပ်သော​ပစ္စည်း​များ၊ အသုံးမဝင်​တော့​သော​ပစ္စည်း​များ​ကို လွှင့်ပစ်​ပါ

အိမ်တစ်အိမ်လုံး– မီးအိမ်​များ၊ ပန်ကာ​များ၊ လျှပ်စစ်မီး​သီး​များ တို့ကို​သန့်ရှင်းရေး​လုပ်ပါ။ တံခါးများ​ကို သန့်ရှင်းရေး​လုပ်ပါ။ ပြတင်းပေါက်​ကန့်လန့်ကာ​များ၊ ပြတင်းပေါက်​များ၊ ပြတင်းပေါက်​ဘောင်​များ​တို့ကို ဆေးကြော​ပါ

နှစ်စဉ်

အိပ်ခန်း– အဝတ်ဗီရို​များ​ကို ရှင်းထုတ်​ပြီး သန့်ရှင်းရေး​လုပ်ပါ။ မလို​အပ်သော​ပစ္စည်း​များ​ကို လွှင့်ပစ်​ပါ။ စောင်​များ​ကို​လျှော်​ပါ။ မွေ့ရာ​များ​ကို ဖုန်​စုပ်​ပါ သို့​မဟုတ် စေ့စေ့စပ်စပ်​သန့်ရှင်းရေး​လုပ်ပါ။ ခေါင်းအုံး​များ​ကို ထုတ်လုပ်သူ​၏​ညွှန်ကြားချက်​အတိုင်း သန့်ရှင်းရေး​လုပ်ပါ

မီးဖိုချောင်– စင်​များ၊ ကြောင်​အိမ်များ၊ အံဆွဲ​များ​ကို ရှင်းထုတ်​ပြီး စေ့စေ့စပ်စပ်​သန့်ရှင်းရေး​လုပ်ပါ။ မလို​အပ်သော​ပစ္စည်း​များ​ကို လွှင့်ပစ်​ပါ။ ပစ္စည်းပစ္စယ​များ​ကို​ရွှေ့​ပြီး မျက်နှာပြင် သို့​မဟုတ် ၎င်း​တို့​အောက်​ရှိ​ကြမ်းပြင်​ကို သန့်ရှင်းရေး​လုပ်ပါ

အိမ်တစ်အိမ်လုံး– နံရံ​အားလုံး​ကို ဆေးကြော​ပါ။ ပရိဘောဂ​များနှင့် လိုက်​ကာ​များ​ကို ထုတ်လုပ်သူ​၏ ညွှန်ကြားချက်​အတိုင်း သန့်ရှင်းရေး​လုပ်ပါ

ဂိုဒေါင် သို့​မဟုတ် သိုလှောင်ခန်း– စေ့စေ့စပ်စပ်​တံမြက်စည်း​လှည်း​ပါ။ မလို​အပ်သော​ပစ္စည်း​များ​ကို စနစ်တကျ​စီ​ပေး​ပါ သို့​မဟုတ် လွှင့်ပစ်​ပါ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

“အရာအားလုံး သူ့​နေရာ​နှင့်​သူ ရှိ​ရမည်”

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

သင်​အသုံးမပြု​တော့​သည့် ပစ္စည်းပစ္စယ​များ​ကို ဖယ်ရှားပစ်​လျှင် ကောင်း​ပေမည်