မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါ့ရဲ့ဆုတောင်းချက်တွေကို ဘယ်လို တိုးတက်စေနိုင်မလဲ

ငါ့ရဲ့ဆုတောင်းချက်တွေကို ဘယ်လို တိုးတက်စေနိုင်မလဲ

“ကျောင်းမှာ၊ အလုပ်မှာ ဒါမှမဟုတ် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အတူရှိနေတဲ့အခါ သင့်တာဝန်တွေကို မျှတမှုရှိအောင်ကြိုးစားနေချိန်မှာ သင်ဟာ တစ်ခါတလေ အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရားသခင်ကို မေ့သွားတယ်။”—ဖေဗီယိုလာ၊ ၁၅ နှစ်၊ အမေရိကန်။

“မခြားမလပ် ဆုတောင်းကြလော့။” (၁ သက်သာလောနိတ် ၅:၁၇ကဘ) “ဆုတောင်းခြင်း၌ စွဲမြဲကြလော့။” (ရောမ ၁၂:၁၂ကဘ) “သင်တို့အသနားခံလိုသော အရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” (ဖိလိပ္ပိ ၄:၆ကဘ) သင်သည် ခရစ်ယာန်တစ်ဦး ဖြစ်သည်ဆိုလျှင် ထိုကျမ်းချက်များကို ကောင်းစွာသိပေမည်။ ဆုတောင်းခြင်းသည် ရှိရှိသမျှ ဆက်သွယ်မှုပုံစံများတွင် အံ့သြဖွယ်အကောင်းဆုံး အရာဖြစ်ကြောင်းကိုလည်း သင် နားလည်နိုင်ဖွယ် ရှိပါသည်။ စဉ်းစားကြည့်ပါ—သင်သည် အချိန်မရွေး အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်ပါသည်။ ထို့ပြင် သမ္မာကျမ်းစာက “ကိုယ်တော် နားညောင်းတော်မူ” ၏ဟု ဆိုသည်။ *၁ ယောဟန် ၅:၁၄ကဘ။

သို့သော် အစပိုင်းတွင် ဖော်ပြခဲ့သော လူငယ်နည်းတူ ဆုတောင်းခြင်းသည် သင့်အတွက် ခက်ခဲသည်ဟု ထင်ကောင်းထင်နေပေမည်။ ထိုသို့ဖြစ်သည်ဆိုလျှင် ယင်းနှင့်ပတ်သက်၍ သင် အဘယ်အရာ ပြုလုပ်နိုင်သနည်း။ ဤဆောင်းပါးသည် သင့်အား (၁) ပြဿနာကို ခွဲခြားသတ်မှတ်ရန်၊ (၂) သင့်ဆုတောင်းချက်များနှင့်ပတ်သက်၍ ပန်းတိုင်တစ်ခုထားရန်၊ (၃) “တံခါး” ကို သော့ဖွင့်ရန်တို့အတွက် ကူညီပေးပါလိမ့်မည်၊ သို့မှသာ သင့်ပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်သည်။

ဦးစွာ၊ ပြဿနာကို ခွဲခြားသတ်မှတ်ကြည့်ကြစို့။ ဆုတောင်းရာတွင် သင့်အတွက် စိန်ခေါ်ချက် အဖြစ်ဆုံးအရာမှာ အဘယ်နည်း။

နောက်တစ်ဆင့်မှာ ပန်းတိုင်တစ်ခုထားရန် ဖြစ်သည်။ အောက်တွင်ဖော်ပြထားရာများထဲမှ သင် ပြည့်မီလိုသော ပန်းတိုင်တစ်ခုကို ကြည့်ရှုစစ်ဆေးပါ သို့မဟုတ် “အခြား” ဟူသည့် မျဉ်းပေါ်တွင် တစ်ခုကို ချရေးပါ။

  • ကျွန်ုပ် မကြာခဏဆိုသလို ဆုတောင်းလိုသည်။

  • ကျွန်ုပ်၏ ဆုတောင်းချက်များကို အမျိုးမျိုး ဖြစ်စေလိုသည်။

  • ကျွန်ုပ်၏ ဆုတောင်းချက်များကို ပို၍လှိုက်လှိုက်လှဲလှဲ ဖြစ်စေရန် ပြုလုပ်လိုသည်။

  • အခြား ․․․․

“တံခါး” ကို သော့မခတ်ထားခြင်း

ဆုတောင်းခြင်းတံခါး သော့ခတ်ထားပုံ ပေါက်ပါက ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာပါ သော့များကို အသုံးပြုပါ

ဆုတောင်းခြင်းသည် သင် အချိန်မရွေး ဖွင့်နိုင်သော တံခါးတစ်ခုနှင့် တူသည်။ သို့သော်၊ လူငယ်များစွာက မိမိတို့သည် တံခါးကို ဖွင့်သင့်သလောက် လွတ်လွတ်လပ်လပ် မဖွင့်ကြဟု ဆိုကြပေမည်။ သင်လည်း ထိုသို့ဖြစ်နေသည်ဆိုလျှင် လက်မလျှော့လိုက်ပါနှင့်။ သင်သည် စိန်ခေါ်ချက်ကို ခွဲခြားသတ်မှတ်ပြီးပြီဖြစ်၍ ပန်းတိုင်တစ်ခု ထားပါ။ ယခုတွင် တံခါးဖွင့်ရန် သော့တစ်ချောင်းသာ သင် လိုအပ်ပါသည်။ သင် ကြုံတွေ့ရနိုင်သော အတားအဆီးအချို့နှင့် ယင်းတို့ကို မည်သို့ အောင်မြင်ကျော်လွှားနိုင်ပုံနှင့်ပတ်သက်သည့် အကြံပြုချက်များကို သုံးသပ်ကြည့်ပါ။

သော့ခလောက်– လျစ်လျူရှုမှု။

“တစ်ခါတလေ ကျွန်မမှာ လုပ်စရာအလုပ်တွေ အများကြီးရှိတဲ့အတွက် ဆုတောင်းတာကို လျစ်လျူရှုထားလိုက်တယ်။”—ပရက်တီ၊ ၂၀ နှစ်၊ ဗြိတိန်။

သော့– “သင်တို့၏ ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက် နေကြလော့။ ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။”—ဧဖက် ၅:၁၅၊ ၁၆ကဘ။

အကြံပြုချက်– နေ့စဉ်ဆုတောင်းရန် အဘယ်အချိန်သည် အချိန်ကောင်းဖြစ်နိုင်ကြောင်း ကြိုတင်ရွေးချယ်ပါ။ ချိန်းချက်မှုတစ်ခုအတွက် သတိပေးစာတစ်ခု ချရေးထားမည့်နည်းတူပင် ဆုတောင်းမည့်အချိန်ကိုလည်း စာရွက်ပေါ်တွင် ရေးထားနိုင်ပါသည်။ “အကယ်၍ ဆုတောင်းဖို့အတွက် အချိန်အတိအကျ မသတ်မှတ်ထားဘူးဆိုရင် တခြားကိစ္စတွေနဲ့ပဲ ကျွန်မ အလုပ်ရှုပ်နေတယ်” ဟု ဂျပန်မှ အသက် ၁၈ နှစ်အရွယ် ယိုရှီကိုက ပြောပြသည်။

သော့ခလောက်– အာရုံပျံ့လွင့်ခြင်း။

“ကျွန်မရဲ့အာရုံစိုက်နိုင်စွမ်း ပျောက်သွားပြီး ကျွန်မပြောနေတာတွေထက် တခြားအရာတွေကိုပဲ စဉ်းစားနေမိတယ်။”—ပမ်မီလာ၊ ၁၇ နှစ်၊ မက္ကဆီကို။

သော့– “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။”—မဿဲ ၁၂:၃၄

အကြံပြုချက်– သင်သည် မကြာခဏဆိုသလို ဆုတောင်းနေစဉ်အတွင်း အခြားအရာများကို စဉ်းစားမိသည်ဆိုလျှင် ဆုတောင်းချက်အတိုများဖြင့် ကြိုးစားကြည့်ပါ၊ အနည်းဆုံး သင့်အာရုံစိုက်နိုင်စွမ်း တိုးတက်လာသည့်အထိ ဖြစ်၏။ နောက်ထပ်အကြံပြုချက်မှာ သင် အလွန်အလေးဂရုပြုသော အကြောင်းများနှင့်ပတ်သက်၍ ဆုတောင်းပါ။ “ကျွန်မ ဆယ်ကျော်သက်အရွယ်ရောက်တော့ ဆုတောင်းခြင်းဟာ ဘုရားသခင်နဲ့ အမှန်တကယ် ဆက်သွယ်နေခြင်းဖြစ်တယ် ဆိုတာနဲ့ပတ်သက်ပြီး စတင်စဉ်းစားဆင်ခြင်ခဲ့တယ်။ အဲဒီလိုလုပ်ခဲ့ခြင်းက ဆုတောင်းတဲ့အခါ ရင်ထဲက ခံစားချက်တွေကို ဖော်ပြဖို့ ကျွန်မကို လှုံ့ဆော်ပေးခဲ့တယ်” ဟုရုရှားမှ အသက် ၁၄ နှစ်အရွယ် မာရီနာက ပြောသည်။

သော့ခလောက်– လုပ်ရိုးလုပ်စဉ်။

“ကျွန်မဆုတောင်းတဲ့အခါ စကားတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ ပြောနေမိတယ်။”—ဒရု(ပ်)၊ ၁၇ နှစ်၊ ဘီနင်။

သော့– “ပြုတော်မူသမျှတို့ကို ဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်။”—ဆာလံ ၇၇:၁၂

အကြံပြုချက်– အကယ်၍ သင့်ဆုတောင်းချက်များသည် တောင်းနေကျအတိုင်း ဖြစ်နေပုံရလျှင် သင့်အသက်တာတွင် သင့်ကို ယေဟောဝါ ကောင်းချီးပေးခဲ့သော သတ်သတ်မှတ်မှတ် နည်းလမ်းတစ်ခုကို နေ့စဉ် ချရေးကြည့်ပါ။ ထို့နောက် ယင်းကောင်းချီးအတွက် ယေဟောဝါကို ကျေးဇူးတင်ပါ။ တစ်ပတ်ကြာသည့်အထိ ယင်းကို ဆက်လက်ပြုလုပ်ပါ၊ သင်သည် ထပ်ခါတလဲလဲ မဟုတ်ဘဲ အကြောင်းအရာအသစ်ခုနစ်ခုကို ဆုတောင်းပြီး ဖြစ်ပါလိမ့်မည်။ နေ့စဉ်အဖြစ်အပျက်များနှင့်ပတ်သက်၍လည်း ယင်းအတိုင်း ပြုလုပ်ပါ။ “ကျွန်တော် ဆုတောင်းတဲ့အခါ အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး ဆုတောင်းဖို့ ကြိုးစားတယ်” ဟု ဘရာဇီးမှ အသက် ၂၁ နှစ်အရွယ် ဘရူနိုက ပြောသည်။ အမေရိကန်မှ အသက် ၁၈ နှစ်အရွယ် စီမန်သာလည်း အလားတူ ပြုလုပ်သည်။ “တခြားနေ့တွေက ဖြစ်ရပ်နဲ့မတူတဲ့ ဒီနေ့ဖြစ်ရပ်တွေအားလုံးကို မှတ်မိဖို့ ကျွန်မ ကြိုးစားတယ်၊ ပြီးတဲ့နောက် အဲဒီအရာတွေနဲ့ပတ်သက်ပြီး ဆုတောင်းတယ်။ အဲဒီလိုလုပ်ခြင်းက စကားတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ မပြောမိဖို့ ကျွန်မအတွက် အကူအညီ ဖြစ်စေတယ်” ဟု သူပြောသည်။

သော့ခလောက်– သံသယ။

“တစ်ခါတုန်းက ကျောင်းက ပြဿနာတစ်ခုနဲ့ပတ်သက်ပြီး ကျွန်မဆုတောင်းပေမဲ့ အဲဒီပြဿနာ ပျောက်မသွားဘူး။ အမှန်တော့ ပြဿနာတွေ ပိုလို့တောင် များလာတယ်။ ‘ဘာလို့ ဆုတောင်းနေတော့မှာလဲ။ ယေဟောဝါက နားမှ မထောင်ပေးတာ’ လို့ ကျွန်မ တွေးမိတယ်။”—မီနိုရီ၊ ၁၅ နှစ်၊ ဂျပန်။

သော့– “သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း [ယေဟောဝါဘုရားသခင်] ပြင်ဆင်ပေးတော်မူမည်။”—၁ ကောရိန္သု ၁၀:၁၃ကဘ။

အကြံပြုချက်– သေချာသောအရာတစ်ခုမှာ ယေဟောဝါသည် ‘ဆုတောင်းစကားကို နားထောင်’ သောဘုရားသခင် ဖြစ်၏။ (ဆာလံ ၆၅:၂) ထို့ကြောင့် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ ဆုတောင်းပြီးသောအခါ အခြေအနေကို ပို၍အပြည့်အဝ နားလည်ရန် ကြိုးစားပါ။ သင် မျှော်လင့်သောအဖြေကို စောင့်ဆိုင်းနေမည့်အစား အဖြေပေးပြီးသားဖြစ်နိုင်သည့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။ သင်သည် ခရစ်ယာန်တစ်ဦးအနေနှင့် ခံရပ်နေသည် ဆိုသည့်အချက်က ယေဟောဝါသည် ပြဿနာကို ဖယ်ရှားပေးခြင်းဖြင့် မဟုတ်ဘဲ ယင်းကို ခံရပ်နိုင်ရန် ခွန်အားပေးခြင်းဖြင့် သင့်ဆုတောင်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။—ဖိလိပ္ပိ ၄:၁၃

သော့ခလောက်– စိတ်ကသိကအောက် ဖြစ်ခြင်း။

“နေ့လယ်စာ မစားခင် ကျွန်တော် ဆုတောင်းတာကို သူငယ်ချင်းတွေ မြင်သွားရင် သူတို့တွေ ဘာများပြောမလဲဆိုတာကို စဉ်းစားလိုက်တဲ့အခါ စိတ်ကသိကအောက် ဖြစ်မိတယ်။”—ဟီကာယူ၊ ၁၇ နှစ်၊ ဂျပန်။

သော့– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။”—ဒေ. ၃:၁

အကြံပြုချက်– သင် ဆုတောင်းသည်ကို မြင်သောသူအချို့က ဆုတောင်းခြင်းသည် ကောင်းကြောင်း တစ်ခါတစ်ရံ ထင်မှတ်ကြသော်လည်း အခြားသူများမြင်အောင် ဆုတောင်းစရာမလိုပါ။ ဥပမာ၊ ဘုရင်အာတဇေရဇ်ရှေ့တွင် တောင်းလျှောက်သော သစ္စာရှိသူ နေဟမိ၏ တိုတိုတုတ်တုတ် ဆုတောင်းချက်သည် အသံတိတ်ဖြစ်သည်မှာ ထင်ရှားပြီး နေဟမိ ဆုတောင်းနေသည်ကို ဘုရင် သတိပြုမိသည်ဆိုသည့် ဖော်ပြချက် မရှိပါ။ (နေဟမိ ၂:၁-၅) သင်လည်း အခြားသူများ သင့်အပေါ် အာရုံမစိုက်လာစေဘဲ ယေဟောဝါထံ အသံတိတ် ဆုတောင်းနိုင်ပါသည်။—ဖိလိပ္ပိ ၄:၅

သော့ခလောက်– မထိုက်တန်ဟူသည့် ခံစားချက်များ။

“ယေဟောဝါဟာ ကျွန်မရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး သိပြီးနေပြီ။ အဲဒီပြဿနာတွေကြောင့် ကျွန်မ စိတ်ပျက်နေတယ်ဆိုရင် ကိုယ်တော်လည်း အဲဒီလိုဖြစ်နေမှာပဲဆိုပြီး ကျွန်မ ခံစားရတယ်။ တစ်ခါတလေ ကျွန်မဟာ ကိုယ်တော့်ကို စကားပြောဖို့ မထိုက်တန်ဘူးလို့ ခံစားရတယ်။”—အဲလစ်ဇဘက်၊ ၂၀ နှစ်၊ အိုင်ယာလန်။

သော့– “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့် [ဘုရားသခင်] ထံ ပုံအပ်ထားလော့။”—၁ ပေတရု ၅:၇ကဘ။

အကြံပြုချက်– ကိုယ်ပိုင်လေ့လာမှု အစီအစဉ်တစ်ခုအနေနှင့် အောက်ဖော်ပြပါ ကျမ်းချက်များကို သုတေသနလုပ်ပြီး တွေးတောဆင်ခြင်ပါ– လုကာ ၁၂:၆၊ ၇။ ယောဟန် ၆:၄၄။ ဟေဗြဲ ၄:၁၆။ ဟေဗြဲ ၆:၁၀။ ၂ ပေတရု ၃:၉။ သင့်ဆုတောင်းချက်များကို ယေဟောဝါ နားထောင်လိုကြောင်းနှင့် ဘုရားသခင် နားထောင်ရန် သင်သည် ထူးခြားသောခရစ်ယာန်တစ်ဦး ဖြစ်ဖို့မလိုကြောင်း နားလည်စေရန် ထိုကျမ်းချက်များက ထောက်ကူပေးပါလိမ့်မည်။ အသက်တာတစ်လျှောက် စိုးရိမ်ပူပန်မှုနှင့် စိတ်သောကရောက်မှုတို့ကို အမှန်တကယ် ခံစားခဲ့ရသော ဆာလံဆရာဒါဝိဒ်က ‘ယေဟောဝါသည် ကျိုးပဲ့သောစိတ် ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ’ သည်ကို ယုံကြည်စိတ်ချကြောင်း ဖော်ပြခဲ့၏။ *ဆာလံ ၃၄:၁၈

သင့်ဆုတောင်းချက်များကို ယေဟောဝါ ကိုယ်တော်တိုင် နားထောင်သည် ဆိုသည့်အချက်က ကိုယ်တော်သည် သင့်ကို စိတ်ဝင်စားကြောင်း ဖော်ပြပါသည်။ “ယေဟောဝါဟာ ကျွန်မတို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်ဖို့ ကောင်းကင်တမန်တွေကို မလွှဲအပ်ထားဘူး။ ကိုယ်တော်ဟာ ကျွန်မတို့ရဲ့ ဆုတောင်းချက်တွေကို ကိုယ်တိုင် နားထောင်တဲ့အတွက် အဲဒီဆုတောင်းချက်တွေကို အရေးကြီးရာတွေအဖြစ် ကိုယ်တော်ယူမှတ်တယ်ဆိုတာ ရှင်းနေပါတယ်” ဟုအီတလီမှ အသက် ၁၇ နှစ်အရွယ် နီကိုးလ်က ပြောသည်။

 

^ အပိုဒ်၊ 4 ဖန်ဆင်းရှင်၏ ကြားနိုင်စွမ်းသည် အသံလှိုင်းများပေါ်တွင် မမူတည်သောကြောင့် ကိုယ်တော်သည် စိတ်နှလုံးထဲမှပြောသည့် စကားများကိုပင် ကြားနိုင်ပါသည်။—ဆာလံ ၁၉:၁၄

^ အပိုဒ်၊ 32 သင်သည် ကြီးလေးသောအပြစ်တစ်ခုကို ကျူးလွန်မိသောကြောင့် သင့်ဆုတောင်းချက်များကို ဘုရားသခင် နားထောင်မည်မဟုတ်ဟု ခံစားရလျှင် သင့်မိဘများကို ပြောပြသင့်သည်။ ထို့ပြင် “[အကူအညီအတွက်] အသင်းတော်ရှိ အသက်ကြီးသူများကို ခေါ်ပါ။” (ယာကုပ် ၅:၁၄ကဘ) အကြီးအကဲများသည် ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။

ချင့်တွေးစရာ

  • သင်ဆုတောင်းနိုင်သော အဘယ် အကြောင်းအရာတချို့သည် ယေဟောဝါအတွက် အရေးကြီးသနည်း။

  • အခြားသူများအပေါ် အကျိုးသက်ရောက်မှုရှိသော အဘယ် အကြောင်းအရာများနှင့်ပတ်သက်၍ ယေဟောဝါထံ သင် ဆုတောင်းနိုင်သနည်း။