မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိပေးချက်များကို အလေးဂရုပြုခြင်းက အကျိုးပြု

သတိပေးချက်များကို အလေးဂရုပြုခြင်းက အကျိုးပြု

သတိပေးချက်များကို အလေးဂရုပြုခြင်းက အကျိုးပြု

ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၂၄ ရက်၊ ၂၀၀၅ ခုနှစ်။ ထိုနေ့သည် အမေရိကန်ပြည်ထောင်စု၊ လူဝီဇီယားနားပြည်နယ်၊ နယူးအော်လင်းဇ်မြို့အတွက် အလွန်ပူပြင်းပြီး စွတ်စိုထိုင်းမှိုင်းသောနေ့တစ်နေ့ဖြစ်သည်။ အယ်လန်နှင့် သူ့မိသားစုသည် အနောက်ဘက် မိုင် ၂၀၀ ကျော်တွင်ရှိသော တက္ကဆက်စ်ပြည်နယ်၊ ဗိုးမောန့်မြို့သို့ ငါးရက်ခရီးထွက်ခဲ့ကြသည်။ “ဖလော်ရီဒါအရှေ့ပိုင်းမှာ ကက်ထရီနာဟာရီကိန်းက အင်အားစုဆောင်းနေတယ်ဆိုတာကို ကျွန်တော်တို့မသိခဲ့ဘူး။ ဒါပေမဲ့ နယူးအော်လင်းဇ်မြို့ကို အဆင့် ၄၊ ၅ ရှိတဲ့ဟာရီကိန်းမုန်တိုင်း တိုက်ခတ်တော့မယ်ဆိုတာ သောကြာနေ့ညကျမှ သေချာသိတယ်” ဟု အယ်လန် ပြောပြသည်။

ဩဂုတ် ၂၈၊ တနင်္ဂနွေနေ့တွင် ကက်ထရီနာမုန်တိုင်းသည် အင်အားအပြင်းထန်ဆုံး ဟာရီကိန်း ဖြစ်တော့မည်မှာ ထင်ရှားသည်။ သို့ဖြစ်၍ နယူးအော်လင်းဇ်မြို့တော်ဝန်က မြို့မှထွက်ခွာဖို့ အမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် ထောင်နှင့်ချီသောယာဉ်များသည် မြောက်ဘက်နှင့်အနောက်ဘက်သို့ တဖြည်းဖြည်း ထွက်ခွာကြရာ လမ်းများ ပိတ်ဆို့လာသည်။ ကားမရှိကြသည့် ထောင်နှင့်ချီသောလူတို့သည် အမိုးအကာရှိသည့်နေရာများနှင့် စူပါဒုန်းအားကစားရုံကြီးသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ အချို့တို့မှာ ထွက်မပြေးကြဘဲ သူတို့အိမ်များတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ကြသည်။

‘နောက်တစ်ခါဆိုရင် ကျွန်တော်ရှေ့ဆုံးကနေပြေးတော့မယ်’

ယေဟောဝါသက်သေတစ်ဦးဖြစ်သည့် ဂျိုးသည် ထွက်မပြေးဘဲ အိမ်တွင်ခိုအောင်းနေခြင်းဖြင့် မုန်တိုင်းဒဏ်မှ လွတ်မြောက်နိုင်မည်ဟု ထင်ခဲ့သည်။ အကြောင်းမှာ ယခင် ဟာရီကိန်းများသည် အာဏာပိုင်များ ကြေညာခဲ့သလောက် မဆိုးဝါးခဲ့ဟု သူယူမှတ်၍ဖြစ်သည်။ သူ ဤသို့ပြောပြသည်– “ကျွန်တော်လွတ်မယ်လို့ ထင်ခဲ့တယ်။ လေကြီးမိုးကြီးလည်းကျရော ကျွန်တော့်အိမ်ခေါင်မိုး လွင့်ထွက်သွားတော့မှ အထင်နဲ့အမြင်မတူပါလားလို့ သိလိုက်ရတယ်။ ရေတက်လာလိုက်တာ သုံးနာရီအတွင်းမှာပဲ ဆယ်ပေအထိရောက်လာတယ်! ဒါနဲ့ ဒုတိယအထပ်ကို ကျွန်တော် တက်သွားလိုက်ရတယ်။ လေတိုက်တဲ့အသံကလည်း တဝုန်းဝုန်းနဲ့၊ လေကြမ်းလွန်းလို့ အိမ်နံရံတွေဆို ပြိုကျတော့မလိုပဲ။ မျက်နှာကြက်တွေ ပြုတ်ကျလာတော့ ကျွန်တော် ထွက်ပေါက်လိုက်ရှာရတော့တယ်။

“အရှိန်ပြင်းတဲ့ရေထဲ ခုန်ချရမလားလို့ စဉ်းစားမိသေးတယ်။ ဒါပေမဲ့ လှိုင်းလုံးကြီးတွေက ပြင်းထန်လွန်းလို့ မခုန်ချဝံ့ဘူး။ လမ်းတွေပေါ်မှာလည်း လှိုင်းခေါင်းဖြူတွေထနေတယ်။ ခုန်သာခုန်ချလိုက်ရင်တော့ သေမှာပဲ။”

နောက်ဆုံးတွင် လှေတစ်စီးက ဂျိုးကို ကယ်တင်လိုက်ပြီး တံတားတစ်ခုပေါ်သို့ ပို့ပေးခဲ့သည်။ ရေထဲတွင် အသေကောင်များပေါလောမျောနေကာ မစင်များနေရာတကာတွင် ရှိနေသည်။ ကားနောက်ဖုံးပေါ်တွင် သူ တစ်ညအိပ်လိုက်ရသည်။ ထို့နောက် ရဟတ်ယာဉ်စီးပြီး ဘတ်စကားနှင့်တစ်ဖန် နယူးအော်လင်းဇ်မြို့ အားကစားရုံသို့ သွားခဲ့သည်။ “‘ရေသန့် ဘယ်မှာရနိုင်မလဲ’ လို့ပဲ ကျွန်တော် တွေးနေမိပြီး စိတ်ဗလုံးဗထွေးဖြစ်နေတဲ့အတွက် အဲဒီကလူတွေက ကျွန်တော့်ကိုဂရုစိုက်ကြည့်ရှုပါတယ်။”

ဂျိုးသည် ဖြစ်ခဲ့သမျှကို ပြန်စဉ်းစားကြည့်သောအခါ ထိုအဖြစ်ဆိုးကို မလိုအပ်ဘဲကြုံခဲ့ရကြောင်း ဝန်ခံသည်။ “ကျွန်တော်သင်ခန်းစာရပြီ။ နောက်တစ်ခါ ‘ထွက်ပြေးကြ’ လို့ပြောတာနဲ့ ကျွန်တော် ရှေ့ဆုံးကနေပြေးတော့မယ်” ဟု သူပြောသည်။

သတိပေးချက်များကို သူလျစ်လျူရှုပြီးနောက်မှသစ်ပင်တစ်ပင်တွင် ခိုလှုံခဲ့ရ

မစ္စစ္စပီကမ်းရိုးတန်းမြို့များဖြစ်သော ဘလော့ခ်စီနှင့် ဂါ့လ်ဖ်ပေါ့တ်တို့သည် သေကျေပျက်စီးမှုအများဆုံးမြို့များဖြစ်သည်။ ၂၀၀၅၊ ဩဂုတ် ၃၁ ရက်ထုတ် နယူးယောက်တိုင်းမ် မဂ္ဂဇင်းအရ ဘလော့ခ်စီမြို့၏ ပြည်သူ့ရေးရာမန်နေဂျာ ဗင်းဆင့်ခရီးလ်က ဤသို့ဆိုခဲ့သည်– “[၁၉၆၉ ခုနှစ်မှာ] ကမီးလ်ဟာရီကိန်း တိုက်ခတ်ခဲ့တုန်းက လူနဲ့ အိမ်ရာအတော်များများ မပျက်စီးဘဲ လွတ်ခဲ့တဲ့အတွက် အခု ထွက်ပြေးပါလို့ အမိန့်ထုတ်တဲ့အခါ လူအများစုက လျစ်လျူရှုခဲ့ကြတယ်။” ကမီးလ်ဟာရီကိန်းသည် ကက်ထရီနာဟာရီကိန်းထက် ပိုပြင်းထန်သည်ဟု ယူဆရသော်လည်း ခရီးလ် ပြောဆိုခဲ့သကဲ့သို့ပင် ‘ဆူနာမီရေလှိုင်းနီးပါးရှိသော လှိုင်းလုံးကြီးများကို ကက်ထရီနာက ဖြစ်ပေါ်စေခဲ့သည်။’

ဘလော့ခ်စီမြို့တွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည့် ဒေသခံအီနဲလ်သည် သတိပေးချက်များကို လျစ်လျူရှုခဲ့သူတစ်ဦးဖြစ်သည်။ သူဤသို့ပြောပြသည်– “မုန်တိုင်းတွေ တစ်ချိန်လုံးနီးပါးတိုက်ခတ်ခဲ့တာကို ကျွန်မတို့ခံရပ်နိုင်လို့ ကက်ထရီနာဖြစ်မယ်ဆိုတော့လည်း သိပ်မစိုးရိမ်မိဘူး။” အီနဲလ်သည် အသက် ၈၈ နှစ်ရှိသော သူ၏ယောက္ခမ၊ သား၊ သမီးနှင့် သမက်အပြင် ခွေးနှစ်ကောင်၊ ကြောင်သုံးကောင်တို့နှင့်အတူ ခိုင်ခံ့လုံခြုံသော သူတို့အိမ်မှ မထွက်ခွာဘဲ ထိုတွင်ခိုအောင်းနေရန် ဆုံးဖြတ်လိုက်သည်။ ဩဂုတ် ၂၉ ရက်၊ နံနက် ၁၀:၀၀ နာရီခန့်တွင် ဘလော့ခ်စီမြို့ကို မုန်တိုင်းတိုက်ခတ်လေတော့သည်။ အီနဲလ် ဤသို့ပြန်ပြောပြသည်– “အိမ်အနောက်ဘက်မှာရှိတဲ့ အိပ်ခန်းတစ်ခုထဲ ရေတွေစိမ့်ဝင်လာတာ ကျွန်မသတိထားမိတယ်။ နောက်တော့ တစ်အိမ်လုံးပဲ ရေတွေပြည့်လာတော့တယ်။ ဒါနဲ့ ထပ်ခိုးပေါ် တက်ပြေးကြတယ်။ ရေကတော့ ဆက်တက်တုန်းပဲ။ ချောင်ပိတ်နေမိမှာစိုးလို့ ထပ်ခိုးကနေ ထွက်ပြေးရတော့မယ်။ ဒါပေမဲ့ ဘယ်ကို ပြေးရမှာလဲ။

“ကျွန်မသားက ခြင်လုံစကာကို ဆုတ်ဖြဲလိုက်လို့ အိမ်အပြင်ကို ရေကူးထွက်ပြီး ခေါင်မိုးအစွန်းကိုကိုင်ထားရင်း ကိုယ်ဖော့နေကြတယ်။ အဲ့ဒီကနေ ကျွန်မတို့သုံးယောက်က ညာဘက်ကို ရေကူးသွားတယ်။ သမီးကတော့ ဘယ်ဘက်ကိုကူးသွားတယ်။ သစ်ပင်ကြီးတစ်ပင်ကို ကျွန်မသတိထားမိတာနဲ့ သားရယ်၊ ယောက္ခမရယ်၊ ကျွန်မရယ် သစ်ပင်ဆီ ရေကူးသွားပြီး မြဲမြဲကိုင်ထားလိုက်ကြတယ်။ အဲဒီအချိန်မှာပဲ သမီးက “အမေ၊ အမေ ကယ်ပါဦး” လို့ အော်တာကို ကြားလိုက်တယ်။ အိမ်ထပ်ခိုးကနေ နောက်ဆုံးမှထွက်လာတဲ့ သမက်က သူ့ဆီကူးသွားပြီး အိမ်နားမှာ ရေဝဲထဲပေါလောမျောနေတဲ့ ကျွန်မတို့ရဲ့လှေပေါ် သူတို့နှစ်ယောက်တက်သွားပြီး ကျွန်မတို့ကိုလည်း လှေပေါ်တက်ခိုင်းပေမဲ့ သစ်ပင်ပေါ်မှာပဲ ပိုလုံခြုံတယ်လို့ယူဆတယ်။

“လမ်းပေါ်ရော၊ အိမ်ပတ်ပတ်လည်မှာရော ရေစီးနေတာတွေကို သစ်ပင်ပေါ်ကနေ ကျွန်မတို့ကောင်းကောင်းတွေ့ရတယ်။ ဒီလိုဖြစ်နေရတာ ထွက်ပြေးပါဆိုတဲ့ သတိပေးချက်ကို နားမထောင်မိလို့ပဲ၊ ငါတော်တော်မိုက်တာပဲလို့ ခံစားမိတယ်။

“တဖြည်းဖြည်း ရေလျော့သွားတော့မှ ကျွန်မတို့အားလုံး လှေပေါ်တက်ရဲတော့တယ်။ အဲဒီနောက် မီးသတ်ကားတစ်စီးရောက်လာပြီး ကျွန်မတို့ကို ဆေးရုံကိုပို့ပေးတယ်။ အသက်ရှင်ကျန်ရစ်ခဲ့လို့ ကျေးဇူးတင်လိုက်တာ။”

သက်သေခံများ၏ ထွက်ခွာရေးအစီအစဉ်များ

ကက်ထရီနာဒဏ်ကြောင့် လူဝီဇီယားနားအရှေ့ဘက်မှ အလာဘာမားအထိ ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် အိမ်ပေါင်းထောင်ချီ ပျက်စီးခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စုရှိ ထိုဒေသအတွက် ဟာရီကိန်းများမှာ အသစ်အဆန်းမဟုတ်ပေ။ ထို့ကြောင့် ဘေးသင့်ချိန်အတွင်း ရွှေ့ပြောင်းရေးအစီအစဉ်များကို ယေဟောဝါသက်သေများ ပြုလုပ်ထားသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ နှစ်တိုင်း မုန်တိုင်းရာသီမစမီ များသောအားဖြင့် ဇွန်လတွင် နယူးအော်လင်းဇ်မြို့နှင့် ဆင်ခြေဖုံးမြို့များရှိ ယေဟောဝါသက်သေများ၏ အသင်းတော် ၂၁ ခုသည် အရေးပေါ်ရွှေ့ပြောင်းရေးအစီအစဉ်ကို ပြန်လည်သုံးသပ်လေ့ရှိကြသည်။ ထို့ကြောင့် အရေးပေါ်သည့်အခါ ပြုလုပ်ရမည့်အဆင့်များကို ဒေသခံသက်သေခံအများစု သိရှိထားကြ၏။ ထိုအစီအစဉ်သည် ကက်ထရီနာဟာရီကိန်းတိုက်စဉ် မည်သို့အကျိုးပြုသနည်း။

ပြောင်းရွှေ့ထွက်ခွာရန်လိုကြောင်း မြို့အာဏာပိုင်များ ကြေညာသည်နှင့် အသင်းတော်တစ်ခုစီမှ အကြီးအကဲများသည် အသင်းသူအသင်းသားများနှင့် ဆက်သွယ်ပြီး ထွက်ခွာကြရန် အားပေးခဲ့သည်။ အများစုသည် မိသားစုလိုက် သို့မဟုတ် မိတ်ဆွေများနှင့်အတူ ထွက်ခွာရန် ကိုယ်ပိုင်အစီအစဉ်များ ပြုလုပ်နိုင်ခဲ့ကြသည်။ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူတို့အတွက် အထူးအစီအစဉ်များ ပြုလုပ်ပေးလေ့ရှိသည်။ သက်သေခံတို့၏ ဘေးဒဏ်ကယ်ဆယ်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဂျွန်က ဤသို့ဆိုသည်– “ဒီအစီအစဉ်ကို လိုက်နာခဲ့ကြတဲ့အတွက် လူအတော်များများရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်တယ်။” ထို့ကြောင့် ယေဟောဝါသက်သေအများစုသည် မုန်တိုင်းမထန်မီ မြို့မှထွက်ခွာနှင့်ပြီးဖြစ်သည်။ ဘေးသင့်သောဒေသများတွင် ချက်ချင်း လက်တွေ့ကယ်ဆယ်ပေးရန် အမေရိကန်ပြည်ထောင်စုရှိ ယေဟောဝါသက်သေတို့၏ဌာနခွဲသည် အရေးပေါ်ကယ်ဆယ်ရေးကော်မတီများကို ဖွဲ့ထားသည်။

အက်စထရိုဒုန်းအတွင်း သက်သေခံများကိုမတွေ့တွေ့အောင်ရှာဖွေခြင်း

တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်အက်စထရိုဒုန်း ခန်းမဆောင်ကြီးသို့ရောက်နေသော များသောအားဖြင့် လူဝီဇီယားနားဒေသမှ ဒုက္ခသည် ၁၆,၀၀၀ ခန့်သည် အစာရေစာရရှိနေကြသည်။ ထိုလူအုပ်ကြီးတွင် သက်သေခံအချို့ပါဝင်ကြောင်း ဟူစတန် သက်သေခံကယ်ဆယ်ရေးကော်မတီက သတင်းရသည်။ သို့သော် သူတို့ကို မည်သို့ရှာတွေ့နိုင်မည်နည်း။

စက်တင်ဘာ ၂ ရက်၊ သောကြာနေ့နံနက်စောစောတွင် သက်သေခံအကြီးအကဲတစ်စုသည် ခိုကိုးရာမဲ့ပြီး အက်စထရိုဒုန်းသို့ရောက်နေကြသော သူတို့၏ညီအစ်ကိုများကို လာရှာကြသည်။ အားကစားရုံကြီးအပြည့် ထောင်နှင့်ချီသော ယောက်ျား၊ မိန်းမ၊ ဆယ်ကျော်သက်၊ ကလေးငယ်နှင့် နို့စို့ကလေးများကို တွေ့လိုက်ရ၍ အံ့အားသင့်သွားကြသည်။ ထောင်နှင့်ချီသော ခေါက်ခုတင်များအပြည့်ရှိသည့်အပြင် ပြဿနာများ ဖြေရှင်းပေးရန် စိတ်ရှည်စွာစောင့်နေကြသော ဘေးသင့်နေသူများ ဘောလုံးကွင်းတွင် ပြည့်နှက်နေသည်။ ဆေးကုသမှုခံယူလိုသူများ တန်းစီစောင့်နေကြပြီး လူနာတင်ကားများပေါ်တင်ပေးနေရသော ဆေးဝန်ထမ်းများမှာ အပြေးအလွှားဖြစ်နေကြသည်။

“ဒုက္ခသည်စခန်းထဲ ရောက်နေသလိုပဲ” ဟု သက်သေခံချင်းများကို လာရှာသော အကြီးအကဲတစ်ဦးဖြစ်သူ စမ်မြူအယ်လ်ကဆိုသည်။ ဤမျှများပြားလှသောလူအုပ်ကြီးထဲတွင် သက်သေခံအနည်းငယ်ကို မည်သို့ရှာတွေ့နိုင်မည်နည်း။ အကြီးအကဲများသည် လူအုပ်ထဲမှ သက်သေခံများ မိမိတို့နှင့်လာရောက်ဆက်သွယ်ရန် ဖိတ်ခေါ်သည့် စာလုံးကြီးနှင့်ရေးထားသော ပိုစတာများကိုင်ပြီး လူသွားလမ်းတစ်လျှောက် သုံးနာရီလုံးလုံး ခေါက်တုံ့ခေါက်ပြန် လျှောက်သွားကြသော်လည်း မအောင်မြင်သောကြောင့် ထိုထက်ပိုလက်တွေ့ကျသောနည်း လိုအပ်နေကြောင်း သိလာကြသည်။ ထို့ကြောင့် သူတို့သည် “နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေခံအားလုံး မြေညီထပ်ရှိ အရှေ့ဘက် ဆင်ခြေလျှောလမ်းသို့ ကျေးဇူးပြု၍ သွားကြပါ” ဟု ကြေညာပေးရန် ကြက်ခြေနီအသင်းကို တောင်းဆိုခဲ့သည်။

ထို့နောက် သက်သေခံများသည် ဝမ်းပန်းတသာဖြင့် တဖွဲဖွဲရောက်လာကြသည်။ စမ်မြူအယ်လ် ဤသို့ပြောပြသည်– “သူတို့ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင်ကျနေကြတယ်။ ကျွန်တော်တို့ကို မလွတ်တမ်း ဖက်ထားကြတော့တယ်။ လူအုပ်ထဲမှာ ပျောက်သွားမှာစိုးလို့ ကျွန်တော်တို့လက်ကို ဆုပ်ကိုင်ထားကြတယ်။” သောကြာနေ့နှင့် စနေနေ့တွင် သက်သေခံ ၂၄ ယောက်ကို သက်သေခံကယ်ဆယ်ရေးဗဟိုဌာနသို့ ပို့ပေးနိုင်ခဲ့သည်။

သူတို့အများစုတွင် အဝတ်တစ်ထည်ကိုယ်တစ်ခုသာရှိသည်။ သက်သေခံတစ်ယောက်ဆိုလျှင် အရေးကြီးသောစာရွက်စာတမ်းများပါသော ဖိနပ်သေတ္တာအရွယ်ရှိ သေတ္တာလေးတစ်လုံးသာရှိတော့သည်။

အက်စထရိုဒုန်းရှိ လူများစွာက ရောက်ရှိလာကြသော အကြီးအကဲများသည် ယေဟောဝါသက်သေများဖြစ်ကြောင်း သိသည်နှင့် သူတို့ထံချဉ်းကပ်၍ ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို တောင်းဆိုခဲ့ကြသည်။ ကျမ်းစာအုပ်ပေါင်း ၂၂၀ ကျော် ဝေငှနိုင်ခဲ့ကြသည်။ သက်သေခံများက “သဘာဝဘေးဒဏ်များ—ပို၍ဆိုးရွားလာနေသလော” ဟူသည့် အခန့်သင့် အဖွင့်ဆောင်းပါးများ ပါဝင်သော ၂၀၀၅၊ ဇူလိုင် ၂၂ ရက်ထုတ် အင်္ဂလိပ် နိုးလော့! မဂ္ဂဇင်းကို လူထုအား ဝေငှပေးနိုင်ခဲ့ကြသည်။

အချို့ အိမ်သို့ပြန်သွားကြ

မုန်တိုင်းဒဏ်မှ လွတ်လာသူတစ်ဦးမှာ နယူးအော်လင်းဇ်ရုပ်မြင်သံကြားဌာန၏ အထွေထွေမန်နေဂျာ ဝါရင့်သတင်းထောက်ဖြစ်သည်။ သတင်းထောက်တစ်ဦးအနေနှင့် သူသည် ပျက်စီးဆုံးရှုံးမှုများစွာကို တွေ့မြင်ခဲ့ဖူးသည်။ ပစ္စည်းတချို့ပြန်ရလိုရငြား လူဝီဇီးယားနားပြည်နယ်၊ ဂျက်ဖာစင်ခရိုင်ရှိ အိမ်သို့ပြန်သွားခဲ့ရာ သူက “ကျွန်တော် လန့်သွားတာပဲ။ ဘာဆိုဘာမှမကျန်တော့ဘူး။ ရေကာတာတွေ ကျိုးသွားတဲ့အခါ တူးမြောင်းထဲကရေတွေ တစ်ခါတည်း လျှံတက်လာတာကို တီဗွီထဲမှာ တွေ့လိုက်ရတယ်။ လေထန်လွန်းလို့လည်း အကြီးအကျယ်ပျက်စီးသွားတာ။ ကျွန်တော်နေတဲ့ စုပေါင်းအိမ်ရာဆိုရင် သိမ်းရုံးပျက်စီးသွားတော့တာပဲ။ မှိုတွေတက်နေပြီး အပုပ်နံ့တထောင်းထောင်းနဲ့။ အနံ့ဆိုးလွန်းလို့ လုံးဝမခံနိုင်ဘူး။ ဒါပေမဲ့ အသက်တစ်ချောင်းတော့ရှိသေးလို့ တော်ပါသေးတယ်။”

အစတွင်ဖော်ပြထားသော အယ်လန်သည် နယူးအော်လင်းဇ်ပြည်နယ်၏ အနောက်ဘက်ဆင်ခြေဖုံးရပ် မက်တဲရီးမြို့ရှိ မိမိနေအိမ်သို့ နောက်ဆုံး ပြန်ရောက်သွားခဲ့သည့်အခါ မုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရသည်။ သို့ဖြင့် သူဤသို့ပြောပြသည်– “မြင်မြင်ချင်း အရမ်းစိတ်ဓာတ်ကျသွားတယ်။ သွေးပျက်မတတ်ပဲ။ မြို့ကို အဏုမြူဗုံးကြဲထားသလိုပဲ။ ရပ်ကွက်ထဲလျှောက်ကြည့်လိုက်တော့ နေရာတကာမှာ အကြီးအကျယ်ပျက်စီးနေတာ ရေဒီယိုကကြားတာ၊ တီဗွီကမြင်တာတွေနဲ့ တခြားစီပဲ။ မယုံနိုင်လောက်အောင်ပါပဲ။

“ဥပမာ၊ အပုပ်နံ့က အသေကောင်အနံ့အတိုင်းပဲ။ လုပ်ငန်းတွေလည်း ပျက်ပြုန်းကုန်တယ်၊ ရေလွှမ်းကုန်တာကိုး။ နေရာတကာမှာ ရဲတွေ၊ စစ်သားတွေချည်းပဲ။ စစ်မြေပြင်ကျနေတာပဲ။”

ကယ်ဆယ်ရေးကြိုးပမ်းမှုများ

မြို့၊ ပြည်နယ်နှင့် အစိုးရအာဏာပိုင်များသည် ကယ်ဆယ်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။ အကူအညီပေးရန် အဓိကအေဂျင်စီမှာ ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံကွပ်ကဲရေး အေဂျင်စီ (FEMA) ဖြစ်သည်။ ထောင်နှင့်ချီသော ဘေးသင့်သူတို့ကို အကူအညီပေးရန် အခြားအဖွဲ့အစည်းများလည်း လှုပ်ရှားလာကြသည်။ မုန်တိုင်းအမွှ့ေခံခဲ့ရသောဒေသများသို့ ထရပ်ကားများဖြင့် အစာရေစာနှင့် အဝတ်အစားတို့ကို တင်ပို့ပေးခဲ့ကြသည်။ မကြာမီတွင် FEMA သည် ချက်လက်မှတ်များရေးပေး၍ နောက်ရက်အနည်းငယ် သို့မဟုတ် အပတ်အနည်းငယ်အတွက် ထောက်ပံ့ငွေထုတ်ပေးသည်။ ဤအတောအတွင်း ယေဟောဝါသက်သေများ၏ အခြေအနေကား မည်သို့နည်း။

အပျက်အစီးများကို အကဲဖြတ်ပြီးနောက် ပြုပြင်ခြင်း

ဘေးသင့်သည့်ဒေသများတွင် သက်သေခံအိမ်ပေါင်း၊ နိုင်ငံတော်ခန်းမပေါင်း မည်မျှပျက်စီးသွားကြောင်း သိရှိရန် မုန်တိုင်းကျသည်နှင့် အကဲဖြတ်အဖွဲ့များကို ယေဟောဝါသက်သေများ ဖွဲ့စည်းခဲ့ကြသည်။ ဤဧရာမလုပ်ငန်းကို မည်သို့ဆောင်ရွက်နိုင်မည်နည်း။ အမေရိကန်ပြည်ထောင်စု ဌာနခွဲကော်မတီ၏ ညွှန်ကြားမှုအောက်တွင် ကယ်ဆယ်ရေးကော်မတီများကို ဖွဲ့စည်းရန် ဘရွတ်ကလင်၊ နယူးယောက်မြို့ရှိ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုခဲ့သည်။ ထို့ပြင် အပျက်အယွင်းများကို ပြန်လည်ပြုပြင်ဆောက်လုပ်ပေးရန် ပြည်နယ်အသီးသီးမှ ဒေသန္တရဆောက်လုပ်ရေးကော်မတီများ အား အကူအညီတောင်းဆိုခဲ့သည်။ * အဘယ်အရာကို သူတို့စွမ်းဆောင်နိုင်ခဲ့ကြသနည်း။

၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိဆိုလျှင် ၎င်းတို့ဒေသရှိ ပျက်စီးခဲ့သောသက်သေခံအိမ်ပေါင်း ၆၃၂ လုံးအနက် ၅၃၁ လုံးကို လုံးဝပြန်လည်ပြုပြင်ပြီးပြီဖြစ်ကြောင်းနှင့် ၁၀၁ လုံးကျန်သေးကြောင်း မစ္စစ္စပီပြည်နယ်၊ လောင်းဘိခ်ျမြို့မှ ကယ်ဆယ်ရေးအဖွဲ့က သတင်းပို့သည်။ ၎င်းသက်သေခံများသည် သက်သေခံမဟုတ်သော အိမ်နီးချင်းများကိုပါ ကူညီပေးခဲ့ကြသည်။ နိုင်ငံတော်ခန်းမ ဆယ့်ခုနစ်လုံး၏ခေါင်မိုး အကြီးအကျယ်ပျက်စီးခဲ့ရာ ဖေဖော်ဝါရီလလယ်တွင် ၎င်းတို့ထဲမှ ၁၆ လုံးကို အမိုးသစ်များ ပြန်မိုးပေးခဲ့ပြီးဖြစ်သည်။ လူဝီဇီယားနားပြည်နယ်ရှိ ဘေတွန်ရုဂ်ျကော်မတီကော မည်သို့နည်း။

ဤအုပ်စုသည် ကက်ထရီနာဟာရီကိန်းဒဏ် အထိနာဆုံး လူဝီဇီယားနားနယ်တစ်ဝိုက်တွင် တာဝန်ယူကူညီပေးခဲ့သည်။ ထိုဒေသတွင် သက်သေခံများ၏အိမ် ၂,၇၀၀ သည် ပြုပြင်ရန် လိုအပ်နေရာ ဖေဖော်ဝါရီလလယ်လောက်တွင် ၁,၁၁၉ လုံးကိုသာ ပြုပြင်နိုင်ခဲ့ပြီဖြစ်သောကြောင့် ထိုကယ်ဆယ်ရေးကော်မတီအတွက် လုပ်စရာများစွာကျန်နေပါသေးသည်။ ဤနေရာတွင်လည်း အကူအညီလိုအပ်နေသော အိမ်နီးချင်းများနှင့် မိသားစုများပါ အကူအညီရရှိခဲ့ကြသည်။ နိုင်ငံတော်ခန်းမပေါင်းငါးဆယ် အကြီးအကျယ်ပျက်စီးခဲ့ရာ ဖေဖော်ဝါရီလတွင် ၎င်းတို့ထဲမှ ၂၅ လုံးကို ပြုပြင်ပြီးဖြစ်သည်။ စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သော ရီတာဟာရီကိန်းကြောင့် ပျက်စီးခဲ့သည့် ၈၇၁ လုံးကို ပြန်လည်ပြုပြင်ရန် လိုအပ်နေရာ တက္ကဆက်စ်ပြည်နယ်ရှိ ဟူစတန်အဖွဲ့သည် ဖေဖော်ဝါရီ၊ ၂၀ ရက်နေ့တွင် ၈၃၀ ကိုပြုပြင်ခဲ့ပြီးဖြစ်သည်။

ကက်ထရီနာမှ သင်ခန်းစာများ

ကက်ထရီနာမုန်တိုင်းဇုန်ရှိ လူထောင်ပေါင်းများစွာတို့သည် သတိပေးချက်များကို ဂရုပြုရန် အရေးကြီးကြောင်း သင်ခန်းစာရခဲ့ကြသည်။ အထက်တွင်ဖော်ပြခဲ့သော ဂျိုး၏ ဤစကားများကို လူတို့ ပဲ့တင်ထပ်လိုကြပေမည်– “နောက်တစ်ခါ ‘ထွက်ပြေးကြ’ လို့ပြောတာနဲ့ ကျွန်တော် ရှေ့ဆုံးကနေပြေးတော့မယ်!”

ယေဟောဝါသက်သေများသည် ထိုပင်လယ်ကွေ့ဒေသရှိ ဘေးသင့်သူများကို အကူအညီပေးလျက်ရှိသည်။ (ဂလာတိ ၆:⁠၁၀) သို့တိုင် သူတို့၏ဓမ္မအမှုသည် လူ့အကျိုးဆောင်လုပ်ငန်းမျှသာ မဟုတ်ချေ။ ယင်းအစား ကမ္ဘာတစ်ဝန်းရှိ ၂၃၅ နိုင်ငံမှ ယေဟောဝါသက်သေများ ထမ်းဆောင်နေသော အဓိကလုပ်ငန်းမှာ ကျရောက်တော့မည့် သဘာဝမုန်တိုင်းအကြောင်း သတိပေးခြင်းထက် ပို၍အရေးကြီးသော သတိပေးချက်ကို ကြေညာရန်ဖြစ်သည်။ ဘုရားသခင်သည် ဤဘာသာတရားမဲ့သောအစီအစဉ်စနစ်ကို မကြာမီ ဖျက်ဆီး၍ ကမ္ဘာမြေကြီးပေါ်မှ လူဆိုးများကို ဖယ်ရှားပစ်ကာ မူလရည်ရွယ်ချက်ကို ပြန်လည်ဖြစ်ပေါ်စေတော်မူမည်။ ဤတရားစီရင်ရာအချိန်အကြောင်း သမ္မာကျမ်းစာသွန်သင်သမျှကို သိလိုပါက သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့်ဆက်သွယ်ပါ၊ သို့မဟုတ် ဤဂျာနယ်၏စာမျက်နှာ ၅ ပါ သက်ဆိုင်ရာလိပ်စာသို့ စာရေးပါ။—⁠မာကု ၁၃:၁၀; ၂ တိမောသေ ၃:၁-၅; ဗျာ. ၁၄:၆၊ ၇; ၁၆:၁၄-၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 32 ဒေသန္တရဆောက်လုပ်ရေးကော်မတီများ ဆိုသည်မှာ နိုင်ငံတော်ခန်းမများဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတွင် အတွေ့အကြုံများသော စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ယေဟောဝါသက်သေများ၏အဖွဲ့များဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် အဖွဲ့ပေါင်း ၁၀၀ ခန့်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် ထိုထက်မကရှိသေးသည်။

[စာမျက်နှာ ၁၄၊ ၁၅ ပါ ရုပ်ပုံ]

ကက်ထရီနာဟာရီကိန်း၏ မျက်စိကို ဂြိုဟ်တုမှ မြင်ရပုံ

[Credit Line]

NOAA

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

နယူးအော်လင်းဇ်မြို့တွင် ရေကြီးခဲ့

[Credit Line]

AP Photo/​David J. Phillip

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကက်ထရီနာဟာရီကိန်းသည် အဆောက်အအုံများကို ဖျက်ဆီးပြီး အသက်ပေါင်းများစွာကို ခြွေယူခဲ့

[Credit Line]

AP Photo/​Ben Sklar

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့ရှိ အက်စထရိုဒုန်းတွင် ဘေးသင့်သူ ၁၆,၀၀၀ ခန့် ခိုလှုံခဲ့ကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံများ]

ဘေးသင့်သူ သက်သေခံများကို ခရစ်ယာန်အကြီးအကဲများ ကြိုးစားရှာဖွေခဲ့ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အကြီးအကျယ်ပျက်စီးနေသောခေါင်မိုးကို စေတနာ့ဝန်ထမ်းများပြုပြင်ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မိမိတို့အိမ်များကို ပြန်လည်မွမ်းမံပေးခဲ့သောကြောင့် သက်သေခံများ အလွန်ဝမ်းမြောက်ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

စေတနာ့ဝန်ထမ်းများသည် အစာရေစာပေးခဲ့ကြ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အယ်လန်