မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ

ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ

ဝိညာဉ်ရေးတွင် ချမ်းသာ​ကြွယ်ဝ​ရန် သန္နိ​ဋ္ဌာန်​ချပါ

ရုပ်ပစ္စည်း​တွင်​ချမ်းသာ​ကြွယ်ဝ​ရန် အပြင်းအထန် အားထုတ်​ကြိုးပမ်း​ကာ အနစ်နာခံ​ဖို့​လို​ပေ​သည်။ ဝိညာဉ်ရေးတွင် ချမ်းသာ​ကြွယ်ဝ​ရန်​လည်း အလားတူ​ပင်။ “ကောင်းကင်ဘုံ​၌​ဘဏ္ဍာ​ကို ဆည်းပူး​ကြလော့” ဟု​ယေရှု​မိန့်ဆိုခဲ့​စဉ်​က ယင်းကို ကိုယ်တော်​ရည်ညွှန်းခဲ့​၏။ (မဿဲ ၆:၂၀) ဝိညာဉ်​ရေး​ကြွယ်ဝမှု​သည် အလိုအလျောက် မဖြစ်​လာနိုင်​ချေ။ လူတစ်ဦး​သည် ဘဏ်​စာရင်း​တစ်ခု​ရှိ​ရုံ​နှင့် ချမ်းသာ​ကြွယ်ဝ​လာ​မည်​မဟုတ်သကဲ့သို့ ဘာသာ​တရား​ရှိ​ကာ​မျှ​နှင့်​လည်း ဝိညာဉ်ရေးတွင် ချမ်းသာ​ကြွယ်ဝ​လာ​မည်​မဟုတ်​ချေ။ ဘုရားသခင်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ပြုစု​ပျိုးထောင်​ခြင်း၊ ဝိညာဉ်​ရေး​စိတ်ဓာတ်​ရှိသူ​တစ်ဦး​အဖြစ် တိုးတက်လာ​ခြင်း၊ ဝိညာဉ်​ရေး​ဆိုင်ရာ​အရည်အသွေးများ ပြည့်ဝ​လာ​ခြင်း​တို့​တွင် သန္နိ​ဋ္ဌာန်၊ အချိန်၊ အပြင်းအထန် အားထုတ်​ကြိုးပမ်းမှု​နှင့် အနစ်နာခံ​မှု​တို့​လိုအပ်​ပေ​သည်။—သု. ၂:၁-၆

နှစ်မျိုး​စ​လုံး​ကို သင် ပိုင်ဆိုင်​နိုင်​သလော

လူတစ်ဦး​သည် ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို​ရော၊ ရုပ်ပစ္စည်း​ကြွယ်ဝမှု​ကို​ပါ ပိုင်ဆိုင်​နိုင်​ပါသလော။ ဖြစ်​နိုင်​ဖွယ်​ရာ​မှာ ထို​အရာ​နှစ်မျိုး​တွင် တစ်မျိုး​ကို​သာ အောင်မြင်စွာ လိုက်စား​နိုင်​ပေမည်။ ယေရှု​က ‘သင်တို့သည် ဘုရားသခင်​၏​အစေ​ကိုလည်း​ကောင်း၊ လောက​စည်းစိမ်​၏​အစေ​ကိုလည်း​ကောင်း မခံနိုင်​ကြ’ ဟူ၍ မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၄ခ) အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို လိုက်စားခြင်း​နှင့် ရုပ်ပစ္စည်း​ကြွယ်ဝမှု​ကို လိုက်စားခြင်း​တို့သည် ပြဒါး​တစ်​လမ်း၊ သံတစ်လမ်း​ဖြစ်နေ​သောကြောင့်​ဖြစ်၏။ တစ်ခု​က အခြား​အရာတစ်ခု​ကို အနှောင့်အယှက်​ပေး​တတ်​သည်။ သို့​ဖြစ်၍ ဝိညာဉ်​ရေး​ဘဏ္ဍာ​ကို ဆည်းပူး​ရန် တပည့်​များ​အား မပြော​မီ ယေရှု​က “မြေကြီး​ပေါ်မှာ ဘဏ္ဍာ​ကို မ​ဆည်းပူး​ကြ​နှင့် [စာသား​အရ၊ “ဆက်​မ​ဆည်းပူး​တော့​နှင့်”] ” ဟူ၍ မိန့်ဆိုခဲ့​၏။—မဿဲ ၆:၁၉

ယေရှု၏​ဆုံးမ​စကား​ကို လျစ်လျူရှုပြီး ဝိညာဉ်​ရေး​နှင့် ရုပ်ပစ္စည်း​နှစ်မျိုး​စ​လုံး​တွင် ကြွယ်ဝ​ရန် ရှာဖွေ​စုဆောင်း​ဖို့ ကြိုးစား​မည်​ဆိုလျှင် အဘယ်အရာ​ဖြစ်ပျက်​မည်​နည်း။ ယေရှု​က “အဘယ်သူမျှ သခင်​နှစ်ဦး​အစေ​ကို မခံနိုင်။ သခင်​တစ်ဦး​ကို​မုန်း​၍ တစ်ဦး​ကို​ချစ်​မည်။ သခင်​တစ်ဦး​ကို​မှီခို​၍ တစ်ဦး​ကို မခန့်မညား​ပြု​မည်” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၄က) ထို့​ကြောင့် နှစ်မျိုး​စ​လုံး​ကို​ရှာဖွေ​စုဆောင်းသူ​သည် ဝိညာဉ်​ရေးရာ​များ​ကို တာဝန်​အရ လုပ်ဆောင်​နေလျှင်​ပင် ယင်း​တို့ကို အနှောင့်အယှက်​အဖြစ် ယူမှတ်​လာပေမည်။ ဘုရားသခင်​အပေါ် မှီခို​အားထား​မည့်​အစား ဘဝ၏​စိုးရိမ်​ပူပန်မှု​များ​ကို ဖြေရှင်း​သည့် အဓိက​နည်း​အဖြစ် ငွေ​နှင့် ငွေ​ဖြင့်​ဝယ်​၍​ရသော​အရာများ​အပေါ် အားထား​လာပေမည်။ ယေရှု ဤသို့​မိန့်ဆို​သည့်​အတိုင်း​ပင်​ဖြစ်၏– “သင်၏​ဘဏ္ဍာ​ရှိရာ​အရပ်​တွင် သင်၏​စိတ်နှလုံး​လည်း ရောက်​တတ်၏။”—မဿဲ ၆:၂၁က​ဘ။

ခရစ်ယာန်​တစ်ဦးစီ​သည် မိမိ၏​အချိန်၊ အာရုံ​နှင့် စိတ်ဝင်စား​ရာ​တို့ကို အဘယ်အရာ​အပေါ် အဓိက​ထား​မည်​ဟု မဆုံးဖြတ်​မီ အဆိုပါ​ကျမ်းစာ​ဆုံးမ​စကား​ကို အလေးအနက်​သုံးသပ်​သင့်​သည်။ ခရစ်ယာန်​တစ်ဦး မည်မျှ​ရှာဖွေ​စုဆောင်း​ရမည်ကို ဘုရားသခင် မသတ်မှတ်​ထား​ပေး​သည့်​အတွက် လောဘ​လွန်ကျူးခြင်း​နှင့်​ပတ်သက်သော ကိုယ်တော်​၏​သတိပေး​ချက်​များ​တွင် ပြစ်ဒဏ်​ပေးခြင်း​မပါဝင်​ဟု မဆိုလို​ပါ။ (၁ ကောရိန္သု ၆:၉၊ ၁၀) ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရသည့်​အတိုင်း ကျမ်းစာ​ဆုံးမ​စကား​ကို လျစ်လျူရှု​ကာ ချမ်းသာ​ကြွယ်ဝ​လို​သည့်​သဘော​ရှိသူတို့​သည် ဝိညာဉ်​ရေး​ပိုင်း၊ စိတ်ပိုင်း​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​တို့​တွင် ထိခိုက်လာ​သည်။ (ဂလာတိ ၆:၇) ယင်း​နှင့်​ဆန့်ကျင်​လျက် ဘုရားသခင်​ကို မှီခိုရန်​လို​ကြောင်း သိမှတ်​သူတို့သည် ပျော်ရွှင်​ကြ​မည်​ဟု ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၃က​ဘ) ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​နှင့် ကိုယ်တော်​၏​သားတော်​သည် ကျွန်ုပ်​တို့​ပျော်ရွှင်​ကောင်းစား​ရေး​အတွက် အဘယ်အရာ အကောင်းဆုံး​ဖြစ်​မည်​ကို အမှန်ပင် သိရှိ​ထား​တော်​မူ​သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

သင် ဝမ်းနည်း​ရမည်​မဟုတ်သော ရွေးချယ်မှု​တစ်ခု

သင်​အာရုံစိုက်​ရမည့်​အရာ​ကား အဘယ်နည်း။ ဘုရားသခင်​လော၊ စည်းစိမ်ဥစ္စာ​လော။ ကျွန်ုပ်​တို့သည် မိမိတို့၏​ရုပ်ပစ္စည်း​လိုအပ်ရာ​များ​ကို အတော်အတန် အာရုံစိုက်​ရမည်​မှာ ရှင်းနေပါသည်။ တိမောသေ​ထံ​ပေး​ပို့​သည် ပထမ​စာ​တွင် တမန်​တော်​ပေါလု ဤသို့​ဆို​ခဲ့​၏– “မိမိလူ​တို့ကို​မပြု​စု၊ ထို​မျှ​မ​က၊ မိမိ​အိမ်သူအိမ်သား​တို့ကို မပြု​စု​သော​သူ​မည်​သည်​ကား ယုံကြည်ခြင်း​တရားကို ငြင်းပယ်​၏။ မယုံကြည်​ဖူး​သော​သူ​ထက် သာ၍​ယုတ်မာ​၏။” ထို့ ပြင် ပေါလု​သည် ခရစ်ယာန်​များ​အား မိမိတို့၏​မျှော်လင့်ချက်ကို ငွေ​အပေါ်​တွင်​မဟုတ်ဘဲ ဘုရားသခင်​အပေါ်​ထား​ရှိ​ကာ “ကောင်းသော​အကျင့်​၌ ကြွယ်ဝ​ပြည့်စုံ” ရန် အားပေး​တိုက်တွန်း​ခဲ့​သည်။ (၁ တိမောသေ ၅:၈; ၆:၁၇၊ ၁၈) မည်သည့်​အရာ​ပေါ် သင် အာရုံစိုက်​မည်​နည်း။ မည်သည့်​အရာ​ကို သင် လိုက်စား​မည်​နည်း။ ပေါလု​ရည်ညွှန်းခဲ့​သည့် ကောင်းသော​အကျင့်​များ​တွင် အဓိကကျ​သည့်​အရာ​မှာ မိမိ၏​တပည့်​များ​လုပ်ဆောင်ရန် ယေရှု​ပေးအပ်​ခဲ့​သော ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ခရစ်ယာန်​များသည် စိတ်လို​ကိုယ်​လျောက် ရိုးရှင်း​စွာ​နေထိုင်ကြ​ခြင်း​မှာ အေးဆေး​သက်သာ​စွာ ဇိမ်​ခံ​လို​၍​မဟုတ်ဘဲ အဆိုပါ​အဓိပ္ပာယ်​ရှိသော​လုပ်ငန်း​တွင် ပိုမို​ပါဝင်​လို​၍​ဖြစ်​ပြီး ဘုရားသခင်​ကတိပြု​ထား​သည့် ကမ္ဘာသစ်​တွင် “ကောင်းသော​ဘဏ္ဍာ​ကို မိမိတို့​အဖို့ ဆည်းပူး” လို​၍​ဖြစ်သည်။ ယခု​ပင်​လျှင် ဝိညာဉ်​ရေး​ကြွယ်ဝမှု​သည် ‘ရွှေ​ကို​ရ​တတ်​ခြင်း​ထက် ပို​ကောင်း’ ကြောင်း သူတို့​သိရှိ​ထား​ကြသည်။—၁ တိမောသေ ၆:၁၉; သု. ၁၆:၁၆; ဖိလိပ္ပိ ၁:၁၀

အယ်​ဒီ​၏​တွေ့ ကြုံ​မှု​ကို သုံးသပ်ကြည့်​ပါ။ သူ​ငယ်ရွယ်စဉ်​က သူ၏​မိသားစု​သည် ယေဟောဝါသက်သေ​များ​ဖြစ်လာ​ခဲ့​ကြသည်။ တစ်ချိန်​တွင် သူ၏​မိသားစု​သည် ပိုင်ဆိုင်ရာ​အားလုံး ဆုံးရှုံး​သွားပြီး အိမ်မှဆင်း​ပေး​ရန် မောင်း​ချ​ခံ​ခဲ့​ရသည်။ အယ်​ဒီ​က ဤသို့​ရှင်းပြသည်– “ကျွန်တော်​တို့ မွဲ​ပြာကျ​တဲ့ အခြေ​ဆိုက်​သွား​ရင် ဘယ်လိုများ​နေ​မလဲ​ဆိုပြီး အမြဲ​စိတ်ပူ​ခဲ့​ရတယ်။ တကယ်ပဲ အဲဒီ​အခြေ​ဆိုက်​သွားခဲ့တယ်။ ဘယ်လို​ဖြစ်သွား​သလဲ​ဆိုတာ သိပါသလား။ ဘယ်လိုမှ​မဖြစ်ခဲ့​ပါ​ဘူး။ ကျွန်တော်​တို့ စား​နေ၊ သောက်​နေ၊ ဝတ်​နေရ​တုန်း​ပါ​ပဲ။ ကျွန်တော်​တို့​လိုအပ်ရာ​တွေ​ကို ယေဟောဝါ ထောက်ပံ့​ပေး​ခဲ့​တယ်။ အချိန်တန်​တော့ ကျွန်တော်​တို့​ဆုံးရှုံး​ခဲ့​ရာတွေကို ပြန်​ရရှိခဲ့​ပါ​တယ်။ ဒီ​တွေ့ကြုံမှု​က မဿဲ ၆:၃၃ မှာ ယေရှု​ကတိပြု​ခဲ့​ရာ​ကို အလေးအနက်​ထား​ဖို့ ကျွန်တော့်​ကို သင်ပေးခဲ့တယ်။ ကျွန်တော်​တို့​ရဲ့​ဘဝမှာ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​မယ်​ဆိုရင် ကျွန်တော်​တို့​ရဲ့ ရုပ်ပစ္စည်း​လိုအပ်ရာ​တွေ​အတွက် ဘယ်တော့မှ စိုးရိမ်​ပူပန်​နေဖို့​မလိုဘူး။” ယနေ့ အယ်​ဒီ​သည် ဇနီးသည်​နှင့်အတူ အချိန်ပြည့်​နယ်လှည့်​တစ်ဦး​အဖြစ် အမှုဆောင်​နေပါ​သည်။ ရုပ်ပစ္စည်း​လိုအပ်ရာ​များ​ကို သူတို့​ရရှိ​ထား​သည်။ ထို့​ထက်​ကား သူတို့သည် ဝိညာဉ်ရေးတွင် ချမ်းသာ​ကြွယ်ဝ​နေကြ​သည်။

အလွန်​များပြား​လှ​သည့် အကျိုးကျေးဇူးများ

သူခိုး​များ ခိုးယူ​သွား​နိုင်​သည့် မြေကြီးပေါ်​ရှိ​ဘဏ္ဍာ​နှင့်​မတူဘဲ ဝိညာဉ်​ရေး​ဘဏ္ဍာ​မှာ အမြဲ​တည်​နိုင်​ပေ​သည်။ (သု. ၂၃:၄၊ ၅; မဿဲ ၆:၂၀) ဝိညာဉ်​ရေး​တိုးတက်မှု​ကို တိုင်းတာ​ရ​ခက်​သည်​မှာ မှန်ပါသည်။ လူတစ်ဦး​၏ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ယုံကြည်ခြင်း​တို့​တွင် တိုးပွားမှု​ကို သိရှိ​ရန်​မှာ လူတစ်ဦး​၏ ငွေကြေး​တိုးများ​လာ​မှု​ကို သိရှိ​သလော​က် မလွယ်ကူ​ချေ။ သို့သော် ဝိညာဉ်​ရေး​ကြွယ်ဝမှု​၏ အကျိုးကျေးဇူးများ​ကား တိုင်းတာ​၍​မရ​လောက်​အောင် အလွန်​များပြား​လှ​ပေ​သည်။ ဝိညာဉ်​ရေးရာ​များ​ကို ဦးစား​ပေး​ရန် မိမိတို့၏​အသက်မွေး​လုပ်ငန်း၊ မိမိတို့၏​အိမ်၊ လယ်ယာများ​ကို​ပင် စွန့်လွှတ်​ခဲ့​ကြ​သည့် တပည့်​များ​အား ယေရှု ဤသို့​မိန့်ဆိုခဲ့​လေ​သည်– “ငါ​အမှန်​ဆိုသည်ကား ငါ့​နာမ​နှင့် သတင်းကောင်း​ကြောင့် အိမ်၊ ညီအစ်ကို​မောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာ​တည်း​ဟူသော တစ်ပါးပါး​ကို စွန့်​သော​သူသည် ယခု​ကာလ​၌ ညှဉ်းဆဲခြင်း​နှင့်​တကွ အဆ​တစ်​ရာ​သော အိမ်၊ ညီအစ်ကို​မောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာ​တို့ကို​ရမည့်​အပြင် အနာဂတ်​ကာလ​တွင် ထာဝရ​အသက်ကို​လည်း ရ​လိမ့်​မည်။”—မာကု ၁၀:၂၉၊ ၃၀က​ဘ။

သင့်​အသက်တာတွင် အဘယ်အရာကို ဦးစား​ထား​မည်​နည်း။ ဘုရားသခင်​လော၊ စည်းစိမ်ဥစ္စာ​လော။

သင်သည် ရုပ်ပစ္စည်း​ကြွယ်ဝ​ရန် ကြိုးစား​နေ​သလော . . . သို့​မဟုတ် ဝိညာဉ်​ရေး​ကြွယ်ဝ​ရန် ကြိုးစား​နေ​သလော

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

သင်သည် ရုပ်ပစ္စည်း​ကြွယ်ဝ​ရန် ကြိုးစား​နေ​သလော . . .

. . . သို့​မဟုတ် ဝိညာဉ်​ရေး​ကြွယ်ဝ​ရန် ကြိုးစား​နေ​သလော