မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါဘာကြောင့် စာဖတ်ရမလဲ

ငါဘာကြောင့် စာဖတ်ရမလဲ

လူငယ်များအမေး . . .

ငါဘာကြောင့် စာဖတ်ရမလဲ

“စာဖတ်ရတာ ကျွန်မစိတ်မရှည်ဘူး။ အဲ့ဒီအစား တီဗွီပဲကြည့်ချင်တယ်။”—မာဂရီးတာ၊ ၁၃ နှစ်၊ ရုရှား။

“စာဖတ်တာနဲ့ ဘတ်စကက်ဘောကစားတာကို ရွေးချယ်ရမယ်ဆိုရင် ဘတ်စကက်ဘောကစားတာကို ပိုကြိုက်တယ်။”—အော်စကာ၊ ၁၉ နှစ်၊ အမေရိကန်ပြည်ထောင်စု။

ဤစာကြောင်း အထိ သင်အချိန်ယူဖတ်ကြည့်ခဲ့ပြီဆိုပါက စာဖတ်ခြင်းသည် သင်ယူရန်အရေးကြီးသော စွမ်းရည်တစ်ခုဖြစ်ကြောင်း သင်နားလည်နိုင်ပါသည်။ သို့သော် စာအုပ်တစ်အုပ် သို့မဟုတ် မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်ကိုပင် အာရုံစိုက်ဖတ်ရှုဖို့အရေးသည် ဆေးသောက်ခြင်းနှင့်တူသည်ဟု သင်ယူမှတ်ပေမည်။ ယင်းသည် သင့်အတွက်ကောင်းကြောင်း သိသော်လည်း သင်မပြုလုပ်လိုပေ။

စာဖတ်ရာတွင် ကြုံရသည့် စိန်ခေါ်ချက်များနှင့် အကျိုးကျေးဇူးများအကြောင်းကို ၁၁ နိုင်ငံမှ လူငယ်များအား နိုးလော့! မဂ္ဂဇင်းက လူတွေ့မေးမြန်းခဲ့ပါသည်။ သူတို့ပြောဆိုရာများကို အောက်တွင်ဖော်ပြထားပါသည်။

အထက်ပါမှတ်ချက်များ ဖော်ပြသည့်အတိုင်း စာဖတ်ခြင်းက သင့်ယုံကြည်စိတ်ချမှုကို တိုးပွားစေကာ အသိအမြင်ကျယ်စေနိုင်သည်။ ထို့ပြင် ကျမ်းစာနှင့် ဤမဂ္ဂဇင်းအပါအဝင် ကျမ်းစာအခြေပြုစာပေများ ဖတ်ရှုခြင်းက “ဘုရားသခင်၌ချဉ်းကပ်” ရန် သင့်ကိုကူညီပေးပါလိမ့်မည်။ (ယာကုပ် ၄:၈) ထို့ကြောင့် စာဖတ်ခြင်းသည် သင့်အတွက် စိန်ခေါ်ချက်ဖြစ်သည့်တိုင် လက်မလျှော့ပါနှင့်!

စာဖတ်ခြင်းက စိန်ခေါ်ချက်တစ်ခုဖြစ်တယ်လို့ ဘာကြောင့်ယူဆသလဲ။

“စာဖတ်ဖို့အတွက် ကျွန်မ အချိန် မပေးနိုင်သလောက်ပဲ။”—ဆဲမ်ဆီဟန်၊ ၁၉ နှစ်၊ ဂျာမနီ။

“စာဖတ်ခြင်းက တကယ်ခက်တဲ့အလုပ်ပဲ။ ကျွန်တော်က နည်းနည်းပျင်းတယ်။”—အီဇီကီရယ်လ်၊ ၁၉ နှစ်၊ ဖိလစ်ပိုင်။

ပျင်းဖို့ကောင်းတဲ့ အကြောင်းအရာတွေ ဖတ်ခိုင်းတာမျိုးကို ကျွန်တော် သိပ်မုန်းတယ်။”—ခရစ္စတီယန်၊ ၁၅ နှစ်၊ အင်္ဂလန်။

“စာအုပ်က ပါးပါးလေးဆိုရင် ကျွန်မဖတ်ချင်တယ်။ ဒါပေမဲ့ စာအုပ်အထူကြီးဆိုရင်တော့ ကျွန်မ သိပ်ကြောက်တာပဲ။” —အီရီကို၊ ၁၈ နှစ်၊ ဂျပန်။

“တခြားအရာတွေကြောင့် အာရုံပျံ့လွင့်သွားဖို့ သိပ်လွယ်တယ်။ ကျွန်တော် အာရုံမစိုက်နိုင်ဘူး။”—ဖရန်စစ္စကို၊ ၁၃ နှစ်၊ တောင်အာဖရိက။

ခရစ်ယာန်လူငယ်တွေဟာ သမ္မာကျမ်းစာကိုဖတ်ရှုဖို့ အားပေးခံရတယ်။ (ဆာလံ ၁:၁-၃) အဲဒါက သင့်အတွက်ခက်သလား။ ခက်တယ်ဆိုရင် ဘာကြောင့်လဲ။

“သမ္မာကျမ်းစာက အထူကြီးပဲ။ ကျွန်မရဲ့တစ်သက်တာမှာ ဖတ်လို့ပြီးနိုင်မှာမဟုတ်ဘူးလို့ထင်တယ်။”—အယ်နာ၊ ၁၃ နှစ်၊ ရုရှား။

“သမ္မာကျမ်းစာထဲက အချို့အကြောင်းအရာတွေက လေးနက်တယ်။ သိပ်စိတ်ဝင်စားဖို့ မကောင်းဘူး။”—ဂျက်ဇ်ရီးလ်၊ ၁၁ နှစ်၊ အိန္ဒိယ။

“ကျွန်မမှာ အချိန်ဇယား စနစ်တကျမရှိ တဲ့အတွက် ကျမ်းစာမှန်မှန်ဖတ်ဖို့ ခက်တယ်။”—အဲလ်ဆာ၊ ၁၉ နှစ်၊ အင်္ဂလန်။

“အိမ်မှုကိစ္စတွေ၊ ကျောင်းစာတွေနဲ့ပဲ ကျွန်မ အချိန်ကုန် နေတဲ့အတွက် ကျမ်းစာဖတ်ဖို့ဆိုတာ စိန်ခေါ်ချက်ဖြစ်တယ်။”—ဆူရီစာဒီ၊ ၁၄ နှစ်၊ မက္ကဆီကို။

“ကျွန်တော် ဝါသနာပါတဲ့အရာတွေ အတွက် သုံးတဲ့အချိန်ကို လျှော့ချနိုင်မယ်မထင်ဘူး။ ဒါကြောင့် ကျွန်တော့်အတွက် ကျမ်းစာဖတ်ဖို့သိပ်ခက်တယ်။”—ရှိုး၊ ၁၄ နှစ်၊ ဂျပန်။

စာဖတ်ခြင်းက စိန်ခေါ်ချက်တစ်ခု ဖြစ်နိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကြိုးစားရကျိုးနပ်သလား။ စာဖတ်ခြင်းကနေ ဘယ်လိုအကျိုးခံစားရသလဲ။

“စာဖတ်ခြင်းကြောင့် ကျွန်မ အသိအမြင်ကျယ်လာတယ်။ လူတွေနဲ့စကားပြောတဲ့အခါ ပိုပြီးယုံကြည် စိတ်ချမှု ရှိစေပါတယ်။”—မိုနီးရှား၊ ၁၄ နှစ်၊ အိန္ဒိယ။

“စာဖတ်ခြင်းက ကျွန်မကို အပန်းပြေစေပြီး ကျွန်မရဲ့ပြဿနာတွေကို မေ့ထားဖို့ အကူအညီဖြစ်စေတယ်။”—အေလီဆန်၊ ၁၇ နှစ်၊ ဩစတြေးလျ။

“စာဖတ်ခြင်းက ကျွန်တော် ဘယ်တော့မှ သွားမလည်ပတ်နိုင်တဲ့ နေရာတွေဆီ ကျွန်တော့်ကို ခေါ်သွားတယ်။”—ဒူအန်၊ ၁၉ နှစ်၊ တောင်အာဖရိက။

“စာဖတ်ခြင်းက တခြားသူတွေ ပြောတဲ့အရာတွေကိုပဲ အားကိုးနေမယ့်အစား ကိုယ်ကိုယ်တိုင် စူးစမ်းရှာဖွေဖို့ အကူအညီဖြစ်စေတယ်။”—အဘိဟု၊ ၁၆ နှစ်၊ မက္ကဆီကို။

စာဖတ်တာကို နှစ်သက်လာအောင် ဘာကအကူအညီပေးသလဲ။

“ကျွန်မ ငယ်ငယ်လေးကတည်းက အသံကျယ်ကျယ်စာဖတ်ဖို့ မိဘတွေကအားပေးခဲ့တယ်။” —တန်ယာ၊ ၁၈ နှစ်၊ အိန္ဒိယ။

“စာဖတ်တဲ့အခါမှာ အဖြစ်အပျက်ကို မြင်ယောင်လာနိုင်အောင် ကျွန်တော့်ရဲ့ စိတ်ကူးဉာဏ်ကိုသုံးဖို့ မိဘတွေက အားပေးတယ်။”—ဒယ်နီယဲလ်၊ ၁၈ နှစ်၊ အင်္ဂလန်။

“ကျမ်းစာဖတ်တဲ့အခါ ဆာလံကျမ်း၊ နယပုံပြင်ကျမ်းတို့လိုမျိုး ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ကျမ်းတွေကို စဖတ်ဖို့ ကျွန်မအဖေက အကြံပေးတယ်။ အခုဆိုရင် ကျမ်းစာဖတ်ရတာ ဝန်ထုပ်တစ်ခုမဟုတ်ဘဲ ပျော်လာတယ်။”—ချာရီးန်၊ ၁၆ နှစ်၊ တောင်အာဖရိက။

“ကျွန်မ လေးနှစ်အရွယ်မှာ မိဘတွေက ကျွန်မအတွက် စာကြည့်စားပွဲနဲ့စာအုပ်စင် ထားပေးပြီး စာအုပ်စင်မှာ ကျွန်မမွေးကတည်းက ကျွန်မအတွက် သူတို့သိမ်းထားတဲ့စာအုပ်အားလုံး ရှိတယ်။” —အေရီ၊ ၁၄ နှစ်၊ ဂျပန်။

မ္မာကျမ်းစာဖတ်ရှုဖို့ အရေးကြီးတယ်လို့ ဘာကြောင့်ထင်သလဲ။

“ကျမ်းစာနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့အရာ အတော်များများကို လူတွေယုံကြည်ကြတယ်။ ဒါကြောင့် ဒီအကြောင်းအရာတွေ မှန်မမှန် သင်ကိုယ်တိုင်စစ်ဆေးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။” (တမန်တော် ၁၇:၁၁)—မက်သရူး၊ ၁၅ နှစ်၊ အမေရိကန်ပြည်ထောင်စု။

“သမ္မာကျမ်းစာကို ကောင်းကောင်းတွေးတောဆင်ခြင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျမ်းစာဖတ်ရှုခြင်းက ကျွန်မရဲ့ယုံကြည်ချက်တွေအကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရှင်းရှင်းလင်းလင်းပြောပြဖို့ အကူအညီပေးတယ်။” (၁ တိမောသေ ၄:၁၃)—ဂျေန်း၊ ၁၉ နှစ်၊ အင်္ဂလန်။

“ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါ ကျွန်တော့်ကို တိုက်ရိုက်စကားပြောနေတယ်လို့ ခံစားရတယ်။ တစ်ခါတလေ အဲဒါက ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှုတွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်။” (ဟေဗြဲ ၄:၁၂)—ဩဗဒိုင်ယာ၊ ၁၅ နှစ်၊ အိန္ဒိယ။

“ကျမ်းစာထဲမှာ ကျွန်မနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုယူမှတ်တယ် ဆိုတာ ဖော်ပြထားပြီး အကြံဉာဏ်ကောင်းတွေ ပေးထားတဲ့အတွက် ကျမ်းစာဖတ်ရှုခြင်းကို နှစ်သက်လာအောင် ကျွန်မသင်ယူနေပါတယ်။” (ဟေရှာယ ၄၈:၁၇၊ ၁၈)—ဗစ်တိုးရီးယား၊ ၁၄ နှစ်၊ ရုရှား။

ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို ဘယ်အချိန်မှာဖတ်ရှုသလဲ။

“ကျွန်မမှာ ဇယားတစ်ခုရှိပါတယ်။ မနက်တိုင်း အိပ်ရာထတာနဲ့ အရင်ဆုံး ကျမ်းစာတစ်ခန်းဖတ်ပါတယ်။”—လာအက်စ်၊ ၁၇ နှစ်၊ ဘရာဇီး။

“ကျောင်း အသွားအပြန် ရထားပေါ်မှာ ကျမ်းစာနဲ့တခြား ခရစ်ယာန်စာပေတွေကိုဖတ်တယ်။ ဒီလုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နိုင်ခဲ့တာ လေးနှစ်ရှိပြီ။”—တာအီချီ၊ ၁၉ နှစ်၊ ဂျပန်။

“အိပ်ရာမဝင်ခင် ညတိုင်း ကျမ်းစာအနည်းငယ်ဖတ်တယ်။” —မာရီယာ၊ ၁၅ နှစ်၊ ရုရှား။

“နေ့တိုင်း ‘ကင်းမျှော်စင်’ ဒါမှမဟုတ် ‘နိုးလော့!’ လေးမျက်နှာ ဖတ်တယ်။ နောက်တစ်စောင် မရောက်လာခင် မဂ္ဂဇင်းတစ်စောင်လုံးပြီးအောင် ဖတ်နိုင်တယ်။”—အီရီကို၊ ၁၈ နှစ်၊ ဂျပန်။

ကျောင်းမသွားခင် မနက်တိုင်း ကျမ်းစာဖတ်တယ်။”—ဂျိမ်းစ်၊ ၁၇ နှစ်၊ အင်္ဂလန်။

ချင့်တွေးစရာ

▪ သမ္မာကျမ်းစာဖတ်ရှုရန် သင့်အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။

▪ သမ္မာကျမ်းစာနှင့် ကျမ်းစာ,စာပေများဖတ်ရန် မည်သို့ ‘အချိန်ဝယ်ယူ’ နိုင်သနည်း။—ဧဖက် ၅:၁၅၊ ၁၆၊ ကဘ။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

ဆက်စပ်ကြည့်ပါ

သင်နှင့် သင့်ပတ်ဝန်းကျင်အကြောင်း သင်သိရှိထားရာများနှင့် ဖတ်ရှုသည့်အရာကို ဆက်စပ်ပါ။ မိမိကိုယ်ကို အောက်ပါမေးခွန်းများ မေးပါ–

အကြောင်းအရာချင်းဆက်စပ်ပါ ဒီမှာဖော်ပြထားတဲ့ အခြေအနေတွေ၊ ပြဿနာတွေက အခြားစာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ သမိုင်းမှတ်တမ်းတွေမှာ ငါဖတ်ခဲ့တဲ့အကြောင်းနဲ့ တူသလား။ ငါသိထားတဲ့ တခြားသူတွေဆီမှာရှိတဲ့ စရိုက်မျိုး ဒီဇာတ်ကောင်တွေမှာရှိသလား။

သင်နှင့်ဆက်စပ်ပါ ဒီအကြောင်းအရာက ငါ့အခြေအနေ၊ ငါ့ယဉ်ကျေးမှု၊ ငါ့ပြဿနာတွေနဲ့ ဘယ်လိုဆက်စပ်မှုရှိသလဲ။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်၊ ငါ့ဘဝ ပိုတိုးတက်ကောင်းမွန်လာအောင် ဒီအကြောင်းအရာကို အသုံးပြုနိုင်မလား။

ပတ်ဝန်းကျင်နှင့်ဆက်စပ်ပါ ဒီအကြောင်းအရာက သဘာဝတရား၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမျိုးမျိုး၊ လူ့အဖွဲ့အစည်းရဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး ငါ့ကိုဘာသင်ပေးသလဲ။ ဒီအကြောင်းအရာက ဖန်ဆင်းရှင်နဲ့ပတ်သက်ပြီး ဘာသွန်သင်ပေးသလဲ။