မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အနာဂတ်ကို ဘုရားသခင် ကြိုတင်သတ်မှတ်ထားသလော

သင့်အနာဂတ်ကို ဘုရားသခင် ကြိုတင်သတ်မှတ်ထားသလော

စာရှုသူများအမေး

သင့်အနာဂတ်ကို ဘုရားသခင် ကြိုတင်သတ်မှတ်ထားသလော

လူများစွာသည် မိမိတို့၏အသက်တာနှင့်အနာဂတ်ကို သာလွန်မြင့်မားသော အစွမ်းတန်ခိုးတစ်ခုက ကြိုတင်သတ်မှတ်ထားသည်ဟု ယုံကြည်ကြသည်။ ကျွန်ုပ်တို့အားလုံး သန္ဓေတည်ချိန်မှ သေဆုံးချိန်တိုင် ဘုရားသခင် သတ်မှတ်ပြီးသားလမ်းစဉ်အတိုင်း လိုက်ရကြသည်ဟု သူတို့ယူဆ၏။ ‘ဘုရားသခင်က အတိုင်းအဆမဲ့တန်ခိုးရှင်၊ အရာခပ်သိမ်းကို သိမြင်နိုင်တဲ့အရှင်ဖြစ်တယ်ဆိုတော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ပတ်သက်ပြီး အသေးစိတ်သိထားမှာ သေချာတယ်’ ဟုသူတို့ဆိုကြသည်။

သင် မည်သို့ထင်သနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘဝလမ်းစဉ်နှင့် အပြီးသတ်ကံကြမ္မာကို ကြိုတင်သတ်မှတ်ထားသလော။ တစ်နည်းဆိုရလျှင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဟူသည် အမှန်တကယ်ရှိသလော၊ စိတ်လှည့်စားမှုသက်သက်လော။ သမ္မာကျမ်းစာတွင် အဘယ်အရာဖော်ပြထားသနည်း။

အလုံးစုံကိုကြိုသိသောဉာဏ်လော သို့မဟုတ် ရွေးချယ်စိစစ်၍ ကြိုသိသောဉာဏ်လော

ဘုရားသခင်တွင် ကြိုတင်သိနိုင်သောဉာဏ်ရှိကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ ကိုယ်တော်သည် “အဦးမှစ၍ အဆုံးတိုင်အောင်” သိသည်ဟု ဟေရှာယ ၄၆:၁၀ တွင်ဆိုသည်။ ပရောဖက်ပြုချက်များစွာကို မှတ်တမ်းတင်ရန် လူတို့ကိုပင် ကိုယ်တော်အသုံးပြုခဲ့သည်။ (၂ ပေတရု ၁:၂၁) ထိုပရောဖက်ပြုချက်များ အမြဲပင် ပြည့်စုံလာသည်၊ အကြောင်းမှာ ဘုရားသခင်သည် ယင်းတို့ကို အသေးစိတ်ပြည့်စုံစေနိုင်သော ဉာဏ်ပညာနှင့်တန်ခိုးရှိ၍ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် ကြိုတင်သိသောဉာဏ်ရှိသည့်အပြင် ကြိုတင်သတ်မှတ်ပြဋ္ဌာန်းလိုသော မည်သည့်အမှုကိုမဆို ကြိုတင်ပြဋ္ဌာန်းနိုင်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူတစ်ဦးစီ၏ကံကြမ္မာ သို့မဟုတ် ကယ်တင်ခံရမည့်သူအရေအတွက်ကိုပင် ကြိုတင်သတ်မှတ်ထားသလော။ ကျမ်းစာတွင် ထိုသို့မဆိုထားပေ။

ဘုရားသခင်သည် အနာဂတ်တွင်ဖြစ်မည့်အရာကို စိစစ်ရွေးချယ်၍ ကြိုတင်ပြဋ္ဌာန်းကြောင်း ကျမ်းစာသွန်သင်သည်။ ဥပမာ၊ လက်ရှိလောကစနစ်ဆုံးခန်းတွင် ဆိုးသွမ်းမှုကိုဖျက်ဆီးသည့်အခါ ဖြောင့်မတ်သော “လူအုပ်ကြီး” လွတ်မြောက်မည်ဖြစ်ကြောင်း ဘုရားသခင်ကြိုပြောထားသည်။ (ဗျာ. ၇:၉၊ ၁၄) သို့သော် ဘုရားသခင်သည် ထိုလူအုပ်ကြီး၏အရေအတွက်ကို အတိအကျမဖော်ပြထားကြောင်း သတိပြုပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတစ်ဦးစီ၏ကံကြမ္မာကို ကိုယ်တော် ကြိုတင်မသတ်မှတ်ထားသောကြောင့်ဖြစ်၏။ ဘုရားသခင်သည် မိသားစုကြီးတစ်စု၏ မေတ္တာရှိဖခင်နှင့်တူသည်။ ကိုယ်တော်သည် မိမိ၏မေတ္တာကို အနည်းဆုံး သားသမီးအချို့ တုံ့ပြန်မည်ဖြစ်ကြောင်း သိသော်လည်း သူတို့၏အရေအတွက်ကို ကြိုတင်သတ်မှတ်မထားပါ။

ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းနိုင်စွမ်းအား အသုံးပြုပုံကို ကိုယ်တော်၏တန်ခိုးတော်အသုံးပြုပုံနှင့် နှိုင်းယှဉ်ကြည့်ပါ။ ဘုရားသခင်သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်တော်မူသည်။ (ဆာလံ ၉၁:၁; ဟေရှာယ ၄၀:၂၆၊ ၂၈) သို့သော် ထိုတန်ခိုးကို အထိန်းအကွပ်မရှိအသုံးပြုခဲ့သလော။ အသုံးမပြုခဲ့ပါ။ ဥပမာ၊ ကိုယ်တော်သည် ရှေးအစ္စရေးတို့၏ရန်သူဖြစ်သော ဗာဗုလုန်လူမျိုးကို အချိန်မတိုင်မီ မဖျက်ဆီးရန် မိမိ၏တန်ခိုးတော်ကို ထိန်းချုပ်ခဲ့သည်။ “ငါသည် . . . ကိုယ်ကိုချုပ်တည်း၍နေခဲ့ပြီ” ဟုဘုရားသခင်မိန့်ဆိုသည်။ (ဟေရှာယ ၄၂:၁၄သမ္မာ) ကိုယ်တော်၏ကြိုတင်သိသောဉာဏ်နှင့် ကြိုတင်ပြဋ္ဌာန်းနိုင်စွမ်းကို အသုံးပြုပုံသည်လည်း ထိုနည်းတူဖြစ်၏။ ယေဟောဝါသည် ကျွန်ုပ်တို့အား အပ်နှင်းထားသော လွတ်လပ်စွာရွေးချယ်ခွင့်ကို လေးစားသောအားဖြင့် ကိုယ်ကိုချုပ်တည်းနေသည်။

ကိုယ်တော်၏တန်ခိုးတော်ကို ထိန်းချုပ်ခြင်းက ကိုယ်တော့်အား အကန့်အသတ်ဖြစ်စေ သို့မဟုတ် မစုံမလင်ဖြစ်စေသည်မဟုတ်ပါ။ အမှန်မှာ၊ ယင်းသည် ကိုယ်တော်၏ကြီးမြတ်မှုကို ပို၍ပေါ်လွင်စေပြီး ကိုယ်တော်အား ပို၍ချစ်မြတ်နိုးစေသည်၊ အကြောင်းမှာ ကိုယ်တော်သည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ကျင့်သုံးရာတွင် အလုံးစုံကိုသိသောဉာဏ်၊ တန်ခိုး၊ မေတ္တာကိုအသုံးပြုသည့်အပြင် အသိဉာဏ်ရှိသတ္တဝါများ၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ် လေးစားမှုကိုလည်းအသုံးပြုကြောင်း ယင်းက ဖော်ပြသောကြောင့်ဖြစ်၏။

တစ်ဖက်တွင်မူ၊ ဘုရားသခင်သာ ဖြစ်ပျက်ခဲ့သမျှ ဆိုးရွားသောမတော်တဆမှုနှင့် လုပ်ရပ်ဆိုးအားလုံးအပါအဝင် အရာခပ်သိမ်းကို ကြိုတင်သတ်မှတ်ထားပါက ကမ္ဘာပေါ်ရှိ စိတ်ဆင်းရဲစရာနှင့် ဆင်းရဲဒုက္ခမှန်သမျှအတွက် ကိုယ်တော်ကို အပြစ်ပုံချထိုက်သည်မဟုတ်လော။ ထို့ကြောင့် သေချာဆန်းစစ်လိုက်လျှင် ကြိုတင်သတ်မှတ်ထားသည်ဟူသောသွန်သင်ချက်သည် ဘုရားသခင်ကို ဂုဏ်တင်ရာမရောက်ဘဲ ဂုဏ်ဖျက်ရာရောက်သည်။ ယင်းက ကိုယ်တော်နှင့်ပတ်သက်၍ ကျမ်းစာသွန်သင်ရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည့် ရက်စက်သော၊ တရားမမျှတသော၊ မေတ္တာမဲ့သောဘုရားသခင်အဖြစ် ကိုယ်တော်အား ပုံဖော်ရာရောက်သည်။—တရားဟောရာ ၃၂:၄

သင်၌ ရွေးချယ်ပိုင်ခွင့်ရှိ

ဘုရားသခင်သည် မိမိ၏ကျေးကျွန်မောရှေမှတစ်ဆင့် အစ္စရေးလူမျိုးအား ဤသို့ဆိုသည်– ‘အသက်ရှင်ခြင်း၊ သေခြင်း. . .ကို သင့်ရှေ့၌ငါထားသည်။ . . . သင်၏ဘုရားသခင် ယေဟောဝါကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကိုပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည်အကြောင်းနှင့်. . .ယှဉ်သော အသက်တရားကို ရွေးယူလော့။’ (တရားဟောရာ ၃၀:၁၉၊ ၂၀) ဘုရားသခင်သည် မိမိကိုချစ်ပြီးအသက်ရရန် သို့မဟုတ် မိမိကိုငြင်းပယ်ပြီးသေဒဏ်သင့်ရန် အစ္စရေးလူမျိုးယောက်တိုင်းကို ကြိုတင်သတ်မှတ်ထားပါက ထိုစကားများမှာ အဓိပ္ပာယ်မဲ့ပြီး လှည့်စားရာရောက်ပေလိမ့်မည်။ “တရားကိုနှစ်သက်” ပြီး မေတ္တာရှင်ဖြစ်သော ဘုရားသခင်သည် ထိုသို့အတ္တဆန်ဆန်လုပ်ဆောင်မည်ဟု သင်ယုံကြည်သလော။—ဆာလံ ၃၇:၂၈; ၁ ယောဟန် ၄:၈

အသက်တရားကိုရွေးယူပါဟူသော ဘုရားသခင်၏တိုက်တွန်းချက်သည် ယနေ့ ကျွန်ုပ်တို့နှင့် ပို၍ပင်သက်ဆိုင်သည်၊ အကြောင်းမှာ ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံမှုက လက်ရှိလောကစနစ်၏အဆုံး နီးသည်ထက်နီးလာနေပြီဖြစ်ကြောင်း ဖော်ပြသောကြောင့်တည်း။ (မဿဲ ၂၄:၃-၉; ၂ တိမောသေ ၃:၁-၅) သို့ဆိုလျှင် ကျွန်ုပ်တို့သည် အသက်တရားကို မည်သို့ရွေးယူနိုင်မည်နည်း။ ရှေးအစ္စရေးလူတို့နည်းတူပြုလုပ်ခြင်းဖြင့် ရွေးယူနိုင်ပါသည်။

“အသက်တရား” ကို သင် မည်သို့ရွေးယူနိုင်သနည်း

ကျွန်ုပ်တို့သည် ‘ဘုရားသခင်ကိုချစ်ခြင်း၊’ ‘စကားတော်ကိုနားထောင်ခြင်း၊’ ‘ကိုယ်တော်ကို ဆည်းကပ်မှီဝဲခြင်း’ ဖြင့် အသက်တရားကို ရွေးယူကြသည်။ အမှန်မှာ၊ ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိကျွမ်းပြီး ကိုယ်တော်၏တောင်းဆိုချက်များကို သိရှိမှသာ ထိုသို့လုပ်ဆောင်နိုင်မည်ဖြစ်၏။ ယေရှုခရစ်သည် ဘုရားသခင်ထံဆုတောင်းရာတွင် ဤသို့ဆိုခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ကျွန်ုပ်တို့စာလုံးစောင်းထား; ယောဟန် ၁၇:၃သမ္မာကျမ်း။

ဘုရားသခင်၏နှုတ်မြွက်တော်ဟုခေါ်သော ကျမ်းစာတွင် ထိုအဖိုးထိုက်အသိပညာကို တွေ့ရှိနိုင်သည်။ (ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆) ဘုရားသခင်ထံမှလက်ဆောင်ဖြစ်သော ထိုကျမ်းစာက ကိုယ်တော်သည် ကျွန်ုပ်တို့၏အနာဂတ်ကို ကြိုတင်သတ်မှတ်ခြင်းမရှိသည့်အပြင် ကိုယ်တော်ပြင်ဆင်ပေးသော အချက်အလက်များအပေါ်အခြေခံ၍ ကောင်းစွာရွေးချယ်စေလိုကြောင်း သက်သေထူသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

အမှန်မှာ၊ ဘုရားသခင်သည် ကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့ကို ဤသို့ပြောနေသည်– ‘ဒါက လူတွေနဲ့ကမ္ဘာမြေအတွက် ငါ့ရဲ့ရည်ရွယ်ချက်ပဲ၊ ဒါက ထာဝရအသက်ရနိုင်ဖို့ သင်တို့လုပ်ဆောင်သင့်တဲ့အရာပဲ။ အခု၊ ငါ့စကားကို နားထောင်မယ်၊ နားမထောင်ဘူးဆိုတာ သင်တို့ဆုံးဖြတ်နိုင်တယ်။’ ဘုရားသခင်၏ကြိုတင်ပြဋ္ဌာန်းနိုင်စွမ်းနှင့် ကျွန်ုပ်တို့၏လွတ်လပ်စွာရွေးချယ်ခွင့်အပေါ် ကိုယ်တော်၏လေးမြတ်မှုသည် အလွန်ဟန်ချက်ညီလှသည်။ ထို့ကြောင့် သင်သည် ‘[ဘုရားသခင်၏]စကားတော်ကို နားထောင်ခြင်း၊ . . . ကိုယ်တော်ကို ဆည်းကပ်မှီဝဲခြင်းဖြင့်’ အသက်တရားကို ရွေးယူမည်လော။ (န၀၉ ၀၂)

သင်စဉ်းစားဖူးသလော

▪ ဘုရားသခင်သည် ကြိုတင်သိနိုင်သောဉာဏ်ကို အဘယ်အတိုင်းအတာအထိ အသုံးပြုသနည်း။—တရားဟောရာ ၃၀:၁၉၊ ၂၀; ဟေရှာယ ၄၆:၁၀

▪ ဘုရားသခင်သည် လူတို့ကြုံရသော ဆိုးသွမ်းမှုများအပါအဝင် အရာခပ်သိမ်းကို အဘယ်ကြောင့် ကြိုတင်မသတ်မှတ်ထားသနည်း။—တရားဟောရာ ၃၂:၄

▪ ကျွန်ုပ်တို့၏အပြီးသတ်အနာဂတ်ကို အဘယ်အရာက ပိုင်းဖြတ်ပေးမည်နည်း။—ယောဟန် ၁၇:၃

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်သည် အနာဂတ်တွင်ဖြစ်မည့် အရာကို စိစစ်ရွေးချယ်၍ ကြိုတင်ပြဋ္ဌာန်းကြောင်း ကျမ်းစာသွန်သင်သည်