မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ အဘယ်ကြောင့် အိုမင်းရ

ကျွန်ုပ်တို့ အဘယ်ကြောင့် အိုမင်းရ

ကျွန်ုပ်တို့ အဘယ်ကြောင့် အိုမင်းရ

‘လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဆင်းရဲခြင်းနှင့်ပြည့်စုံပါ၏။’—ယောဘ ၁၄:၁

သက်ရှိမှန်သမျှ တစ်ချိန်ချိန်တွင် မလွဲမသွေ တဖြည်းဖြည်း ပျက်စီးယိုယွင်းသွားရမည်ဟု သင်ယူမှတ်ပေမည်။ နေ့စဉ်အသုံးပြုသော မော်တော်ကားများနှင့် ရေဒီယိုများသည် နောက်ဆုံး အလုပ်မလုပ်တော့ပေ။ ထိုနည်းတူ တိရစ္ဆာန်များလည်း အိုမင်းလာကာ သေကြရသည်ကို မယုံနိုင်စရာအကြောင်းမရှိပေ။ သို့သော် သတ္တဗေဒပါမောက္ခ စတီဗင် အော့စတာ့ဒ် ဤသို့ရှင်းပြသည်– “သက်ရှိသတ္တဝါများသည် စက်ကိရိယာများနှင့် လွန်စွာခြားနားသည်။ သက်ရှိသတ္တဝါများ၏ ထူးခြားသော အခြေခံအကျဆုံးလက္ခဏာမှာ မိမိတို့ဘာသာ ပြန်လည်ပြုပြင်နိုင်စွမ်းရှိခြင်းဖြစ်သည်။”

ထိခိုက်ဒဏ်ရာရပြီးနောက် သင့်ခန္ဓာကိုယ်၏ မိမိဘာသာ ပြန်လည်ပြုပြင်ပုံသည် ထူးဆန်းအံ့ဩဖွယ်ဖြစ်သည်။ သို့သော် ထိခိုက်ဒဏ်ရာရမှမဟုတ်ဘဲ ခန္ဓာကိုယ်၏ ပုံမှန် ပြုပြင်ခြင်းက ပို၍မှတ်သားဖွယ်ကောင်းသည်။ သာဓကအနေနှင့် သင်၏အရိုးများကို စဉ်းစားကြည့်ပါ။ အမေရိကန်သိပ္ပံ (Scientific American) မဂ္ဂဇင်းက ဤသို့ရှင်းပြသည်– “အရိုးများကို အပြင်ဘက်မှကြည့်သောအခါ သက်မဲ့ဟုထင်ရသော်လည်း ယင်းတို့သည် သက်ရှိတစ်ရှူးများဖြစ်ကာ လူကြီးဘဝတစ်လျှောက် မိမိဘာသာ မရပ်မနား ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်သည်။ ဤပြန်လည်တည်ဆောက်ခြင်းဖြစ်စဉ်သည် အရိုးအားလုံးကို ၁၀ နှစ်တစ်ကြိမ် အသစ်အစားထိုးပေးသည်။” သင့်ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသည် ယင်းထက်ပို၍ မကြာခဏပင် အသစ်ပြုပြင်ကြသည်။ သင့်အရေပြား၊ အသည်းနှင့် အူများရှိ အချို့သောဆဲလ်များသည် နေ့တိုင်းနီးပါးပင် အသစ်အစားထိုးကြပေမည်။ သင့်ခန္ဓာကိုယ်သည် အစားထိုးရန် စက္ကန့်တိုင်းတွင် ၂၅ သန်းခန့်သော ဆဲလ်အသစ်များကို ထုတ်လုပ်ပေးသည်။ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် အမြဲတစေ အသစ်ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခြင်းမခံရပါက သင်သည် ကလေးဘဝတွင်ပင် အိုမင်းလာပေမည်။

ဇီဝဗေဒပညာရှင်များသည် သက်ရှိဆဲလ်အတွင်းရှိ မော်လီကျူးများကို စတင်လေ့လာသောအခါ ကျွန်ုပ်တို့ တဖြည်းဖြည်း ပျက်စီးယိုယွင်းမသွားဟူသောအချက်မှာ ပို၍ပင်မှတ်သားဖွယ်ဖြစ်သည်ကို အသိအမှတ်ပြုခဲ့ကြပုံရသည်။ ဆဲလ်များကို ဆဲလ်အသစ်များဖြင့် အစားထိုးသည့်အခါ ထိုဆဲလ်အသစ်တစ်ခုစီတွင် သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ပုံမှန်လည်ပတ်စေနိုင်သည့် မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များစွာ ပါဝင်သော မော်လီကျူးဖြစ်သည့် ဒီအဲန်အေပုံတူတစ်ခု ရှိရမည်ဖြစ်သည်။ လူတစ်ဦးစီ၏အသက် အစပြုချိန်မှ အသက်ရှင်ချိန်တစ်လျှောက် ခန္ဓာကိုယ်အတွင်းတွင် ဒီအဲန်အေ အကြိမ်ပေါင်းမည်မျှ အသစ်ထုတ်လုပ်ပေးရမည်ကို စဉ်းစားကြည့်ပါ! ဤအချက် မည်မျှဆန်းကြယ်သည်ကို နားလည်ရန် မိတ္တူကူးစက်ဖြင့် စာတစ်စောင်ကို သင်မိတ္တူကူးပြီးနောက် ထိုမိတ္တူအသစ်ကိုသုံးပြီး နောက်တစ်စောင်ထပ်ကူးလျှင် ဘာဖြစ်မည်ကို စဉ်းစားကြည့်ပါ။ ယင်းသို့ထပ်ကာထပ်ကာပြုလုပ်ပါက ထွက်လာသောမိတ္တူများ၏ အရည်အသွေးမှာ တဖြည်းဖြည်း ညံ့လာကာ နောက်ဆုံး လုံးဝပင်ဖတ်၍ရတော့မည်မဟုတ်ပေ။ ဝမ်းသာစရာမှာ ဆဲလ်များ ထပ်ကာထပ်ကာပွားသော်လည်း ကျွန်ုပ်တို့၏ ဒီအဲန်အေ အရည်အသွေးမှာမူ ကျဆင်းသွားခြင်း၊ ပျက်စီးယိုယွင်းသွားခြင်းမရှိချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဆဲလ်များ၌ ဒီအဲန်အေပုံတူပွားရာတွင် ဖြစ်ပေါ်လာသောအမှားများကို ပြုပြင်ပေးသည့်နည်းလမ်းများစွာရှိ၍ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက လူသားများသည် ကြာမြင့်စွာကပင် ပျောက်ကွယ်သွားမည်ဖြစ်သည်။

ကြီးမားသောအစိတ်အပိုင်းများမှအစ သေးငယ်သောမော်လီကျူးများအဆုံး ခန္ဓာကိုယ်၏အစိတ်အပိုင်းအားလုံးသည် မပြတ်အစားထိုးခံနေရ သို့မဟုတ် ပြုပြင်ခံနေရသောကြောင့် အိုမင်းခြင်းသည် ဆဲလ်များ ပျက်စီးယိုယွင်းခြင်းကြောင့်မဟုတ်ချေ၊ ထို့ကြောင့် အိုမင်းခြင်းကို အပြည့်အဝ မရှင်းပြနိုင်ပေ။ ခန္ဓာကိုယ်၏ များပြားလှသောစနစ်များသည် နှစ်ပေါင်းများစွာ မိမိတို့ဘာသာ မတူညီသောနည်းနှင့် မတူညီသောနှုန်းတို့ဖြင့် ပြုပြင်အစားထိုးကြသည်။ သို့ဆိုလျှင် ယင်းတို့အားလုံးသည် အဘယ်ကြောင့် တစ်ပြိုင်နက် အလုပ်မလုပ်ကြတော့သနည်း။

အိုမင်းရန် အစီအစဉ်ရေးဆွဲထားသလော

အိမ်မွေးကြောင်တစ်ကောင်သည် အနှစ် ၂၀ အသက်ရှင်သော်လည်း ယင်းနှင့်အရွယ်အစားတူသော မြောက်အမေရိကတိုက်ရှိ သားပိုက်ကောင်မျိုးသည် အဘယ်ကြောင့် ၃ နှစ်သာ အသက်ရှင်သနည်း။ လင်းနို့သည် အနှစ် ၂၀၊ ၃၀ အသက်ရှင်နိုင်သော်လည်း ကြွက်တစ်ကောင်သည် အဘယ်ကြောင့် ၃ နှစ်သာ အသက်ရှင်သနည်း။ ကုန်းလိပ်ကြီးတစ်ကောင်သည် အနှစ် ၁၅၀ အသက်ရှင်နိုင်သော်လည်း ဆင်တစ်ကောင်သည် အဘယ်ကြောင့် အနှစ် ၇၀ သာ အသက်ရှင်သနည်း။ အစားအစာ၊ ကိုယ်အလေးချိန်၊ ဦးနှောက်အရွယ်အစားနှင့် ဇီဝတွင်းစွမ်းအင်ဖြစ်ပျက်မှုနှုန်း စသောအချက်တို့က ယင်းတို့၏ သက်တမ်းမတူညီမှုကို နားမလည်စေပါ။ ဗြိတဲန်နီကာစွယ်စုံကျမ်း က “မျိုးရိုးဗီဇသင်္ကေတတွင် မျိုးစိတ်တစ်ခု အသက်ရှင်နိုင်သည့် သက်တမ်းထက်ကျော်လွန်သော သက်တမ်းအတွက် မှတ်သားဖော်ပြသည့် ညွှန်ကြားချက်များ ပါဝင်သည်” ဟုဆိုသည်။ မျိုးရိုးဗီဇများတွင် အရှည်ဆုံးသက်တမ်းအထိ အစီအစဉ်ရေးဆွဲထားသည်။ သို့သော် လူ့သက်တမ်းကုန်ခါနီးတွင် ခန္ဓာကိုယ်လုပ်ဆောင်ချက်အားလုံးကို အဘယ်အရာက စတင်ယုတ်လျော့စေသနည်း။

မော်လီကျူးဇီဝဗေဒ ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ဂျွန် မက်ဒီးနာက “တစ်ချိန်ချိန်တွင် ထူးဆန်းဖွယ်အချက်ပြမှုများပေါ်လာပြီး ဆဲလ်များအား သူတို့၏ပုံမှန်လုပ်ဆောင်မှုများကို ဆက်မလုပ်တော့ရန် ညွှန်ကြားပုံရသည်” ဟုရေးသားခဲ့သည်။ သူကထပ်ပြီး “ဆဲလ်များနှင့် သက်ရှိတစ်ခုလုံးကို အိုမင်းရန်နှင့် သေဆုံးရန် ညွှန်ကြားသော မျိုးရိုးဗီဇရှိသည်” ဟုလည်းဆိုသည်။

ဆယ်စုနှစ်များတစ်လျှောက် လုပ်ငန်းများ အောင်မြင်စွာလုပ်လာခဲ့သော ကုမ္ပဏီတစ်ခုနှင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို နှိုင်းယှဉ်နိုင်သည်။ မန်နေဂျာများသည် ရုတ်တရက် လုပ်သားအသစ်များ ခန့်ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ မလုပ်တော့၊ စက်များကို ပြုပြင်အစားထိုးခြင်းများ မပြုတော့၊ အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းပြီး ပြန်လည်မွမ်းမံခြင်းများ မပြုလုပ်တော့ပေ။ မကြာခင် လုပ်ငန်းမှာ စတင်ကျဆင်းလာသည်။ ထိုမန်နေဂျာအားလုံးသည် သူတို့၏အောင်မြင်နေသော နည်းစနစ်များကို အဘယ်ကြောင့် ပြောင်းလဲပစ်ကြသနည်း။ ယင်းမေးခွန်းသည် အိုမင်းခြင်းကို လေ့လာသော ဇီဝဗေဒပညာရှင်များ ရင်ဆိုင်နေရသည့် မေးခွန်းနှင့်ဆင်တူသည်။ အိုမင်းခြင်း၏ အချိန်နာရီ (The Clock of Ages) စာအုပ်က “အိုမင်းခြင်းကို သုတေသနပြုရာတွင် အကြီးမားဆုံး နက်နဲရာတစ်ခုမှာ ဆဲလ်များ အဘယ်ကြောင့် ပုံတူမပွားတော့ဘဲ စတင်သေဆုံးလာကြသနည်း ဟူသည့်အချက်ကို နားလည်ရန်ကြိုးစားခြင်းပင်ဖြစ်သည်” ဟုဆိုသည်။

အိုမင်းခြင်းကို ကုစားနိုင်မည်လော

အိုမင်းခြင်းသည် “ဇီဝဗေဒဆိုင်ရာပြဿနာများတွင် အရှုပ်ထွေးဆုံး” ဟုဆိုကြသည်။ ဆယ်စုနှစ်များစွာ သိပ္ပံနည်းကျ သုတေသနပြုပြီးနောက်တွင် အိုမင်းခြင်းကို ကုစားနိုင်ဖို့ဝေးစွ၊ အိုမင်းရသည့် အကြောင်းရင်းကိုပင် မတွေ့ရှိခဲ့ကြချေ။ ၂၀၀၄ ခုနှစ်ထုတ် အမေရိကန်သိပ္ပံ (Scientific Amercian) မဂ္ဂဇင်းတွင် အိုမင်းခြင်းကို လေ့လာသော သိပ္ပံပညာရှင် ၅၁ ဦး၏ သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် “လူသားများ၏ အိုမင်းမှုနှုန်းကို နှေးကွေးစေသော၊ ရပ်တန့်စေသော သို့မဟုတ် ဆန့်ကျင်နိုင်သော ဈေးကွက်တင်နိုင်သည့် အဘယ်ကုသနည်းကိုမျှ လောလောဆယ် မတွေ့ရှိသေးပါ” ဟုဆိုသည်။ သင့်တင့်မျှတသောဓာတ်စာနှင့် ကိုယ်လက်လှုပ်ရှားခြင်းတို့က သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါကြောင့် အချိန်မတန်ဘဲ သေဆုံးမည့်အန္တရာယ်ကို လျှော့ချပေးနိုင်သော်လည်း အဘယ်အရာကမျှ အိုမင်းမှုနှုန်းကို နှေးကွေးစေနိုင်မည်မဟုတ်ပါ။ ဤကောက်ချက်က သမ္မာကျမ်းစာပါ ယေရှု၏ဤစကားများကို အမှတ်ရစေသည်– “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။”—မဿဲ ၆:၂၇

အိုမင်းခြင်းအတွက် ကုသနည်းရှာဖွေသည့်ဖြစ်စဉ် အချုပ်ကို မက်ဒီးနာက ဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်တို့ အဘယ်ကြောင့် အိုမင်းရသနည်းဟူသည့် အခြေခံအကျဆုံးမေးခွန်းကို အမှန်တကယ် နားမလည်သေးပေ။ . . . လွန်ခဲ့သောဆယ်စုနှစ်များက ကင်ဆာတိုက်ဖျက်ရေးကင်ပိန်းကို အစပြုလုပ်ဆောင်ခဲ့သော်လည်း ယခုတိုင် ဆေးမတွေ့သေးချေ။ အိုမင်းခြင်းဖြစ်စဉ်သည် ကင်ဆာနှင့်ပတ်သက်သော အကြောင်းများထက် အလွန့်အလွန် ပို၍ရှုပ်ထွေးပေသည်။”

သုတေသနပြုချက်က အရေးကြီးသည့် ကောက်ချက်ချစေ

သက်ရှိများ၏လုပ်ဆောင်ပုံနှင့် ၎င်းတို့ အိုမင်းရခြင်းအကြောင်းကို သုတေသနပြုမှုက အသက်ရှည်ရှည်နေရမည့် မျှော်လင့်ချက်အားလုံးကို ပျက်စီးမသွားစေပါ။ အချို့သူတို့သည် မိမိတို့၏သုတေသနပြုမှုကြောင့် အိုမင်းရခြင်းအကြောင်းကိုနားလည်ရန် အရေးကြီးသောကောက်ချက်တစ်ခုကို မဖြစ်မနေ ချခဲ့ရသည်။ မော်လီကျူးဆိုင်ရာ ဇီဝဓာတုဗေဒပညာရှင် မိုက်ကယ် ဘီဟီ ဤသို့ရေးသားခဲ့သည်– “လွန်ခဲ့သောနှစ်လေးဆယ်ကျော်က ခေတ်သစ်ဇီဝဓာတုဗေဒကြောင့် ယခင်ကမသိသော ဆဲလ်၏လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ဆဲလ်များကို ရှာဖွေလေ့လာရန်နှင့် အသက်ကို မော်လီကျူးအဆင့်အထိ ရှာဖွေလေ့လာရန် အကြီးအကျယ်ကြိုးစားမှုများ၏ ရလဒ်မှာ သက်ရှိများကို ပုံစံပြုလုပ်သူရှိသည်ဟူသော ရှင်းလင်း၍ မငြင်းနိုင်သည့်အချက်ကို သိလာရခြင်းပင်ဖြစ်၏!” သက်ရှိများကို တစ်စုံတစ်ဦးက အသိဉာဏ်ရှိစွာ ပုံစံပြုလုပ်ခဲ့ပါသည်။ အမှန်မှာ၊ ထိုသို့ကောက်ချက်ချခဲ့သူများတွင် ဘီဟီသည် ဦးဆုံးမဟုတ်ပါ။ လူ့ခန္ဓာဖွဲ့စည်းပုံကို အသေအချာသုံးသပ်ပြီးနောက် ရှေးခေတ်မှဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်။”—ဆာလံ ၁၃၉:၁၄

သက်ရှိများ ပုံစံပြုခံရကြသည်ဆိုလျှင် စိတ်ဝင်စားဖွယ် ဤမေးခွန်း ပေါ်ပေါက်လာသည်။ ကြီးမြတ်တော်မူသော ပုံစံပြုရှင် ဘုရားသခင်သည် လူသားများကို တိရစ္ဆာန်အများစု၏ သက်တမ်းလောက်သာ ဖန်ဆင်းခဲ့သလော သို့မဟုတ် တိရစ္ဆာန်များထက် သက်တမ်းရှည်စွာ အသက်ရှင်စေလိုတော်မူသလော။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

‘ကျွန်ုပ်တို့သည် ထူးဆန်းသော လက္ခဏာနှင့် ဖန်ဆင်းခံခဲ့ရ’

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယိုယွင်းပျက်စီးခြင်းက အိုမင်းရခြင်း၏ အကြောင်းရင်းလော

[Picture Credit Line on page 6]

DNA: Photo: www.comstock.com