မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှင်သန်နေသော ဂြိုဟ်

ရှင်သန်နေသော ဂြိုဟ်

ရှင်သန်နေသော ဂြိုဟ်

ကမ္ဘာဂြိုဟ်သည် သန်းနှင့်ချီ၍ရှိနေနိုင်သော မျိုးစိတ်များ​—⁠သက်ရှိအမျိုးမျိုး မှီတင်းနေထိုင်ရာဖြစ်၏။ မြေဆီလွှာ၊ လေနှင့် ရေထဲတွင် ရှင်သန်ပေါက်ပွားနေသော သက်ရှိအများစုသည် မျက်စိဖြင့်မမြင်နိုင်လောက်အောင် သေးငယ်လွန်းလှ၏။ ဥပမာ၊ တစ်ဂရမ် (၀.၀၄ အောင်စ) သာရှိသည့် မြေဆီလွှာထဲတွင် ရောဂါပိုးမွှားအရေအတွက်စုစုပေါင်းကို မဆိုလိုဘဲ ဘက်တီးရီးယားမျိုးစိတ်ပေါင်း ၁၀,၀၀၀ ရှိသည်ဟု လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့သည်။ မျိုးစိတ်တချို့ကို မြေအောက် နှစ်မိုင်အထိ တွေ့ရှိရ၏။

လေထုထဲတွင်လည်း မျက်စိဖြင့်မြင်နိုင်သော ငှက်များ၊ လင်းနို့များနှင့် အင်းဆက်ပိုးများသာမက အခြားသက်ရှိများ ပြည့်နှက်နေ၏။ အချိန်ကာလပေါ်မူတည်၍လည်း ဝတ်မှုန်များနှင့် အခြားသောမျိုးမှုန်များ၊ အစေ့များအပြင် နေရာအချို့တွင် ထောင်သောင်းမကသော ပိုးမွှားအမျိုးမျိုး ပြည့်နှက်နေ၏။ “လေထဲတွင်ရှိသော ပိုးမွှားအမျိုးမျိုးသည် မြေဆီလွှာထဲတွင်ရှိသည့် ပိုးမွှားများတမျှ များပြားလှ၏” ဟုမဂ္ဂဇင်းတစ်စောင် (Scientific American) ကဆိုသည်။

တစ်ချိန်တည်းတွင် နက်ရှိုင်းလှသောသမုဒ္ဒရာများကို လေ့လာရန် သိပ္ပံပညာရှင်များသည် ငွေကုန်ကြေးကျများသည့် နည်းပညာကို အသုံးပြုရလေ့ရှိသောကြောင့် သမုဒ္ဒရာသည် လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်သည်။ အလွယ်တကူသွားရောက်နိုင်ပြီး ကောင်းစွာ စူးစမ်းလေ့လာထားသော သန္တာကျောက်တန်းများ၌ပင်လျှင် ယနေ့ထက်ထိ မသိရှိရသေးသော သန်းနှင့်ချီသည့် မျိုးစိတ်များ မှီတင်းနေထိုင်ကြပေမည်။

သို့သော် ကျွန်ုပ်တို့သိရှိထားသောအရာမှာ ကမ္ဘာဂြိုဟ်သည် ဤမျှများပြားလှသည့် သက်ရှိများ မှီတင်းနေထိုင်ရာဖြစ်သောကြောင့် အမှန်တကယ်တွင် သက်ရှိသည် ကမ္ဘာဂြိုဟ်၏ ဓာတုပေါင်းစပ်ဖွဲ့စည်းမှု အထူးသဖြင့် သက်ရှိများတည်ရှိရာ ကမ္ဘာ့အစိတ်အပိုင်းကို ပြောင်းလဲပေးနေသည်ဟူ၍ဖြစ်၏။ ဥပမာ၊ သမုဒ္ဒရာများရှိ အခွံမာသတ္တဝါများနှင့် သန္တာတွင်ရှိသော ကယ်လစီယမ်ကာဗွန်နိတ်သည် ရေ၏ဓာတုဖွဲ့စည်းမှုကို တည်ငြိမ်စေရာ “အစာအိမ်ရှိ အက်ဆစ်ဖြေဆေး (antacid) ၏လုပ်ဆောင်ပုံနှင့် များစွာတူ” ကြောင်း အမေရိကန် ပင်လယ်သမုဒ္ဒရာနှင့် လေထုဆိုင်ရာ အမျိုးသားစီမံခန့်ခွဲရေးအဖွဲ့ကဆိုသည်။ အပင်များ၊ ရေအိုင်များနှင့်သမုဒ္ဒရာများ၏ မျက်နှာပြင်အနီးတွင်တွေ့ရသော ဆဲလ်တစ်ခုတည်းရှိသည့် အယ်လဂျီရေမှော်ပင်များသည် ရေနှင့်လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင်ပါဝင်မှုနှုန်းကို ပုံမှန်ဖြစ်နေအောင် ညှိပေးသည်။ ထို့အပြင် မြေဆီလွှာထဲတွင် ဘက်တီးရီးယားပိုးနှင့် ဖန်ဂျိုင်းမှိုများသည် ဓာတ်ဖြိုခွဲသူများအဖြစ် ပူးပေါင်းလုပ်ဆောင်ကာ အပင်များအတွက် ဒြပ်စင်အာဟာရများပေးသည်။ မှန်ပါသည်၊ ကမ္ဘာမြေကြီးကို ရှင်သန်နေသောဂြိုဟ်ဟု တော်မှန်စွာ ခေါ်ဆိုခဲ့ကြပြီ။

သို့သော် နယ်ပယ်အတော်များများတွင် မှန်ကန်တိကျသောဝန်းကျင်မရှိပါက ကမ္ဘာ့သက်ရှိများ တည်ရှိနိုင်မည်မဟုတ်၊ အချို့သောနယ်ပယ်များကို ၂၀ ရာစုအထိ အပြည့်အဝနားမလည်ခဲ့ချေ။ ထိုမှန်ကန်တိကျသောဝန်းကျင်များတွင် အောက်ပါတို့ ပါဝင်သည်–

၁။ နဂါးငွေ့တန်းဂလက်ဆီနှင့် နေအဖွဲ့အစည်းတွင် ကမ္ဘာကြီး၏တည်နေရာအပြင် ကမ္ဘာ့ပတ်လမ်း၊ တိမ်းစောင်းမှု၊ လည်ပတ်မှုအရှိန်နှင့် လ

၂။ သံလိုက်စက်ကွင်းနှင့် လေထုတည်းဟူသော အကာအရံနှစ်ထပ်

၃။ အလျှံပယ်ရှိနေသောရေ

၄။ သက်ရှိများရှိသော ကမ္ဘာ့မျက်နှာပြင်နှင့် လေထုရှိ ကုန်ခန်းသွားရာများကို ပြန်လည်ဖြည့်တင်းပေးခြင်း

ဤအကြောင်းအရာများကို နောက်ဆောင်းပါးများတွင် သင်သုံးသပ်သည်နှင့်အမျှ ‘ကမ္ဘာ့သွင်ပြင်လက္ခဏာများသည် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းလော သို့မဟုတ် ဉာဏ်ကြီးရှင်ပုံစံပြုသူ တစ်ဦးကြောင့်လော’ ဟုသင့်ကိုသင် မေးကြည့်ပါလေ။ ဉာဏ်ကြီးရှင်ပုံစံပြုသူတစ်ဦးကြောင့်ဟုဆိုလျှင် ကမ္ဘာမြေကိုဖန်ဆင်းသည့် ဖန်ဆင်းရှင်၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမေးခွန်းကို ဤဆောင်းပါးတွဲ၏ နောက်ဆုံးဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ပါမည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

“သိပ္ပံလောကထဲသို့ ဘုရားသခင်အား ဝင်ခွင့်မပြုနိုင်”

သဘာဝလောကသည် အဓိပ္ပာယ်မဲ့ မတော်တဆဖြစ်လာခြင်းမဟုတ်ဘဲ ကောင်းစွာပုံစံပြုထားပုံရကြောင်း အထောက်အထားရှိလင့်ကစား သိပ္ပံပညာရှင်များစွာသည် ဖန်ဆင်းရှင်တစ်ပါးကို မယုံကြည်ကြချေ။ သိပ္ပံပညာသည် ဘုရားသခင်မဲ့ဝါဒီများအား ဖန်ဆင်းရှင်မရှိဟူသော ရှင်းပြချက်ကို တစ်နည်းနည်းဖြင့် အတင်းအကျပ် လက်ခံစေသည်မဟုတ်ဟု ဆင့်ကဲဝါဒီ ရစ်ချတ်ဒ် စီ. လဝန်တန်ကဆို၏။ ယင်းအစား သူတို့သည် ရုပ်ဝါဒကို ယုံကြည်သင့်သည်ဟု ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကာ ယင်းဝါဒအတွက် လက်ခံနိုင်ဖွယ်ရှင်းပြချက်တစ်ခုကို ဖန်တီးဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ သိပ္ပံပညာရှင်အများစုအတွက် ပြောဆိုသည့်အနေနှင့် သူကထပ်ဆင့်၍ “ထိုရုပ်ဝါဒသည် တစ်ခုတည်းသောအမှန်တရားဖြစ်၏၊ ထို့ကြောင့် ကျွန်ုပ်တို့သည် သိပ္ပံလောကထဲသို့ ဘုရားသခင်အား ဝင်ခွင့်မပြုနိုင်ပါ” ဟုဆိုသည်။

အထူးသဖြင့် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ခိုင်မာသည့် သက်သေအထောက်အထားရှိမည်ဆိုလျှင် ယင်းသို့တရားသေဝါဒစွဲခြင်းက ပညာရှိရာကျပါသလော။ သင် မည်သို့ထင်သနည်း။​—⁠ရောမ ၁:​၂၀