မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ယူခြင်းစွမ်းရည်ချို့တဲ့သော ကလေးများကို ကူညီပေးခြင်း

သင်ယူခြင်းစွမ်းရည်ချို့တဲ့သော ကလေးများကို ကူညီပေးခြင်း

သင်ယူခြင်းစွမ်းရည်ချို့တဲ့သော ကလေးများကို ကူညီပေးခြင်း

မက္ကဆီကိုမှ နိုးလော့! စာရေးသူ ပေးပို့သည်

စတီဗင်သည် စာဖတ်ရန်အခက်အခဲရှိသည်။ အတန်းထဲတွင် သူ့အား အသံကျယ်ကျယ်နှင့်စာဖတ်ခိုင်းတော့မည်ကို သူသိသည်နှင့် ဗိုက်အောင့်လာ၏။

မာရီယာသည် မိမိ၏ဆရာမက တိုက်တွန်းအားပေးနေသော်လည်း စာကို ရှင်းလင်းပီသစွာ မရေးနိုင်ပေ။ သူ့အတွက် အိမ်စာပြီးရန် အချိန်တော်တော်ယူရ၏။

နိုအာသည် အကြောင်းအရာတစ်ခုတည်းကိုပင် အထပ်ထပ်အခါခါ ဖတ်၏။ သို့တိုင် မိမိဖတ်သည့်အကြောင်းအရာကို မေ့ပြီး အဆင့်အတွက် လုံးပန်းနေရဆဲပင်။

စတီဗင်၊ မာရီယာနှင့် နိုအာတို့သည် သင်ယူခြင်းစွမ်းရည်ချို့တဲ့မှုများကို ခံစားနေရသည်၊ အဖြစ်အများဆုံးမှာ စာဖတ်စွမ်းရည်ချို့တဲ့မှုများဖြစ်သည်။ ဥပမာ၊ စာဖတ်ရခက်ခြင်း (Dyslexics) သည် သဏ္ဌာန်တူအက္ခရာများကို မှားယွင်းလေ့ရှိ၏။ အခြားသင်ယူခြင်းစွမ်းရည်ချို့တဲ့မှုများမှာ စာရေးရခက်ခြင်း (dysgraphia) နှင့် ဂဏန်းသင်္ချာတွက်ရခက်ခြင်း (dyscalculia) တို့ဖြစ်သည်။ သို့သော် သင်ယူခြင်းစွမ်းရည်ချို့တဲ့မှုရှိသူအများစုတွင် သာမန် သို့မဟုတ် သာမန်ထက်ပိုသော ဉာဏ်ရည်ရှိကြသည်။

သင်ယူခြင်းစွမ်းရည်ချို့တဲ့မှု ရောဂါလက္ခဏာများမှာ ကလေးအများစုထက် နောက်ကျမှ စကားစပြောခြင်း၊ ကာရန်ညီစကားလုံးများတွင် အခက်အခဲတွေ့ခြင်း၊ အမြဲအသံထွက်မပီခြင်း၊ စကားပြောတတ်ခါစကလေးကဲ့သို့သာ ပြောဆိုနေခြင်း၊ အက္ခရာများနှင့် ဂဏန်းများကိုသင်ယူရာတွင် အခက်အခဲရှိခြင်း၊ ရိုးရှင်းသောအက္ခရာစာလုံးများကို အသံထွက်ဖတ်နိုင်စွမ်းမရှိခြင်း၊ အသံထွက်ဆင်တူသောစကားလုံးများကို မှားယွင်းခြင်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် အခက်တွေ့ခြင်းတို့ ဖြစ်ကြသည်။ *

အောင်မြင်ကျော်လွှားနိုင်ရန် သင့်ကလေးကို ကူညီပေးခြင်း

သင့်ကလေးသည် သင်ယူခြင်းစွမ်းရည်ချို့တဲ့နေပုံရလျှင် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။ ဦးစွာ ထိုကဲ့သို့ဖြစ်ရသည့်အကြောင်းရင်းများကို ခွဲခြားသိမြင်နိုင်ရန် သင့်ကလေး၏ အကြားအာရုံနှင့် အမြင်အာရုံကို စမ်းသပ်စစ်ဆေးပါ။ * ထို့နောက် ဆေးပညာ၏အကဲဖြတ်မှုကို ရယူပါ။ သင့်ကလေးသည် သင်ယူခြင်းစွမ်းရည်ချို့တဲ့နေသည်ဆိုလျှင် သူသည် သင့်စိတ်ပိုင်းဆိုင်ရာထောက်မပေးမှု လိုအပ်ပါလိမ့်မည်။ သင်ယူခြင်းစွမ်းရည်ချို့တဲ့ခြင်းသည် ကလေး၏ဉာဏ်ရည်ဉာဏ်သွေးနှင့် ဆက်နွှယ်ခြင်းမရှိသည်ကို သတိရပါ။

သီးသန့်နည်းပြပေးခြင်းကဲ့သို့သော သင့်ကလေး၏ကျောင်းတွင်ရှိနိုင်မည့် မည်သည့်အထူးအစီအစဉ်မှမဆို အကျိုးရယူပါ။ သူ့ဆရာ၏ပူးပေါင်းလုပ်ဆောင်မှုကို ရယူပါ။ သင့်ကလေးသည် အတန်း၏ရှေ့ဆုံး၌ ထိုင်ခွင့်ရကောင်းရနိုင်ပြီး သူ၏အိမ်စာများကိုပြီးစီးစေရန် အချိန်ပိုယူရပေမည်။ သူ၏ဆရာသည် သူ့ကို စာဖြင့်ရော နှုတ်ဖြင့်ပါ ညွှန်ကြားချက်များပေးနိုင်ပြီး သူ့ကို နှုတ်ဖြင့် စာမေးပွဲဖြေဆိုစေပါ။ သင်ယူခြင်းစွမ်းရည်ချို့တဲ့သော ကလေးများသည် မေ့တတ်လေ့ရှိပြီး အစီအစဉ်မကျဖြစ်တတ်သောကြောင့် အိမ်တွင်အသုံးပြုရန်အတွက် နောက်ထပ်သင်ရိုးစာအုပ်တစ်စုံကို ပေးနိုင်ပါသည်။ အတန်းတွင်အသုံးပြုရန် သို့မဟုတ် အိမ်စာလုပ်ရန်အတွက် စာလုံးပေါင်းစစ်ပေးသော ကွန်ပျူတာတစ်လုံးကို ပေးထားနိုင်ပါသည်။

နေ့စဉ် စာဖတ်ချိန်တိုလေးများ ရှိစေပါ။ မိဘများသည် အကြံပြုချက်များနှင့် အမှားပြင်ဆင်မှုပေးနိုင်ရန် စာဖတ်ရခက်သော ကလေးတစ်ဦးကို အသံကျယ်ကျယ် စာဖတ်စေခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဦးစွာ၊ သင်ကိုယ်တိုင် အသံကျယ်ကျယ်ဖြင့် ဖတ်၍ သင့်ကလေးအား လိုက်ဆိုစေပါ။ ထို့နောက်၊ ယင်းစာကြောင်းကို အတူတကွ အသံကျယ်ကျယ်ဖြင့် ဖတ်ပါ။ ပြီးလျှင် သင့်ကလေးအား သူ့ဘာသာသူ ဖတ်စေပါ။ သူဖတ်နေစဉ် မျဉ်းတစ်ကြောင်းစီကို ပေတံဖြင့် လိုက်ထောက်ပေးပြီး အရောင်တောက်သည့်မင်ပါသော ဘောပင်တစ်ချောင်းဖြင့် ခက်သည့်စကားလုံးများကို အမှတ်အသားပြုလုပ်ပါ။ ယင်းလေ့ကျင့်ခန်းသည် တစ်နေ့လျှင် ၁၅ မိနစ်သာ ကြာပေမည်။

ချက်ပြုတ်ရာတွင် ပါဝင်ရာများ၏ပမာဏကို တိုင်းဆသောအခါ၊ လက်သမားလုပ်ငန်းတွင် ပေတံကိုအသုံးပြုသောအခါ၊ ဈေးဝယ်ထွက်သောအခါတို့တွင် အတွက်အချက်စွမ်းရည်များကို လက်တွေ့ကျသောနည်းလမ်းများဖြင့် သင်ပေးနိုင်ပါသည်။ ဂဏန်းသင်္ချာပြဿနာများကို ဖြေရှင်းရာတွင် ဂရပ်စာရွက်နှင့် ကားချပ်များက ကူညီပေးပေမည်။ စာရေးရန်အခက်အခဲရှိသူများသည် မျဉ်းကြောင်းကျယ်စာရွက်နှင့် ထူထဲသောခဲတံများဖြင့် ကြိုးစားကြည့်ပါ။ သတ္တုမျက်နှာပြင်တစ်ခုပေါ်တွင် သံလိုက်ဓာတ်ပါသော အက္ခရာများကို စီထားခြင်းက စာလုံးပေါင်းရန် သင့်ကလေးကို ကူညီပေးနိုင်ပါမည်။

အေဒီအိပ်ခ်ျဒီ (Adhd) နှင့်ပတ်သက်၍ အထောက်အကူရသော လုပ်ဆောင်မှုအစီအစဉ်များလည်း ရှိပါသည်။ အာရုံစိုက်ရခက်သောကလေးတစ်ဦးကို စကားမပြောခင် သူ၏မျက်လုံးကို ကြည့်ပါ။ အိမ်စာလုပ်ရန် တိတ်ဆိတ်သောနေရာတစ်ခုပြင်ဆင်ပေးပြီး သင့်ကလေးကို မကြာခဏ အားလပ်ချိန်ပေးပါ။ ခွေးနှင့်လမ်းလျှောက်ထွက်ခြင်းကဲ့သို့သော တက်တက်ကြွကြွလုပ်ဆောင်ရသည့် အိမ်မှုကိစ္စများ သတ်မှတ်ပေးခြင်းဖြင့် သူ၏ လှုပ်လှုပ်ရှားရှားနေလိုသော အာသီသကို ကြပ်မတ်ပေးပါ။

အောင်မြင်နိုင်

သင့်ကလေး၏အားသာချက်များကို ဆက်လက်ပြုစုပျိုးထောင်ပေးပါ၊ သူ့တွင်ရှိနိုင်မည့် မည်သည့်စွမ်းရည် သို့မဟုတ် အစွမ်းအစကိုမဆို အားပေးပါ။ အောင်မြင်ပြီးမြောက်မှုမှာ အနည်းအကျဉ်းသာဖြစ်ပါစေ ချီးမွမ်းပေးပြီး ဆုချပါ။ ကြီးမားသောတာဝန်များကို ပို၍သေးငယ်သော၊ ပို၍ကိုင်တွယ်နိုင်သော တာဝန်များအဖြစ် ပိုင်းခြားလိုက်ခြင်းဖြင့် အောင်မြင်မှုမှရရှိလာသော ကျေနပ်ရောင့်ရဲမှုကို သူတွေ့ကြုံခံစားနိုင်ပါသည်။ အစီအစဉ်တစ်ခု အောင်မြင်ပြီးမြောက်စေရန် လုပ်ဆောင်ရမည့်အရာအဆင့်ဆင့်အတွက် ရုပ်ပုံများ သို့မဟုတ် ကားချပ်များကို အသုံးပြုပါ။

အဆုံးတွင် အခြေခံ အရေးအဖတ်နှင့် သင်္ချာအတွက်အချက်တွင် ကျွမ်းကျင်ခြင်းသည် လူငယ်တစ်ဦးအတွက် အရေးကြီးပါသည်။ သင့်လျော်သော လှုံ့ဆော်ပေးမှုနှင့် အကူအညီပေးမည်ဆိုလျှင် သင့်ကလေးသည် အခြားသူများနှင့် ကွဲပြားခြားနားစွာ လုပ်ဆောင်ကာ အချိန်ပိုယူရမည်ဖြစ်သော်လည်း သင်ယူနိုင်မည်ကို စိတ်ချနိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 7 သင်ယူခြင်းစွမ်းရည်ချို့တဲ့မှုများသည် ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်လိုက်မာန်ပါပြုမူတတ်ခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်းတို့ဖြင့်ဖော်ပြသော ဂနာမငြိမ် အာရုံစူးစိုက်မှုချို့တဲ့ခြင်း [Attention Deficit Hyperactivity Disorder (Adhd)] နှင့်ဒွန်တွဲလေ့ရှိသည်။ ဖေဖော်ဝါရီ ၈၊ ၁၉၉၈ နိုးလော့! စာမျက်နှာ ၅-၁၀ ရှု။

^ အပိုဒ်၊ 9 စာဖတ်ရခက်ခြင်းနှင့် ဂနာမငြိမ်ခြင်းတို့သည် မိန်းကလေးများထက် ယောက်ျားလေးများတွင် သုံးဆပိုဖြစ်သည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

သင်ယူခြင်းစွမ်းရည်ချို့တဲ့သူတစ်ဦး အဖိုးတန်သူတစ်ဦးဖြစ်လာ

“စာမျက်နှာပေါ်က စာလုံးတွေကို ကျွန်တော်ကြည့်လိုက်တဲ့အခါ တွန့်လိမ်ကောက်ကွေးနေတဲ့ မျဉ်းကြောင်းလေးတွေနဲ့ပဲတူတယ်။ နိုင်ငံခြားဘာသာစကားတွေလည်း ဒီလိုပဲ နေမှာပါ။ အဲဒီစာလုံးတွေကို တစ်ယောက်ယောက်က အသံကျယ်ကျယ်နဲ့ မဖတ်ပြမချင်း အဲဒီစာလုံးတွေက ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်မှမရှိဘူး။ ဆရာတွေကတော့ ကျွန်တော့်ကို ပျင်းတဲ့သူ၊ မလေးစားတတ်တဲ့သူ၊ စာမကြိုးစားတဲ့သူ ဒါမှမဟုတ် သင်ခန်းစာတွေကို နားမထောင်တဲ့သူလို့ ထင်နေတယ်။ တစ်ခုမှ မမှန်ပါဘူး။ ကျွန်တော်ဟာ နားထောင်နေပြီး အရမ်းကြိုးစားခဲ့ပေမဲ့ အရေးအဖတ်အယူအဆကို နားမလည်နိုင်ရုံဘဲဖြစ်နေတယ်။ သင်္ချာဘာသာရပ်လိုပဲ တခြားဘာသာရပ်တွေက ကျွန်တော့်အတွက် မခက်ပါဘူး။ ကလေးတစ်ယောက်အနေနဲ့ အားကစား၊ လက်မှုပညာ၊ အနုပညာနဲ့ ကျွန်တော့်လက်တွေကို အသုံးပြုပြီးလုပ်ရတဲ့ ဘယ်အရာကိုမဆို မြန်မြန်ဆန်ဆန်ပဲ အာရုံစိုက်တတ်လာတယ်၊ ဖတ်တာ ရေးတာနဲ့ မဆက်စပ်သရွေ့ပေါ့။

“နောက်ပိုင်းမှာတော့ ကျွန်တော့်လက်တွေကို သုံးပြီးလုပ်ရတဲ့အလုပ်ကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်ဟာ လက်မှုပညာသည်တစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒါနဲ့ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေး စီမံကိန်းငါးခုမှာ အလုပ်လုပ်ရတဲ့အခွင့်ထူးကို ရရှိခဲ့တယ်။ ကျွန်တော့်အတွက် စာဖတ်ဖို့ အရမ်းကြိုးစားအားထုတ်ရတဲ့အတွက် ကျွန်တော်ဖတ်ခဲ့တာတွေအတော်များများကို မှတ်မိချင်ခဲ့တယ်။ ကျမ်းစာကျောင်းသားတစ်ယောက်အနေနဲ့ အဲဒီလိုလုပ်တာက အများကြီးအကူအညီဖြစ်စေတယ်၊ အထူးသဖြင့် ကျွန်တော့်ရဲ့ခရစ်ယာန်ဓမ္မအမှုမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ ချို့တဲ့တာကို အားနည်းချက်တစ်ခုလို့ ရှုမြင်မယ့်အစား အဖိုးတန်တဲ့အရာတစ်ခုအဖြစ် ရှုမြင်တယ်။”—ပီတာ၊ စာဖတ်ရခက်ရောဂါရှိသော ယေဟောဝါသက်သေများ၏ အချိန်ပြည့် ဓမ္မအမှုဆောင်တစ်ဦး။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကလေးများသည် အာရုံစိုက်နားထောင်နေစဉ် “ရုပ်ပုံဆွဲ၍ မှတ်စုများ” ယူခြင်းတွင် အလွန်ကျွမ်းကျင်နိုင်