မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားခြင်း!

ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားခြင်း!

ရုတ်တရက် အလုပ်​လက်မဲ့ ဖြစ်သွားခြင်း!

“ကျွန်တော်​အလုပ်ပြုတ်​သွား​တုန်း​က လူတစ်ယောက်​ယောက် ကျွန်တော့်​အပေါ် ရေ​အေးအေး​တစ်​ပုံး လောင်း​လိုက်​သလို​ခံစား​ရတယ်။ ကိုယ့်​ကိုယ်ကို​လေးစားစိတ်​လည်း အကြီးအကျယ်​ပျက်စီး​သွားခဲ့တယ်။”—တိုနီ၊ ဂျာမနီ။

“ကျွန်မ​ရဲ့​ခေါင်း​ပေါ် လေးလံ​တဲ့​ကျောက်တုံး​ကြီး​တစ်တုံး ရောက်လာ​သလိုပဲ ခံစား​ရတယ်။ ကြင်ဖော်​မဲ့​မိဘ​တစ်ယောက်​အနေ​နဲ့ ကလေး​နှစ်ယောက်ကို ဘယ်လို​ကျွေးမွေး​ပြီး ကုန်ကျ​စရိတ်​တွေ​ဘယ်လို​ပေး​ရမလဲ​ဆိုတာ​ကို စိုးရိမ်​မိတယ်။”—မေရီ၊ အိန္ဒိယ။

“ကျွန်တော်​အလုပ်ပြုတ်​သွားတဲ့အခါ အရမ်း​စိတ်ဓာတ်ကျ​ခဲ့တယ်၊ နောက်​အလုပ်​တစ်ခု ရနိုင်​ပါ့​မလားလို့ စိတ်ပူ​ခဲ့တယ်။”—ဟို​င်​မေး၊ မက္ကဆီကို။

ကမ္ဘာ​တစ်ဝန်း​တွင် သန်းနှင့်ချီ​သော​သူများ​သည် တိုနီ၊ မေရီ​နှင့် ဟို​င်​မေး​တို့​ကဲ့သို့ ထပ်တူ​ခံစား​နေကြ​ရသည်။ ဤ​ရာစုနှစ်​အကူးအပြောင်း​၌ ဥရောပ​နှင့် ဗဟို​အာရှ​တွင် အလုပ်သမား​အင်အား ၁၀ ရာခိုင်နှုန်း​ဖြစ်သည့် ၂၃ သန်း​ခန့်​သော​သူများ အလုပ်ရှာ​နေကြ​သည်​ဟု ခန့်မှန်း​ရသည်။ ဖွံ့ဖြိုးမှု​နည်းသော​နိုင်ငံ​အချို့​တွင် အလုပ်သမား​အင်အား​၏ လေး​ပုံ​တစ်​ပုံ​ကျော်​မှာ အလုပ်​လက်မဲ့​များ​ဖြစ်​ကြသည်။ ယူနိုက်တက်​စ​တိတ်​တွင် “လွန်ခဲ့သော ၂၈ လ​အတွင်း အလုပ်အကိုင်​ပေါင်း ၂.၆ သန်း​နီးပါး ပျောက်ဆုံး​ကုန်သည်” ဟု ၂၀၀၃၊ ဇူလိုင်​လထုတ် နယူးယောက်​တိုင်း​က ဆို​သည်။

တိုင်းပြည်​အများအပြား​၌ အလုပ်အကိုင်​ရှာဖွေ​ရာ​တွင် ကြီးမားသော​အတားအဆီး​များ​ရှိသည်။ ဥပမာ၊ နှစ်စဉ်​နှစ်​တိုင်း အထက်တန်း​ကျောင်း​နှင့် ကောလိပ်​ဘွဲ့​ရ​များသည် အလုပ်အကိုင်​ဈေးကွက်​ကို လှိုင်းလုံး​ကြီး​များ​သဖွယ် လွှမ်းမိုး​ထား​သည်။ ထို့​ပြင် ဘွဲ့​တစ်ခု သို့​မဟုတ် အထူး​ကျွမ်းကျင်​မှု​တို့​က မိမိ​ရွေးချယ်သော​အလုပ်အကိုင် ရရှိ​လိမ့်​မည်​ဟူ​သည့် အာမခံချက်​မပေး​ပေ။ ထို့​ကြောင့် လူတို့သည် မိမိတို့​အလုပ်,လုပ်​သည့်​သက်တမ်း​တစ်လျှောက် မကြာခဏ​အလုပ်​ပြောင်း​ကြ​ရခြင်း​မှာ ယခု​အခါ မထူးဆန်း​တော့​ပေ။ အချို့​ဆိုလျှင် သူတို့၏​အသက်မွေးဝမ်းကျောင်း​လုပ်ငန်း​ကို​ပင် လုံးဝ​ပြောင်းလဲ​ခဲ့​ရသည်။

သင်သည် အလုပ်​လက်မဲ့​တစ်ဦး​ဖြစ်ပါ​က အလုပ်အကိုင်​ရှာ​ရာ​တွင် သင့်​အခွင့်အလမ်း​များ တိုးတက်စေ​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ထို့​ပြင် အလုပ်​တစ်ခု​ရှာတွေ့​သည်​နှင့် ယင်းကို​တည်မြဲ​အောင် သင်​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။