မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘ​တိုင်း စိုးရိမ်​နေရ​သော အန္တရာယ်​တစ်ခု

မိဘ​တိုင်း စိုးရိမ်​နေရ​သော အန္တရာယ်​တစ်ခု

ဟက်​သာ​နှင့် စ​ကော့တ်​တို့သည် ဖျတ်လတ်​သွက်လက်​၍ ပျော်ရွှင်သော​ဇနီး​မောင်နှံ​ဖြစ်​ကာ ထက်မြက်​ပြီး ကျန်းမာ​သော သုံးနှစ်​အရွယ်​သားလေး​၏ မိဘများ​ဖြစ်​ကြသည်။ * သူတို့သည် သားကို အလွန် ဂရုစိုက်​ကြ​၏။ မျက်မှောက်​လောကတွင် ယင်းသည် လွယ်ကူ​သော​အလုပ်​မဟုတ်​ချေ။ ယင်း​တွင် စိုးရိမ်​ပူပန်မှု​နှင့်​တာဝန် များစွာ​ပါဝင်​သည်။ ကလေး​များ​ကို သွန်သင်ပေး​ရမည့်​အရာများ​သည်လည်း အလွန်​ပင်​များပြား​လှ​၏။ အထူးသဖြင့် ဟက်​သာ​နှင့် စ​ကော့တ်​တို့သည် တာဝန်​တစ်ခု​နှင့်​ပတ်သက်​၍ အလွန်​စိတ်​ပြင်းပြ​နေကြ​သည်– သူတို့သည် မိမိတို့၏​ကလေး​ကို လိင်ဆိုင်ရာ​မတော်မတရား​ပြု​သည့်​အန္တရာယ်များ​မှ ကာကွယ်​ပေး​လို​ကြ​၏။ အဘယ်ကြောင့်​နည်း။

“ကျွန်မ​အဖေဟာ အေး​တိ​အေးစက်​နိုင်​ပြီး ဒေါသကြီး​တဲ့ အရက်သမား​တစ်ယောက်​ဖြစ်တယ်။ ကျွန်မ​ကို ရက်ရက်စက်စက် ရိုက်နှက်​တယ်။ ပြီး​တော့ ကျွန်မ​နဲ့ ကျွန်မ​ရဲ့​ညီမလေး​တွေ​ကို ဗလက္ကာရပြု​တယ်” ဟု​ဟက်​သာ​က​ဆို​၏။ * ယင်း​သို့​သောမ​တော်​မတရား​ပြု​မှု​သည် ပြင်းထန်​သည့်​စိတ်ဒဏ်ရာ ရရှိ​စေနိုင်​ကြောင်း လူအများစုက လက်ခံ​ထား​ကြသည်။ ဟက်​သာ​သည် မိမိ၏​သားလေး​ကို ကာကွယ်​ပေး​ရန် ဆုံးဖြတ်ထား​ခြင်း​က အံ့ဩစရာ​မဟုတ်ပေ။ စ​ကော့တ်​လည်း ထပ်တူ​ပင်​ခံစားရ​၏။

မိဘ​များစွာ​သည် ကလေး​မတော်မတရား​ပြုခြင်း​နှင့်​ပတ်သက်​၍ စိုးရိမ်​နေကြ၏။ သင်လည်း အလားတူ​ဖြစ်​ပေမည်။ သင်သည် မတော်မတရား​ပြု​မှု​နှင့် ယင်း​၏​အကျိုးဆက်ကို စ​ကော့တ်​နှင့်​ဟက်​သာ​တို့​ကဲ့သို့ ကိုယ်တိုင်​ကိုယ်​ကျ ကြုံဖူး​ချင်​မှ​ကြုံဖူး​မည်​ဖြစ်သော်လည်း ဤ​စက်ဆုပ်ဖွယ်​အမူအကျင့်​သည် အလွန်​ပျံ့နှံ့​နေသည်​ဟူသော တုန်လှုပ်​ဖွယ်​သတင်း​များ​ကို ကြား​ရမည်​မှာ သေချာ​ပါ​သည်။ ကမ္ဘာ​တစ်ဝန်း​၌ ဂရုစိုက်​တတ်သော​မိဘများသည် မိမိတို့​နေထိုင်ရာ​ဒေသ​ရှိ ကလေး​သူငယ်​များ​တွင် အဘယ်အရာ​ဖြစ်ပျက်​နေကြောင်း သိရ​သောအခါ ထိတ်လန့်​တုန်လှုပ်​သွား​ကြသည်။

လိင်ဆိုင်ရာ​မတော်မတရား​ပြု​မှု​ကို လေ့လာ​သည့် သုတေသီ​တစ်ဦး​က ကလေး​မတော်မတရား​ပြု​သည့်​နှုန်း​ကို “ကျွန်ုပ်​တို့​ခေတ်​ရှိ စိတ်ပျက်ဖွယ်​အကောင်းဆုံး ရှာဖွေ​တွေ့ရှိ​မှု​တစ်ခု” ဟု​ခေါ်ဆို​ခဲ့​ခြင်း​က အံ့ဩစရာ​မဟုတ်​ချေ။ ယင်းသည် အမှန်ပင် သတင်းဆိုး​ဖြစ်သော်လည်း ကလေး​မတော်မတရား​ပြု​မှု တိုးများ​ပျံ့နှံ့​လာ​ခြင်း​သည် အံ့ဩစရာ​လော။ သမ္မာကျမ်းစာ​လေ့လာသူ​များ​အတွက်​မူ အံ့ဩစရာ​မဟုတ်​ချေ။ လူတို့သည် “ကိုယ်ကို​ကိုယ်​ချစ်သော​သူ” နှင့် “ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော​သူ” များ​ဖြစ်​ကြ​မည့်​ကာလ၊ “ပြင်းထန်သော” အမူအကျင့်များ​ပျံ့နှံ့​မည့် “နောက်ဆုံးသော​နေ့ရက်​များ” ဟု ခေါ်ဆို​သည့် ခဲယဉ်း​ကျပ်တည်း​သော​ကာလ​တွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ရ​ကြောင်း သမ္မာကျမ်းစာ​က ရှင်းပြ​ထား​သည်။—၂ တိမောသေ ၃: ၁- ၅၊ သမ္မာ။

လိင်ဆိုင်ရာ​မတော်မတရား​ပြု​မှု​သည် ထိတ်လန့်​တုန်လှုပ်​ဖွယ် ပြဿနာ​တစ်ခု​ပင်။ အမှန်​ဆို​ရ​လျှင် လိင်ဆိုင်ရာ​မတော်မတရား​ပြု​ရန် ကလေး​များ​အား ရှာဖွေ​နေကြ​သူတို့၏ ကမ်းကုန်​အောင် ဆိုးသွမ်း​မိုက်မဲမှု​ကို အလေးထား​စဉ်းစား​ကြည့်​သောအခါ မိဘ​တချို့​မှာ စိတ်ပူ​ပန်​ရလေ​တော့​၏။ သို့သော် ဤ​ပြဿနာ​သည် မိဘများ​မကိုင်တွယ်​နိုင်​လောက်​အောင် ကြီးမား​လွန်းနေ​ပါသလော။ သို့​မဟုတ် မိမိတို့၏​သားသမီး​များ​ကို ဘေးအန္တရာယ်​ကင်း​စေရန် မိဘများ​လုပ်ဆောင်​နိုင်​သည့် လက်တွေ့ကျ​ခြေလှမ်း​များ​ရှိပါ​သလော။ အဆိုပါ​မေးခွန်းများကို နောက်​ဆောင်းပါး​များ​တွင် သုံးသပ်ပါ​မည်။

^ အပိုဒ်၊ 2 ဤ​အခန်းဆက်​ဆောင်းပါး​များ​တွင် အမည်များ​ကို ပြောင်း​ထား​ပါ​သည်။

^ အပိုဒ်၊ 3 လူကြီး​တစ်ဦး​သည် ကလေး​တစ်ဦး​ကို အသုံးပြု၍ မိမိ၏​သွေးသား​ဆန္ဒ​ကို အာသာဖြေခြင်း​သည် ကလေး​မတော်မတရား​ပြုခြင်း​ဖြစ်၏။ ယင်း​တွင် သမ္မာကျမ်းစာ​၌​ဖော်ပြ​ထားသော မတရားမေထုန် သို့​မဟုတ် ပေါ်နီယာ ပါ​ဝင်လေ့​ရှိ၏။ ယင်း​တွင် အင်္ဂါဇာတ်​ကို​ပွတ်သပ်ခြင်း၊ သံဝါသပြု​ခြင်း၊ ပါးစပ် သို့​မဟုတ် စအို​ဖြင့် သံဝါသပြု​ခြင်း​တို့ ပါဝင်​နိုင်​ပါ​သည်။ သားမြတ်​ကို​ပွတ်သပ်ခြင်း၊ အကျင့်​ယိုယွင်း​ရန် ဗြောင်​တိုက်တွန်းခြင်း၊ ကလေး​ကို အ​ပြာ​စာပေ​ရုပ်ရှင်​ပြသခြင်း၊ သူတစ်ပါး​၏​လိင်​ကိစ္စ​ကို ချောင်းကြည့်​၍​အာသာဖြေခြင်း​နှင့် မဖွယ်မရာ​လှ​စ်​ပြ​ခြင်း​ကဲ့သို့​သော မတော်မတရား​ပြုကျင့်​သည့် လုပ်ရပ်​အချို့​ကို သမ္မာကျမ်းစာ​တွင် “အကျင့်ပျက်​ခြင်း” သို့​မဟုတ် ‘အာသာငမ်းငမ်းတက်​ကျင့်​သည့် ညစ်ညမ်းမှု’ အဖြစ် ပြစ်တင်​ရှုတ်ချ​ထား​သည်။—ဂလာတိ ၅:၁၉-၂၁က​ဘ; ဧဖက် ၄:၁၉က​ဘ။