မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာဝပျံသန်းသတ္တဝါများ၏ အတောင်ပံ

သဘာဝပျံသန်းသတ္တဝါများ၏ အတောင်ပံ

ပုံစံပြုထားခြင်းလော

သဘာဝပျံသန်းသတ္တဝါများ၏ အတောင်ပံ

▪ မည်သည့်အရာသည် လေထဲတွင် ပို၍ကျွမ်းကျင်သည်ဟု သင်ထင်သနည်း။ လေယာဉ်ပျံများလော သို့မဟုတ် လင်းနို့များ၊ အင်းဆက်ပိုးကောင်များနှင့် ငှက်များကဲ့သို့သော သတ္တဝါများလော။ သင်ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ “လေပြင်းမုန်တိုင်းများ၊ မိုးရေများနှင့် နှင်းများကြား ဖြတ်သန်း၍ လေထဲတွင်ဆက်လက်ရှိနေနိုင်သည့် ထူးခြားသောစွမ်းပကားများကို ပိုင်ဆိုင်ထား” သည့် သဘာဝလောက၏ ထိုသေးငယ်သော အံ့သြဖွယ်ရာများကို လေယာဉ်ပျံက မယှဉ်နိုင်ချေဟု မစ်ရှီဂန်တက္ကသိုလ်မှ လေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာနည်းပညာ ပါမောက္ခဝေရှာ ကပြောသည်။ * လျှို့ဝှက်ချက်ကား အဘယ်နည်း။ လူသားများ ပျံသန်းဖို့ ဦးဆုံးအကြိမ် ကြိုးစားသည့်အချိန်ကတည်းက လေသူရဲများ အားကျခဲ့သည့် တဖျပ်ဖျပ်နှင့်ရိုက်ခတ်နိုင်သော တောင်ပံများဖြစ်သည်။

စဉ်းစားကြည့်ပါ– အချို့သော ငှက်များနှင့် အင်းဆက်ပိုးကောင်များသည် ပျံသန်းနေစဉ်အတွင်း ၎င်းတို့၏တောင်ပံများသည် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိစေရန် အဆက်မပြတ် ပြောင်းလဲနေကြသည်။ ယင်းက ထိုသတ္တဝါငယ်များအား လေထဲတွင် ပျံဝဲနေပြီး ရုတ်ခနဲကွေ့ကာ ဦးစိုက်၍ထိုးဆင်းနိုင်စေသည်။ လင်းနို့များတွင် ရှာဖွေတွေ့ရှိခဲ့ရာများနှင့်ပတ်သက်၍ မဂ္ဂဇင်းတစ်စောင် (Science News)က ဤသို့ဖော်ပြသည်– “လင်းနို့များသည် တစ်စက္ကန့်လျှင် ၁.၅ မီတာခန့်ဖြင့် ဖြည်းညင်းစွာ ပျံသန်းသောအခါ ၎င်းတို့၏တောင်ပံထိပ်များကို ထက်အောက်ပြောင်းပြန်လှန်၍ အထက်သို့ရွေ့လျားသောအခါ နောက်ဘက်သို့ လျင်မြန်စွာခတ်သည်။ ထိုနည်းလမ်းသည် ... လင်းနို့ကို လေထဲတွင် ပျံသန်းနေစေပြီး ရှေ့သို့ရွေ့လျားစေသည့် တွန်းအားများကိုရစေသည်ဟု သိပ္ပံပညာရှင်များက ယူဆကြ၏။”

သဘာဝအလျောက် ပျံသန်းနိုင်သောသတ္တဝါများနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များ လေ့လာစရာများစွာ ကျန်ရှိနေဆဲဖြစ်သည်မှာ သေချာပါသည်။ “သဘာဝတရားအရ အဲလိုအကျိုးဖြစ်ထွန်းတဲ့ ပင့်အားရအောင် ဒီသတ္တဝါတွေဟာ လေကို ဘာတွေများလုပ်နေကြသလဲ” ဟု ဖလော်ရီဒါတက္ကသိုလ်မှ စက်မှုနှင့်လေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာနည်းပညာ ပါမောက္ခပီတာအဖ်ရုက မေးခဲ့သည်။ သူဤသို့ထပ်ပြောသည်– “ပျံသန်းနေတဲ့အရာရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လေကြောင်းစီးဆင်းပုံကို ကျွန်တော်တို့ နားမလည်နိုင်ဘူး။ [ငှက်တွေနဲ့အင်းဆက်ပိုးကောင်တွေ] ဘာလုပ်နေကြသလဲဆိုတာကို ကျွန်တော်တို့ တွေ့မြင်နိုင်ပေမဲ့ လေထုနဲ့ ဘယ်လိုအပြန်အလှန် ဆက်နွှယ်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့နားမလည်ဘူး။”

သင်မည်သို့ထင်သနည်း။ သဘာဝအလျောက် ပျံသန်းနိုင်သောသတ္တဝါများ၏ ဘက်စုံသုံးနိုင်သည့်တောင်ပံသည် မတော်တဆဖြစ်ပေါ်လာခဲ့ခြင်းလော။ သို့မဟုတ် ပုံစံပြုထားခြင်းလော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 တောင်ပံပါသော သတ္တဝါများစွာသည် မိုးရေထဲတွင် ပျံသန်းနိုင်ကြသော်လည်း အများစုသည် လုံခြုံသည့်နေရာတစ်နေရာကို ရှာဖွေကြသည်။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

နှုတ်သီးရှည် ငှက်ပိတုန်း

[Credit Line]

Laurie Excell/​Fogstock/​age fotostock

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကြွက်နားရွက်လင်းနို့

[Credit Line]

© Delpho, M/​age fotostock