မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာကြောင့် သမ္မာကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်ရသလဲ

ဘာကြောင့် သမ္မာကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်ရသလဲ

လူငယ်များ​အမေး . . .

ဘာကြောင့် သမ္မာကျမ်းစာ​စံနှုန်း​တွေ​အတိုင်း နေထိုင်​ရသလဲ

သင်သည် ကျောင်း​စားသောက်​ဆိုင်​တွင် အခြား​မိန်းကလေး​နှစ်ဦး​နှင့်အတူ နေ့လယ်​စာ​စား​နေသည်။ သူတို့​ထဲ​မှ တစ်ဦး​က ကျောင်းသား​အသစ်​တစ်ဦး​ကို စိုက်ကြည့်​နေသည်။

ပထမ​မိန်းကလေး​က “သူ နင့်​ကို တကယ်​ကြိုက်​နေတာ၊ သိလား။ နင့်​ကို ရွှန်းရွှန်း​စား​စား​ကြည့်​နေ​လိုက်တာ၊ သူ့​အကြည့်​တွေ​က နင့်​ပေါ်မှာ​ပဲ ဝဲ​နေတယ်” ဟူ၍ သင့်​အား​ပြော​သည်။

ဒုတိယ​မိန်းကလေး​က သင့်​အနား​သို့​ကပ်​ကာ လေသံ​ဖြင့် “ကြည့်​ရတာ သူ့မှာ ရည်းစား​မရှိ​သေး​ဘူး” ဟု​ဆို​၏။

ပထမ​မိန်းကလေး​က “ငါ့​မှာ ရည်းစား​ရှိနေတာ ဆိုး​တာ​ပဲ။ သူနဲ့​တွဲ​ဖို့​ဆိုရင် ငါ​တစ်ချက်​ကလေး​တောင် စဉ်းစား​နေမှာ မဟုတ်ဘူး” ဟု​ဆို​သည်။

ထို့နောက် ပထမ​မိန်းကလေး​က သင်​မကြားချင်​ဆုံး​စကား​ကို ပြော​လှာ​သည်။

“နင် ဘာဖြစ်​လို့ ရည်းစား​မထား​တာလဲ။”

ထိုသို့​ပြော​တော့​မည်​ဆို​သည်ကို သင်​သိ​သည်။ အမှန်​မှာ သင်လည်း ရည်းစား​ထားချင်​နေသည်။ သို့သော် လက်ထပ်​ရန်​အသင့်​ဖြစ်​မှ ချိန်းတွေ့ ခြင်း​သည် အကောင်းဆုံး​ဖြစ်၏​ဟု သင့်​အား ပြော​ထား​သည်။ ထိုသို့ ဖြစ်​ရခြင်း​မှာ . . .

“နင်​ကိုးကွယ်​တဲ့​ဘာသာ​ကြောင့် မဟုတ်လား” ဟု ဒုတိယ မိန်းကလေး​က ဆို​သည်။

‘ငါ​ဘာတွေ​စဉ်းစား​နေတယ်​ဆိုတာ သူသိ​နေလို့​လား’ ဟု သင်​တွေးမိ​သည်။

“နင်​က တစ်ချိန်​လုံး ကျမ်းစာ၊ ကျမ်းစာ၊ ကျမ်းစာ​လို့​ပဲ ပြော​နေတယ်။ နင့်​မှာ တစ်ခါ​တ​လေ​လေး​တောင် ပျော်ပျော် နေလို့​မရဘူး​လား” ဟု​ပထမ​မိန်းကလေး​က သင့်​အား မခံ​ချိ မခံ​သာ​ဖြစ်အောင်​ပြော​သည်။

သင်သည် သမ္မာကျမ်းစာ​စံနှုန်း​အတိုင်း နေထိုင်ရန်​ကြိုးစား​သောကြောင့် ပြောင်လှောင်​ခံရ​ဖူး​ပါသလော။ သင်​မည်သို့ တုံ့ပြန်​သနည်း။

ကိုယ်ကျင့်တရား​နှင့်​ပတ်သက်သော သင့်​ယုံကြည်ချက်ကို ရဲရင့်စွာ ကာကွယ်​ပါ

ကသိကအောက်​နိုင်​သော်လည်း သင့်​ယုံကြည်ချက်​အကြောင်း ကို​အတတ်နိုင်ဆုံး ရှင်းပြပါ

သင်၌ ပျော်စရာ​မရှိ​ဟူသော ကျောင်း​မှ​သူငယ်ချင်းများ​၏ အဆို မှန်​မမှန် ဆုံးဖြတ်​ပါ

‘တကယ်ပဲ သမ္မာကျမ်းစာ​စံနှုန်း​တွေ​အတိုင်း နေထိုင်​သင့်​လို့လား’ ဟု​သင်​တွေးတော​ဖူး​ပါသလော။ ဒေဗောရ​အမည်​ရှိ ငယ်ရွယ်သူ​တစ်ဦး ထို​အကြောင်း​တွေးတော​ခဲ့​ဖူး​သည်။ * “ကျွန်မ​နဲ့ သက်တူရွယ်တူ​တွေ​ဟာ သူတို့​လုပ်ချင်တာကို လုပ်လို့​ရတယ်။ သူတို့ကို မေးခွန်းထုတ်​မယ့်​သူ​မရှိ​သလိုပဲ။ သမ္မာကျမ်းစာ​စံနှုန်း​တွေ​က တင်းကျပ်​တယ်လို့ ခံစား​ရတယ်။ ကျောင်း​က​သူငယ်ချင်းတွေရဲ့ အနှောင်အဖွဲ့​ကင်း​တဲ့​ဘဝ​ပုံစံ​ကို ကျွန်မ​အားကျမိ​တယ်” ဟု​ပြော​သည်။

ယင်း​သို့​တွေး​ခြင်း​သည် မှား​သလော

ကျမ်း​ရေးသူ​အာသပ်​သည် သူ့​ဘဝ​အသက်တာ​၏ အချိန်​တစ်ချိန်​တွင် ဘုရားသခင်​နှစ်သက်သော​လမ်းစဉ်​အတိုင်း နေထိုင်ခြင်း​က အကျိုးနပ်​၏​လော​ဟု စဉ်းစား​ခဲ့​ဖူး​သည်။ “မတရားသော​သူတို့၏​စည်းစိမ်​ကို မြင်​သောအခါ မိုက်​သော​သူတို့ကို​ပင် ငါ​ငြူစူ​မိ​ပြီ” ဟု​သူ​ရေးခဲ့​၏။ “အကယ်စင်စစ် ငါ့​နှလုံးကို ငါ​သန့်ရှင်း​စေ​သော်လည်း အကျိုးမရှိ။ အပြစ်ကင်း​ခြင်းနှင့် ငါ့​လက်ကို ဆေးကြော​သော်လည်း အကျိုးမရှိ” ဟု​ပင်​ပြော​ခဲ့​သည်။—ဆာလံ ၇၃:၃၊ ၁၃

တစ်ခါတစ်ရံ လူတို့သည် ကိုယ်တော့်​စံနှုန်း​များ​အတိုင်း နေထိုင်ခြင်း​၏​တန်ဖိုး​နှင့်​ပတ်သက်​၍ မေးခွန်းထုတ်​သည်ကို ယေဟောဝါ​ဘုရားသခင် နားလည်​တော်​မူ​ကြောင်း ထင်ရှား​သည်။ အကြောင်း​မှာ အာသပ်​၏​စဉ်းစား​တွေးတောပုံ​ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်းတင်​စေ​ခဲ့​၍​ဖြစ်သည်။ အဆုံး​တွင် ဘုရားသခင့်​ပညတ်​များနှင့်​အညီ နေထိုင်ခြင်း​က​သာ​လျှင် အကောင်းဆုံး​ဘဝ​လမ်းစဉ်​ဖြစ်သည်ဟု အာသပ်​ဆုံးဖြတ်​ခဲ့​၏။ (ဆာလံ ၇၃:၂၈) သူ အဘယ်ကြောင့် ထိုသို့​ကောက်ချက်​ချ​ခဲ့​သနည်း။ အာသပ်​သည် အမှန်ပင် ပညာရှိ​၏။ ဘေးဆိုးများ​ကို ကိုယ်တိုင်​ခံစား​ခဲ့​ရ​၍​မဟုတ်ဘဲ အခြား​သူတို့၏​အမှား​များ​မှ သင်ခန်းစာယူ​ခဲ့​သောကြောင့် သူ ထိုသို့​ဆုံးဖြတ်​ခဲ့​သည်။ (ဆာလံ ၇၃:၁၆-၁၉) သင်လည်း ထိုသို့ လုပ်နိုင်​သလော။

ဖြစ်ရပ်မှန်​မှ သင်ယူခြင်း

ဘုရင်​ဒါဝိဒ်​သည် အာသပ်​နှင့်​မတူဘဲ ဘုရားသခင့်​စံနှုန်း​များ​ကို အလေး​မထား​သူသည် ကိုယ်ကျိုး​နည်း​ရ​ကြောင်းကို ခါးသီး​သော​အတွေ့အကြုံ​မှ သင်ယူ​ခဲ့​ရသည်။ ဒါဝိဒ်​သည် သူ့​အမှုထမ်း​တစ်ဦး၏​မယား​နှင့် မှားယွင်း​ခဲ့​ပြီး ယင်း​အပြစ်ကို ဖုံးဖိ​ရန်​ကြိုးစား​ခဲ့​သည်။ ရလဒ်​အနေ​နှင့် ဘုရားသခင်​အပါအဝင် အခြားသူများ​အား ထိခိုက်​စေ​ခဲ့​ပြီး ဝမ်းနည်းပူဆွေးမှု​များ​ကို အလူးအလိမ့်​ခံစား​ခဲ့​ရသည်။ (၂ ဓမ္မ​ရာဇဝင် ၁၁:၁–၁၂:၂၃) ဒါဝိဒ်​နောင်တ​ရပြီး​နောက် သူ၏​ခံစားချက်​ကို သီချင်း​အဖြစ်​စပ်ဆို​ရန် ယေဟောဝါ​မှုတ်သွင်း​ခဲ့​ပြီး ယင်း​တို့ကို ကျွန်ုပ်​တို့၏​အကျိုးအတွက် သမ္မာကျမ်းစာ​တွင် ထိန်းသိမ်း​ထား​စေ​ခဲ့​သည်။ (ဆာလံ ၅၁:၁-၁၉; ရောမ ၁၅:၄) ထို့​ကြောင့် အခြားသူများ​၏​အမှား​များ​မှ သင်ခန်းစာယူ​ခြင်း​သည် ပညာရှိရာ​ကျ​ပြီး သမ္မာကျမ်းစာ​နှင့်​လည်း ကိုက်ညီ​ပါ​သည်။

အာသပ်​၏​ပုံသက်သေ​ကို လိုက်လျှောက်​ရာ​တွင်​နှင့် ဒါဝိဒ်​၏​အမှား​မျိုးကို ရှောင်ရှား​ရာ​တွင် သင့်အတွက် အထောက်အကူ​ဖြစ်စေ​ရန် သမ္မာကျမ်းစာ​စံနှုန်း​များ​ကို ခေတ္တ​မျှ​လျစ်လျူရှု​ခဲ့​ကြသော နိုင်ငံ​အသီးသီး​မှ လူငယ်​အချို့​၏​ပြောပြချက်​များ​ကို သုံးသပ်ကြည့်​ပါ။ အထူးသဖြင့် သူတို့သည် လက်မထပ်မီ လိင်မှု​ကိစ္စ​ကျူးလွန်​ခဲ့​သူများ​ဖြစ်​ကြသည်။ သူတို့သည် ဒါဝိဒ်​ကဲ့သို့​ပင် အမှား​များ​အတွက် နောင်တ​ရခဲ့​ကြ​ပြီး ဘုရားသခင်​ရှေ့ စင်ကြယ်သော​အနေအထား​ကို ပြန်လည်​ရရှိခဲ့​ကြသည်။ (ဟေရှာယ ၁:၁၈; ၅၅:၇) သူတို့​ပြောဆို​ရာ​များ​ကို သုံးသပ်ကြည့်​ပါ။

နိုးလော့!– ခင်ဗျား​ရဲ့​စဉ်းစား​တွေးခေါ်မှု​နဲ့ လုပ်ဆောင်မှုတွေကို ဘယ်အရာ​တွေ​က လွှမ်းမိုး​ခဲ့​သလဲ။

ဒေဗောရ– “ကျောင်း​မှာ​ရှိတဲ့ ကျောင်းသူ​ကျောင်းသား​တိုင်း​မှာ ရည်းစား​တွေ​ရှိကြ​ပြီး သူတို့တွေဟာ ပျော်ရွှင်​နေ​ပုံ​ပေါက်​တယ်။ ကျွန်မ သူတို့နဲ့အတူ​ရှိနေတဲ့​အခါ​တွေ​မှာ သူတို့​အချင်းချင်း​ဖက်ပြီး နမ်း​နေတာကို​တွေ့​တော့ ကျွန်မ မနာလို​ဖြစ်လာ​ပြီး အထီးကျန်​သလို ခံစား​ရတယ်။ မကြာခဏ​ပဲ ကျွန်မ​ဟာ ကျွန်မ​ကြိုက်​နေတဲ့ ကောင်လေး​တစ်ယောက်​နဲ့ အတူ​ရှိ​နေတယ်လို့ အချိန်​အကြာကြီး စိတ်ကူးယဉ်​ခဲ့​တယ်။ အဲဒီလိုလုပ်တာက သူနဲ့အတူ​ရှိနေ​ချင်​တဲ့​ဆန္ဒ​နဲ့ အဲဒီ​ဆန္ဒ​ကို​ဖြည့်ဆည်း​ဖို့ ဘာ​မဆို​လုပ်​လို​တဲ့​စိတ်​ကို ပို​ပြင်းပြ​စေတယ်။”

မိုက်– “လိင်ကို​အမွှမ်းတင်​ထား​တဲ့ စာပေ​တွေ​ကို ကျွန်တော် ဖတ်​ပြီး တီဗွီ​အစီအစဉ်တွေကို ကြည့်​ခဲ့​တယ်။ သူငယ်ချင်းတွေ​နဲ့ လိင်​အကြောင်း​ပြောဆို​တဲ့​အခါ ကျွန်တော့်​ရဲ့​စပ်စု​ချင်စိတ်​က ပို​ပြင်းပြ​လာတယ်။ နောက်တော့ မိန်းကလေး​နဲ့​နှစ်ယောက်​တည်း အတူ​ရှိနေတဲ့​အခါ လိင်​ကိစ္စ​မပါဘဲ ကိုယ်ခန္ဓာ​ချင်း​ရင်းနှီး​နိုင်​ပြီး ကိုယ့်​ကိုယ်ကို ထိန်း​နိုင်တယ်​လို့ ထင်​ခဲ့​တယ်။”

အင်ဒရူး– “အင်တာနက်​ထဲ​က အ​ပြာ​ရုပ်ပုံတွေကို ကျွန်တော်​ကြည့်​လေ့​ရှိတယ်။ အရက်​ကို တရားလွန် စ​သောက်​တယ်။ ပြီး​တော့ သမ္မာကျမ်းစာ​မှာပါတဲ့ ကိုယ်ကျင့်တရား​စံနှုန်း​တွေ​ကို တန်ဖိုး​မထားတဲ့ လူငယ်တွေ​နဲ့ ပါတီပွဲ​တွေ​တက်​ခဲ့​တယ်။”

ထ​ရေ​စီ– “ကျွန်မ​အသက် ၁၆ နှစ်အရွယ်​တုန်း​က ကျွန်မ​ရည်းစား​နဲ့​အတူ​ရှိနေဖို့​က​သာ အရေးကြီးဆုံး​ဖြစ်တယ်။ လက်မထပ်ခင်​မှာ လိင်မှု​ပြု​တာ မှားတယ်​ဆိုတာ ကျွန်မ​သိပေမဲ့ အဲဒါကို ကျွန်မ မမုန်း​ခဲ့​ဘူး။ လက်မထပ်ခင်​မှာ လိင်မှု​ပြု​ဖို့ စိတ်​မ​ကူး​ခဲ့​ပါ​ဘူး။ ဒါပေမဲ့ ကျွန်မ​ရဲ့​စိတ်​လှုပ်ရှားမှု​က ကျွန်မ​ရဲ့​စိတ်ကူး​ကို အနိုင်ယူ​သွားတယ်။ တစ်ခဏ​အတွင်းမှာပဲ ကျွန်မ​ရဲ့​ကိုယ်ကိုကိုယ်သိတဲ့စိတ်​က အပြစ်တွေ​နဲ့​ပတ်သက်​လို့ ထုံ​သွားတယ်။

နိုးလော့!– ခင်ဗျား​ရဲ့​ဘဝ​ပုံစံ​က ခင်ဗျား​ကို ပျော်ရွှင်​စေ​ခဲ့​သလား။

ဒေဗောရ– “ပထမ​တော့ ကျွန်မ လွတ်လပ်​တယ်လို့ ခံစား​ရပြီး သူငယ်ချင်းတွေ​နဲ့ အံဝင်ခွင်ကျ​ဖြစ်သွား​လို့ အရမ်းပျော်​ခဲ့​တယ်။ ဒါပေမဲ့ ဒီ​ခံစားချက်​က ကြာရှည်​မခံ​ပါ​ဘူး။ ဒါတွေဟာ မသန့်ရှင်း​ဘူး၊ အပြစ်​မကင်း​ဘူး၊ အနှစ်သာရ​မရှိဘူးလို့ စပြီး​ခံစား​လာ​ရတယ်။ ဘယ်တော့မှ ပြန်​မရနိုင်​တော့​တဲ့ ကျွန်မ​ရဲ့​အပျိုစင်​ဘဝကို စွန့်လွှတ်​လိုက်ရ​ပြီ​ဆိုပြီး အရမ်း​နောင်တ​ရခဲ့တယ်။ အဲဒီ​အချိန်​ကစပြီး ‘အကျိုးဆက်​တွေ​ကို ခံရ​မှာ​မဟုတ်ဘူးလို့​ပြော​ရအောင် ငါ​က ဘာမို့လို့​လဲ။’ ‘ဘာကြောင့်လဲ—ငါ ဘာကြောင့် ယေဟောဝါ​ရဲ့ မေတ္တာပါ​တဲ့​စံနှုန်း​တွေ​ကို လျစ်လျူရှု​ခဲ့​တာလဲ’ လို့​ကိုယ့်​ကိုယ်ကို မကြာခဏ​မေး​မိတယ်။”

မိုက်– “ငါ့​ဘဝ​တော့ ဆုံး​ပြီ​လို့ ခံစား​လိုက်ရတယ်။ ကျွန်တော့်​ကြောင့် တခြား​သူတွေ ထိခိုက်​ခံရ​တာ​ကို လျစ်လျူရှု​ဖို့ ကြိုးစား​ခဲ့​ပေမဲ့ မရဘူး။ ကိုယ့်​ပျော်ရွှင်မှု​ကို​ရှာ​တာ​က တခြား​သူကို ထိခိုက်​တယ်​ဆိုတာ​သိရလို့ စိတ်နာ​ကျင်​ခဲ့​တယ်။ ကျွန်တော်​အိပ်လို့မရ​ဘူး။ တဖြည်းဖြည်း​နဲ့ အကျင့်​ယိုယွင်းခြင်း​ရဲ့​သာယာမှု​က မှေးမှိန်​လာပြီး ကျွန်တော့်​အတွေး​ထဲမှာ နာကျင်မှုနဲ့ ရှက်ရွံ့မှု​တွေ​ပဲ လွှမ်းမိုး​လာတယ်။

အင်ဒရူး– “မှားယွင်း​တဲ့​စိတ်ဆန္ဒ​နောက်လိုက်​ဖို့ ပို​ပို​လွယ်​လာတယ်။ ဒါပေမဲ့ တစ်ချိန်တည်း​မှာပဲ အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်​ဝင်လာ​ပြီး ကိုယ့်​ကိုယ်ကို မကျေမနပ်​ဖြစ်လာ​တယ်။”

ထ​ရေ​စီ– “မကြာခင်​မှာပဲ မနှစ်မြို့ဖွယ်​အဖြစ်မှန်​ကို ကျွန်မ ရင်ဆိုင်​ရတော့တယ်။ အကျင့်​ယိုယွင်းမှုက ကျွန်မ​ရဲ့ ပျို​မျစ်​နုနယ်​မှု​ကို ဖျက်ဆီး​လိုက်တယ်။ ကျွန်မ​နဲ့ ကျွန်မ​ရည်းစား ပျော်ရွှင်မှု​ခံစား​ရမယ်​လို့ ကျွန်မ​ထင်​ခဲ့​တယ်။ ကျွန်မ​တို့ မခံစား​ခဲ့​ရ​ပါ​ဘူး။ တစ်ဦး​ကိုတစ်​ဦး နာကျင်အောင်၊ ဝမ်းနည်းအောင်၊ ကြေကွဲ​အောင်​လုပ်ပြီး လမ်းခွဲ​ခဲ့​ကြတယ်။ ယေဟောဝါ​ရဲ့ နည်းလမ်းတော်​အတိုင်း နေထိုင်ခဲ့​ရင်​အကောင်း​သား​ဆိုပြီး ည​စဉ်​ည​တိုင်း အိပ်ရာ​ထဲမှာ ငိုကြွေး​ခဲ့​ရတယ်။”

နိုးလော့!– သမ္မာကျမ်းစာ​မှာပါတဲ့ ကိုယ်ကျင့်တရား​စံနှုန်း​တွေ​က တင်းကျပ်​တယ်လို့​ထင်​တဲ့ လူငယ်တွေကို ခင်ဗျား ဘာ​အကြံပေး​ချင်​ပါ​သလဲ။

ဒေဗောရ– “သမ္မာကျမ်းစာ​စံနှုန်း​တွေ​ကို လျစ်လျူရှု​သူရဲ့​ဘဝဟာ ဘယ်တော့မှ သာယာ​မှာ​မဟုတ်ပါဘူး။ သင်​သာ ယေဟောဝါ​ရဲ့​အကြံပေး​ချက်​တွေ​ကို လိုက်နာမယ်​ဆိုရင် ကိုယ်တော်​ဘယ်လောက်​ပျော်​လိုက်မလဲ​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ကိုယ်တော့်​သွန်သင်ချက်​တွေ​ကို လျစ်လျူရှု​လိုက်လို့ ခံစား​ရမယ့် ဆိုးကျိုး​တွေ​ကို ထည့်​စဉ်းစားပါ။ သင့်​လုပ်ရပ်တွေ​က သင်နဲ့ သင့်​လိုအင်ဆန္ဒ​တွေ​ကို​သာမက​ဘဲ တခြား​သူတွေ​အပေါ်လည်း အကျိုး​သက်ရောက်​တယ်​ဆိုတာ သတိရပါ။ ပြီး​တော့ ဘုရားသခင့်​အကြံပေး​ချက်​တွေ​ကို လျစ်လျူရှု​မယ်​ဆိုရင် သင်​ပဲ ပျက်စီး​လိမ့်မယ်။

မိုက်“သင့်​ရွယ်တူတွေရဲ့ ဘဝ​ပုံစံ​က အပေါ်ယံ​ကြည့်​ရင်​တော့ အားကျစရာ​ကောင်း​ပုံ​ပေါက်​တယ်။ ဒါပေမဲ့ သင်​မလုပ်ဆောင်​ခင်​မှာ အတွင်းကျကျ ကြည့်မြင်​ပါ။ သင့်ကို ယေဟောဝါ​ပေးအပ်​ထား​တဲ့ တန်ဖိုး​အရှိဆုံး​လက်ဆောင်​တွေ​ထဲမှာ သင့်​ဂုဏ်​သိက္ခာ​နဲ့ ဖြူစင်မှု​လည်း ပါ​တယ်။ ကိုယ့်​ကိုယ်ကို မထိန်းချုပ်​နိုင်တာ​ကြောင့် ဒီ​လက်ဆောင်​တွေ​ကို ပစ်ပယ်​လိုက်တာ​က သင့်ကို​သင် အပေါ​စား​စာရင်း​ထဲ သွင်း​လိုက်တာပဲ။ သင့်​မိဘ​နဲ့ တခြား​ရင့်ကျက်သူတွေ​ကို သင့်​ပြဿနာ​တွေ​အကြောင်း ပြောပြ​ပါ။ သင်​အမှား​လုပ်မိ​ပြီ​ဆိုရင် ပွင့်ပွင့်လင်းလင်း​ပြောပြ​ပြီး ပြုပြင်​လိုက်ပါ။ သင်ဟာ ကိစ္စရပ်​တွေ​ကို ယေဟောဝါ​ရဲ့ နည်းလမ်းတော်​အတိုင်း လုပ်ဆောင်မယ်​ဆိုရင် စစ်မှန်​တဲ့​ငြိမ်သက်မှု​ရဲ့​အရသာ​ကို ခံစား​ရပါလိမ့်မယ်။”

အင်ဒရူး– “သင့်​မှာ​အတွေ့အကြုံ​မရှိတော့ သင့်​အပေါင်းအသင်းတွေ​ရဲ့ ဘဝ​ပုံစံ​ဟာ ပျော်စရာ​ကောင်းတယ်​လို့ သင်​ထင်​မယ်။ သူတို့ရဲ့​သဘောထားတွေ​က သင့်ကို လွှမ်းမိုး​လာမယ်။ ဒါ​ကြောင့် အပေါင်းအသင်း​ကို ပညာရှိရှိ ရွေးချယ်​ပါ။ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ၊ ဒါဆိုရင် နောင်တ​ရ​စ​ရာ​အကြောင်း​တွေ​ကို သင်​ရှောင်နိုင်​ပါ​လိမ့်မယ်။”

ထ​ရေ​စီ– “‘ငါ​ဘယ်တော့မှ အဲဒီလို​ဖြစ်​မှာ​မဟုတ်ဘူး’ လို့ မထင်ပါနဲ့။ ကျွန်မ​ရဲ့​လုပ်ရပ်တွေဟာ နာကျင်မှုနဲ့​အဆုံးသတ်​ရလိမ့်မယ်လို့ အမေက ကျွန်မ​ကို သေသေချာချာ​ပြောပြ​ခဲ့​တယ်။ ကျွန်မ မထီမဲ့မြင်​ပြု​ခဲ့​တယ်။ ကျွန်မ​က ပို​သိတယ်လို့ ထင်​ခဲ့​တယ်။ တကယ်တော့​မဟုတ်ဘူး။ ယေဟောဝါ​ရဲ့​စံနှုန်း​တွေ​နဲ့​အညီ​နေထိုင်ပြီး အဲဒီလို​နေထိုင်တဲ့​လူတွေနဲ့ ပေါင်းသင်း​ပါ။ သင်​ပို​ပြီး ပျော်ရွှင်​ပါ​လိမ့်မယ်။”

သမ္မာကျမ်းစာ​စံနှုန်း​များသည် လက်​ထိတ်​လော၊ ထိုင်ခုံ​ခါးပတ်​လော

သင့်​အပေါင်းအသင်း​များ​က သင် သမ္မာကျမ်းစာ​စံနှုန်း​များ​အတိုင်း နေထိုင်ရန်​ကြိုးစား​သောကြောင့် သင့်​အား ပြောင်လှောင်​ပါ​က သင့်ကို​သင် ဤသို့​မေးပါ– သူတို့​ဘာ​ကြောင် သမ္မာကျမ်းစာ​ရဲ့ ကိုယ်ကျင့်တရား​ဆိုင်ရာ စည်းမျဉ်း​အတိုင်း မနေထိုင်​တာလဲ။ သမ္မာကျမ်းစာ​ကို ကိုယ်တိုင်​ဖတ်​ပြီး ဘုရားသခင့်​ပညတ်တော်​တွေ​ကို နာခံ​လိုက်လျှောက်ခြင်း​ရဲ့​အကျိုးကျေးဇူးတွေကို သူတို့ စူးစမ်း​လေ့လာ​ကြသလား။ ဒီ​စံနှုန်း​တွေ​ကို လျစ်လျူရှုတဲ့​အတွက် ခံစား​ရမယ့်​ဆိုးကျိုး​တွေ​ကို သူတို့​အလေးအနက်​ထား စဉ်းစား​သလား။ ဒါမှ​မဟုတ် တခြား​သူတွေ​လုပ်​သလိုပဲ လိုက်လုပ်​ကြသလား။

“လူများ​နောက်သို့​လိုက်” သော​သူတို့ကို သင်​သိ​ပေမည်။ (ထွက်မြောက်ရာ ၂၃:၂) ထို​ထက်​ကောင်း​အောင် သင်​လုပ်​လို​သည်မဟုတ်​လော။ သင် မည်သို့​လုပ်နိုင်​မည်​နည်း။ “ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်” ယူပါ​ဟူသော သမ္မာကျမ်းစာ​အကြံပြုချက်များ​ကို လိုက်လျှောက်ခြင်း​ဖြင့်​ဖြစ်သည်။ (ရောမ ၁၂:၂) ယေဟောဝါ​သည် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်သော​ကြောင့် သင့်ကိုလည်း ကိုယ်တော် ပျော်ရွှင်​စေ​လို​ပါ​သည်။ (၁ တိမောသေ ၁:၁၁က​ဘ; ဒေ. ၁၁:၉) သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထားသော စံနှုန်း​များသည် သင့်​အကျိုးအတွက်​ဖြစ်သည်။ သင့်​လွတ်လပ်မှုကို ကန့်သတ်​ထားသော လက်​ထိတ်​အဖြစ် ယင်း​တို့ကို သင် ရှုမြင်​နိုင်​ပါ​သည်။ သို့သော် အဖြစ်မှန်​မှာ သမ္မာ​ကျမ်းစာ​ပါ ကိုယ်ကျင့်တရား​ဆိုင်ရာ​စည်းမျဉ်း​များသည် ခရီးသည်​များ​ကို အန္တရာယ်​မှ​ကာကွယ်​ပေး​သော ထိုင်ခုံ​ခါးပတ်​နှင့် ပို​၍​တူ​ပါ​သည်။

သမ္မာကျမ်းစာ​ကို သင် အမှန်ပင် ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ယင်း​စံနှုန်း​များ​အတိုင်း သင်​နေထိုင်ရန် ရွေးချယ်​ပါ​က ယေဟောဝါ​အား ပျော်ရွှင်​စေ​သည်​သာမက သင်​ကိုယ်တိုင်​လည်း အကျိုး​ရရှိ​ပေမည်။—ဟေရှာယ ၄၈:၁၇

“လူငယ်များ​အမေး . . .” အခန်းဆက်​များ​မှ ထပ်ဆင့် ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ဤ​ဆောင်းပါး​မှ​အမည်များ​ကို ပြောင်း​ထား​သည်။

ချ​င့်​တွေးစရာ

▪ သမ္မာကျမ်းစာ​စံနှုန်း​များ​အတိုင်း​နေထိုင်ရန် အဘယ်အရာက သင့်​အား အခက်တွေ့​စေနိုင်​သနည်း။

▪ ဘုရားသခင့်​စံနှုန်း​များ​အတိုင်း နေထိုင်ခြင်း​သည် အကောင်းဆုံး ဘဝ​လမ်းစဉ်​ဖြစ်​ကြောင်း အဘယ်ကြောင့် သင်​ကိုယ်တိုင် သိအောင်​ပြု​ဖို့​လို​သနည်း။