မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရေအကျပ်အတည်း အတွက် အဘယ်အရာ လုပ်ဆောင်နေပြီနည်း

ရေအကျပ်အတည်း အတွက် အဘယ်အရာ လုပ်ဆောင်နေပြီနည်း

ရေအကျပ်အတည်း အတွက် အဘယ်အရာ လုပ်ဆောင်နေပြီနည်း

ရေအကျပ်အတည်းမှာ ကမ္ဘာချီဖြစ်သည်။ ယင်းက သန်းထောင်ချီရှိသော ကမ္ဘာ့ လူဦးရေ၏ကျန်းမာရေးကို ထိခိုက်နေသည်။ ရေထောက်ပံ့ပေးရန်နှင့် ရေအသုံးပြု မှုကို မျှမျှတတပြန်ဖြစ်စေရန် အဘယ်စီမံချက်များ ဆောင်ရွက်ခဲ့ပြီနည်း။

တောင်အာဖရိက– “ဒါဘန်မြို့တွင် နှစ်ပေါင်းများစွာ ရေအလုံအလောက်မရရှိခဲ့ကြသည့် ဆင်းရဲသားများသည် နောက်ဆုံးတွင် ရေအလုံအလောက်ရရှိကြပြီဖြစ်သည်” ဟုဆိုင်းယင့်စ်မဂ္ဂဇင်း၏ ခေါင်းစီးပိုင်းတွင် ကြေညာထားသည်။ နိုင်ငံရေးစနစ်ဟောင်းများကြောင့် ဆင်းရဲသားများသည် နှစ်ပေါင်းများစွာ ရေကို လုံလောက်စွာ မရရှိခဲ့ကြဟု ဆောင်းပါးတစ်ပုဒ်က ဖော်ပြ၏။ ၁၉၉၄ ခုနှစ်တွင် “ဒါဘန်မြို့ရှိ အိမ်ထောင်စုပေါင်း နှစ်သိန်းခွဲသည် ရေသန့် သို့မဟုတ် မိလ္လာစနစ်မရှိခဲ့ကြ” ကြောင်း ယင်းဆောင်းပါးကဆို၏။

ယင်းအခြေအနေကို ပြုပြင်ပြောင်းလဲရန် ၁၉၉၆ ခုနှစ်တွင် အင်ဂျင်နီယာတစ်ဦးသည် အိမ်ထောင်စုတစ်စုစီအား နေ့စဉ် ရေဂါလံပေါင်း ၅၀ ခန့် ဖြန့်ဝေပေးသည့် အစီအစဉ်တစ်ခုကို အစပြုခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ “ဒါဘန်မြို့သူမြို့သား ၃.၅ သန်းအနက် ၁၂၀,၀၀၀ သည် ရေသန့်ရရှိကြ” ကြောင်း ဆိုင်းယင့်စ်က ဖော်ပြ၏။ ယခင်က လူများစွာသည် မိုင်ဝက်ကျော်ကျော်လမ်းလျှောက်၍ ရေသယ်ယူခဲ့ရသော်လည်း ယခုအခါ တိုးတက်မှုကြီးတစ်ခုအဖြစ် အနည်းငယ်လျှောက်ရုံနှင့် ရေရရှိနိုင်ပြီဖြစ်သည်။

မိလ္လာပြဿနာကိုဖြေရှင်းရန် “အိမ်အပြင်ဘက်ရှိ ‘တွင်းအိမ်သာ’ ဟောင်းများ” ကို တွင်းနှစ်တွင်းပါ အိမ်သာများ” ဖြင့်အစားထိုးပေးသည်၊ ယင်းစနစ်သည် “ကျင်ငယ်နှင့်ကျင်ကြီးကို ခွဲထုတ်ပေးကာ ကျင်ကြီးကို လျင်မြန်စွာ ခြောက်သွေ့ ဆွေးမြည့်သွားစေကြောင်း ဆိုင်းယင့်စ်မဂ္ဂဇင်းက ရှင်းပြသည်။ ၂၀၀၈ ခုနှစ်အစောပိုင်းရောက်သော် ယင်းသို့သောအိမ်သာအလုံးပေါင်း ၆၀,၀၀၀ ခန့်တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။ သို့သော် အိမ်တိုင်းတွင် သင့်တော်သောအိမ်သာတစ်လုံးစီရရှိရန်မှာ နောက်ထပ်နှစ်နှစ်ကြာမည်ဟု ထိုစဉ်က စီစဉ်ထားခဲ့သည်။

ဘရာဇီး– ဆာဗေးဒေါမြို့တွင် မိလ္လာစနစ်နှင့် အိမ်သာများမရှိသည့်အတွက် ရာနှင့်ချီသော ကလေးသူငယ်များသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားခဲ့ရသည်။ * ယင်းအခြေအနေ ပပျောက်စေရန် ဆာဗေးဒေါမြို့တွင် အိမ်ပေါင်း ၃၀၀,၀၀၀ ကျော်အတွက် မိုင် ၁,၂၀၀ ရှည်သော မိလ္လာပိုက်များ တပ်ဆင်ပေးခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ မြို့တစ်မြို့လုံး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်းသည် ၂၂ ရာခိုင်နှုန်းမျှနှင့် ယခင်က အကြီးအကျယ်ဖြစ်ပွားခဲ့သည့် နေရာများတွင် ၄၃ ရာခိုင်နှုန်းမျှ ကျဆင်းသွားခဲ့သည်။

အိန္ဒိယ– ကမ္ဘာ့ဒေသတချို့တွင် ရာသီဥတုအပေါ်မူတည်၍ ရေသန့်ကို ဖောဖောသီသီ ရရှိကြသည်; ယင်းကို အမြဲလိုလို မရရှိနိုင်သော်လည်း ကောင်းစွာ အသုံးပြုနိုင်ပါသည်။ သို့သော် ၁၉၈၅ ခုနှစ်တွင် ဂူဂျာရတ်ပြည်နယ် အနောက်မြောက်ဘက်ရှိ ဒိုလီရာခရိုင်မှ အိန္ဒိယအမျိုးသမီးအုပ်စုတစ်စုသည် ရေစုဆောင်းရန် အကြံပိုင်သောနည်းတစ်နည်းကို အသုံးပြုခဲ့ကြသည်။ သူတို့သည် ရေသိုလှောင်ကန်တစ်ကန်ကို တည်ဆောက်ရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ကြပြီး ယင်းရေကန်တည်ဆောက်ပြီးသောအခါ အရွယ်အစားမှာ ဘောလုံးကွင်းတစ်ကွင်းစာရှိခဲ့၏။ ထို့နောက် သူတို့သည် ရေစိမ့်ထွက်မသွားစေရန် ရေကန်အောက်ခြေကို ပလတ်စတစ်ထူထူဖြင့် ခင်းလိုက်ကြသည်။ ၎င်းတို့၏အစပြုလုပ်ဆောင်မှုသည် အောင်မြင်ခဲ့၏။ အမှန်မှာ “အခြားသူများကိုလည်း လိုလိုလားလားဖြင့် ရေခပ်” ခွင့်ပြုခဲ့သည့်တိုင် နောက်မုတ်သုံရာသီကုန်သွားပြီးနောက် လပေါင်းများစွာ ရေရရှိနေဆဲဖြစ်သည်။

ချီလီ– အနောက်ဘက်တွင် ရှည်လျားသော ပစိဖိတ်ကမ်းရိုးတန်းရှိပြီး အရှေ့ဘက်တွင် အင်ဒီးစ်တောင်တန်းရှိသော ဤတောင်အမေရိကနိုင်ငံသည် မိုင်ပေါင်း ၂,၆၅၀ ကျယ်ပြန့်သည်။ နိုင်ငံတော်အစိုးရသည် ရေရပိုင်ခွင့်ရှိရှိသမျှကို ထိန်းချုပ်ထားပြီး ဆည်များနှင့်တူးမြောင်းများ တည်ဆောက်ခွင့်ပြုထား၏။ ရလဒ်ကား အဘယ်နည်း။ ယခုအခါ မြို့နေလူထု ၉၉ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူထု ၉၄ ရာခိုင်နှုန်းသည် ရေလုံလောက်စွာ ရရှိနေကြပြီ။

ဖြေရှင်းနည်းအစစ်အမှန်

နိုင်ငံတိုင်းတွင် ရေအကျပ်အတည်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုင်တွယ်ဖြေရှင်းကြပုံရသည်။ လေစုန်မှန်မှန်တိုက်ခတ်သော နိုင်ငံတချို့တွင် လေရဟတ်များဖြင့် ရေကို အပေါ်သို့စုပ်တင်ပြီး လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးသည်။ ပို၍ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် ပင်လယ်ရေကို ရေချိုဖြစ်အောင်ပြုလုပ်ခြင်းသည် ထိရောက်သောဖြေရှင်းနည်းဖြစ်ကြောင်း ရှုမြင်ခဲ့ကြပြီ။ ခြောက်သွေ့သောဒေသများရှိ ရေလှောင်ကန်များ၏ရေသည် အငွေ့ပြန်ခြင်းကြောင့် ၁၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားနိုင်သော်လည်း နေရာဒေသများစွာတွင် မြစ်ရေနှင့်မိုးရေတို့ကို ဧရာမဆည်ကြီးများဖြင့် သိုလှောင်ထိန်းသိမ်းထားခြင်းက အတော်အတန် ထိရောက်မှုရှိကြောင်း သက်သေထူခဲ့ပြီ။

ရေအကျပ်အတည်းအတွက် ဖြေရှင်းနည်းအစစ်အမှန်မှာ လူတို့အပေါ်တွင်မဟုတ်ဘဲ ဘုရားသခင်အပေါ်တွင်သာ မူတည်သည်ကို ဤမဂ္ဂဇင်းထုတ်ဝေသူများဖြစ်သော ယေဟောဝါသက်သေများ ယုံကြည်ကြပါသည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– ‘ယေဟောဝါဘုရားသခင်သည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း ပိုင်တော်မူ၏။ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာတည်၍ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။’—ဆာလံ ၂၄:၁၊ ၂

မှန်ပါသည်၊ ဘုရားသခင်သည် ဤကမ္ဘာဂြိုဟ်အား စောင့်ရှောက်သည့်တာဝန်ကို လူသားတို့အား အပ်နှင်းတော်မူခဲ့၏။ (ကမ္ဘာဦး ၁:၂၈) သို့သော် လူသားတို့သည် ကမ္ဘာ့သယံဇာတများကို ကောင်းစွာမစီမံမခန့်ခွဲဘဲ ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ခြင်းက လူသည် “သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ကြောင်း ထပ်ဆင့်သာဓကဖြစ်၏။—ယေရမိ ၁၀:၂၃

ယေဟောဝါသည် ကမ္ဘာ့ပတ်ဝန်းကျင်ကို အပိုအလိုမရှိ သမမျှတစေရန် အဘယ်အရာ လုပ်ဆောင်တော်မူမည်နည်း။ ကိုယ်တော်သည် “အရာခပ်သိမ်းကို အသစ်ပြုလုပ်” ရန်ရည်ရွယ်တော်မူကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။ (ဗျာ. ၂၁:၅) ဆင်းရဲမွဲတေမှု၊ မိုးခေါင်ရေရှားမှုနှင့် ရေပြတ်လပ်မှုမရှိသည့်ကမ္ဘာကို မြင်ယောင်ကြည့်လိုက်ပါ။ နှစ်စဉ် လူထောင်ပေါင်းများစွာ၏အသက်ကို ခြွေယူနေသည့် မိုးတွင်းရေကြီးမှုမရှိသော ကမ္ဘာကို မြင်ယောင်ကြည့်လိုက်ပါ။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် ဘုရားသခင်သည် မိမိ၏ကတိတော်များကို ပြည့်စုံစေပါလိမ့်မည်။ ယေဟောဝါကိုယ်တော်တိုင် ဤသို့မိန့်ဆိုခဲ့၏– ‘ထို့အတူ ငါ၏နှုတ်မြွက်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’—ဟေရှာယ ၅၅:၁၁

သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးကို နဂိုအတိုင်းဖြစ်အောင် ပြန်လည်ပြင်ဆင်မည့် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ သင် ပိုမိုသိလိုပါသလော။ နောက်ဆောင်းပါးက သင် မည်သို့သိရှိနိုင်ကြောင်း ရှင်းပြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးသူငယ် ၁.၆ သန်းခန့် သေဆုံးကြသည်။ ယင်းသည် အေ့ဒ်စ်ရောဂါ၊ အဆုတ်ရောဂါနှင့် ငှက်ဖျားရောဂါတို့ကြောင့် ဖြစ်ပွားသော သေဆုံးမှုအရေအတွက်ထက် ပိုများသည်။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“ရေမရှိသောနေရာတွင် အသက်မရှိ။ . . . ရေကြောင့် ကျွန်ုပ်တို့ အသက်ရှင်ကြသည်။”—နေရှင်နယ်လ်ဂျီအိုဂရဲဖစ် စာရေးဆရာ မိုက်ကယ်ပါဖစ်

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

ဂျုံစပါးသီးနှံတစ်တန် ထုတ်လုပ်ရန် ရေတန်ချိန်ပေါင်း ၁,၀၀၀ လိုအပ်

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“ကမ္ဘာ့ရေအသုံးပြုမှု၏ ၇၀ ရာခိုင်နှုန်းသည် ဆည်မြောင်းစနစ်မှ ရရှိသည်။”

—Plan B 2.0, by Lester R. Brown

[စာမျက်နှာ ၇ ပါ ဇယား/ရုပ်ပုံများ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရေချိုမည်မျှ ရရှိနိုင်သနည်း

ရေစုစုပေါင်း

၉၇.၅% ဆားငန်ရေ

၂.၅% ရေချို

ရေချို

၉၉% ရေ​ခဲ​မြစ်​များ​နှင့် ရေ​ခဲ​မျော​များ​တွင် ပိတ်​မိ​နေ​သည် သို့​မဟုတ် မြေအောက်​တွင် ဖြစ်​သည်

၁% လူသန်းပေါင်း ခုနစ်ထောင်ခန့်နှင့် မရေမတွက်နိုင်သော အခြားသက်ရှိပုံစံ သန်းထောင်ပေါင်းများစွာအတွက် ရရှိနိုင်သောရေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့တွင် ရေသန့်ရရှိရန် ပိုက်များတပ်ဆင်နေ

[Credit Line]

Courtesy eThekwini Water and Sanitation Programme

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

၂၀၀၇ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ရာဂျာစတန်မြို့တွင် မိုးရေစုဆောင်းရေးစီမံချက် လုပ်ဆောင်နေသော အမျိုးသမီးများ

[Credit Line]

© Robert Wallis/​Panos Pictures

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဟွန်ဒူးရပ်စ်နိုင်ငံ၊ ကိုပန်မြို့အနီးရှိ ရွာတစ်ရွာတွင် ရေစနစ်အသစ်အတွက် လုပ်ဆောင်နေကြသည့် ဒေသခံများ

[Credit Line]

© Sean Sprague/​SpraguePhoto.com