မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကူအညီ အထူးလိုအပ်နေသည့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ခြင်း

အကူအညီ အထူးလိုအပ်နေသည့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ခြင်း

အကူအညီ အထူးလိုအပ်နေသည့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ခြင်း

ဖင်လန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

အသက်နှစ်ဆယ်အရွယ် မားကပ်စ် (ဘယ်ဘက်ပုံ) သည် အကူအညီမပါဘဲ မစားနိုင်၊ မသောက်နိုင်၊ ရေမချိုးနိုင်ပါ။ သူသည် ကောင်းစွာအိပ်မပျော်နိုင်သည့်အတွက် တစ်ညလုံး ဂရုစိုက်ပေးရ၏။ မတော်တဆမှုဖြစ်တတ်သဖြင့် သူ့ကို မကြာမကြာ ရှေးဦးသူနာပြုစုပေးရသည်။ သို့သော် မားကပ်စ်၏မိဘများသည် သူ့ကို အလွန်ချစ်မြတ်နိုးကြသည်။ သူ၏နူးညံ့မှု၊ ချစ်ခင်ကြင်နာသည့် အပြုအမူများကို နှစ်သက်တန်ဖိုးထားကြသည်။ သားဖြစ်သူ မသန်မစွမ်းဖြစ်နေသော်လည်း သားအတွက် သူတို့ဂုဏ်ယူကြ၏။

ကမ္ဘာ့လူဦးရေ၏ ၃ ရာခိုင်နှုန်းအထိ ဉာဏ်ရည်မမီသည့် ရောဂါတစ်မျိုးခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းသည်။ မျိုးရိုးပြဿနာများ၊ မီးဖွားစဉ် ထိခိုက်ဒဏ်ရာရခြင်း၊ မွေးခါစတွင် ဦးနှောက်တွင်းသို့ ရောဂါပိုးဝင်သွားခြင်းနှင့် အာဟာရချို့တဲ့ခြင်းအပြင် မူးယစ်ဆေးဝါး၊ အရက်သေစာ သို့မဟုတ် ဓာတုအဆိပ်သင့်ခြင်းကြောင့် ဉာဏ်ရည်ချို့တဲ့ခြင်းဖြစ်တတ်သည်။ ရောဂါအများစုမှာ ဖြစ်ရသည့်အကြောင်းရင်းကို မသိရပေ။ အကူအညီအထူးလိုအပ်နေသည့် သားသမီးများရှိသော မိဘတို့၏အခြေအနေ မည်သို့ရှိမည်နည်း။ ထိုသို့သောမိဘများကို မည်သို့အားပေးနိုင်သနည်း။

သတင်းဆိုးကြားရချိန်ဝယ်

မိမိတို့၏ကလေးတွင် ဉာဏ်ရည်ချို့တဲ့နေကြောင်း မိဘများ သိရှိသွားချိန်မှစ၍ ပြဿနာစတော့သည်။ “သမီးလေးမှာ ဒေါင်းရောဂါလက္ခဏာစု (မျက်နှာပြားပြား၊ မျက်လုံးပိတ်ပိတ်၊ ဦးနှောက်မမှန်ဘဲ မွေးဖွားလာခြင်း) ရှိတယ်လို့ ကျွန်မတို့ဇနီးမောင်နှံသိလိုက်ရတဲ့အခါ အတော်လေး ယူကျုံးမရဖြစ်ရတယ်” ဟု ဆီကာကပြောပြသည်။ မားကပ်စ်၏မိခင် အန်းနီကလည်း ဤသို့ဆို၏– “ကျွန်မသားလေးဟာ စိတ်ပိုင်းချို့ယွင်းလာလိမ့်မယ်လို့ ပြောပြကြတဲ့အခါ သူ့ကို တခြားသူတွေ ဘယ်လိုရှုမြင်မလဲလို့ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်မနေတော့ဘဲ သူ့ရဲ့လိုအပ်ရာတွေအပေါ်၊ သူ့အတွက် ကျွန်မလုပ်ပေးနိုင်တဲ့အရာတွေအပေါ် အာရုံစိုက်လိုက်တယ်။” အမ်ဂါ့တ်လည်း အလားတူတုံ့ပြန်ခဲ့သည်။ “ကျွန်မတို့ရဲ့သမီးလေး ယူနီကီရဲ့ ချို့ယွင်းချက်အကြောင်း ဆရာဝန်တွေ ပြောပြကြတော့ သမီးလေးကို ဘယ်လိုကူညီရမယ်ဆိုတာကိုပဲ ကျွန်မစဉ်းစားတော့တယ်” ဟုဆို၏။ ရောဂါမျိုးမည်သိရပြီးနောက် ဆီကာ၊ အန်းနီနှင့် အမ်ဂါ့တ်ကဲ့သို့သောမိဘများသည် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

“သင်ပထမဦးဆုံးလုပ်ရမည့်အရာမှာ သင့်ကလေး၏ ချို့ယွင်းမှုနှင့်ပတ်သက်သည့် အချက်အလက်များ၊ ရရှိနိုင်သည့်အကူအညီများ၊ ကလေးတတ်စွမ်းနိုင်သလောက် တိုးတက်လာအောင် သင်ကူညီပေးနိုင်သည့် သတ်သတ်မှတ်မှတ် အချက်အလက်များကို စုဆောင်းခြင်းဖြစ်သည်” ဟု မသန်မစွမ်းကလေးသူငယ်များဆိုင်ရာ အမေရိကန် အမျိုးသားသတင်းဖြန့်ချိရေးဌာနက အကြံပေးသည်။ ဤအကြံပြုချက်ကို လိုက်နာခြင်းဖြင့် မိမိကလေးကိုကြည့်ရှုစောင့်ရှောက်ရာတွင် မျှော်လင့်ချက်နှင့် လမ်းညွှန်ချက်ရရှိလာမည်။ ယင်းသည် ခရီးစဉ်တစ်ခုတွင် ရောက်ရှိနေသည့် ခရီးအကွာအဝေးနှင့် နေရာအမှတ်အသားများကို မြေပုံပေါ်မှတ်သားခြင်းနှင့် များစွာတူပေသည်။

မျှော်လင့်ချက်အလင်းတန်း

ဉာဏ်ရည်ချို့တဲ့သည့် ကလေးဘဝသည် အခက်အခဲများနှင့် မိုးမှောင်ကျနေနိုင်သော်လည်း မျှော်လင့်ချက်အလင်းတန်းရှိပါသည်။ မည်သို့အားဖြင့်နည်း။

ဦးဆုံးအနေနှင့် ဉာဏ်ရည်ချို့တဲ့သည့် ကလေးသူငယ်အများစုမှာ ဝေဒနာမခံစားရကြောင်း သိရသည့်အတွက် မိဘများ စိတ်သက်သာရာရကြသည်။ ဒေါက်တာ ရောဘတ် အိုင်းဇက်ဆန်က ဉာဏ်ရည်မမီသောကလေးဟူသည့်စာအုပ်တွင် ဤသို့ရေးသားထား၏– “ကလေးအများစု ပျော်ရွှင်နိုင်ကြသည်။ တေးဂီတနားထောင်ခြင်း၊ ကစားခြင်း၊ အရသာရှိသော အစားအသောက်များစားခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် ပေါင်းသင်းခြင်းတို့မှ ပျော်မွေ့နိုင်ကြသည်။” သူတို့လေးများသည် သာမန်ကလေးများလောက် လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် ဝန်းကျင်ငယ်လေးတွင်သာ နေထိုင်ရသော်လည်း ကျယ်ဝန်းသောဝန်းကျင်ရှိ သာမန်ကလေးများထက် ပို၍ပျော်ရွှင်နေလေ့ရှိသည်။

ဒုတိယအနေနှင့် မိဘများသည် မိမိတို့ကလေး ကြိုးကြိုးစားစားလုပ်ဆောင်ထားသည့် ပြီးမြောက်မှုများအတွက် ဂုဏ်ယူဝမ်းမြောက်နိုင်ကြပါသည်။ အလုပ်သစ်တစ်ခု သင်ယူခြင်းသည် တောင်တက်ခြင်းနှင့်တူသည်။ တတ်မြောက်သွားခြင်းက တောင်ထိပ်သို့ရောက်၍ ရှုခင်းကိုကြည့်လိုက်ရခြင်းနှင့်တူပြီး မိဘများနှင့်ကလေးကို အားရကျေနပ်စေသည်။ ဥပမာ၊ ဘရိုင်ယန်သည် တီအက်စ်စီရောဂါ (Tuberous sclerosis)၊ တက်ခြင်းနှင့် အထီးကျန်စိတ်ဝေဒနာများ ခံစားနေရ၏။ ဉာဏ်ထက်သော်လည်း စကားမပြောနိုင်သည့်အပြင် လက်များကိုလည်း မထိန်းချုပ်နိုင်ချေ။ သို့တိုင်၊ သူသည် တဖြည်းဖြည်းနှင့် ခွက်တစ်ဝက်ဖြည့်ထားသည့် အရည်ကို မဖိတ်စဉ်စေဘဲ သောက်တတ်လာသည်။ ဘရိုင်ယန်သည် သူနှစ်သက်သောနွားနို့ကို ကိုယ်တိုင်ယူသောက်နိုင်ရန် ကိုယ်ရောစိတ်ပါ များစွာထိန်း၍ ကြိုးစားလုပ်ဆောင်ရလေသည်။

ဤသို့လုပ်ဆောင်နိုင်ခြင်းသည် သူ၏မသန်မစွမ်းမှုအပေါ် အောင်ပွဲခံမှုတစ်ခုဟု ဘရိုင်ယန်၏မိဘများက ရှုမြင်ကြ၏။ မိခင်ဖြစ်သူ လော်ရယ်က ဤသို့ဆိုသည်– “ကျွန်မတို့ရဲ့သားကို သစ်တောထဲက သစ်မာပင်တစ်ပင်လို့ မြင်တယ်။ သစ်မာပင်ဟာ တခြားသစ်ပင်တွေလို မြန်မြန်မကြီးထွားပေမဲ့ အရမ်းအဖိုးတန်တဲ့သစ်ကို ထုတ်လုပ်ပေးတယ်။ အဲ့ဒီလိုပဲ မသန်မစွမ်းကလေးသူငယ်တွေဟာ ဖွံ့ဖြိုးမှုနှေးကွေးကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မိဘတွေအတွက် အဲ့ဒီကလေးတွေဟာ တန်ဖိုးကြီးတဲ့ ဝက်သစ်ချပင်လေးတွေ၊ ကျွန်းပင်လေးတွေနဲ့တူတယ်။”

တတိယအနေနှင့် များစွာသောမိဘတို့သည် မိမိတို့ကလေး၏ ချစ်စဖွယ်ကောင်းသော စိတ်နေစိတ်ထားကြောင့် နှလုံးနွေးထွေးရလေသည်။ အမ်ဂါ့တ်က ဤသို့ဆို၏– “ယူနီကီက စောစောအိပ်ရာဝင်တတ်တယ်။ အိပ်ရာမဝင်ခင်မှာ မိသားစုဝင်တစ်ယောက်ချင်းစီကို အမြဲမွှေးမွှေးပေးတတ်တယ်။ ကျွန်မတို့အိမ်ပြန်မရောက်ခင် အိပ်ရာဝင်သွားမယ်ဆိုရင် စောင့်မနေတဲ့အတွက် တောင်းပန်ကြောင်း၊ ကျွန်မတို့ကို သူချစ်ကြောင်း၊ ကျွန်မတို့ကို မနက်မှာတွေ့ဖို့ မျှော်လင့်ကြောင်း စာတိုလေးတစ်စောင် သူရေးထားမယ်။”

မားကပ်စ်သည် စကားမပြောတတ်သော်လည်း မိဘများကို သူချစ်ကြောင်း ပြောပြရန် လက်ဟန်ပြဘာသာစကားတချို့ကို ကြိုးစားပမ်းစား သင်ယူခဲ့သည်။ ဖွံ့ဖြိုးမှုနှေးကွေးသောတီအာ၏ မိဘများက ဤသို့ရင်ဖွင့်သည်– “သမီးဟာ ကျွန်မတို့ရဲ့ဘဝကို မေတ္တာ၊ နွေးထွေးမှု၊ ချစ်ခင်တွယ်တာမှု၊ အပွေ့အဖက်တွေ၊ အနမ်းလေးတွေနဲ့ ဖြည့်ဆည်းပေးခဲ့တယ်။” ထိုသို့သောကလေးသူငယ်အားလုံးသည် မိဘများက သူတို့ကို အလွန်ချစ်ကြောင်း၊ အလွန်တွယ်တာကြောင်း အပြောဖြင့်ရော အပြုအမူအားဖြင့်ပါ ပြုမူပြောဆိုခံရဖို့လိုသည်မှာ ထင်ရှား၏။

စတုတ္ထအနေနှင့် မိမိတို့၏ကလေးသည် ဘုရားသခင်အားယုံကြည်ကြောင်း ဖော်ပြသည့်အခါ ခရစ်ယာန်မိဘများ အလွန်ကျေနပ်အားရကြသည်။ ယူဟာသည် နမူနာတစ်ခုဖြစ်၏။ ဖခင်၏အသုဘတွင် မိမိအား ဆုတောင်းခွင့်ပြုနိုင်မည်လောဟု တောင်းဆိုသောကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ သူ၏ တိုတုတ်သောဆုတောင်းချက်တွင် မိမိ၏ဖခင်သည် ဘုရားသခင်၏မှတ်ဉာဏ်တော်တွင်ရှိပြီး အချိန်တန်လျှင် ကိုယ်တော်ရှင်ပြန်ထမြောက်စေမည်ကို သူယုံကြည်ကြောင်း ဖော်ပြပြီးနောက် မိသားစုဝင်များကို ကူညီပေးပါရန် တစ်ဦးချင်း၏အမည်နှင့်တကွ ဘုရားသခင်ထံ တောင်းလျှောက်ခဲ့သည်။

အလားတူပင်၊ ဘုရားသခင်အပေါ် ယူနီကီ၏ ယုံကြည်ကိုးစားမှုသည်လည်း မိဘများကို ပျော်ရွှင်စေ၏။ ယူနီကီသည် သင်ယူသိရှိရာများကို အကုန်လုံး နားမလည်နိုင်ချေ။ ဥပမာ၊ ကျမ်းစာဇာတ်ကောင်များစွာကို သူသိထားသော်လည်း သူ၏စိတ်ထဲတွင် ရုပ်ပုံအပြည့်အစုံမပေါ်သေးသည့် ဉာဏ်စမ်းရုပ်ဆက်ပုံတစ်ခုမှ အစိတ်အပိုင်းများကဲ့သို့ တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိချေ။ သို့သော် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်သည် တစ်နေ့သောအခါ ကမ္ဘာ့ပြဿနာများကို ဖယ်ရှားတော်မူမည်ဖြစ်ကြောင်း သူသဘောပေါက်ထား၏။ ယူနီကီသည် ဉာဏ်ရည်ဉာဏ်စွမ်း အပြည့်အဝရရှိမည့် ဘုရားသခင်ကတိထားတော်မူသော ကမ္ဘာသစ်ကို စောင့်မျှော်နေလေသည်။

ကိုယ့်အားကိုယ်ကိုးတတ်ရန် ကူညီပေးခြင်း

ဉာဏ်ရည်ချို့တဲ့သော ကလေးသူငယ်များသည် ကလေးအမြဲဖြစ်နေမည်မဟုတ်ဘဲ လူကြီးဘဝသို့ ရောက်လာကြသည်။ ထို့ကြောင့် မိဘတို့သည် အကူအညီအထူးလိုအပ်နေသည့် ကလေးသူငယ်များကို လိုသည်ထက်ပို၍ မလုပ်ပေးသင့်ချေ။ မားကပ်စ်၏မိခင် အန်းနီက ဤသို့ဆိုသည်– “မားကပ်စ်ကိုလုပ်ခိုင်းမယ့်အစား ကျွန်မတို့လုပ်ပေးလိုက်ရင် ပိုတောင်လွယ်ပြီး ပိုမြန်တယ်။ ဒါပေမဲ့ သူတတ်နိုင်သလောက် သူ့ဘာသာသူလုပ်ဖို့ ကျွန်မတို့ကူညီပေးခဲ့ကြတယ်။” ယူနီကီ၏မိခင်က ဤသို့ထပ်ဆင့်ဆိုသည်– “ယူနီကီမှာ နှစ်သက်စရာကောင်းတဲ့ အရည်အချင်းတွေ အများကြီးရှိပေမဲ့ တစ်ခါတလေ ခေါင်းမာတယ်။ သူမလုပ်ချင်တဲ့အရာကို လုပ်ချင်တဲ့စိတ်ပေါ်လာအောင် အမေတို့ကို စိတ်ချမ်းသာစေချင်တယ်မဟုတ်လားလို့ သူ့ကို ချော့မော့ပြောရတယ်။ လုပ်မယ်လို့ သူသဘောတူလိုက်ပေမဲ့ အလုပ်ပြီးတဲ့အထိ တဖွဖွအားပေးနေရတယ်။”

ဘရိုင်ယန်၏မိခင် လော်ရယ်သည် သား၏ဘဝကို ပို၍ပြည့်စုံစေရန် နည်းလမ်းများ မပြတ်ရှာဖွေနေသည်။ လော်ရယ်နှင့်သူ၏ခင်ပွန်းသည် ဘရိုင်ယန် ကွန်ပျူတာရိုက်တတ်ရန် သုံးနှစ်ကျော်ကြာ ကူညီပေးခဲ့ရ၏။ အကြီးအကျယ် ကျေနပ်နေသည့် ဘရိုင်ယန်သည် ယခုအခါ သူ၏သူငယ်ချင်းများနှင့် မိသားစုထံ အီးမေးလ်ပို့နိုင်ပြီဖြစ်သည်။ သို့သော် သူစာရိုက်သည့်အခါ တစ်ယောက်ယောက်က သူ၏လက်ကောက်ဝတ်ကို ထိန်းပေးဖို့လို၏။ မိဘများသည် သူ၏တံတောင်ဆစ်ကိုသာ ထိန်းပေးဖို့လိုသည်အထိ တိုးတက်လာရန် သူ့ကို ကူညီပေးလျက်ရှိသည်။ တံတောင်ဆစ်ကိုသာ ထိန်းပေးဖို့လိုသည်အထိ တိုးတက်လာခြင်းသည် ကြီးမားသည့်အတိုင်းအတာတစ်ခုအထိ ကိုယ့်အားကိုယ်ကိုးတတ်လာခြင်းဟု သူတို့ယူမှတ်၍ဖြစ်သည်။

သို့သော် မိဘများသည် အလွန်အမင်း မျှော်လင့်မထားသင့်သကဲ့သို့ ကလေးကိုလည်း အလွန်အမင်း တွန်းအားမပေးသင့်ချေ။ ကလေးတစ်ဦးစီသည် စွမ်းရည်ချင်းမတူညီကြချေ။ ထူးခြားသောကလေးဟူသည့်စာအုပ်က ဤသို့အကြံပေး၏– “ကိုယ့်အားကိုယ်ကိုးတတ်လာအောင် အားပေးခြင်းနှင့် ကလေးစိတ်မပျက်အောင် ကူညီပေးခြင်းတို့တွင် ဟန်ချက်ညီရန် ကြိုးစားခြင်းသည် လက်တွေ့ကျနည်းလမ်းကောင်းတစ်ခုဖြစ်သည်။”

အကြီးမားဆုံး အကူအညီရင်းမြစ်

မသန်မစွမ်းကလေးသူငယ်များ၏ မိဘတိုင်း စိတ်ရှည်ဖို့နှင့် ခံနိုင်ရည်ရှိဖို့ အလွန်လိုအပ်ပေသည်။ ပြဿနာများ တစ်ခုပြီးတစ်ခုပေါ်လာသောကြောင့် မိဘများစွာ စိတ်ပျက်အားလျော့ကြသည်။ ပင်ပန်းနွမ်းလျမှုလည်း ဖြစ်ခဲ့ကြသည်။ မျက်ရည်ကျခဲ့ရပြီး တစ်ခါတလေ ကိုယ့်ကိုယ်ကိုပင် သနားလာကြသည်။ သို့ဖြစ်၍ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

မိဘများသည် ‘ဆုတောင်းချက်ကို နားထောင်တော်မူသော ဘုရားသခင်’ ထံ အကူအညီတောင်းခံနိုင်ကြပါသည်။ (ဆာလံ ၆၅:၂) ကိုယ်တော်သည် အစွမ်းသတ္တိ၊ မျှော်လင့်ချက်နှင့် ခံနိုင်ရည်ခွန်အား ပေးသနားတော်မူသည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၂; ဆာလံ ၂၇:၁၄) ကိုယ်တော်သည် ကျွန်ုပ်တို့ခံစားနေရသည့် ပူဆွေးသောကကို နှစ်သိမ့်ပေးတော်မူပြီး ကျွန်ုပ်တို့အား ကျမ်းစာပါ ‘မျှော်လင့်ချက်၌ ဝမ်းမြောက်’ စေလိုတော်မူ၏။ (ရောမ ၁၂:၁၂; ၁၅:၄၊ ၅; ၂ ကောရိန္သု ၁:၃၊ ၄) ‘မျက်စိကန်းသောသူတို့ မျက်စိပွင့်လင်းလာမည်။ နားပင်းသောသူတို့ နားပင်းခြင်းနှင့်လွတ်မည်။ ခြေဆွံ့သောသူတို့ ဒရယ်ကဲ့သို့ခုန်ကြမည်။ စကားအသောသူတို့ သီချင်းဆိုကြမည့်’ အချိန်တွင် မိမိတို့၏သားသမီးများလည်း စိတ်ပိုင်းနှင့်ကာယပိုင်း လုံးဝကျန်းမာလာမည်ဖြစ်ကြောင်း ဘုရားသခင်ကိုအားကိုးသော မိဘများ ယုံကြည်စိတ်ချနိုင်ကြသည်။—⁠ဟေရှာယ ၃၅:၅၊ ၆; ဆာလံ ၁၀၃:၂၊ ၃

မိဘများ လုပ်ဆောင်နိုင်သည့်အရာ

▪ မသန်မစွမ်းဖြစ်သည့် ကလေးနှင့်သက်ဆိုင်ရာများကို သိရှိအောင်လုပ်ပါ။

▪ အပြုသဘောထားရန်ကြိုးစားပါ။

▪ အတတ်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးတတ်ရန် သင့်ကလေးကို ကူညီပေးပါ။

▪ အစွမ်းသတ္တိ၊ မျှော်လင့်ချက်နှင့် ခွန်အားရရှိဖို့ ဘုရားသခင်ထံ တောင်းလျှောက်ပါ။

တခြားသူများ လုပ်ဆောင်နိုင်သည့်အရာ

▪ ကလေး၏အသက်အရွယ်အလိုက် စိတ်အရိုးခံဖြင့် စကားပြောဆိုပါ။ ကလေးစကားမသုံးပါနှင့်။

▪ မိဘများကို ကလေးအကြောင်းပြောဆိုကာ ချီးမွမ်းပေးပါ။

▪ မိဘများ၏ခံစားချက်ကို အကင်းပါးပြီး ထောက်စာပါ။

▪ အကူအညီအထူးလိုအပ်နေသော ကလေးသူငယ်များရှိ မိဘများ၊ မိသားစုများနှင့် အတူတကွ ပါဝင်လုပ်ဆောင်ပါ။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အခြားသူများ အကူအညီပေးနိုင်ပုံ

ပွဲကြည့်ပရိသတ်များသည် မာရသွန်အပြေးသမားတို့၏ ခံနိုင်ရည်ကို ချီးမွမ်းကြသကဲ့သို့ပင် မသန်မစွမ်းကလေးတစ်ဦးကို တစ်ပတ်လျှင် ၇ ရက်၊ တစ်ရက်လျှင် ၂၄ နာရီ ကြည့်ရှုစောင့်ရှောက်နေရသည့် မိဘများ၏ ခံနိုင်ရည်စွမ်းအားကို သင်အံ့သြချီးမွမ်းပေမည်။ မာရသွန်ပြေးလမ်းတစ်လျှောက်ရှိ ပွဲကြည့်ပရိသတ်များသည် အပြေးသမားများကို အားဖြည့်ပေးရန် ရေပုလင်းများ ကမ်းလေ့ရှိကြသည်။ အလားတူ အကူအညီအထူးလိုအပ်သောကလေးကို ရာသက်ပန် ကြည့်ရှုစောက်ရှောက်နေသည့် မိဘများကို သင်လန်းဆန်းမှုပေးနိုင်ပါသလော။

အကူအညီပေးနိုင်သည့် နည်းတစ်နည်းမှာ ၎င်းတို့၏သား သို့မဟုတ် သမီးနှင့် စကားပြောဆိုခြင်းပင်ဖြစ်သည်။ ပထမတွင် ကလေးက အနည်းငယ်သာတုံ့ပြန် သို့မဟုတ် လုံးဝမတုံ့ပြန်ဘဲနေသဖြင့် စိတ် ကသိကအောက်ဖြစ်ပေမည်။ သို့သော် ထိုသို့သောကလေးသူငယ်များသည် သင်ပြောဆိုရာကို နားထောင်တတ်ကြပြီး လေးလေးနက်နက် စဉ်းစားတတ်ကြောင်း စိတ်ထဲစွဲမှတ်ထားပါ။ အခြေအနေတချို့တွင် ၎င်းတို့၏စိတ်သဘောသည် ရေအောက်တွင် အများစုနစ်မြုပ်နေသည့် ရေခဲစိုင်မျောများကဲ့သို့ ဖြစ်နေသည့်အတွက် ၎င်းတို့၏နက်ရှိုင်းသော ခံစားချက်များက မျက်နှာတွင် မပေါ်လွင်ချေ။ *

ကလေးဦးနှောက်နှင့် အာရုံကြောဆိုင်ရာပါရဂူ ဒေါက်တာ အန်နီကီ ကွိုင်စတီနန်က လွယ်လွယ်ကူကူ စကားလက်ဆုံပြောနည်းကို ဤသို့ပြောပြသည်– “ဦးဆုံးအနေနှင့် သူတို့ရဲ့မိသားစုအကြောင်း၊ ဝါသနာပါရာအကြောင်း ပြောဆိုနိုင်တယ်။ ကိုယ့်ထက်အသက်ပိုငယ်တဲ့သူနဲ့ စကားပြောနေသလိုမျိုးမဟုတ်ဘဲ လက်ရှိအသက်အရွယ်အလိုက် စကားပြောဆိုပါ။ တစ်ကြိမ်မှာ အကြောင်းအရာတစ်ခုကိုပဲ ဝါကျတိုတိုလေး ပြောဆိုပါ။ သင်ပြောဆိုနေတဲ့အရာကို စဉ်းစားဖို့ သူတို့ကို အချိန်ပေးပါ။”

မိဘများနှင့်လည်း စကားစမြည်ပြောဆိုဖို့လိုပါသည်။ သူတို့ရင်ဆိုင်နေရသည့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို သင်သတိပြုမိလာသည့်အခါ ကိုယ်ချင်းစာနာပေးခြင်းဖြင့် သူတို့ကို အားရှိစေပေမည်။ ဥပမာ၊ မားကပ်စ်၏မိခင် အန်းနီသည် ချစ်မြတ်နိုးရသည့်သားအကြောင်း ပိုသိလိုသည်။ သားဖြစ်သူမှာ စကားမပြောနိုင်သည့်အပြင် သူ့စိတ်ထဲ ဘာဖြစ်နေသည်ကို မရှင်းပြနိုင်သည့်အတွက် သူစိတ်မကောင်းဖြစ်ရ၏။ ထို့ပြင် သားကို မိတဆိုးလေးအဖြစ် ထားရစ်ကာ အရင်သေဆုံးသွားရမည်ကို စိုးရိမ်ပူပန်နေသူဖြစ်သည်။

မိဘများသည် ဉာဏ်ရည်ချို့တဲ့နေသည့်ကလေးကို ကောင်းစွာကြည့်ရှုစောင့်ရှောက်နေစေကာမူ ပိုမိုလုပ်ဆောင်ပေးသင့်သည်ဟု ခံစားရလေ့ရှိ၏။ ဘရိုင်ယန်၏မိခင် လော်ရယ်သည် သားဖြစ်သူအား ကြည့်ရှုစောင့်ရှောက်ရာတွင် နည်းနည်းလေး အမှားလုပ်မိသည်နှင့် မိမိကိုယ်ကို အပြစ်တင်တော့သည်။ ထို့ပြင် ကျန်ကလေးများကို အပြည့်အဝ ဂရုမစိုက်နိုင်သည့်အတွက် အပြစ်ရှိသည်ဟု သူခံစားရ၏။ ထိုသို့သောမိဘများနှင့် ၎င်းတို့၏ခံစားချက်များကို စိတ်ဝင်စားမည်၊ လေးစားမည်ဆိုလျှင် သူတို့နှင့်သားသမီးများကို ဂုဏ်တင်ရာ၊ ကူညီထောက်မရာရောက်ပေသည်။ ယင်းနှင့်စပ်လျဉ်း၍ အမ်ဂါ့တ်က ဤသို့ဆို၏– “ကျွန်မသမီးအကြောင်း မေးမြန်းပြောဆိုတာကို လိုလိုလားလားလက်ခံပါတယ်။ ယူနီကီနဲ့ ရုန်းကန်နေရတဲ့ ကျွန်မဘဝမှာ အပျော်တွေနဲ့ ဝမ်းနည်းမှုတွေကို ဝေမျှခံစားပေးလိုတဲ့သူတွေကြောင့် နွေးထွေးမှုခံစားရတယ်။”

ကြီးကြီးမားမားသော်လည်းကောင်း၊ အသေးအဖွဲသော်လည်းကောင်း သင်ကူညီပေးနိုင်သည့် အခြားနည်းလမ်းများစွာရှိပါသေးသည်။ မိဘများနှင့် ၎င်းတို့၏ကလေးကို သင့်အိမ်သို့ခေါ်ဖိတ်နိုင်ပေမည်။ သို့မဟုတ် သင့်မိသားစုလုပ်ဆောင်မှုများတွင်ပါဝင်ဖို့ တောင်းဆိုနိုင်သည်။ ထို့ပြင် သင်အဆင်ပြေမည်ဆိုလျှင် မိဘများအနားယူစဉ် ကလေးနှင့်အတူ အဖော်ပြုပေးနိုင်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 37 ၂၀၀၀၊ မေ ၈ ရက်ထုတ် နိုးလော့! [လိပ်] တွင် “ဆိတ်ညံကမ္ဘာမှ လဝါဒါ၏ခရီးစဉ်” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

စိတ်ရင်းမှန်နှင့် စိတ်ဝင်စားမှုပြခြင်းက မိဘများနှင့်ကလေးကို ဂုဏ်တင်ရာရောက်

ယူနီကီကဲ့သို့ ဉာဏ်ရည်ချို့တဲ့သော ကလေးသူငယ် များသည် အရွယ်ရောက်လာသည်နှင့်အမျှ ချစ်မြတ်နိုးမှုလိုအပ်မြဲ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

လော်ရယ်သည် သားဖြစ်သူ ဘရိုင်ယန်ကို ကိုယ့်အားကိုယ်ကိုးတတ်ရန် အားပေးသည့်အနေနှင့် စာရိုက်တတ်ရန် ကူညီပေးခဲ့