ကိုယ်ကျင့်တရား အကြီးအကျယ်ပျက်ပြားခဲ့ချိန်
ကိုယ်ကျင့်တရား အကြီးအကျယ်ပျက်ပြားခဲ့ချိန်
ကိုယ်ကျင့်တရား အကြီးအကျယ် စတင်ပျက်ပြားခဲ့ချိန်ကို သင်ပြောပြနိုင်မည်လော။ သင့်သက်တမ်းတွင်လော၊ သက်ကြီးဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများ၏သက်တမ်းတွင်လော။ အချို့သောသူတို့က ၁၉၁၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ်ကြောင့် ကျွန်ုပ်တို့၏ခေတ်၌ တစ်ခါနှင့်မျှမတူအောင် ကိုယ်ကျင့်တရား ပျက်ပြားလာသည်ဟု ဆိုကြ၏။ သမိုင်းပါမောက္ခဖြစ်သူ ရောဘတ်ဗိုးလ်က The Generation of 1914 ဟူသောစာအုပ်တွင် ဤသို့ရေးသားခဲ့၏– “စစ်ကြီးကို တွေ့ကြုံဖြတ်သန်းခဲ့ကြသူများက ၁၉၁၄ ခုနှစ်၊ ဩဂုတ်လတွင် ကမ္ဘာတစ်ခု ကုန်ဆုံးသွားပြီး နောက်ကမ္ဘာတစ်ခု စတင်ပေါ်ပေါက်လာသည်ဟူသောခံယူချက်ကို မဖျောက်ဖျက်ပစ်နိုင်ကြချေ။”
“နေရာတကာတွင် အမူအကျင့်စံနှုန်းများ ဆိုးဆိုးဝါးဝါး ယိုယွင်းကျဆင်းနေ၏။ စစ်အတွင်းက နိုင်ငံရေးသမားများနှင့် အုပ်ချုပ်သူများသည် သန်းပေါင်းများစွာသောသူတို့အား တိရစ္ဆာန်များအလား ပြုမူဆက်ဆံခဲ့ကြရာ မည်သည့်ဘာသာရေးစံနှုန်း၊ မည်သည့်လူ့ကျင့်ဝတ်ကမျှ သားရိုင်းတိရစ္ဆာန်များကဲ့သို့ အချင်းချင်းကိုက်ဖဲ့နေသည်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ . . . ပထမကမ္ဘာစစ် [၁၉၁၄- ၁၈] တွင် လူအမြောက်အမြားကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းက လူ့အသက်၏တန်ဖိုးကို လုံးဝကျဆင်းစေခဲ့သည်” ဟုသမိုင်းပညာရှင် နော်မန်ကဲန်တာကဆို၏။
အင်္ဂလိပ်သမိုင်းပညာရှင် အိပ်ခ်ျဂျီဝဲလ်စ်က ၎င်း၏စွယ်စုံစာအုပ်ဖြစ်သော The Outline of History တွင် ဆင့်ကဲသီအိုရီကို လက်ခံလိုက်ပြီးနောက် “ကိုယ်ကျင့်တရားပျက်ပြားမှု ပေါ်ပေါက်လာခဲ့” ကြောင်း ဖော်ပြထားသည်။ အဘယ်ကြောင့်နည်း။ အချို့က လူသည် အဆင့်မြင့်တိရစ္ဆာန်မျှသာဖြစ်သည်ဟု ယူဆကြ၏။ ဆင့်ကဲဝါဒီတစ်ဦးဖြစ်သူ ဝဲလ်စ်သည် ၁၉၂၀ ပြည့်နှစ်တွင် ဤသို့ရေးသားခဲ့သည်– “လူသည် အုံနှင့်ကျင်းနှင့် စုဝေးနေထိုင်တတ်သောတိရစ္ဆာန်ဖြစ်သည့် အိန္ဒိယအမဲလိုက်ခွေးနှင့်တူသည်ဟု ၎င်းတို့သတ်မှတ်ကြသည်။ . . . သို့နှင့် အစွမ်းခွန်အားကြီးသော လူအုပ်ကြီးသည် ကြီးနိုင်ငယ်ညှဉ်း၍ ဖိနှိပ်ကြခြင်းမှာ ၎င်းတို့အတွက် သင့်မြတ်လျော်ကန်ပုံပေါက်သည်။”
အမှန်မှာ ကဲန်တာပြောခဲ့သည့်အတိုင်း ပထမကမ္ဘာစစ်သည် အမှားအမှန်နှင့်ပတ်သက်သည့် လူ့စံနှုန်းကို လုံးဝပြောင်းလဲပစ်လိုက်၏။ သူ ဤသို့ရှင်းပြခဲ့သည်– “မျိုးဆက်ဟောင်းသည် နိုင်ငံရေး၊ ဝတ်စားဆင်ယင်ပုံနှင့် လိင်ဆိုင်ရာအကျင့်ဓလေ့များတွင် အသရေပျက်ခဲ့ကြသည်။” ဆင့်ကဲသီအိုရီကို ထောက်ခံပြီး အချင်းချင်းတိုက်ခိုက်နေကြသည့် နိုင်ငံများကို အမှားပြုကျင့်ရန် အားပေးအားမြှောက်ပြုခြင်းဖြင့် ခရစ်ယာန်သွန်သင်ချက်များကို ယိုယွင်းစေခဲ့သည့် ချာ့ခ်ျများကြောင့် ကိုယ်ကျင့်တရား အကြီးအကျယ် ပျက်ပြားခဲ့ရသည်။ ဗြိတိသျှဗိုလ်မှူးချုပ် ဖရန့်ခ်ခရိုဇာက ဤသို့ရေးသားခဲ့၏– “ခရစ်ယာန်ချာ့ခ်ျများသည် အကြမ်းဖက်သတ်ဖြတ်လိုစိတ်ကို လှုံ့ဆော်ပေးရာတွင် အတော်ဆုံးသောသူများဖြစ်ကြပြီး သူတို့ကို ကျွန်ုပ်တို့က လွတ်လပ်စွာအသုံးချကြသည်။”
ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများ စွန့်ပစ်ခံရ
ပထမကမ္ဘာစစ်ပြီးနောက် ဆယ်စုနှစ်အတွင်း စံနှုန်းဟောင်းများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များကို မသိကျိုးကျွန်ပြုခဲ့ကြပြီး မည်သည့်အရာကိုမဆိုလက်ခံသည်ဟူသော သဘောထားဖြင့် အစားထိုးလိုက်ကြသည်။ သမိုင်းပညာရှင် ဖရက်ဒရစ်ခ် လူးဝစ္စအဲလန်က ဤသို့ဆိုခဲ့သည်– “စစ်ကြီးပြီးနောက် ဆယ်နှစ်တာကာလသည် ဆိုးဝါးသောအမူအကျင့်များဆိုင်ရာ ဆယ်စုနှစ်အဖြစ် ထင်ရှားလာခဲ့ဖွယ်ရှိသည်။ . . . ကမ္ဘာဟောင်း၏အစီအစဉ် ပျက်သုဉ်းသွားခြင်းနှင့်အတူ ချမ်းသာကြွယ်ဝပြီး ဘဝကို အဓိပ္ပာယ်ရှိစေခဲ့သည့် စံနှုန်းများလည်း ပျောက်ကွယ်သွားကာ ပြန်အစားထိုးရန် နောက်ထပ်စံနှုန်းများကို အလွယ်တကူရှာမတွေ့တော့ချေ။”
၁၉၃၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးကြောင့် လူအမြောက်အမြား ချွတ်ခြုံကျခဲ့သည်။ သို့သော် ယင်းဆယ်စုနှစ်အကုန်တွင် ဤလောကသည် ပို၍ဆိုးရွားသော ဒုတိယကမ္ဘာစစ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ မကြာပါ၊ တိုင်းနိုင်ငံတို့သည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်လက်နက်များကို တီထွင်ထုတ်လုပ်ကြပြီး ကမ္ဘာကို စီးပွားရေးပျက်ကပ်မှ မြန်မြန်ဆန်ဆန် လွတ်မြောက်စေခဲ့သော်လည်း စိတ်ကူး၍ပင်မရနိုင်သော ဆင်းရဲဝေဒနာနှင့် ကြောက်မက်ဖွယ်ရာအခြေအနေထဲသို့ ဝါးလုံးထိုး ကျဆင်းခဲ့သည်။ စစ်ကြီးပြီးဆုံးလေသော် ရာနှင့်ချီသောမြို့ကြီးများ ပျက်စီးကုန်သည်။ ဂျပန်နိုင်ငံမှ မြို့ကြီးနှစ်မြို့မှာ အဏုမြူဗုံးကြောင့် ရစရာမရှိအောင်ပျက်စီးသွားခဲ့သည်။ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော ချွေးတပ်စခန်းများတွင် လူသန်းပေါင်းများစွာ သေကျေပျက်စီးခဲ့၏။ ယင်းစစ်ပွဲကြောင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် စုစုပေါင်းသန်း ၅၀ ခန့်သေဆုံးသွားခဲ့၏။
ဒုတိယကမ္ဘာစစ်၏ အလွန်ဆိုးဝါးသောအခြေအနေများတွင် လူတို့သည် ကြာမြင့်စွာကတည်းက အစဉ်အလာအဖြစ်ခံယူထားသည့် စံနှုန်းများကို စွဲကိုင်ကြမည့်အစား မိမိတို့၏ကိုယ်ပိုင်ကျင့်ဝတ်များအတိုင်း နေထိုင်ခဲ့ကြသည်။ Love, Sex and War—Changing Values, 1939-45 ဟူသောစာအုပ်တွင် ဤသို့ဝေဖန်ထား၏– “စစ်မြေပြင်ပေါ်မှ အထိန်းအကွပ်မဲ့သော အမူအကျင့်သည် လူနေရပ်ကွက်ထဲသို့ ဝင်ရောက်ခဲ့သည့်အတွက် စစ်ဖြစ်နေစဉ်အတွင်း လိင်ဆိုင်ရာကန့်သတ်ချက်မှာ ရပ်ဆိုင်းသွားခဲ့ရသည်။ . . . စစ်ကာလအတွင်း အလျင်စလိုဖြစ်မှုနှင့် စိတ်လှုပ်ရှားမှုတို့က ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များကို အလျင်အမြန် ဆုတ်ယုတ်လျော့ပါးစေခဲ့ပြီး လူနေရပ်ကွက်များရှိ လူ့အသက်မှာ စစ်မြေပြင်တွင်ရှိသည့် လူ့အသက်ကဲ့သို့ တန်ဖိုးမဲ့ကာ တိုတောင်းလှ၏။”
အသက်အန္တရာယ်နှင့် အမြဲကြုံနေရခြင်းကလည်း စိတ်လှုပ်ရှားဖွယ်တွယ်တာမှုကို တစ်ခဏမျှခံစားလိုသည့် လူတို့၏ဆန္ဒကို ပို၍ပြင်းပြစေခဲ့သည်။ ထူးခြားဆိုးဝါးသည့် ယင်းနှစ်များအတွင်း လိင်ဆိုင်ရာအထိန်းအကွပ်မဲ့မှုကို ကာကွယ်သောအားဖြင့် ဗြိတိသျှလူမျိုး အိမ်ထောင်ရှင်မတစ်ဦးက “ကျွန်မတို့ဟာ အမှန်တကယ် အကျင့်ယိုယွင်းနေသူတွေ မဟုတ်ကြပါဘူး။ စစ်ဖြစ်နေလို့ပါ” ဟုဆိုခဲ့သည်။ အမေရိကန်စစ်သားတစ်ဦးကမူ “လူအများစုရဲ့စံနှုန်းအရတော့ ကျွန်တော်တို့ဟာ အကျင့်ယိုယွင်းနေတဲ့သူတွေဖြစ်ပေမဲ့ ကျွန်တော်တို့ဟာ အရွယ်ကောင်းတွေဖြစ်ကြပြီး နောက်တစ်နေ့မှာ သေကောင်းသေသွားနိုင်တယ်” ဟုဝန်ခံခဲ့သည်။
စစ်ကာလအတွင်း အသက်ရှင်ကျန်ရစ်သူများစွာမှာ မိမိတို့တွေ့မြင်ခဲ့ရသည့် ထိတ်လန့်ကြောက်မက်ဖွယ်ရာများကြောင့် ထိခိုက်နာကြည်းခဲ့ကြသည်။ စစ်အတွင်းက ကလေးသာသာရှိခဲ့သူတို့အပါအဝင် အချို့သောသူတို့မှာ ယနေ့ထက်တိုင် အတိတ်မှအဖြစ်ဆိုးများ၏ နှောင့်ယှက်မှုဒဏ်ကို ခံစားနေရသည်။ လူများစွာ၏ယုံကြည်ခြင်းမှာ ပျောက်ဆုံးသွားကာ ကိုယ်ကျင့်တရားနှင့်ဆိုင်သော အသိစိတ်လည်း ကင်းမဲ့သွားကြ၏။ အမှားအမှန်သတ်မှတ်သော စံနှုန်းများကို ပြဋ္ဌာန်းပေးသည့် မည်သည့်အာဏာပိုင်ကိုမျှ မလေးစားတော့ဘဲ အရာရာတိုင်းသည် တစ်သမတ်တည်းမဖြစ်နိုင်၊ အခြေအနေအလိုက် ပြောင်းလဲသွားလိမ့်မည်ဟူ၍ လူတို့ယူမှတ်ခဲ့ကြသည်။
အမူအကျင့်ဆိုင်ရာ စံနှုန်းသစ်များ
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် လူတို့၏ လိင်ဆိုင်ရာအမူအကျင့်နှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်မှုများ ပြုခဲ့ကြသည်။ ၁၉၄၀ ပြည့်လွန်နှစ်များက အမေရိကန်နိုင်ငံနှင့်ပတ်သက်သော လေ့လာမှုတစ်ခုမှာ စာမျက်နှာ ၈၀၀ ကျော်ရှိသည့် Kinsey Report (ကင်စေမှတ်တမ်း) ဖြစ်သည်။ သို့နှင့် များစွာသောသူတို့သည် ယခင်က ဆွေးနွေးလေ့မရှိသည့် လိင်ကိစ္စများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်။ လိင်တူမေထုန်သမားများ၊ အခြားသော မတော်မလျော်လိင်အမူအကျင့် ပြုကျင့်သူများနှင့်စပ်လျဉ်း၍ အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသော အချက်အလက်များမှာ အကျယ်ချဲ့ထားခြင်းဖြစ်သည်ဟု နောက်ပိုင်း၌ အထင်ခံခဲ့ရသော်လည်း စစ်ကြီးပြီးနောက်တွင်မူ ကိုယ်ကျင့်တရားသည် ထူးထူးခြားခြား ပျက်ပြားလာခဲ့ကြောင်း လေ့လာမှုက ဖော်ပြ၏။
သင့်တင့်လျောက်ပတ်သော အမူအကျင့်ပုံစံကို ထိန်းသိမ်းရန် ကာလအတန်ကြာ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ဥပမာ၊ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတို့တွင် အကျင့်ပျက်အခန်းများကို ဆင်ဆာဖြတ်ခဲ့ကြသည်။ သို့သော် ယင်းသည် ကြာရှည်မခံခဲ့ချေ။ “၁၉၆၀ ပြည့်လွန်နှစ်များသို့ရောက်သော် အမေရိကန်နိုင်ငံသည် လူ့ယဉ်ကျးမှုဘက်တွင် လျင်မြန်စွာပင် ဆက်တိုက်ကျဆင်းခဲ့သည်” ဟုအမေရိကန်ပညာရေးဝန်ကြီးဟောင်း ဝီလျံဘန်းနတ်က ရှင်းပြသည်။ အခြားနိုင်ငံများစွာတွင်လည်း ယင်းသို့သောအခြေအနေမျိုး ထင်ဟပ်ခဲ့၏။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ကိုယ်ကျင့်တရားသည် အဘယ်ကြောင့် လျင်မြန်စွာ ပျက်ပြားခဲ့ရသနည်း။
ထိုဆယ်စုနှစ်တွင် အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုနှင့် ကိုယ်ကျင့်တရားအသစ်ဟုခေါ်သော လိင်ဆိုင်ရာသဘောထားများ ပြုပြင်ပြောင်းလဲရေးဟူသော လှုပ်ရှားမှုများ တစ်ပြိုင်နက်ဆိုသလို ပေါ်ပေါက်လာခဲ့သည်။ ထို့ ပြင် အစွမ်းထက်သောသန္ဓေတားဆေးများကို ထုတ်လုပ်လာကြ၏။ ကိုယ်ဝန်ရှိမည်ကို မစိုးရိမ်ရဘဲ လိင်ဆက်ဆံနိုင်ခြင်း၊ “လက်မထပ်ဘဲလိင်ဆက်ဆံခြင်း” သို့မဟုတ် “တစ်ဦးကိုတစ်ဦး မည်သည့်ကတိကဝတ်မျှမပြုဘဲ လိင်ဆက်ဆံခြင်း” တို့သည် သာမန်ကိစ္စဖြစ်လာသည်။
တစ်ချိန်တည်းတွင် သတင်းစာများ၊ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားတို့က ကိုယ်ကျင့်တရားစံနှုန်းများကို လျော့ရိလျော့ရဲဖြစ်စေခဲ့ကြသည်။ နောက်ပိုင်းတွင် တီဗွီ၌ တင်ဆက်နေသော စံနှုန်းများနှင့်စပ်လျဉ်း၍ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲဟောင်းတစ်ဦးဖြစ်သူ ဇဘစ်နယူး ဘရာဇင်စကီက ဤသို့ဆိုခဲ့သည်– “ကိုယ့်အလိုဆန္ဒပြည့်စုံရေးကို ပီပီပြင်ပြင် အမွှမ်းတင်ထားကာ ကြမ်းတမ်းရမ်းကားမှုနှင့် လူမဆန်မှုတို့ကို သာမန်အဖြစ်တင်ဆက်ပြီး တွေ့ကရာလူနှင့် လိင်ဆက်ဆံခြင်းကို အားပေးအားမြှောက်ပြုနေကြသည်။”
၁၉၇၀ ပြည့်လွန်နှစ်များသို့ရောက်သော် ဗီဒီယိုပြစက်များ ခေတ်စားလာခဲ့၏။ ယခုအခါ လူတို့သည် ရုပ်ရှင်ရုံများ၌ ဘယ်တော့မျှ သွားရောက်ကြည့်ရှုမည်မဟုတ်သည့် အကျင့်ပျက်သော လိင်ဆိုင်ရာအကြောင်းအရာများကို မိမိတို့အိမ်များတွင် လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်ကြပြီ။ မကြာသေးမီက ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာပိုင်ဆိုင်သူတိုင်း အင်တာနက်မှတစ်ဆင့် စက်ဆုပ်ဖွယ်အကောင်းဆုံး အပြာရုပ်ပုံစာပေများကို လွယ်လင့်တကူ ရရှိလာကြသည်။
နည်းအမျိုးမျိုးဖြင့် အကျိုးဆက်များမှာ ထိတ်လန့်ဖွယ်ရာဖြစ်သည်။ “လွန်ခဲ့တဲ့ဆယ်နှစ်က အကျဉ်းချခံနေရတဲ့ ချာတိတ်တွေနဲ့ အမှားအမှန်ကိစ္စ ပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခု အသစ်ဝင်လာတဲ့ချာတိတ်တွေကျတော့ ကျွန်တော်ဘာပြောနေလဲဆိုတာကို သဘောမပေါက်ကြဘူး” ဟုအမေရိကန်အကျဉ်းထောင်တစ်ခုမှ ထောင်ပိုင်တစ်ဦးက မကြာသေးမီကပြောပြသည်။
လမ်းညွှန်မှုရနိုင်သောနေရာ
ကိုယ်ကျင့်တရားအတွက် လမ်းညွှန်မှုကို ဤလောက၏ချာ့ခ်ျများမှ မရရှိနိုင်ပေ။ ချာ့ခ်ျများသည် ဖြောင့်မတ်သောမူများကို ယေရှုနှင့် ကိုယ်တော်၏ပထမရာစုနောက်လိုက်များကဲ့သို့ စွဲကိုင်ထားကြမည့်အစား ဤလောကနှင့် ယင်း၏မကောင်းမှုများဘက်တွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ စာရေးဆရာတစ်ဦးက “တိုက်ခိုက်ခဲ့သမျှ စစ်ပွဲတိုင်းမှာ နှစ်ဖက်စလုံးက သူတို့ဘက်မှာ ဘုရားသခင်ပါရှိတယ်လို့ ပြောဆိုခဲ့ကြတယ်မဟုတ်ဘူးလား” ဟုဆိုခဲ့၏။ လွန်ခဲ့သောနှစ်များက ကိုယ်ကျင့်တရားဆိုင်ရာ ဘုရားသခင့်စံနှုန်းများကို စွဲကိုင်ခြင်းနှင့်စပ်လျဉ်း၍ နယူးယောက်မြို့တော်မှ ဓမ္မဆရာတစ်ဦးက ဤသို့ဆိုခဲ့သည်– “ဘတ်စကားထဲဝင်ခွင့်ရတာထက် ပိုပြီးလွယ်လွယ်ကူကူ ဝင်ခွင့်ရနိုင်တဲ့ အဖွဲ့အစည်းဆိုလို့ ကမ္ဘာပေါ်မှာ ချာ့ခ်ျတစ်ခုတည်းပဲရှိတယ်။”
ဤလောကတွင် ကိုယ်ကျင့်တရား ဆိုးဆိုးဝါးဝါး ပျက်ပြားနေခြင်းက တစ်စုံတစ်ရာပြုလုပ်ဖို့ အရေးတကြီးလိုအပ်နေကြောင်း ဖော်ပြ၏။ သို့သော် အဘယ်ပြောင်းလဲမှုပြုလုပ်ဖို့ လိုအပ်သနည်း။ မည်သူပြောင်းလဲပေးနိုင်သနည်း။ မည်သို့ပြီးမြောက်အောင်မြင်နိုင်သနည်း။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
“ပထမကမ္ဘာစစ် [၁၉၁၄- ၁၈] တွင် လူအမြောက်အမြားကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းက လူ့အသက်၏တန်ဖိုးကို လုံးဝကျဆင်းစေခဲ့သည်”
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဆန့်ကျင်ဘက်ဖြစ်နေသော ကိုယ်ကျင့်တရားစံနှုန်းနှင့် တန်ဖိုး
ကိုယ်ကျင့်တရားစံနှုန်းဟူသည် ရှင်းလင်းတိကျလေ့ရှိ၏။ လူတစ်ဦးသည် ရိုးသားသူ သို့မဟုတ် မရိုးသားသူ၊ သစ္စာရှိသူ သို့မဟုတ် သစ္စာမဲ့သူ၊ အကျင့်ကောင်းသူ သို့မဟုတ် အကျင့်ပျက်သူ၊ အသရေရှိသူ သို့မဟုတ် အသရေမရှိသူ ဖြစ်နိုင်သည်။ ယခုအခါတွင်မူ “တန်ဖိုး” ဟူသောအသုံးအနှုန်းက “ကိုယ်ကျင့်တရားစံနှုန်း” ၏နေရာတွင် အစားဝင်ရောက်လာခဲ့ပြီ။ သို့သော် ယင်းနှင့်ပတ်သက်သည့် ပြဿနာမှာ သမိုင်းပညာရှင် ဂါထရုဟင်မဲလ်ဖာ့ဘ်၏ The De-Moralization of Society ဟူသောစာအုပ်တွင် ဖော်ပြထားသည့်အတိုင်း “လူတို့သည် တန်ဖိုးကို မိမိတို့စိတ်ကြိုက်ရွေးချယ်နိုင်သကဲ့သို့ ကိုယ်ကျင့်တရားစံနှုန်းကိုမူ ထိုသို့ရွေးချယ်၍မရနိုင်ချေ။”
တန်ဖိုးထားရာများတွင် “ယုံကြည်ချက်များ၊ ထင်မြင်ချက်များ၊ သဘောထားများ၊ ခံစားချက်များ၊ အမူအကျင့်များ၊ ဓလေ့ထုံးစံများ၊ ကြိုက်နှစ်သက်ရာများ၊ အစွဲအလမ်းများ၊ ထူးခြားသောစရိုက်များ ပါဝင်နိုင်သည်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အုပ်စု၊ မည်သည့်လူ့အဖွဲ့အစည်းပင်ဖြစ်ပါစေ ထိုအရာတို့သည် အကြောင်းအမျိုးမျိုးကြောင့် အချိန်မရွေး ၎င်းတို့အတွက် တန်ဖိုးရှိသောအရာဖြစ်သွားနိုင်သည်” ဟု သူကဆို၏။ လျော့ရိလျော့ရဲနိုင်သည့် လက်ရှိလူ့ဘောင်အဖွဲ့အစည်းတွင် လူတို့သည် ကုန်တိုက်ကြီးတစ်ခုရှိ ကုန်ပစ္စည်းများကို ရွေးချယ်သကဲ့သို့ မိမိတို့ကိုယ်ပိုင်တန်ဖိုးထားရာများကို စိတ်ကြိုက်ရွေးချယ်နိုင်သည်ဟု အကြောင်းပြခဲ့ကြသည်။ ထိုသို့သာဆိုလျှင် စင်ကြယ်သောကိုယ်ကျင့်တရားမှာ မည်သို့ဖြစ်သွားမည်နည်း။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယုတ်ညံ့သောဖျော်ဖြေရေးကို ပိုမိုလွယ်ကူစွာ ရရှိလာ