မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝတွင် ဘုရားသခင်ကို ဦးစားထားခြင်းကြောင့် အောင်မြင်မှုရရှိ

ဘဝတွင် ဘုရားသခင်ကို ဦးစားထားခြင်းကြောင့် အောင်မြင်မှုရရှိ

ဘဝတွင် ဘုရားသခင်ကို ဦးစားထားခြင်းကြောင့် အောင်မြင်မှုရရှိ

ပီယာ ဗိုရူ ပြောပြသည်

“ဘွန်ဇာ!” ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အဲဒီ ပြင်သစ် နှုတ်ခွန်းဆက်စကားကို ကျွန်တော် အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလမှာ အဲလိုအသုံးပြုတဲ့အတွက် ကျွန်တော် အဖမ်းခံခဲ့ရတယ်။ အဲဒီအခြေအနေရောက်အောင် ဘယ်အရာက တွန်းပို့ခဲ့တယ်၊ အဲဒီအချိန်ကစပြီး ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ပြောပြပါရစေ။

ကျွန်တော့်ကို ဘီနင်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မာလာတာမြို့ရဲ့ ဆာဗာဆင်ခြေဖုံးမှာ ဇန်နဝါရီ ၁ ရက်၊ ၁၉၄၄ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ * ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ရိုးရာ ယိုရူဘာအမည်ဖြစ်တဲ့ အာဘီအိုလာ ဆိုပြီး မှည့်ခဲ့တယ်။ ငယ်ငယ်ကတည်းက အဲဒီနာမည်ထက် ပိုခေတ်မီပြီး ကျော်ကြားတယ်လို့ ကျွန်တော်ယူဆတဲ့ ပီယာလို့ ပြောင်းလိုက်တယ်။

မြို့သူမြို့သားတွေဟာ လူငယ်အားလုံးကို နာမည်ပြောင်တွေ ပေးထားကြတယ်။ ကျွန်တော်မွေးတုန်းက ဒေသခံတရားဟောဆရာ တစ်ယောက်နဲ့ တူတဲ့အတွက် ကျွန်တော့်ကို ပါစတာလို့ ခေါ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဘာသာရေးမေးဖြေ ဆွေးနွေးခန်းတွေကို တက်ရောက်ဖို့ထက် ဘောလုံးကစားတာကိုပဲ ပိုစိတ်ဝင်စားတယ်။

၁၉၅၉ ခုနှစ်မှာ ကျောင်းဆက်တက်ဖို့အတွက် နိုင်ငံရဲ့တောင်ဘက်မှာရှိတဲ့ ဆာကေတေမြို့ကို ကျွန်တော် ပြောင်းရွှေ့သွားခဲ့တယ်။ မကြာသေးခင်က ယေဟောဝါသက်သေနှစ်ဦးနဲ့ ကျမ်းစာစလေ့လာခဲ့တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ဝမ်းကွဲ ဆိုင်မွန်နဲ့အတူ ကျွန်တော် နေထိုင်ခဲ့တယ်။ အစပိုင်းမှာ သူတို့နဲ့ အတူလေ့လာဖို့ စိတ်မဝင်စားခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်တော်ဟာ နောက်ဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ မီရှယ်ကို အတူတူလေ့လာကြမလားဆိုပြီး မေးခဲ့တယ်။ သူက သဘောတူလိုက်တယ်၊ အဲဒီနောက် ဘုရားသခင့်နာမည်ဟာ ယေဟောဝါ ဖြစ်တယ်ဆိုတာကို ပထမဦးဆုံး ကျွန်တော် ကြားသိခဲ့ရတယ်။

တနင်္ဂနွေနေ့တစ်ရက်မှာ ဆိုင်မွန်၊ မီရှယ်နဲ့ ကျွန်တော်တို့ဟာ ချာ့ခ်ျမသွားဘဲ သက်သေခံတွေရဲ့ စည်းဝေးကို သွားတက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီမှာ တက်ရောက်သူက သက်သေခံနှစ်ယောက်နဲ့ ကျွန်တော်တို့ညီအစ်ကို သုံးယောက်ပဲရှိတဲ့အတွက် အရမ်းစိတ်ပျက်သွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြားသိခဲ့ရာတွေဟာ ကျမ်းစာအမှန်တရားဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပြီး ကျမ်းစာ ဆက်လေ့လာခဲ့ကြတယ်။ မီရှယ်က ဘုရားသခင်မှာ အပ်နှံတဲ့အနေနဲ့ အရင်ဆုံး နှစ်ခြင်းခံလိုက်တယ်။ ဒီနေ့ သူဟာ အချိန်ပြည့်ဓမ္မအမှုဆောင်များလို့ ယေဟောဝါသက်သေတွေခေါ်တဲ့ ရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်နေပါတယ်။

ဆိုင်မွန်က မြောက်ဘက်မှာရှိတဲ့ ကိုကိုရိုမြို့ကို ပြောင်းရွှေ့တော့ ကျွန်တော်လည်း လိုက်သွားခဲ့တယ်။ သက်သေခံတွေရဲ့ စည်းဝေးပွဲတစ်ခုကို ဟွမ်ဆူဂိုရွာမှာ ကျင်းပဖို့ စီစဉ်ထားတယ်။ ဆိုင်မွန်က တက္ကစီစီးသွားပေမဲ့ ကျွန်တော်ကတော့ အစည်းအဝေးတက်ဖို့ ၁၃၅ မိုင်ခရီးကို စက်ဘီးနဲ့သွားခဲ့တယ်။ ၁၉၆၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ အဲဒီစည်းဝေးပွဲမှာပဲ ကျွန်တော်တို့နှစ်ယောက်စလုံး နှစ်ခြင်းခံခဲ့ကြတယ်။

အချိန်ပြည့်ဓမ္မအမှုတွင် ရင်ဆိုင်ရသော အခက်အခဲများ

ကျွန်တော်ဟာ ပန်းချီဆွဲပြီး ပန်းချီကားတွေ ရောင်းချခဲ့တဲ့အပြင် ကောင်းကောင်းဖြစ်ထွန်းတဲ့ ခြံတစ်ခြံမှာ စိုက်ပျိုးလုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကို ထောက်ပံ့ခဲ့တယ်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးဖြစ်တဲ့ ဖီးလပ် ဇန်နူ ကျွန်တော်တို့ အသင်းတော်ကို လာလည်ပတ်တဲ့အခါ ကျွန်တော့်ကို အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုမှာ ပါဝင်ဖို့ စိတ်ကူးရှိသလားလို့ မေးခဲ့တယ်။ အဲဒီကိစ္စကို ကျွန်တော့်သူငယ်ချင်း အေမန်ဝဲလ် ဖာတွန်ဘီနဲ့အတူ ဆွေးနွေးသုံးသပ်ပြီးတဲ့နောက် ၁၉၆၆ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး အချိန်ပြည့်လုပ်ငန်းမှာ ကျွန်တော်တို့နှစ်ယောက်စလုံး ပါဝင်နိုင်တယ်ဆိုပြီး ကျွန်တော်ပြောခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်ဟာ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် စတင်အမှုဆောင်ခဲ့ပြီး ဖွန်၊ ဂူ၊ ယိုရူဘာနဲ့ ပြင်သစ်ဘာသာစကားပြော အသင်းတော်တွေဆီ လည်ပတ်ခဲ့တယ်။

အချိန်တန်လာတော့ ကျွန်တော့်လိုပဲ ရိုးရှင်းတဲ့ဘဝကို နှစ်သက်တဲ့ ချစ်စဖွယ် ခရစ်ယာန်ညီအစ်မငယ်တစ်ယောက်ဖြစ်တဲ့ ဇူအီလျန်နဲ့ တွေ့ဆုံခဲ့တယ်။ သူဟာ ၁၉၇၁ ခုနှစ်၊ ဩဂုတ် ၁၂ ရက်မှာ ကျွန်တော့်ဇနီးဖြစ်လာပြီး အသင်းတော်တွေဆီ လည်ပတ်ရာမှာ ကျွန်တော်နဲ့အတူ ပါဝင်ခဲ့တယ်။ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ရဲ့သား ဘိုလာကို မွေးဖွားခဲ့တယ်။ အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ ကျွန်တော်က စက်ဘီးနင်းပြီး ဇူအီလျန်က သားကိုကျောပိုးပြီး အနောက်မှာ ထိုင်လိုက်လာတယ်။ ဒေသခံ သက်သေခံတစ်ယောက်က ကျွန်တော်တို့ရဲ့ ခရီးဆောင်အိတ်ကို သူ့စက်ဘီးပေါ်မှာတင်ပြီး လိုက်ပို့ပေးလေ့ရှိတယ်။ ဒီလိုနည်းနဲ့ အသင်းတော်တွေဆီကို လေးနှစ်ကြာ လည်ပတ်ခဲ့တယ်။

တစ်ရက်မှာ ဇူအီလျန် အပြင်းဖျားပြီး တစ်ညလုံး မချိမဆံ့ ဝေဒနာ ခံစားခဲ့ရတယ်။ နောက်တစ်နေ့မနက်မှာ အကူအညီတောင်းဖို့ အပြင်ထွက်ခဲ့တယ်။ ရုတ်တရက် အဲဒီဒေသမှာ ရှားပါးတဲ့အရာတစ်ခုဖြစ်တဲ့ တက္ကစီတစ်စီး ပေါ်လာတယ်။ ဒါ့အပြင် လူမတင်ထားတဲ့အတွက် ပိုပြီးတော့ ထူးဆန်းနေတယ်။ ကားဒရိုင်ဘာကို အခြေအနေရှင်းပြပြီး ၁၅ မိုင်လောက်ဝေးတဲ့ ပေါ်တိုနိုဗိုမြို့ကို ခေါ်သွားပေးနိုင်မလားလို့ မေးခဲ့တယ်။ သူက သဘောတူခဲ့တယ်။ မြို့ကိုရောက်တော့ သူက ပြုံးပြပြီး “ခင်ဗျားတို့ကို မေတ္တာနဲ့ မောင်းပို့ပေးတာပါ။ ပိုက်ဆံမပေးပါနဲ့” လို့ပြောခဲ့တယ်။

ဇူအီလျန်ဟာ သက်သေခံတစ်ယောက်ရဲ့ အိမ်မှာ နှစ်ပတ်ကြာ နေခဲ့ရတယ်။ ဆရာဝန်က နေ့တိုင်း ကြင်ကြင်နာနာနဲ့ လာကြည့်ပေးတယ်။ ပြီးတော့ လိုအပ်တဲ့ဆေးဝါးတွေလည်း ဝယ်လာပေးတယ်။ နောက်ဆုံးအကြိမ် ဇူအီလျန်ကို သူစစ်ဆေးတဲ့အခါ ကျွန်တော်က ဘယ်လောက်ကျသလဲလို့ အလိုက်တသိနဲ့ မေးခဲ့တယ်။ “ဘယ်လောက်မှ မကျပါဘူး” လို့ သူပြောတော့ ကျွန်တော် အံ့သြသွားတယ်။

ကြီးမားသော ပြောင်းလဲမှုများ

၁၉၇၅ ခုနှစ်မှာ ဒါဟိုမီဟာ မာ့စ်ဝါဒအုပ်ချုပ်ရေးကို ခံယူခဲ့တယ်။ ပြီးတော့ ဘီနင်ပြည်သူ့သမ္မတနိုင်ငံလို့ အမည်ပြောင်းလိုက်တယ်။ နေ့စဉ်ဘဝအသက်တာလည်း ပြောင်းလဲသွားတယ်။ “ပါ လာ ရီဗို[ရူ]စယို” (တော်လှန်ဖို့ အသင့်ဖြစ်ပြီလား) ဆိုတဲ့ နှုတ်ဆက်စကားအသစ်ကို အတင်းပြောခိုင်းတယ်။ လူတွေက “ပရီး!” (အသင့်ဖြစ်နေပါတယ်) လို့ ပြန်ဖြေရတယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အသိစိတ်က အဲလိုနိုင်ငံရေးဆောင်ပုဒ်တွေကို ထပ်တလဲလဲ ရွတ်ဆိုဖို့ ခွင့်မပြုခဲ့ဘူး။ အဲဒီအတွက် ရန်လိုမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။

၁၉၇၅ ခုနှစ်ကုန်ခါနီး တနင်္ဂနွေတစ်ရက်မှာ ဆန်မီရှယ်လ်ဒေသအနီး တစ်အိမ်မှတစ်အိမ် ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်တော်ပါဝင်နေတုန်း အဖမ်းခံရတယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ကျွန်တော့်ကို “ပါ လာ ရီဗို[ရူ]စယို” လို့နှုတ်ဆက်တဲ့ အမျိုးသားတစ်ယောက်ကို ကျွန်တော်က “ဘွန်ဇာ!” လို့ တုံ့ပြန်ခဲ့တယ်။ ကျွန်တော့်ကို ရဲစခန်းခေါ်သွားပြီး ရိုက်နှက်တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဒေသခံ သက်သေခံသုံးယောက်က ကျွန်တော် လွတ်မြောက်အောင် စီစဉ်ပေးနိုင်ခဲ့တယ်။

ကျွန်တော်ဟာ ယေဟောဝါသက်သေတွေထဲမှာ ဦးဆုံး အဖမ်းခံရတာ ဖြစ်တယ်။ မကြာခင်မှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ တခြားသူတွေလည်း အဖမ်းခံရတယ်။ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမတွေကို အာဏာပိုင်တွေ သိမ်းယူလိုက်ပြီး ခရစ်ယာန်သာသနာပြုတွေကို နှင်ထုတ်ခဲ့တယ်။ ဌာနခွဲရုံးတောင် ပိတ်လိုက်ရပြီး သက်သေခံများစွာဟာ အနောက်ဘက်မှာရှိတဲ့ တိုဂိုနိုင်ငံ ဒါမှမဟုတ် အရှေ့ဘက်မှာရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံကို ထွက်ပြေးခဲ့ရတယ်။

နိုင်ဂျီးရီးယားတွင် ကျွန်တော်တို့မိသားစု တိုးများလာ

ကျွန်တော်တို့ရဲ့ ဒုတိယသားဖြစ်တဲ့ ကိုလာကို ၁၉၇၆၊ ဧပြီလ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ နှစ်ရက်ကြာပြီးတဲ့နောက် အစိုးရရဲ့ ဥပဒေအမှတ် ၁၁၁ အရ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ နိုင်ဂျီးရီးယားနိုင်ငံကနေ ကျွန်တော်တို့ ထွက်ခွာခဲ့ပြီး ဒုက္ခသည်တွေ ပြည့်နေတဲ့ ဝတ်ပြုရာခန်းမတစ်ခုဆီ သွားခဲ့ကြတယ်။ နောက်တစ်နေ့မှာ ကျွန်တော်တို့ကို အနီးအနားက အသင်းတော်တွေဆီ သွားဖို့ တာဝန်ပေးတယ်။ ခန်းမကနေ ဒုက္ခသည်တစ်ဖွဲ့ ထွက်သွားပြီဆိုတာနဲ့ ချက်ချင်းပဲ နောက်တစ်ဖွဲ့ ထပ်ရောက်လာတယ်။ ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေကို အစွန်အဖျားဒေသမှာရှိတဲ့ အသင်းတော်တွေဆီ ထရပ်ကားနဲ့ ပို့ဆောင်ပေးရတယ်။

ယေဟောဝါသက်သေတွေရဲ့ နိုင်ဂျီးရီးယားဌာနခွဲရုံးက ကျွန်တော့်ကို ဘီနင်နိုင်ငံက ရောက်လာတဲ့ သက်သေခံအားလုံးဆီ သွားလည်ပတ်ဖို့ တောင်းဆိုခဲ့တယ်။ အဲဒီနောက် ကျွန်တော်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ ယိုရူဘာစကားပြော အသင်းတော်တွေက အုပ်စုတစ်စုနဲ့ နောက်ပိုင်းမှာ ဂွန်စကားပြော အသင်းတော်တွေအတွက် နယ်လှည့်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ ကျွန်တော်တို့ဟာ ဆိုင်ကယ်နဲ့ ခရီးထွက်ခဲ့ကြတယ်။ ဘိုလာက ကျွန်တော့်အရှေ့မှာ ထိုင်ပြီး ကိုလာက ဇူအီလျန်နဲ့ ကျွန်တော့်အကြားမှာ ထိုင်တယ်။

၁၉၇၉ ခုနှစ်မှာ ဂျမီမာလို့ နာမည်မှည့်ထားတဲ့ သမီးတစ်ဦး ထပ်ရလာတော့ နယ်လှည့်လုပ်ငန်းကနေ ထွက်ဖို့ လိုအပ်လာတယ်။ ပေးပေးလို့ခေါ်တဲ့ ဇူအီလျန်ရဲ့ညီမက ကျွန်တော်တို့နဲ့အတူနေဖို့ ဘီနင်ကနေ ရောက်လာတယ်။ ကျွန်တော်တို့ရဲ့ မိသားစုက ဆက်ပြီး တိုးများလာခဲ့တယ်။ နောက်ထပ်သားနှစ်ယောက်ဖြစ်တဲ့ ကာလက်နဲ့ ဆီးလပ်စ်ကို ၁၉၈၃ ခုနှစ်နဲ့ ၁၉၈၇ ခုနှစ်မှာ မွေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့မှာ မိသားစုဝင် ရှစ်ယောက် ရှိလာခဲ့တယ်။ ဇူအီလျန်နဲ့ ကျွန်တော်တို့ဟာ မိဘကောင်းဖြစ်ချင်ပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ဆက်ရှိနေချင်တယ်။ ဘယ်လို လုပ်နိုင်ကြမလဲ။ ကျွန်တော်တို့ လယ်ကွက်တစ်ကွက် ငှားလိုက်ပြီး အဲဒီမှာ ပီလောပီနံ၊ ပြောင်းဖူးနဲ့ မျောက်ဥတစ်မျိုး စိုက်ပျိုးခဲ့ကြတယ်။ ပြီးတော့ အီလိုဂဘို အေရေမီရွာမှာ အိမ်ငယ်တစ်လုံး ဆောက်ခဲ့တယ်။

ကလေးတွေ ကျောင်းသွားပြီးတဲ့နောက် ဇူအီလျန်နဲ့ ကျွန်တော်တို့က မနက်ပိုင်းမှာ ဟောပြောခဲ့ကြတယ်။ မိသားစုလိုက် အတူတကွ အစာစားဖို့ ကျွန်တော်တို့ အမြဲ အချိန်မီ အိမ်မှာ ရှိနေခဲ့ကြတယ်။ အဲဒီနောက် နေ့ခင်းတစ်ရေးအိပ်ပြီး လယ်ထဲမှာ အလုပ်လုပ်ကြတယ်။ ဇူအီလျန်နဲ့ ပေးပေးက သီးနှံတွေကို ဈေးထဲမှာ ရောင်းခဲ့တယ်။ ကျွန်တော်တို့အားလုံး အလုပ်ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့ဟာ အဲဒီနှစ်တွေမှာ နေမကောင်းဖြစ်ခဲတဲ့အတွက် ကျေးဇူးတင်စရာပဲ။

အဆင့်မြင့်ပညာရေး မရှိသော်လည်း ဘဝမှာ အောင်မြင်

ကျွန်တော်တို့ဟာ ကလေးတွေကို အဆင့်မြင့်ပညာရေး လိုက်စားဖို့ ဘယ်တော့မှ မတိုက်တွန်းခဲ့ဘူး။ ဘုရားသခင့်နိုင်ငံတော် အကျိုးစီးပွားကို ရှေးဦးထားခြင်း၊ ခရစ်ယာန်အရည်အသွေးများ မွေးမြူခြင်းနဲ့ အလုပ်ကြိုးစားခြင်းက အောင်မြင်တဲ့ဘဝအတွက် အဓိကအချက်တွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိထားကြတယ်။ အဲဒီအချက်တွေကို ကလေးတွေရဲ့ နှလုံးထဲရောက်အောင် ကြိုးစားပြီး ရိုက်သွင်းပေးခဲ့တယ်။ သူတို့နဲ့အတူ ကျမ်းစာလေ့လာပြီး သူတို့လေးတွေ ယေဟောဝါကို ချစ်မြတ်နိုးလာတာ၊ ကိုယ်တော်ရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့ သူတို့ရဲ့ဘဝကို အပ်နှံပြီး နှစ်ခြင်းခံလိုက်တာကို တွေ့ရတော့ အရမ်းပျော်တာပဲ။

ပေးပေးက ကျွန်တော်တို့ရဲ့ ကလေးတွေထက် အသက်ပိုကြီးပြီး အရင်ဆုံး အိမ်ကနေ ထွက်သွားခဲ့တယ်။ ကျွန်တော်တို့နဲ့အတူ လာနေခါစတုန်းက သူ့ကို ကျွန်တော် စာဖတ်တတ်အောင် သင်ပေးခဲ့တယ်။ သူဟာ အတန်းပညာ သိပ်မရှိပေမဲ့ ကျမ်းစာလေ့လာခြင်းနဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ တခြားအရာတွေကို အာရုံစိုက်ခဲ့တယ်။ အချိန်အတော်ကြာ ရှေ့ဆောင်လုပ်ပြီးတဲ့နောက် သူဟာ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်ဖြစ်တဲ့ မန်ဒေး အကင်ရာနဲ့ လက်ထပ်လိုက်ပြီး သူ့ရဲ့လုပ်ငန်းမှာ လိုက်ပါသွားခဲ့တယ်။ အခု သူတို့မှာ တိမောသေဆိုတဲ့ သားတစ်ယောက် ရှိတယ်။ ပေးပေးနဲ့ မန်ဒေးတို့ဟာ အချိန်ပြည့်ဓမ္မအမှုမှာ ဆက်လက်ပါဝင်နေပြီး မန်ဒေးက စည်းဝေးပွဲတွေမှာရရှိတဲ့ တာဝန်တွေကြောင့် ပျော်ရွှင်နေတယ်။

ဘိုလာဟာ ကုမ္ပဏီကြီးတစ်ခုက စားဖိုမှူးတစ်ယောက်ဆီမှာ အလုပ်သင်တစ်ယောက် ဖြစ်လာခဲ့တယ်။ မကြာဘူး၊ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်က သူ့ရဲ့ အလုပ်ကြိုးစားမှု၊ ယုံကြည်စိတ်ချရမှုနဲ့ တခြားခရစ်ယာန် အရည်အသွေးကောင်းတွေကို သတိပြုမိတယ်။ အချိန်တန်တဲ့အခါ သူ့ကို ကုမ္ပဏီမှာ အခွင့်အာဏာရှိတဲ့ ရာထူးတစ်ခု တိုးပေးလိုက်တယ်။ အဲဒါထက် သူဟာ ချစ်စရာကောင်းတဲ့ဇနီး ဂျိန်းရဲ့ ခင်ပွန်းကောင်းတစ်ယောက်နဲ့ ကလေးသုံးယောက်ရဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ဂျီးရီးယားနိုင်ငံ၊ လားဂို့စ်မြို့က ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တစ်ခုမှာ တာဝန်တွေကို အလေးအနက်ထား ထမ်းဆောင်တဲ့ အကြီးအကဲတစ်ယောက်လည်း ဖြစ်တယ်။

ကိုလာဟာ စက်ချုပ်အလုပ်သင်တစ်ယောက်ဖြစ်လာပြီး ရှေ့ဆောင်ဓမ္မအမှုမှာလည်း ပါဝင်ခဲ့တယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာနေတုန်းက အင်္ဂလိပ်စာကို လေ့လာသင်ယူခဲ့တဲ့အတွက် ၁၉၉၅ ခုနှစ်မှာ ဘီနင်နိုင်ငံ၊ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးက ဘာသာပြန်ဌာနမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီမှာ ၁၃ နှစ်ကြာ သူအမှုဆောင်ခဲ့တယ်။

ဘီနင်မှာ ကျွန်တော်တို့ရဲ့ ဓမ္မအမှုကို ပြန်လုပ်ဆောင်

၁၉၉၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်မှာ အရင်က ကျွန်တော်တို့ရဲ့လုပ်ငန်း ပိတ်ပင်ထားတာကို ဖျက်သိမ်းလိုက်ပြီလို့ ဘီနင်အစိုးရက အမိန့်ထုတ်ပြန်လိုက်တာကို ကြားရတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားခဲ့ကြတယ်။ ဒုက္ခသည်အများကြီး အိမ်ပြန်ခဲ့ကြတယ်။ ပြီးတော့ ခရစ်ယာန်သာသနာပြု အသစ်တွေ ဘီနင်နိုင်ငံကို ရောက်လာကြပြီး ဌာနခွဲရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာ ကျွန်တော်တို့မိသားစု ဘီနင်နိုင်ငံကို ပြန်လာခဲ့ပေမဲ့ ပေးပေး၊ ဘိုလာနဲ့ သူတို့ရဲ့မိသားစုတွေကတော့ နိုင်ဂျီးရီးယားနိုင်ငံမှာ နေရစ်ခဲ့ကြတယ်။

အချိန်ပိုင်းအလုပ်ကို ကျွန်တော် ရှာနိုင်ခဲ့တယ်။ နိုင်ဂျီးရီးယားမှာရှိတဲ့ ကျွန်တော်တို့ရဲ့အိမ်ကို အငှားချထားတာကနေ ရရှိတဲ့ ငွေနည်းနည်းနဲ့ ဘိုလာရဲ့ ရက်ရက်ရောရော ကူညီမှုကြောင့် ဌာနခွဲရုံးနဲ့ သိပ်မဝေးတဲ့နေရာမှာ ကျွန်တော်တို့မိသားစု ငါးယောက်အတွက် အိမ်တစ်လုံး ဆောက်နိုင်ခဲ့တယ်။ ဂျမီမာက စက်ချုပ်တဲ့အလုပ်နဲ့ ကိုယ့်ကိုယ်ကို ထောက်ပံ့ပြီး ခြောက်နှစ်ကျော် ရှေ့ဆောင်လုပ်ခဲ့တယ်။ အဲဒီနောက် ကိုကူ အဟူမီနူနဲ့လက်ထပ်ပြီး အခု အနီးအနားက ဌာနခွဲရုံးမှာ အမှုဆောင်နေကြတယ်။ ကာလက်နဲ့ ဆီးလပ်စ်တို့ ကျောင်းပြီးသွားကြပြီ။ ဘုရားသခင့် အကူအညီနဲ့ ကျွန်တော်တို့မိသားစုရဲ့ ပူးပေါင်းလုပ်ဆောင်မှုတို့ကြောင့် ဇူအီလျန်နဲ့ ကျွန်တော် အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်ခဲ့တာ အနှစ် ၄၀ ကျော်ရှိနေပြီ။

ဘီနင်နိုင်ငံက ဟောပြောခြင်းလုပ်ငန်းကို ဘုရားသခင် အထူးကောင်းချီးပေးခဲ့တယ်။ ၁၉၆၁ ခုနှစ်မှာ ကျွန်တော် နှစ်ခြင်းခံတဲ့ အချိန်တုန်းက နိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောတဲ့ ယေဟောဝါသက်သေ ၈၇၁ ယောက် ရှိခဲ့တယ်။ ကျွန်တော် အဖမ်းခံရတဲ့နှစ်မှာ ကြေညာသူအရေအတွက်က ၂,၃၈၁ ယောက်အထိ တိုးတက်ခဲ့တယ်။ ၁၉၉၄ ခုနှစ်မှာ ဘီနင်နိုင်ငံကို ကျွန်တော်တို့ ပြန်လာတဲ့အချိန်မှာ ၁၄ နှစ်ကြာ ပိတ်ပင်ထားခဲ့ပေမဲ့ ကြေညာသူအရေအတွက် ၃,၈၅၈ ယောက်အထိ တိုးတက်လာခဲ့တယ်။ ကနေ့ဆိုရင် ကြေညာသူ ၉,၀၀၀ ကျော်အထိ နှစ်ဆကျော် တိုးတက်သွားပြီး ၂၀၀၈ ခုနှစ် ခရစ်တော်ရဲ့သေခြင်း သတိရအောက်မေ့ပွဲကို တက်ရောက်သူ ၃၅,၇၅၂ ယောက် ရှိခဲ့တယ်။

တစ်ခါတလေ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ကျွန်တော် အဖမ်းခံခဲ့ရတဲ့နေရာကို သွားပြီး ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော် ပြန်ပြောင်းဆင်ခြင်ကြည့်တယ်။ ကျွန်တော်တို့ မိသားစုကို ဘုရားသခင် ကောင်းချီးပေးခဲ့တဲ့အတွက် ကိုယ်တော့်ကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဘာတစ်ခုမှ မချို့တဲ့ခဲ့ဘူး။ ပြီးတော့ လူတိုင်းကို “ဘွန်ဇာ!” လို့ ကျွန်တော် နှုတ်ဆက်နေတုန်းပါပဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ထိုစဉ်က ဘီနင်နိုင်ငံကို ဒါဟိုမီဟု သိထားကြပြီး ပြင်သစ်အနောက်အာဖရိက၏ အစိတ်အပိုင်း ဖြစ်သည်။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

သူက ပြုံးပြပြီး “ခင်ဗျားတို့ကို မေတ္တာနဲ့ မောင်းပို့ပေးတာပါ။ ပိုက်ဆံမပေးပါနဲ့” လို့ပြောခဲ့တယ်

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

ကျွန်တော်တို့ဟာ ကလေးတွေကို အဆင့်မြင့်ပညာရေး လိုက်စားဖို့ ဘယ်တော့မှ မတိုက်တွန်းခဲ့ဘူး

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၇၀ ပြည့်နှစ်၊ နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၇၆ ခုနှစ်တွင် ကျွန်တော်တို့၏ သားကြီးနှစ်ယောက် ဘိုလာ၊ ကိုလာတို့နှင့်အတူ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယနေ့ ကျွန်တော့်ဇနီး၊ သားသမီး ငါးယောက်၊ မြေးသုံးယောက်နှင့် ပေးပေး၏မိသားစုတို့နှင့်အတူ စုံစုံလင်လင်