မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့အစွမ်းထက်သော အကာအရံများ

ကမ္ဘာ့အစွမ်းထက်သော အကာအရံများ

ကမ္ဘာ့အစွမ်းထက်သော အကာအရံများ

အာကာသသည် သေစေနိုင်သောဖြာထွက်ရောင်ခြည်နှင့် ဥက္ကာခဲများ ပြည့်နှက်နေသည့် အန္တရာယ်ရှိသော နေရာတစ်နေရာဖြစ်၏။ သို့တိုင်၊ ကျွန်ုပ်တို့နေထိုင်ရာ အပြာရောင်ကမ္ဘာဂြိုဟ်သည် ယင်းတို့၏ ပစ်မှတ်တစ်ခုဖြစ်သော်လည်း ထိခိုက်ပျက်စီးခြင်းမရှိချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကမ္ဘာကို အံ့ဖွယ်အကာအရံများဖြစ်သော အားကောင်းသောသံလိုက်စက်ကွင်းတစ်ခုနှင့် အထူးပုံစံပြုထားသည့် လေထုတို့က ကာကွယ်ပေးထားသောကြောင့်ဖြစ်၏။

ကမ္ဘာ့သံလိုက်စက်ကွင်း သည် ကမ္ဘာ့အတွင်းပိုင်းမှ စတင်ကာ အာကာသအထိ ရောက်၏၊ ထိုတွင် သံလိုက်စက်လုံး (ညာဘက်တွင် ဖော်ပြထား) ဟုခေါ်သော မျက်စိဖြင့်မမြင်နိုင်သည့် အကာအရံတစ်ခုအဖြစ် ဖြစ်တည်နေ၏။ ယင်းအကာအရံသည် အာကာသမှလာသော အလွန်အားပြင်းသည့် ဖြာထွက်ရောင်ခြည်နှင့် နေမှထုတ်လွှတ်နေသော အန္တရာယ်ရောင်ခြည်များမှ ကာကွယ်ပေးသည်။ အန္တရာယ်ရောင်ခြည်များတွင် နေမှအမြဲထုတ်လွှတ်လျက်ရှိသည့် လျှပ်စစ်မြူမှုန် (solarwind)၊ ဘီလီယံနှင့်ချီသော ဟိုက်ဒရိုဂျင်ဗုံးများတမျှ များပြားလှသည့် စွမ်းအင်များကို မိနစ်ပိုင်းအတွင်း ထုတ်လွှတ်ပေးနေသည့် နေမီးလျှံများနှင့် နေ၏အပြင်ဘက်ဆုံးအပိုင်း (ကိုရိုနာ) မှ တန်ချိန်ဘီလီယံနှင့်ချီသော ဒြပ်ဝတ္ထုများကို အာကာသထဲသို့ မှုတ်ထုတ်နေသည့် ရောင်ခြည်စက်ဝန်းထုများ (စီအမ်အီးအက်စ်) တို့ပါဝင်သည်။ နေမီးလျှံများနှင့် ရောင်ခြည်စက်ဝန်းထုက အလွန်တောက်ပသော ရောင်စုံအလင်းတန်းများ (ညာအောက်တွင် ဖော်ပြထား) ကိုဖြစ်ပေါ်စေသည်၊ ယင်းရောင်စုံအလင်းတန်းများကို ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းများအနီးရှိ အထက်လေထုတွင် မြင်တွေ့ရ၏။

ကမ္ဘာ့လေထု သည် ထပ်ဆင့်ကာကွယ်မှုပေး၏။ လေထု၏ အပြင်ဘက်အလွှာတစ်လွှာဖြစ်သော အိုဇုန်းဟုခေါ်သည့် အောက်ဆီဂျင်ပုံစံတစ်မျိုးပါဝင်သည့် အထက်လေထု (stratosphere) က ဝင်ရောက်လာသော ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်းအထိကို စုပ်ယူသည်။ ထို့ကြောင့် အိုဇုန်းလွှာသည် လူသားများနှင့် မျှောလှေးများအပါအဝင် သက်ရှိများစွာကို အန္တရာယ်ရှိသောရောင်ခြည်များမှ ကာကွယ်ပေးသည်။ စိတ်ဝင်စားစရာမှာ အထက်လေထုအိုဇုန်းလွှာပမာဏသည် တစ်သမတ်တည်းမရှိဘဲ ခရမ်းလွန်ရောင်ခြည်လွန်ကဲမှုပေါ်မူတည်၍ အလိုက်သင့်ပြုပြင်ပြောင်းလဲသဖြင့် အိုဇုန်းလွှာသည် အလွန်အစွမ်းထက်၍ အကျိုးဖြစ်ထွန်းသော အကာအရံတစ်ခုဖြစ်၏။

ထို့ပြင် လေထုသည် နေ့စဉ် အာကာသမှ တရစပ်ကျရောက်လာသည့် အလွန်သေးငယ်သောအမှုန်များမှသည် ကျောက်တုံးကြီးများအထိ အရွယ်အစားအမျိုးမျိုးရှိသော ဥက္ကာခဲ သန်းပေါင်းများစွာမှလည်း ကျွန်ုပ်တို့ကို ကာကွယ်ပေး၏။ ဝမ်းသာစရာမှာ ယင်းဥက္ကာခဲအများစုသည် လေထုထဲတွင် ကျွမ်းလောင်သွားကာ ကြယ်ပျံများဟုခေါ်သော လင်းလက်တောက်ပသည့် အလင်းရောင်များဖြစ်ပေါ်လာသည်။

ကမ္ဘာ့အကာအရံများသည် သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်သော အပူနှင့် မြင်နိုင်သောအလင်းရောင်များကို မတားဆီးပေးပါ။ လေထုသည် အပူကို ကမ္ဘာတစ်ခွင် ပျံ့နှံ့စေသည့်အပြင် ညအချိန်တွင် စောင်တစ်ထည်ကဲ့သို့ အပူထွက်သွားမှုကို နှေးကွေးစေသည်။

ကမ္ဘာ့လေထုနှင့် သံလိုက်စက်ကွင်းသည် အမှန်ပင် ယနေ့ထိတိုင် အပြည့်အဝနားမလည်သေးသော အံ့ဖွယ်ရာများဖြစ်ကြသည်။ ကမ္ဘာ၏ နောက်ထူးခြားချက်တစ်ခုဖြစ်သော အရည်ပုံစံဖြင့်တည်ရှိနေသည့် ကမ္ဘာ့ရေထုနှင့်ပတ်သက်၍လည်း ထပ်တူပင် ပြောဆိုနိုင်ပါသည်။