မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အမှန်တကယ် သေဆုံးတော်မူခဲ့သလော

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အမှန်တကယ် သေဆုံးတော်မူခဲ့သလော

သမ္မာကျမ်းစာရှုထောင့်

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အမှန်တကယ် သေဆုံးတော်မူခဲ့သလော

လက်ဝါးကပ်တိုင်သည် လူတို့အကျွမ်းတဝင်ရှိကြသည့် ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ်များအနက် တစ်ခုဖြစ်သည်။ သန်းပေါင်းများစွာသောသူတို့က ယင်းကို ယေရှုအသေခံရာ မြင့်မြတ်သည့်အရာဟုယူဆကာ အမြတ်တနိုးထားကြသည်။ ရိုမန်ကက်သလစ် စာရေးဆရာနှင့် ရှေးဟောင်းသုတေသနပညာရှင် အဒေါ့ဖ်-နပိုလီယွန် ဒီဒရွန်က ဤသို့ဆို၏– “လက်ဝါးကပ်တိုင်ကို ခရစ်တော်နှင့်တစ်တန်းတစ်စားတည်းထား၍ မကိုးကွယ်သည့်တိုင် ဤသစ်သားကားတိုင်ကို ဘုရားသခင်နှင့်တန်းတူနီးပါး ကြည်ညိုလေးမြတ်ခဲ့ကြပြီ။”

ဆုတောင်းသည့်အခါ လက်ဝါးကပ်တိုင်က မိမိတို့ကို ဘုရားသခင်နှင့်နီးကပ်စေသည်ဟု တချို့ကဆို၏။ အခြားသူတို့မူ ယင်းသည် မကောင်းဆိုးဝါးရန်မှ ကာကွယ်ပေးသည်ဟုယူဆကာ အဆောင်လက်ဖွဲ့တစ်ခုအဖြစ် အသုံးပြုကြ၏။ သို့သော် ခရစ်ယာန်များသည် လက်ဝါးကပ်တိုင်ကို ကြည်ညိုလေးမြတ်သင့်ပါသလော။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အမှန်တကယ် သေဆုံးတော်မူခဲ့သလော။ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာတွင် မည်သို့သွန်သင်ထားသနည်း။

လက်ဝါးကပ်တိုင်သည် အဘယ်အရာကို ပုံဆောင်သနည်း

ခရစ်ယာန်ခေတ်မတိုင်မီ ကြာမြင့်စွာကတည်းက ရှေးဗာဗုလုန်လူမျိုးသည် မျိုးပွားနတ်ဘုရား တမ္မုဇကို ကိုးကွယ်ရာတွင် အထိမ်းအမှတ်အဖြစ် လက်ဝါးကပ်တိုင်များ အသုံးပြုခဲ့ကြသည်။ လက်ဝါးကပ်တိုင်အသုံးပြုမှုမှာ အီဂျစ်၊ အိန္ဒိယ၊ ဆီးရီးယားနှင့် တရုတ်ပြည်အထိ ပျံ့နှံ့သွား၏။ ထို့နောက် ရာစုနှစ်များစွာကြာသော် ဣသရေလလူမျိုးသည် ယေဟောဝါအားဝတ်ပြုရေးတွင် မှားယွင်းသော တမ္မုဇနတ်ဘုရားကို ကြည်ညိုလေးမြတ်သည့် အပြုအမူများ ရောနှောခဲ့ကြသည်။ သမ္မာကျမ်းစာက ဤကိုးကွယ်မှုပုံစံကို “စက်ဆုပ်ရွံရှာဖွယ်” အဖြစ် ဖော်ပြထား၏။—⁠ယေဇကျေလ ၈:၁၃၊ ၁၄

မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်ခရစ်ဝင်ကျမ်းတို့တွင် ယေရှုအားကွပ်မျက်ရာ၌ အသုံးပြုခဲ့သောအရာကို ဖော်ပြသည့်အခါ ဂရိစကားလုံး စတောရော့စ်ကို အသုံးပြုထားသည်။ (မဿဲ ၂၇:၄၀; မာကု ၁၅:၃၀; လုကာ ၂၃:၂၆) စတောရော့စ်စကားလုံးသည် ဖြောင့်တန်းသောသစ်လုံးရှည်၊ သစ်တိုင် သို့မဟုတ် တိုင်ကို ရည်ညွှန်း၏။ ဂျေ. ဒီ. ပါစန်ရေးသည့် ခရစ်ယာန်ဘာသာနှင့်မဆိုင်သော လက်ဝါးကပ်တိုင်စာအုပ်တွင် ဤသို့ရှင်းပြထားသည်– “ဓမ္မသစ်ကျမ်းပါ မြောက်မြားလှသော အရေးအသားများအနက် ဝါကျတစ်ခုကမျှ မူရင်းဂရိတွင် ယေရှုကိုသတ်ရာ၌ အသုံးပြုခဲ့သော စတောရော့စ်သည် ရိုးရိုးစတောရော့စ်မဟုတ်ကြောင်း သက်သေပြသည့် သွယ်ဝိုက်သောအထောက်အထားပင် မပါချေ။ သစ်သားတစ်ချောင်းမဟုတ်ဘဲ လက်ဝါးကပ်တိုင်ပုံစံဖြစ်အောင် ကန့်လန့်ဖြတ်၍ ပူးရိုက်ထားသော သစ်သားနှစ်ချောင်းဖြစ်သည်ဟူသည့် သဘောကိုပြသော အထောက်အထားဆိုလျှင် သာ၍ပင်မပါရှိချေ။”

တမန်တော် ၅:၃၀ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ပေတရုသည် စတောရော့စ်၏ကြောင်းတူသံကွဲစကားလုံး ဇိုင်လွန်ကို အသုံးပြုထားသည်။ ယင်းသည် ရက်မနှစ်ချောင်းပါ လက်ဝါးကပ်တိုင်မဟုတ်ဘဲ သာမန်ဖြောင့်တန်းသောသစ် သို့မဟုတ် သစ်လုံး ဟူ၍အဓိပ္ပာယ်ရ၏။ ယေရှုသေဆုံးပြီး အနှစ် ၃၀၀ ခန့်ကြာမှသာ ခရစ်ယာန်အမည်ခံတချို့က ယေရှုသည် ရက်မနှစ်ချောင်းပါ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံခဲ့ရသည်ဟူသော အယူအဆကို ထောက်ခံပြောဆိုခဲ့ကြသည်။ သို့သော် ဤယူဆချက်သည် ဓလေ့ထုံးတမ်းနှင့် စတောရော့စ်ဟူသောဂရိစကားလုံးကို တလွဲအသုံးပြုမှုတို့အပေါ် အခြေပြုထား၏။ ရောမတို့ ကွပ်မျက်အပြစ်ပေးပုံများကို ရေးဆွဲထားသည့် ရှေးပန်းချီကားအချို့တွင် သစ်တိုင် သို့မဟုတ် သစ်လုံးပုံကို ဖော်ပြထားသည်မှာ မှတ်သားထိုက်ပေသည်။

‘ရုပ်ပုံများကို ကြဉ်ရှောင်ကြလော့’

ခရစ်ယာန်စစ်များအတွက် ပို၍အရေးကြီးသည့်အချက်မှာ ယေရှုအားကွပ်မျက်ရာ၌ အသုံးပြုခဲ့သည့်အရာကို ကြည်ညိုလေးမြတ်သင့်၊ မသင့်ဖြစ်သည်။ အသုံးပြုခဲ့ရာသည် ဖြောင့်တန်းသော ညှဉ်းဆဲရာနှက်တိုင်တစ်တိုင်၊ လက်ဝါးကပ်တိုင်တစ်ခု၊ မြားတစ်စင်း၊ လှံရှည်တစ်ချောင်း သို့မဟုတ် ဓားတစ်လက်ဖြစ်ပါစေ ယင်းကို ဝတ်ပြုရေးတွင် အသုံးပြုသင့်ပါသလော။

သင်ချစ်မြတ်နိုးရသူတစ်ဦးသည် လက်နက်တစ်ခုဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရကာ ယင်းလက်နက်ကို သက်သေအဖြစ် တရားရုံးသို့ တင်ပြထားသည်ဆိုကြပါစို့။ သင်သည် အဆိုပါလူသတ်လက်နက်ကို ပိုင်ဆိုင်ရန်၊ ဓာတ်ပုံရိုက်ယူပြီး အမြောက်အမြားကူးကာ ဖြန့်ဝေရန် ကြိုးစားမည်လော။ အဆိုပါလက်နက်ကို အရွယ်အစားအမျိုးမျိုး ပုံတူပွားမည်လော။ ထို့နောက် တချို့ကို လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်မည်လော။ သို့မဟုတ် အဆိုပါပုံတူများကို စီးပွားဖြစ်ထုတ်လုပ်ပြီး ကြည်ညိုလေးမြတ်စရာအဖြစ် မိတ်ဆွေများနှင့် ဆွေမျိုးများထံ ရောင်းချမည်လော။ ယင်းအကြံအစည်ကို သင်ငြင်းဆန်ပေမည်။ သို့သော် လူတို့သည် လက်ဝါးကပ်တိုင်ကို ထိုသို့ပင်ပြုခဲ့ကြပြီ။

ထို့ပြင် ဝတ်ပြုရေးတွင် လက်ဝါးကပ်တိုင်အသုံးပြုခြင်းသည် သမ္မာကျမ်းစာက ရှုတ်ချထားသော ဝတ်ပြုရေးတွင် ရုပ်ပုံများအသုံးပြုခြင်းနှင့် အတူတူပင်။ (ထွက်မြောက်ရာ ၂၀:၂-၅; တရားဟောရာ ၄:၂၅၊ ၂၆) တမန်တော်ယောဟန်သည် ခရစ်ယာန်များအား ‘ရုပ်ပုံများကို ကြဉ်ရှောင်ကြလော့’ ဟုသတိပေးသည့်အခါ စစ်မှန်သောခရစ်ယာန်ဘာသာ၏ သွန်သင်ချက်များကို တိတိကျကျ ပေါ်လွင်စေခဲ့၏။ (၁ ယောဟန် ၅:၂၁) သူတို့သည် ရောမအရီနာကွင်းတွင် သေဘေးနှင့်ရင်ဆိုင်ရလျှင်ပင် ယင်းသတိပေးချက်ကို လိုက်နာခဲ့ကြသည်။

သို့ရာတွင် ပထမရာစုခရစ်ယာန်များသည် ပူဇော်ရာယဇ်အဖြစ် ခရစ်တော်သေဆုံးခြင်းကို အလွန်တန်ဖိုးထားလေးမြတ်ခဲ့ကြသည်။ ယနေ့လည်း ထပ်တူဖြစ်၏။ ယေရှုအား ညှဉ်းဆဲသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့်အရာကို ကိုးကွယ်ဖို့မဟုတ်သော်လည်း ယေရှု၏သေခြင်းသည် မစုံလင်သည့်လူသားများ ကယ်တင်ခြင်းရရန် ဘုရားသခင်ပြင်ဆင်ပေးတော်မူသော နည်းလမ်းဖြစ်ကြောင်း ခရစ်ယာန်စစ်များ သတိရကြသည်။ (မဿဲ ၂၀:၂၈) ဘုရားသခင်၏မေတ္တာတော်ဆိုင်ရာ ဤအမြင့်မြတ်ဆုံးဖော်ပြချက်က အမှန်တရားကိုမြတ်နိုးသူများအတွက် ထာဝစဉ်အသက်ရှင်ခွင့်အပါအဝင် မရေမတွက်နိုင်သော ကောင်းချီးများ ခံစားစေမည်ဖြစ်သည်။—⁠ယောဟန် ၁၇:၃; ဗျာ. ၂၁:၃၊ ၄

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရောမတို့ ကွပ်မျက်အပြစ်ပေးရာ၌ သစ်တိုင်ကိုအသုံးပြုကြောင်း ရှေးပန်းချီကားအချို့က ပုံဖော်ထား

[Credit Line]

Rare Books Division, The New York Public Library, Astor, Lenox and Tilden Foundations