မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မူလအပြစ်ဟူသည် အဘယ်နည်း

မူလအပြစ်ဟူသည် အဘယ်နည်း

သမ္မာကျမ်းစာရှုထောင့်

မူလအပြစ်ဟူသည် အဘယ်နည်း

အဆိုပါမေးခွန်းသည် ကျွန်ုပ်တို့အတွက် အရေးပါ၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်ကို အာဒံနှင့်ဧဝ နာမခံခဲ့သောကြောင့် ကျွန်ုပ်တို့ခေတ်အထိ လူသားမျိုးနွယ်အားလုံး ဆိုးကျိုးခံစားခဲ့ရ၍ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) သို့သော် အသီးကို ယူစားလိုက်ရုံဖြင့် ဤမျှဝမ်းနည်းဖွယ်ဆိုးကျိုးများ မည်သို့ဖြစ်ပေါ်ခဲ့သနည်း။

ဘုရားသခင်သည် အာဒံနှင့်ဧဝတို့ကို ဖန်ဆင်းပြီးနောက် စားကောင်းသောဟင်းသီးဟင်းရွက်များနှင့် သီးပွင့်နေသောအပင်များ ပြည့်နှက်နေသည့် လှပသောဥယျာဉ်တွင် နေရာချပေးခဲ့သည်။ ထိုဥယျာဉ်ရှိ “ကောင်းမကောင်းကို သိကျွမ်းရာအပင်” ၏အသီးကိုသာ မစားသုံးရန် တားမြစ်ခဲ့၏။ အာဒံနှင့်ဧဝတို့တွင် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိသည့်အတွက် ဘုရားသခင်အား နာခံမည်၊ မနာခံမည်ကို သူတို့ ရွေးချယ်နိုင်ကြသည်။ သို့သော် ထိုသိကျွမ်းရာအပင်၏အသီးကို “စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုအာဒံကို သတိပေးခဲ့သည်။—⁠ကမ္ဘာဦး ၁:၂၉; ၂:၁၇

ကျိုးကြောင်းညီညွတ်သော တားမြစ်ချက်တစ်ချက်

အာဒံနှင့်ဧဝတို့သည် ဥယျာဉ်မှ တခြားအပင်ရှိသမျှ၏အသီးတို့ကို စားသုံးနိုင်သောကြောင့် ဤတားမြစ်ချက်သည် သူတို့အတွက် အခက်အခဲမရှိနိုင်ချေ။ (ကမ္ဘာဦး ၂:၁၆) ၎င်းပြင် ထိုသို့တားမြစ်လိုက်ခြင်းက ဤမောင်နှံတွင် မတော်လျော်သောဆန္ဒရှိနေ၍ဖြစ်သည်ဟု မဆိုလိုပေ။ သူတို့၏ဂုဏ်သိက္ခာကို ထိပါးလို၍လည်းမဟုတ်ပေ။ လူမဆန်မှု၊ လူသတ်မှုအစရှိသော ဆိုးညစ်မှုများကို ဘုရားသခင် တားမြစ်ခဲ့လျှင် စုံလင်သောလူသားများတွင် တားမြစ်ဖို့လိုသည့် ဆိုးညစ်သောစိတ်ထားများရှိနေရမည်ဟု အချို့က ဆိုကြပေမည်။ သို့သော် အစာစားခြင်းသည် သဘာဝဖြစ်ပြီး လျောက်ပတ်ပေသည်။

သို့ဖြစ်၍ အချို့သူတို့ ယူဆသကဲ့သို့ တားမြစ်ထားသောအသီးသည် လိင်ဆက်ဆံခြင်းကို ပုံဆောင်ပါသလော။ ဤယူဆချက်ကို သမ္မာကျမ်းစာက မထောက်ခံပါ။ တစ်ချက်အနေနှင့် ဘုရားသခင် ထိုသို့တားမြစ်ခဲ့စဉ်က အာဒံတစ်ဦးတည်းသာရှိပြီး အတန်ကြာ တစ်ဦးတည်းရှိခဲ့ကြောင်း ထင်ရှား၏။ (ကမ္ဘာဦး ၂:၂၃) ဒုတိယအနေနှင့် ဘုရားသခင်က အာဒံနှင့်ဧဝတို့ကို “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ” ကြလော့ဟု မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) သို့ဖြစ်၍ သေချာသည်မှာ ကိုယ်တော်သည် သူတို့ကို မိမိ၏ပညတ်တော်ကို ချိုးဖောက်ခိုင်းပြီးနောက်မှ သေဒဏ်ပေးမည်မဟုတ်ချေ။ (၁ ယောဟန် ၄:⁠၈) တတိယ၊ ဧဝသည် ထိုအသီးကို ဦးစွာစားပြီးနောက် အာဒံကိုလည်း စားစေ၏။ (ကမ္ဘာဦး ၃:⁠၆) ရှင်းနေသည်မှာ ထိုအသီးသည် လိင်ဆက်ဆံခြင်းကို မပုံဆောင်ချေ။

အမှားအမှန်ကို လွတ်လပ်စွာ ရွေးချယ်ရန် ကြိုးစားခြင်း

ကောင်းမကောင်းကို သိကျွမ်းရာအပင်သည် ပကတိအပင်တစ်ပင်ဖြစ်၏။ သို့သော် ယင်းက ဖန်ဆင်းခံလူသားများအတွက် အုပ်စိုးရှင်တစ်ပါးအနေနှင့် ဘုရားသခင်တွင် ကောင်းမကောင်းဆုံးဖြတ်ပေးပိုင်ခွင့်ရှိကြောင်းကို ပုံဆောင်သည်။ ယင်းကြောင့် ထိုအသီးကိုယူစားခြင်းမှာ ဘုရားသခင်ပိုင်ဆိုင်ရာကို ခိုးယူခြင်းသာမက အမှားအမှန်ကို မိမိတို့ဘာသာ ရောင့်တက်စွာ ရွေးချယ်လိုက်ခြင်းလည်းဖြစ်၏။ ဧဝနှင့် သူ၏ခင်ပွန်းတို့သည် ထိုအသီးကို စားမည်ဆိုလျှင် သူတို့ “ဧကန်အမှန်သေရမည်မဟုတ်” ဟုစာတန် လိမ်လည်ပြောဆိုပြီးနောက် ဤသို့အခိုင်အမာဆိုသေးသည်ကို သတိပြုပါ– “အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင် သိတော်မူသည်။”—⁠ကမ္ဘာဦး ၃:၄၊ ၅

သို့သော် အာဒံနှင့်ဧဝတို့သည် ထိုအသီးကိုစားပြီးနောက် ဘုရားသခင်ကဲ့သို့ ကောင်းမကောင်းကို မပိုင်းဖြတ်နိုင်ခဲ့ကြချေ။ ထိုသို့ဖြစ်မည့်အစား ဧဝက “မြွေသည် ကျွန်တော်မကို လှည့်စား” ပါ၏ဟု ဘုရားသခင်အား လျှောက်ဆို၏။ (ကမ္ဘာဦး ၃:၁၃) စာတန်အသုံးပြုခဲ့သော မြွေကို ဘုရားသခင်၏အမိန့်တော် ပြန်ပြောပြနိုင်သည်အထိ ယင်းကို ဧဝကောင်းစွာသိထား၏။ (ဗျာ. ၁၂:⁠၉) ထို့ကြောင့် သူသည် တမင်တကာ မနာခံဘဲ အသီးကိုစားခဲ့ခြင်းဖြစ်၏။ (ကမ္ဘာဦး ၃:၁-၃) အာဒံမူကား လှည့်စားမခံခဲ့ရချေ။ (၁ တိမောသေ ၂:၁၄) ဖန်ဆင်းရှင်၏အမိန့်တော်ကို လိုက်နာမည့်အစား ဇနီး၏စကားကို နားထောင်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့သည်။—⁠ကမ္ဘာဦး ၃:၆၊ ၁၇

အာဒံနှင့်ဧဝတို့သည် ကိုယ့်အားကိုယ်ကိုးကြောင်း အခိုင်အမာဖော်ပြခြင်းဖြင့် ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေးကို လုံးဝပြတ်တောက်သွားစေပြီး သူတို့၏ကိုယ်ခန္ဓာသာမက မျိုးရိုးဗီဇဖွဲ့စည်းပုံအထိပင် အပြစ်၏ဆိုးကျိုးများ သက်ရောက်သွားစေခဲ့၏။ နှစ်ပေါင်းရာချီ သူတို့အသက်ရှင်ခဲ့ကြသည်မှန်သော်လည်း သစ်ကိုင်းတစ်ကိုင်းကို ခုတ်လိုက်သည့်အခါ တဖြည်းဖြည်းခြောက်၍ သေသွားသကဲ့သို့ သူတို့အပြစ်ပြုသော “နေ့တွင်” သေဖို့အစပြုလာလေသည်။ (ကမ္ဘာဦး ၅:⁠၅) ထို့ပြင် သူတို့တွင် စိတ်ငြိမ်သက်မှုမရှိတော့ချေ။ ထို့ကြောင့် မလုံမလဲဖြစ်လာကြပြီး ဘုရားသခင် အထံတော်မှ ပုန်းကွယ်လျက်နေကြ၏။ (ကမ္ဘာဦး ၃:၇၊ ၈) ၎င်းပြင် မိမိတို့တွင် အပြစ်ရှိသည်၊ လုံခြုံမှုကင်းမဲ့သည်ဟု ခံစားရပြီး ရှက်ကြောက်နေကြသည်။ သူတို့အပြစ်ကြောင့် သူတို့စိတ်သည် ကပြောင်းကပြန်ဖြစ်ကုန်ပြီး သူတို့အသိစိတ်၏ ထိုးနှက်မှုကို ခံခဲ့ကြရသည်။

ဘုရားသခင်သည် မိမိ၏စကားတော်၊ မိမိ၏မြင့်မြတ်သောစံနှုန်းများနှင့်အညီ အာဒံနှင့်ဧဝတို့ကို တရားသဖြင့် သေဒဏ်ပေးပြီး ဧဒင်ဥယျာဉ်မှ နှင်ထုတ်လိုက်သည်။ (ကမ္ဘာဦး ၃:၁၉၊ ၂၃၊ ၂၄) သို့ဖြင့် ပရဒိသု၊ ပျော်ရွှင်မှုနှင့် ထာဝရအသက်တို့ ပျောက်ဆုံးသွားပြီး အပြစ်၊ ဆင်းရဲဝေဒနာနှင့် သေခြင်းတို့ ဖြစ်ပေါ်လာ၏။ လူသားမျိုးနွယ်အတွက် ဝမ်းနည်းဖွယ်ဆိုးကျိုးများပါတကား။ သို့သော် ဘုရားသခင်သည် ဤမောင်နှံကို အပြစ်ပေးပြီးသည်နှင့် သူတို့အပြစ်အကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာရှိသမျှကို မိမိ၏ဖြောင့်မတ်သောစံနှုန်းများ မထိခိုက်စေဘဲ ဖယ်ရှားပေးမည်ဟု ကတိပြုခဲ့သည်။

ယေဟောဝါသည် အာဒံနှင့်ဧဝတို့၏သားစဉ်မြေးဆက်တို့ကို အပြစ်နှင့်သေခြင်းမှ လွတ်မြောက်စေရန် ရည်ရွယ်တော်မူ၍ ယေရှုခရစ်အားဖြင့် ၎င်းကို ဖြစ်မြောက်စေသည်။ (ကမ္ဘာဦး ၃:၁၅; မဿဲ ၂၀:၂၈; ဂလာတိ ၃:၁၆) ဘုရားသခင်သည် ယေရှုအားဖြင့် အပြစ်နှင့် ၎င်း၏ဆိုးကျိုးရှိသမျှကို ဖယ်ရှားပြီး အစကတည်းက ရည်ရွယ်ထားသည့်အတိုင်း ကမ္ဘာချီပရဒိသုဖြစ်စေတော်မူလိမ့်မည်။—⁠လုကာ ၂၃:၄၃; ယောဟန် ၃:⁠၁၆

သင်စဉ်းစားဖူးသလော

▪ တားမြစ်ထားသောအသီးသည် လိင်ဆက်ဆံခြင်းကို ပုံဆောင်ခြင်းမဟုတ်ကြောင်း မည်သို့သိရှိရသနည်း။—⁠ကမ္ဘာဦး ၁:⁠၂၈

▪ တားမြစ်ထားသောအသီးကို စားခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။—⁠ကမ္ဘာဦး ၃:၄၊ ၅

▪ ဘုရားသခင်သည် အပြစ်၏ဆိုးကျိုးများကို ဖယ်ရှားပေးရန် အဘယ်အစီအစဉ်ကို ပြုလုပ်ထားသနည်း။—⁠မဿဲ ၂၀:⁠၂၈

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

တားမြစ်ထားသောအသီးသည် လိင်ဆက်ဆံခြင်းကို ပုံဆောင်သည်မဟုတ်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဧဝသည် ဘုရားသခင်ကဲ့သို့ ကောင်းမကောင်းကို သူကိုယ်တိုင်ဆုံးဖြတ်လိုခဲ့