မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လမ်းခွဲပြီးတဲ့နောက် ငါဘယ်လို ပြန်ကောင်းလာနိုင်မလဲ

လမ်းခွဲပြီးတဲ့နောက် ငါဘယ်လို ပြန်ကောင်းလာနိုင်မလဲ

လူငယ်များအမေး

လမ်းခွဲပြီးတဲ့နောက် ငါဘယ်လို ပြန်ကောင်းလာနိုင်မလဲ

“ကျွန်မတို့ ခြောက်လ ချိန်းတွေ့ ပြီးတဲ့နောက် ငါးနှစ်ကြာ ရည်းစားဖြစ်ခဲ့ကြတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သူအဆုံးသတ်ချင်တဲ့အခါ ကျွန်မနဲ့ မျက်နှာချင်းတောင် မဆိုင်တော့ဘူး။ စကားလည်း မပြောတော့ဘူး။ ကျွန်မ အားကိုးရာမဲ့ဖြစ်သွားတယ်။ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ ‘ကျွန်မ ဘာအမှားများ လုပ်မိလို့လဲ’ ဆိုတာကိုပဲ ကိုယ့်ကိုယ်ကိုမေးနေတော့တယ်။”—ရေချယ်လ်။ *

လမ်းခွဲမှုကြောင့် သင်၏ရွှင်လန်းမှု ပျောက်သွားပြီး ယင်းအစား မျက်ရည်စက်လက်နှင့် စိတ်ပျက်လက်ပျက်ဖြစ်နိုင်ပါသည်။ နှစ်နှစ်ကြာ ချိန်းတွေ့ခဲ့ကြသည့် ဂျက်ဖ်နှင့်စူဇန်တို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ထိုကာလများတစ်လျှောက် သူတို့၏ခံစားမှုနှောင်ကြိုးသည် ခိုင်မြဲလာခဲ့သည်။ ဂျက်ဖ်သည် စူဇန်အား ချစ်မြတ်နိုးကြောင်း တစ်နေ့လုံး ဖုန်းဖြင့် စာပို့ခဲ့၏။ စူဇန်ကိုသတိရကြောင်းပြသည့်အနေနှင့် အခါအားလျော်စွာ လက်ဆောင်များပေးခဲ့သည်။ “ကျွန်မရဲ့စကားကို နားထောင်ပေးဖို့၊ ကျွန်မကို နားလည်ပေးဖို့ ဂျက်ဖ်ကြိုးစားခဲ့တယ်။ ကျွန်မကို ထူးခြားတဲ့ခံစားချက်တွေ ပေးခဲ့တယ်” ဟုစူဇန်ကဆို၏။

မကြာမီတွင် ဂျက်ဖ်နှင့်စူဇန်တို့သည် လက်ထပ်ဖို့ ပြောဆိုလာကြသည်။ ဂျက်ဖ်သည် စူဇန်အတွက် စေ့စပ်လက်စွပ်ပြုလုပ်ပေးဖို့အထိပင် ဖြစ်ခဲ့သည်။ ထို့နောက် ရုတ်တရက်ပင် သူသည် ဆက်ဆံရေးကို အဆုံးသတ်လိုက်သည်။ စူဇန် ဝမ်းနည်းပက်လက်ဖြစ်သွား၏။ သူသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခဲ့သော်လည်း စိတ်ထိခိုက်မှုကြောင့် လေးလံထိုင်းမှိုင်းနေ၏။ “စိတ်ရောကိုယ်ပါ နွမ်းလျခဲ့တယ်” ဟုသူကဆိုသည်။ *

နာကျင်စေသည့်အကြောင်းရင်း

သင်သည် စူဇန်၏အခြေအနေမျိုး ကြုံတွေ့ရသည်ဆိုလျှင် ‘ငါ ပုံမှန်ပြန်ဖြစ်လာပါဦးမလား’ ဟုသင်သိလိုပေမည်။ (ဆာလံ ၃၈:၆) သင်ဝမ်းနည်းပူဆွေးနေရသည်ကို နားလည်ပေးနိုင်ပါသည်။ လမ်းခွဲခြင်းသည် ဘဝတွင် ခံရပ်လာခဲ့ရသည့် စိတ်ထိခိုက်စရာအကောင်းဆုံး တွေ့ကြုံမှုများအနက် တစ်ခုဖြစ်နိုင်ပါသည်။ အမှန်မှာ လမ်းခွဲခြင်းသည် သင့်ဘဝတစ်စိတ်တစ်ပိုင်း သေသွားသည်နှင့်မခြားဟု တချို့က ဆိုခဲ့ကြ၏။ သင်သည် အောက်ဖော်ပြပါအတိုင်း ခံစားရနိုင်ပြီး တစ်ဦးတစ်ယောက် သေဆုံးသွားသကဲ့သို့လည်း ဝမ်းနည်းပူဆွေးရနိုင်သည်–

လက်မခံနိုင်ခြင်း။ ‘ငါတို့ရဲ့ဆက်ဆံရေးက ပြတ်မသွားနိုင်ပါဘူး။ တစ်ရက်နှစ်ရက်ဆိုရင် သူစိတ်ပြောင်းသွားမှာပါ။’

ဒေါသထွက်ခြင်း။ ‘ငါ့ကို ဘာကြောင့် ဒီလိုလုပ်သွားရတာလဲ။ လုံးဝသည်းမခံနိုင်ဘူး။’

စိတ်ဓာတ်ကျဆင်းခြင်း။ ‘ငါဟာ ချစ်စရာမကောင်းဘူး။ ငါ့ကို ဘယ်သူကမှ ချစ်မှာမဟုတ်တော့ဘူး။’

လက်ခံခြင်း။ ‘ငါ ကောင်းသွားမှာပါ။ လမ်းခွဲလိုက်လို့ နာကျင်ရပေမဲ့ ငါပြန်ကောင်းလာပါပြီ။’

သတင်းကောင်းမှာ သင်သည် လက်ခံခြင်းအဆင့်ကို ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ယင်းအဆင့်သို့ရောက်ရှိရန် မည်မျှကြာကြာအချိန်ယူရမည်မှာ သင်တို့၏ဆက်ဆံရေး မည်မျှတာရှည်ခဲ့ပြီး မည်မျှအထိ တိုးတက်ခဲ့သည်အပါအဝင် အကြောင်းရင်းအတော်များများပေါ် မူတည်ပါသည်။ ထိုအတောအတွင်း သင်အသည်းကွဲနေသည်ကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။

ရှေ့ဆက်သွားခြင်း

ဒဏ်ရာများကို အချိန်က ကုစားသည်ဟူသော ဆိုရိုးစကားကို သင်ကြားဖူးပေမည်။ လမ်းခွဲစတွင် အဆိုပါစကားများက သင့်ကို နှစ်သိမ့်မှုပေးနိုင်မည်မဟုတ်ချေ။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းမှာ အချိန်သည် ဖြေရှင်းနည်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သောကြောင့်တည်း။ ဥပမာပြရလျှင်– သင်ဓားရှပါက အချိန်တန်လျှင် ပျောက်ကင်းသွားမည်ဖြစ်သော်လည်း ယခုတွင်မူ နာကျင်နေ၏။ သွေးတိတ်သွားရန်နှင့် ဒဏ်ရာသက်သာစေရန် ပြုလုပ်ပေးဖို့လိုပါသည်။ ဒဏ်ရာထဲ ရောဂါပိုးမဝင်စေရန် ကာကွယ်ပေးဖို့လည်းလို၏။ စိတ်ဒဏ်ရာသည်လည်း အလားတူပင်။ ယခုတွင် စိတ်နာကျင်နေ၏။ သို့သော် နာကျင်မှုကို လျော့နည်းသွားစေရန်နှင့် စိတ်နာကြည်းမှုမဖြစ်စေရန် သင်လုပ်ဆောင်နိုင်သည့် အဆင့်များရှိပါသည်။ အချိန်က ယင်း၏အပိုင်းကို လုပ်ဆောင်သွားမည်ဖြစ်သော်လည်း သင့်အပိုင်းကိုမူ သင်မည်သို့လုပ်ဆောင်နိုင်သနည်း။ အောက်ပါတို့ကို ကြိုးစားကြည့်ပါလေ။

ဝမ်းနည်းကြေကွဲလိုက်ပါ။ ငိုကြွေးလိုက်ခြင်းက မမှားပါ။ အမှန်မှာ သမ္မာကျမ်းစာက “ငိုရသောအချိန်” ရှိသကဲ့သို့ “ညည်းတွားရသောအချိန်” ပင်ရှိကြောင်း ဆိုထား၏။ (ဒေ. ၃:၁၊ ၄) မျက်ရည်ကျခြင်းက သင်သည် လူပျော့လူညံ့ဖြစ်သည်ဟု မဆိုလိုပါ။ စိတ်ဖိစီးနေစဉ်အတွင်း ရဲစွမ်းသတ္တိရှိသည့် စစ်သူရဲတစ်ဦးဖြစ်သူ ဒါဝိဒ်ပင်လျှင် တစ်ချိန်က ဤသို့ဝန်ခံခဲ့၏– “အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍ အိပ်ရာကိုလည်း မွန်းစေပါ၏။”—ဆာလံ ၆:၆

သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။ ကာယလေ့ကျင့်ခန်းနှင့် သင့်တော်သောအစာအာဟာရက လမ်းခွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမှ ဆုံးရှုံးသွားသည့် အားအင်တွေကို ပြန်ဖြည့်ပေးပါလိမ့်မည်။ ‘ကိုယ်ကာယလေ့ကျင့်မှုသည် အကျိုးရှိ’ ၏ဟု သမ္မာကျမ်းစာကဆိုသည်။—၁ တိမောသေ ၄:၈

သင့်ကျန်းမာရေးနှင့်ဆက်စပ်နေသော အဘယ်ကဏ္ဍများကို သင် ဂရုစိုက်ဖို့လိုကောင်းလိုမည်နည်း။

․․․․․

အလုပ်များနေပါ။ သင်စိတ်ဝင်စားသောအရာများအား လုပ်ဆောင်ခြင်းကို မရပ်တန့်လိုက်ပါနှင့်။ ယခင်ကထက် ယခုအချိန်တွင် တစ်သီးပုဂ္ဂလမနေပါနှင့်။ (သု. ၁၈:၁) သင့်ကိုဂရုစိုက်သောသူများနှင့် ပေါင်းသင်းခြင်းက သင့်အား အပြုသဘောရှိသည့်အရာအပေါ် အာရုံစိုက်စေပါလိမ့်မည်။

ဆက်လက်အလုပ်များနေခြင်းနှင့်စပ်လျဉ်း၍ အဘယ်ပန်းတိုင် များကို သင်ချမှတ်နိုင်သနည်း။

․․․․․

သင့်ခံစားချက်များနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းပါ။ ယင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်ပါသည်။ လမ်းခွဲပြီးနောက် မိမိကို ဘုရားသခင် သစ္စာဖောက်သွားသည်ဟုပင် အချို့က ခံစားကြရသည်။ ‘တစ်ယောက်ယောက်ကို ရှာတွေ့ဖို့ ကျွန်မ အထပ်ထပ် ဆုတောင်းခဲ့တယ်၊ အခုကြည့်၊ ဖြစ်ပျက်သွားပုံက’ ဟုသူတို့ဆင်ခြင်ကြသည်။ (ဆာလံ ၁၀:၁) သို့သော် ဘုရားသခင်အား ကောင်းကင်မှ အောင်သွယ်တော်တစ်ဦးအဖြစ်သာ ယူမှတ်ခြင်းသည် သင့်တော်ပါမည်လော။ သင့်တော်မည်မဟုတ်ချေ၊ လူတစ်ဦးသည် ဆက်ဆံရေးကို ရှေ့ဆက်လိုသည့်ဆန္ဒမရှိသောအခါ ယင်းသည် ကိုယ်တော်ကြောင့်မဟုတ်ပါ။ ယေဟောဝါနှင့်ပတ်သက်၍ ဤအချက်ကို ကျွန်ုပ်တို့သိထားကြသည်– “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူ” ၏။ (၁ ပေတရု ၅:၇) ထို့ကြောင့် သင့်ခံစားချက်များကို ကိုယ်တော့်ထံ ဆုတောင်းတင်ပြပါလေ။ သမ္မာကျမ်းစာက ဤသို့ဆို၏– “သင်တို့ အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့်ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇

လမ်းခွဲမှုကြောင့် ခံစားရသောဝေဒနာကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေစဉ် အဘယ်သတ်သတ်မှတ်မှတ် အချက်များနှင့်ပတ်သက်၍ ယေဟောဝါထံ တောင်းလျှောက်နိုင်သနည်း။

․․․․․

ရှေ့ကိုကြည့်မျှော်ခြင်း

ဝေဒနာကို အချိန်ယူကုစားပြီးနောက် ယခင်က ဆက်ဆံရေးတွင် အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သင် ပြန်လည်ဆန်းစစ်လိုပေမည်။ ထိုသို့လုပ်ဆောင်ရန် အသင့်ဖြစ်နေပါက အောက်ပါမေးခွန်းများနှင့်ပတ်သက်၍ သင်၏တုံ့ပြန်မှုများကို ချရေးခြင်းက အထောက်အကူပေးမည်ဖြစ်ကြောင်း သင်တွေ့ရှိရပေမည်။

▪ လမ်းခွဲရသည့်အကြောင်းရင်းကို သင်သိရှိခဲ့ရပါသလော။ သိရှိခဲ့ရသည်ဆိုလျှင် အကြောင်းရင်း ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ ယင်းကို အောက်တွင် ရေးချပါ။

․․․․․

အခြားအဘယ်အကြောင်းရင်းများလည်း ပါဝင်ခဲ့ရသည်ဟု သင်ယူဆသနည်း။

․․․․․

ဖြစ်ပျက်ခဲ့ရာကို ပြန်စဉ်းစားကြည့်သည့်အခါ ရလဒ်ကိုပြောင်းလဲသွားစေမည့် သင်ပြုလုပ်နိုင်ခဲ့ရာ တစ်ခုခုများရှိပါသလော။ ရှိသည်ဆိုလျှင် အဘယ်အရာနည်း။

․․․․․

ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို တိုးတက်စေပြီး ခရစ်ယာန်အရည်အသွေးများ တင်ပြလိုကြောင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာတွင် တိုးတက်လိုကြောင်း ဤအတွေ့အကြုံက တစ်နည်းနည်းဖြင့် ဖော်ပြခဲ့ပြီလော။

․․․․․

အကယ်၍ ပြုပြင်ပြောင်းလဲစရာရှိပါက နောက်တစ်ယောက်နှင့်ဆိုလျှင် မည်သို့ကွဲပြားစွာ သင်လုပ်ဆောင်မည်နည်း။

․․․․․

ဆက်ဆံရေးသည် မျှော်လင့်သလိုဖြစ်မလာဘဲ အဆုံးသတ်သွားသည် ဆိုကြပါစို့။ သို့သော် ဤအချက်ကို သတိရပါ– လေမုန်တိုင်းတိုက်နေစဉ် မည်းမှောင်နေသောကောင်းကင်နှင့် ရွာချလိုက်သောမိုးကို အာရုံစိုက်ဖို့ လွယ်ကူသည်။ သို့သော် တဖြည်းဖြည်း မိုးတိတ်သွားပြီး ကောင်းကင်မှာ ကြည်လင်လာ၏။ ဤဆောင်းပါးတွင် အစောပိုင်းက ကိုးကားဖော်ပြခဲ့သော လူငယ်များသည် အချိန်တန်သော် အခြေအနေမှန်ပြန်ရောက်ခဲ့ကြကြောင်း တွေ့ရှိခဲ့ကြသည်။ သင်လည်း ထပ်တူဖြစ်နိုင်ကြောင်း စိတ်ချပါလေ။

“လူငယ်များအမေး” အခန်းဆက်ဆောင်းပါးများမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ၀က်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် အမည်များကို ပြောင်းထားပါသည်။

^ အပိုဒ်၊ 5 ဤဆောင်းပါးတွင် ဖော်ပြထားသူတို့သည် အမျိုးသမီးများဖြစ်ကြသော်လည်း ဆွေးနွေးထားသောမူများသည် အမျိုးသားများနှင့်လည်း သက်ဆိုင်ပါသည်။

ချင့်တွေးစရာ

▪ ပြီးဆုံးခဲ့သောဆက်ဆံရေးမှ သင် အဘယ်သင်ခန်းစာရရှိခဲ့သနည်း။

▪ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးနှင့်ပတ်သက်၍ သင် အဘယ်အရာသိရှိခဲ့သနည်း။

▪ လမ်းခွဲခြင်းကြောင့် စိတ်သောကရောက်နေရလျှင် မည်သူ့ထံ သင်ရင်ဖွင့်နိုင်သနည်း။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

အကြံပြုချက်

အစောပိုင်းတွင် ဖော်ပြခဲ့သည့် စူဇန်သည် ကျမ်းချက်များကို စာရင်းပြုစုထားပြီး ယင်းကို အရန်သင့်ဆောင်ထားရာ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်သည့်အခါ ယင်းကျမ်းချက်များကို ဖတ်ရှုနိုင်ခဲ့သည်။ သင်လည်း ဤဆောင်းပါးတွင်ညွှန်းထားသော ကျမ်းချက်အချို့ကိုယူ၍ စာရင်းလုပ်ထားကောင်း လုပ်ထားနိုင်ပါသည်။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

လမ်းခွဲခြင်းသည် နာကျင်သောဓားဒဏ်ရာနှင့်တူ၏—ခံရခက်သော်လည်း အချိန်တန်သော် ပျောက်သွားပါလိမ့်မည်