မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါတို့ လမ်းခွဲသင့်သလား

ငါတို့ လမ်းခွဲသင့်သလား

လူငယ်များအမေး

ငါတို့ လမ်းခွဲသင့်သလား

“သံယောဇဉ်တွယ်လာတာ သုံးလရှိပြီ၊ အရမ်းကိုအဆင်ပြေတယ်လို့ ကျွန်မတို့နှစ်ယောက်စလုံး ယူဆခဲ့ကြတယ်။ ကျွန်မတို့ရဲ့ ကျန်တဲ့ဘဝအသက်တာကို အတူလက်တွဲပြီး လျှောက်လှမ်းကြတော့မယ်လို့ တကယ့်ဖြစ်ရပ်မှန်အလား ပြောခဲ့ကြတယ်။” —ဂျက်ဆီကာ။ *

“ကျွန်မ သူ့ကို အရူးအမူးစွဲလမ်းခဲ့တယ်၊ နောက်နှစ်နှစ်ကြာတဲ့အခါ သူ ကျွန်မကို တကယ်ပဲ သတိထားမိလာတယ်။ ကျွန်မကို ဂရုစိုက်မယ့် ကျွန်မထက် အသက်ပိုကြီးတဲ့ချစ်သူတစ်ယောက်ရှိတာကို ကျွန်မကြိုက်တယ်။”—ကာရယ်လ်။

အချိန်တန်သော် ဂျက်ဆီကာနှင့် ကာရယ်လ်နှစ်ဦးစလုံးသည် သူတို့၏ ချစ်သူများနှင့် လမ်းခွဲခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ထိုသို့သော ယောက်ျားသားများကို စွန့်လွှတ်လိုက်သည့်အတွက် သူတို့ မိုက်မဲရာကျသလော

သင် ချိန်းတွေ့သည်မှာ တစ်နှစ်နီးပါးကြာပြီဖြစ်သည်။ အစပိုင်းတွင် သူသည် အပြစ်စိုးစဉ်းမျှမရှိသောသူ၊ ကျန်ရှိသော သင့်အသက်တာကို အတူကုန်ဆုံးစေလိုသူဟု သင်ယုံကြည်ခဲ့သည်။ * တစ်ခါတစ်ရံ သင်သည် ချစ်သူဖြစ်ခါစအချိန်ကရှိခဲ့သော မေတ္တာစိတ်မျိုးပင် ပြန်လည်သက်ဝင်ခံစားမိနိုင်ပါသည်။ သို့သော်၊ ယခု သင်သည် သံသယများဝင်နေပြီဖြစ်သည်။ သင်သည် ယင်းအတွေးများကို လျစ်လျူရှုသင့်သလော။ လမ်းခွဲသင့်သလောဆိုသည်ကို သင်မည်သို့သိနိုင်သနည်း။

ဦးစွာ၊ သင်သည် နှစ်သက်ဖွယ်မကောင်းသော အချက်တစ်ချက်ကို အသိအမှတ်ပြုလိုစိတ်ရှိရမည်ဖြစ်သည်၊ ဆက်ဆံရေးတွင် အန္တရာယ်ရှိသောလက္ခဏာများကို အရေးမစိုက်ဘဲနေခြင်းသည် သင့်ကား၏ဒိုင်ခွက်ဘောင်မှ သတိပေးအချက်ပြများကို လျစ်လျူရှုခြင်းနှင့်တူသည်။ ပြဿနာသည် ပြေလည်သွားမည်မဟုတ်ချေ၊ ပိုဆိုးလာရန်သာရှိမည်။ အရေးစိုက်ရကျိုးနပ်စေမည့် ဆက်ဆံရေးတွင် အန္တရာယ်ရှိသော လက္ခဏာတချို့မှာ အဘယ်နည်း။

ဆက်ဆံရေးတိုးတက်မှု မြန်လွန်းသည်။ ချစ်ခင်တွယ်တာမှု မြန်လွန်းသောအခါ ပြဿနာများပေါ်ပေါက်လာနိုင်ပါသည်။ “ကျွန်မတို့ အီးမေးလ်ပို့တယ်၊ ချက်တင် (chatting online) လုပ်တယ်၊ ဖုန်းနဲ့ စကားပြောကြတယ်။ အဲဒီနည်းလမ်းတွေနဲ့ဆက်သွယ်ရတာဟာ မျက်နှာချင်းဆိုင်တွေ့ပြီးပြောရတာထက် ပိုပြီးတာသွားတယ်၊ ဘာကြောင့်လဲဆိုတော့ အမြန်ဆုံး ရင်းနှီးနိုင်လို့ပဲ” ဟုကာရယ်လ်က ပြန်ပြောပြသည်။ တစ်ယောက်အကြောင်းတစ်ယောက်သိရှိရန် အခွင့်အရေးကို အဆုံးရှုံးမခံပါနှင့်။ ဆက်ဆံရေးကို လျင်မြန်စွာ ပေါက်ပြီးနောက် ညှိုးနွမ်းသွားသော ပေါင်းပင်နှင့် မတူစေသင့်ပါ။ ယင်းအစား၊ ကြီးထွားဖို့အချိန်ယူသော အဖိုးတန်အပင်တစ်ပင်နှင့် တူစေသင့်သည်။

သူသည် အပြစ်ရှာပြီး နှိမ်တတ်သည်။ “ကျွန်မချစ်သူက ကျွန်မကို အမြဲဒေါက်ဖြုတ်တယ်၊ ဒါပေမဲ့ ကျွန်မ သူနဲ့ပဲ အမြဲနေချင်တယ်” ဟုအန်နာအမည်ရှိ မိန်းကလေးတစ်ဦးကပြောသည်။ သူဤသို့ထပ်ပြော၏– “ကျွန်မခံရပ်နိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးတဲ့ အခြေအနေတွေကို ကျွန်မသည်းခံခဲ့တယ်။” သမ္မာကျမ်းစာတွင် “ဆဲဆိုခြင်း” ကိုပြစ်တင်ရှုတ်ချထား၏။ (ဧဖက် ၄:၃၁) ကဲ့ရဲ့ရှုတ်ချသည့်စကားများကို အေးဆေးငြိမ်သက်စွာပြောဆိုလျှင်ပင် မေတ္တာပါသောဆက်ဆံရေးတွင် ယင်းစကားများအတွက် နေရာမရှိပါ။—သု. ၁၂:၁၈

သူသည် မတည်ငြိမ်၊ ဒေါသအလွန်ကြီးတတ်သည်။ “ဉာဏ်ကောင်းသောသူသည်လည်း အေးသောစိတ်ရှိတတ်၏” ဟု နယပုံပြင် ၁၇:၂၇ ကဆိုသည်။ အီရင်သည် သူ့ချစ်သူတွင် ယင်းနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း တွေ့ရှိသွားသည်။ “ကျွန်မတို့ သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ ကျွန်မကို တွန်းထုတ်လိုက်ပြီး တစ်ခါတလေ အနာတရတွေနဲ့ ဇာတ်သိမ်းသွားရတယ်” ဟုသူပြောသည်။ သမ္မာကျမ်းစာသည် ခရစ်ယာန်များအား ဤသို့ဆို၏– “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်းတို့ကို . . . ဖယ်ရှားကြလော့။” (ဧဖက် ၄:၃၁) မချုပ်တည်းနိုင်သောသူတစ်ဦးသည် ချိန်းတွေ့ရန် အဆင်သင့်မဖြစ်သေးပါ။—၂ တိမောသေ ၃:၁၊ ၃၊

သူသည် ကျွန်မတို့၏ဆက်ဆံရေးကို လျှို့ဝှက်ထားသည်။ “ကျွန်မချစ်သူက ကျွန်မတို့ချိန်းတွေ့တာကို တခြားသူတွေမသိစေချင်ဘူး။ ကျွန်မအဖေတွေ့သွားတဲ့အခါ သူစိတ်ဓာတ်တောင်ကျသွားတယ်” ဟုအန်ဂျလာက ပြန်ပြောပြသည်။ မှန်ပါသည်၊ စုံတွဲတစ်တွဲအနေဖြင့် အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ထားရန် အကြောင်းကောင်းများရှိပေမည်။ သို့သော်၊ ယင်းကိစ္စကို သိခွင့်ရှိသူများအား လျှို့ဝှက်ထားရန် တမင်တကာကြိုးစားခြင်းကဲ့သို့သော ဖုံးကွယ်ထားခြင်းသည် သင့်ကို ဒုက္ခရောက်စေနိုင်ပါသည်။

သူ့တွင် လက်ထပ်ရန် ရည်ရွယ်ချက်မရှိပါ။ ကမ္ဘာ့ဒေသများစွာမှ ခရစ်ယာန်များကြားတွင် ငယ်ရွယ်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးချိန်းတွေ့ခြင်းတွင် အသရေရှိသောရည်ရွယ်ချက်တစ်ခုရှိ၏၊ ယင်းက တစ်ဦးကိုတစ်ဦး လက်ထပ်လိုသလောဆိုသည်ကို သတ်မှတ်ဆုံးဖြတ်နိုင်ရန် အထောက်အကူပေးသည်။ ယင်းသည် သင်စချိန်းတွေ့သည့်နေ့တွင် လက်ထပ်ရန်အစီအစဉ်များ ပြုလုပ်ရန်လိုအပ်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ အမှန်မှာ၊ လူများစွာသည် သူတို့ချိန်းတွေ့သည့် ပထမဆုံးသောသူနှင့် လက်မထပ် ဖြစ်ကြပါ။ တစ်ချိန်တည်းတွင် အိမ်ထောင်တာဝန်များကိုထမ်းဆောင်ရန် အသင့်မဖြစ်သေးသူတစ်ဦးသည် မချိန်းတွေ့သင့်ပါ။

ကျွန်မတို့၏ဆက်ဆံရေးသည် ပြတ်သွားလိုက်၊ ပြန်ဆက်လိုက်ဖြစ်သည်။ နယပုံပြင် ၁၇:၁၇ တွင်ဤသို့ဆိုသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။” သင်တို့နှစ်ဦးသည် အမြဲ သဘောထားချင်းတိုက်ဆိုင်မည်တော့မဟုတ်ပါ။ သို့သော်၊ အန်နာနားလည်လာသကဲ့သို့ပင် ဆက်ဆံရေးသည် ပြတ်တောက်သွားလိုက်၊ ပြန်စလိုက်နှင့် ဆီးဆော (seesaw) ကဲ့သို့ အမြဲတစေဖြစ်နေမည်ဆိုလျှင် တစ်စုံတစ်ခုသည် လုံးလုံးမှားယွင်းနေပြီး ဂရုစိုက်ရန်လိုအပ်သည်ကို ဖော်ပြနေပါသည်။ သူက ဤသို့ဆို၏– “ကျွန်မရဲ့ချစ်သူနဲ့ အကြိမ်ပေါင်းများစွာ အဆက်ဖြတ်ခဲ့တဲ့အတွက် အရမ်းကြေကွဲခဲ့ရတယ်။ ပြန်မဆက်သင့်တဲ့ ဆက်ဆံရေးကို ပြန်ကောင်းလာအောင် ကျွန်မ ဆက်ကြိုးစားနေခဲ့တယ်။”

သူသည် ကျွန်မကို လိင်ဆက်ဆံဖို့ ဖိအားပေးသည်။ “ငါ့ကို ချစ်တယ်ဆိုရင် မင်းလိုက်လျောရမယ်။ ငါတို့ရဲ့ဆက်ဆံရေးကို နောက်တစ်ဆင့်တက်ဖို့ လိုအပ်တယ်။ ကိုယ်လက်မနှီးနှောဘူးဆိုရင် ပြီးတာပဲ၊ တကယ် လိင်ဆက်ဆံနေတာမှမဟုတ်တာ။” ထိုစကားများအားလုံးမှာ ယောက်ျားကလေးများသည် မိန်းကလေးများအား လိင်ဆက်ဆံရန်ဖိအားပေးရာတွင်သုံးသော စကားများပင်ဖြစ်သည်။ ယာကုပ် ၃:၁၇ ကဤသို့ဆိုသည်– “အထက်မှဉာဏ်ပညာမူကား ဦးစွာစင်ကြယ်၏။” သင်သည် ကျင့်ဝတ်ပိုင်းတွင်သန့်ရှင်းသော၊ သင်၏ဖြူစင်သော လိင်ဆိုင်ရာစည်းများကိုလေးစားသော ချစ်သူတစ်ဦးကို သင်ရထိုက်ပါသည်။ ယုတ်ညံ့သောမည်သည့်အရာကိုမဆို သဘောတူကာ လုပ်ခွင့်မပြုပါနှင့်။

သူနှင့်ပတ်သက်ပြီး အခြားသူများက သတိပေးကြသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။” (သု. ၁၅:၂၂) “ဆက်ဆံရေးသည် အဆင်မပြေပါဟူသည့် သင့်ကိုယ်ပိုင်အတွေးအထင်များကို သင်လျစ်လျူရှု၍မရသကဲ့သို့ သင့်မိသားစုနှင့် ကြာမြင့်စွာပေါင်းသင်းလာသောမိတ်ဆွေများ၏ ထင်မြင်ချက်ကိုလည်း လျစ်လျူရှု၍မရချေ။ “တခြားသူတွေပြောဆိုရာကို သင်ပိုပြီး လျစ်လျူရှုလာလေ သင်ပိုပြီးအခက်ကြုံလာလေပဲ” ဟုဂျက်ဆီကာကပြောသည်။

အထက်ဖော်ပြရာများသည် ဆက်ဆံရေးတွင် ပြဿနာရှိနေကြောင်း ဆိုလိုနိုင်သည့် အန္တရာယ်ရှိသော လက္ခဏာအချို့သာဖြစ်သည်။ * သင်နှင့် သင့်ချစ်သူ၏ဆက်ဆံရေးတွင် ဖော်ပြပါအန္တရာယ်ရှိလက္ခဏာများထဲမှ တစ်ခုခုရှိနေပါသလော။ သင့်တွင်ရှိကောင်းရှိနိုင်မည့် မည်သည့်ကိုယ်ပိုင်စိုးရိမ်ပူပန်မှုကိုမဆို အောက်တွင် ရေးချပါ။

․․․․․

မည်ကဲ့သို့ လမ်းခွဲနိုင်ပုံ

ဆက်ဆံရေးကို အဆုံးသတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု သင်စိတ်ပိုင်းဖြတ်သည် ဆိုပါစို့။ သင်မည်သို့ပြုလုပ်မည်နည်း။ နည်းလမ်းများစွာရှိပါသည်၊ အောက်ပါအချက်များကို စိတ်စွဲမှတ်ထားပါ။

သတ္တိရှိပါ။ “ကျွန်မဟာ ကျွန်မရဲ့ချစ်သူကို အရမ်းအားကိုးလာခဲ့တဲ့အတွက် သူ့ကိုထားခဲ့ရမှာကြောက်တယ်” ဟုထရီနာအမည်ရှိ မိန်းကလေးတစ်ဦးကပြောသည်။ ဆက်ဆံရေးကို အဆုံးသတ်ရန်လိုအပ်လာသောအခါ ဖွင့်ပြောရန် သတ္တိရှိဖို့လိုသည်။ မိမိကိုယ်ကို ကာကွယ်ရန်နှင့် သင့်ခံစားချက်များကို ရှင်းရှင်းလင်းလင်းဖြစ်စေခြင်းတို့သည် အကျိုးရှိပါသည်။ (သု. ၂၂:၃) ယင်းက ချိန်းတွေ့သည့်ချစ်သူဘဝတွင်နှင့် နောက်ပိုင်း အိမ်ထောင်သည်ဘဝတွင် သင့်အနေဖြင့် သည်းခံမည့်အရာ၊ သည်းမခံမည့်အရာတို့နှင့်စပ်လျဉ်း၍ ခိုင်မာသောစည်းကို ချမှတ်စေနိုင်ပါသည်။

မျှတမှုရှိပါ။ သင်သည် အဆက်ဖြတ်သူဖြစ်သည်ဆိုလျှင် သင့်ကို မည်သို့ဆက်ဆံပြုမူရန် အလိုရှိမည်နည်း။ (မဿဲ ၇:၁၂) သင့်ချစ်သူသည် အီးမေးလ်တို၊ စာတို (text message) သို့မဟုတ် “ငါတို့တွေ ပြတ်ပြီ” ဟုပြောသော အသံမေးလ်ထက်မက ရသင့်ပါသည်။

သင့်တော်သောနေရာနှင့် အခြေအနေကို ရွေးချယ်ပါ။ သင်သည် မျက်နှာချင်းဆိုင်၍ ပြောသင့်သလော သို့မဟုတ် ဖုန်းဖြင့်ပြောသင့်သလော။ သင်သည် စာရေးသင့်သလော သို့မဟုတ် ဆွေးနွေးသင့်သလော။ အခြေအနေအပေါ် များစွာမူတည်ပါသည်။ သင့်အတွက် အန္တရာယ်ရှိနိုင်သော မည်သည့်နေရာတွင်မဆို မတွေ့ဆုံသင့်သကဲ့သို့ မှားယွင်းသောဆန္ဒများ လှုံ့ဆော်ပေးနိုင်သော ဆိတ်ကွယ်သည့်နေရာတစ်ခုတွင် တွေ့ဆုံခြင်းသည်လည်း ပညာရှိရာမကျပါ။—၁ သက်သာလောနိတ် ၄:၃

အမှန်အတိုင်းပြောပါ။ ရှေ့ဆက်သွားဖို့မဖြစ်နိုင်တော့ဟု သင်အဘယ်ကြောင့်ခံစားရကြောင်း ရိုးရိုးသားသားပြောပြပါ။ သင့်ချစ်သူသည် သင့်ကို ကောင်းကောင်းမွန်မွန်မဆက်ဆံဟု သင်ခံစားရလျှင် ယင်းသို့ခံစားရကြောင်းပြောပြပါ။ သင့်သဘောထားများကို စွဲစွဲမြဲမြဲ ဖော်ပြပါ။ ဥပမာ၊ “ရှင်ကျွန်မကို အမြဲတမ်းဒေါက်ဖြုတ်တယ်” ဟုပြောမည့်အစား “ရှင် ကျွန်မကို ... တဲ့အခါ ဒေါက်ဖြုတ်တယ်လို့ခံစားရတယ်” ဟုပြောပါ။

လိုလိုလားလားလည်း နားထောင်ပေးပါ။ အခြေအနေနှင့်ပတ်သက်၍ နားလည်မှုလွဲခဲ့သောအရာ တစ်စုံတစ်ခုရှိပါသလော။ ပါးနပ်သောစကားများဖြင့် အလှည့်စားမခံပါနှင့်၊ သို့သော် တစ်ချိန်တည်းတွင် အကျိုးသင့်အကြောင်းသင့်ရှိပြီး အချက်အလက်များကို ဆင်ခြင်သုံးသပ်ပါ။ သမ္မာကျမ်းစာသည် ခရစ်ယာန်များအား “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်း၌ နှေးရမည်” ဟုပညာရှိစွာ ဆုံးမထားသည်။—ယာကုပ် ၁:၁၉

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် အမည်များကို ပြောင်းထားပါသည်။

^ အပိုဒ်၊ 6 ဤဆောင်းပါးတွင် ကိစ္စရပ်များကို မိန်းကလေးတစ်ဦးဘက်မှ တင်ပြထားသော်လည်း ဤတွင်ပါသော မူများသည် ယောက်ျားလေးများနှင့်လည်း သက်ဆိုင်ပါသည်။

^ အပိုဒ်၊ 16 ထပ်ဆင့်အချက်အလက်အတွက် နိုးလော့! မေ ၂၀၀၇၊ စာမျက်နှာ ၁၈-၂၀ ကိုကြည့်ပါ။

ချင့်တွေးစရာ

▪ သင်ချိန်းတွေ့မည့်သူတစ်ဦးဦးတွင် မရှိမဖြစ်လိုအပ်သည်ဟု သင်ရှုမြင်သော စရိုက်လက္ခဏာများကို အောက်တွင်ရေးချပါ။

▪ အဘယ်စရိုက်လက္ခဏာများသည် လက်ခံနိုင်ဖွယ်မဟုတ်ကြောင်း သင်ယူဆသနည်း။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

ချိန်းတွေ့ရန် သင်ရွေးချယ်သောသူမှာ ...

□ သင့်ဘာသာရေးခံယူချက်များကို လက်ခံသူဖြစ်သင့်သည်။—၁ ကောရိန္သု ၇:၃၉

□ သင့်ကိုယ်ကျင့်တရားစည်းများကို လေးစားသူဖြစ်သင့်သည်။—၁ ကောရိန္သု ၆:၁၈

□ သင်နှင့် အခြားသူများကို ထောက်ထားစာနာတတ်သူဖြစ်သင့်သည်။—ဖိလိပ္ပိ ၂:၄

□ နာမည်ကောင်းရှိသူဖြစ်သင့်သည်။—ဖိလိပ္ပိ ၂:၂၀

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

သင့်ချစ်သူသည် ဤသို့ဆိုလျှင် သတိထားပါ ...

□ အမြဲ သူ့နည်းလမ်းအတိုင်းလုပ်ရန် မရမနေတောင်းဆိုသည်။

□ အမြဲတစေ သင့်ကို အပြစ်ရှိသူ၊ မိုက်မဲသူ သို့မဟုတ် တန်ဖိုးမရှိသူအဖြစ် ခံစားရစေသည်။

□ သင့်ကို သင့်မိတ်ဆွေများ၊ မိသားစုနှင့် ဝေးဝေးတွင်နေစေရန် ကြိုးစားသည်။

□ အမြဲတစေ သင်မည်သည့်နေရာတွင်ရှိသည်ကို စုံစမ်းထောက်လှမ်းသည်။

□ ခိုင်လုံသောအကြောင်းရင်းမရှိဘဲ သင်သည် အခြားသူများနှင့် ပရောပရည်လုပ်ကြောင်းစွပ်စွဲသည်။

□ ခြိမ်းခြောက်သည် သို့မဟုတ် ရာဇသံပေးသည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဆက်ဆံရေးတွင် အန္တရာယ်ရှိသောလက္ခဏာများကို အရေးမစိုက်ဘဲနေခြင်းသည် သင့်ကား၏ဒိုင်ခွက်ဘောင်မှ သတိပေးအချက်ပြများကို လျစ်လျူရှုခြင်းနှင့်တူ

CHECK OIL