မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့သူ

ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့သူ

ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့သူ

ဘယ်လ်ဂျီယံမှ နိုးလော့! စာရေးသူပေးပို့သည်

၁၅၄၄ ခုနှစ်အစောပိုင်းတွင် ဂါရာဒပ်စ် မာကာတာသည် အေးစက်မှောင်မည်းနေသော အကျဉ်းခန်းတစ်ခုထဲတွင် ရှိနေသည်။ သေခြင်းတရားကို တကယ်ပင် ရင်ဆိုင်ရတော့မည်ကို သူသိနေသည်။ ၁၆ ရာစု၌ အကြီးကျယ်ဆုံး မြေပုံရေးဆွဲသူတွင် ဤအဖြစ်မျိုး အဘယ်ကြောင့် ရောက်ခဲ့ရသနည်း။ အဖြေရှာတွေ့နိုင်ရန် ဦးစွာ ၎င်း၏ဘဝအသက်တာနှင့် ခေတ်ကာလကို အသေးစိတ်သုံးသပ်ကြည့်ကြစို့။

မာကာတာကို ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်တ်ဝပ်မြို့အနီး ရူပယ်လ်မွန်ဒီ ဆိပ်ကမ်းမြို့ငယ်လေးတွင် ၁၅၁၂ ခုနှစ်၌ မွေးဖွားခဲ့သည်။ သူသည် လူဗန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ဘွဲ့ရပြီးနောက် အရစ္စတိုတယ်၏အယူအဆများကို လေ့လာခဲ့သည်၊ မကြာမီ သူသည် သမ္မာကျမ်းစာ၏အယူအဆများနှင့် အရစ္စတိုတယ်၏အယူအဆများ ဆန့်ကျင်ဖီလာဖြစ်နေမှုကို ရင်ကြားစေ့ပေးနိုင်ခြင်းမရှိ၍ စိတ်ပျက်ခဲ့ရသည်။ မာကာတာ ဤသို့ရေးခဲ့သည်– “ကမ္ဘာ့မူလအစကိုဖော်ပြသော မောရှေ၏ရေးသားချက်များသည် အရစ္စတိုတယ်နှင့် ကျန်အတွေးအခေါ်ပညာရှင်များ၏အမြင်နှင့် နည်းများစွာဖြင့် မကိုက်ညီသည်ကို ကျွန်ုပ်တွေ့လိုက်ရ၏။ အတွေးအခေါ်ပညာရှင်များပြောသော အမှန်တရားများကို ကျွန်ုပ် စသံသယဝင်လာပြီး သဘာဝတရားကို စတင်လေ့လာခဲ့သည်။”

မာကာတာသည် အတွေးအခေါ်ပညာရှင်တစ်ဦး မဖြစ်လိုသောကြောင့် ထပ်ဆင့်တက္ကသိုလ်ပညာရေးကို လက်လွှတ်လိုက်သည်။ သို့သော် သူသည် သူ့ဘဝအသက်တာ၏ ကျန်ရှိသောအချိန်များတွင် သမ္မာကျမ်းစာ၏ဖန်ဆင်းခြင်းမှတ်တမ်း မှန်ကန်တိကျကြောင်း သက်သေထူနိုင်ရန် အထောက်အထားများ ကြိုးစားရှာဖွေခဲ့သည်။

ပထဝီဝင်ပညာရပ်ဘက်သို့ ဦးလှည့်ခြင်း

၁၅၃၄ ခုနှစ်တွင် မာကာတာသည် သင်္ချာပညာရှင် ဂျမ်မာ ဖရီစီအပ်စ်ထံတွင် သင်္ချာပညာ၊ နက္ခတ်တာရာပညာနှင့် ပထဝီဝင်ပညာတို့ကို စတင်သင်ယူခဲ့သည်။ ထို့ပြင် မာကာတာသည် ပုံထွင်းသူနှင့် ကမ္ဘာလုံးပုံပြုလုပ်သူ (globemaker) တစ်ဦးဖြစ်သော ဂတ်စ်ပါ ဗန်ဒါ ဟိုင်ဒန်ထံမှ ပုံထွင်းခြင်းအတတ်ပညာကို လေ့လာသင်ယူခဲ့သည်။ ၁၆ ရာစုအစပိုင်းတွင် မြေပုံရေးဆွဲသူများသည် မြေပုံပေါ် အချက်အလက်များရေးသားနိုင်ရန် နေရာလွတ် နည်းစေသော ထူထည်းမဲနက်သည့် ဂေါသစ်ခ်စာလုံးများကို အသုံးပြုခဲ့ကြသည်။ သို့သော်၊ မာကာတာသည် အီတလီမှ စာလုံးစောင်းဟုခေါ်သော လက်ရေးဆက်ရေးသားသည့် ပုံစံအသစ်ကို အသုံးပြုရန်ရွေးချယ်ခဲ့သည်၊ ယင်းက ကမ္ဘာလုံးပုံပြုလုပ်ရာတွင် အကျိုးရှိကြောင်း ထင်ရှားခဲ့၏။

၁၅၃၆ ခုနှစ်တွင် မာကာတာသည် ဖရီစီအပ်စ်၊ ဗန်ဒါ ဟိုင်ဒန်တို့နှင့်အတူ ကမ္ဘာလုံးပြုလုပ်ရာတွင် ပုံထွင်းသူတစ်ဦးအနေနှင့် ပါဝင်လုပ်ဆောင်ခဲ့သည်။ မာကာတာ၏ လှပသော လက်ရေးဆက်များသည် ထိုစီမံကိန်း အောင်မြင်ရေးတွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သည်။ အခြားမြေပုံရေးဆွဲသူတစ်ဦးက “အမေရိကန်တည်နေရာများ၏ အမည်ငါးဆယ်ကို လူတစ်ရပ်စာရှိသော နံရံကပ်မြေပုံပေါ်တွင် ထည့်သွင်းခဲ့ချိန်တွင် မာကာတာသည် အချင်း လက်ဝါးနှစ်ဝါးစာမျှသာရှိသော စက်လုံးပေါ်တွင် နေရာခြောက်ဆယ်ကို ထည့်သွင်းခဲ့သည်” ဟုမာကာတာ၏အကြောင်းကိုရေးသော ခေတ်သစ်အတ္ထုပ္ပတ္တိရေးသူ နီကိုလပ်စ်ကရိန်းက ရေးသားခဲ့သည်။

မြေပုံရေးဆွဲသူတစ်ဦး ထွက်ပေါ်လာ

၁၅၃၇ ခုနှစ်တွင် မာကာတာသည် “ဟေဗြဲနှင့် ခရစ်ယာန်ဂရိကျမ်းစောင် နှစ်မျိုးစလုံးကို ကောင်းစွာနားလည်ရန်” ၎င်း၏ပထမဆုံးသော “တစ်ကိုယ်တော်ဖန်တီးမှု” ဖြစ်သည့် သန့်ရှင်းသောနယ်မြေ၏မြေပုံကို ရေးဆွဲခဲ့သည်။ ၁၆ ရာစုတွင် သန့်ရှင်းသောနယ်မြေ၏ မြေပုံများသည် အလွန်ပင် မတိမကျဖြစ်ခဲ့သည်၊ အချို့မြေပုံများတွင် တည်နေရာအမည် ၃၀ ပင်မပြည့်သည့်အပြင် အများစုမှာလည်း တည်နေရာလွဲနေသည်။ သို့သော် မာကာတာ၏မြေပုံသည် တည်နေရာ ၄၀၀ ကျော်ကို သတ်မှတ်ဖော်ပြခဲ့သည်။ ထို့ပြင် အစ္စရေးလူမျိုးများ အီဂျစ်ပြည်မှထွက်လာပြီးနောက် သဲကန္တာရကိုဖြတ်သန်းသည့် ခရီးလမ်းကြောင်းကို ယင်းမြေပုံတွင် ဖော်ပြသည်။ ယင်း၏တိကျမှန်ကန်မှုများကြောင့် မာကာတာ၏ခေတ်ပြိုင်များက အလွန်အံ့သြချီးမွမ်းခဲ့ကြသည်။

မာကာတာသည် မိမိရရှိခဲ့သောအောင်မြင်မှု၏ တွန်းအားကြောင့် ၁၅၃၈ ခုနှစ်တွင် ကမ္ဘာ့မြေပုံတစ်ခုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းအချိန်မတိုင်မီက မြေပုံရေးဆွဲသူများသည် မြောက်အမေရိကတိုက်အကြောင်း အနည်းငယ်သာ သိခဲ့ကြပြီး ယင်းဒေသကို လူမသိသော ဝေးလံသည့်နေရာဟုခေါ်ကြသည်။ “အမေရိက” ဟူသောပထဝီဝင်အမည်မှာ ရှိနှင့်ပြီးသားဖြစ်သော်လည်း မာကာတာသည် ယင်းအမည်ကို မြောက်နှင့်တောင် အမေရိကဟု ပထမဦးဆုံး ရည်ညွှန်းအသုံးပြုခဲ့သောပုဂ္ဂိုလ်ဖြစ်သည်။

ကမ္ဘာ့သမုဒ္ဒရာများကို စူးစမ်းရှာဖွေနေပြီး နယ်မြေသစ်များစွာကို ရှာဖွေတွေ့ရှိနေသည့်အချိန်တွင် မာကာတာ အသက်ရှင်ခဲ့သည်။ သင်္ဘောသားများသည် ကွဲလွဲသော သတင်းအချက်အလက်များကို ပေးပို့သည့်အတွက် မြေပုံရေးဆွဲရန် ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်ကာ မသိသောအချက်အလက်ကို မှန်းဆထည့်ခဲ့ကြရသည်။ သို့သော်၊ ၁၅၄၁ ခုနှစ်တွင် မာကာတာသည် မိမိ၏ရည်မှန်းချက်ဖြစ်သော “လက်ရှိပြုလုပ်ခဲ့ပြီးသမျှထက် ပို၍ပြည့်စုံသော မြေပုံတစ်ခု” ကိုရေးဆွဲနိုင်ခဲ့သည်။

အယူမှားသူများ၏ စွပ်စွဲခြင်းကိုခံရ

မာကာတာနေထိုင်သော လူဗန်တွင် လူသာရင်ဂိုဏ်းဝင်များစွာရှိသည်။ ၁၅၃၆ ခုနှစ်တိုင်သော် မာကာတာသည် လူသာရင်အယူဝါဒကို သက်ဝင်ယုံကြည်ခဲ့ပြီး သူ၏ဇနီးသည် နောက်ပိုင်းတွင် လူသာရင်ဂိုဏ်းဝင်တစ်ဦးဖြစ်လာပုံရသည်။ ၁၅၄၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မာကာတာသည် “သံသယရှိဖွယ် စာများ” ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် လူဗန်မြို့ရှိ အခြားမြို့သား ၄၂ ဦးနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် သူသည် သန့်ရှင်းသောနယ်မြေ၏မြေပုံကို ထုတ်ဝေဖြန့်ချိခဲ့သည့်အတွက် လူဗန်တက္ကသိုလ်မှ ဘာသာရေးပညာရှင်နှစ်ဦးဖြစ်သူ တတ်ပါနှင့် လာတိုမက်စ်တို့၏သံသယစိတ်ကို နှိုးဆွခဲ့သည်။ ထိုသူနှစ်ဦးစလုံးသည် ၁၅၃၆ ခုနှစ်တွင် ဘယ်လ်ဂျီယံ၌ ကွပ်မျက်ခြင်းခံခဲ့ရသည့် ကျမ်းစာဘာသာပြန်သူ ဝီလျံ တင်ဒေးလ်ကို စစ်ဆေးရာတွင် ကြီးကြပ်ခဲ့သူများဖြစ်သည်။ မာကာတာ၏ သန့်ရှင်းသောနယ်မြေ၏မြေပုံသည် တင်ဒေးလ်၏ဘာသာပြန်ကျမ်းနည်းတူ ကျမ်းစာဖတ်ခြင်းကို အားပေးခဲ့သည်ကို တတ်ပါနှင့် လာတိုမက်စ်တို့က စိုးရိမ်ခဲ့ပုံရသည်။ မည်သို့ပင်ဖြစ်စေ၊ မာကာတာသည် ၎င်း၏ဇာတိမြို့ဖြစ်သော ရူပယ်လ်မွန်ဒီ ရဲတိုက်တွင် အကျဉ်းချခံခဲ့ရသည်။

စစ်ဆေးခံရသူများထဲမှတစ်ဦးဖြစ်သူ အန်ထော်နက် ဗန် ရက်စ်မောလ်စ်က မာကာတာသည် ပရိုတက်စတင့်၏ သီးသန့်ကျမ်းစာဖတ်ရွတ်ပြပွဲကို မည်သည့်အခါကမျှ တက်ရောက်ခဲ့ဖူးခြင်းမရှိဟု သက်သေထွက်ဆိုခဲ့သည်။ သို့သော် သူကိုယ်တိုင်ကမူ ထိုကဲ့သို့သောဖတ်ရွတ်ပြပွဲများကို တက်ရောက်ခဲ့သည့်အတွက် အသက်ရှူကျပ်၍ တဖြည်းဖြည်းသေဆုံးသွားစေရန် အန်ထော်နက်ကို အရှင်လတ်လတ် မြေမြှုပ်ခဲ့သည်။ မာကာတာသည် ခုနစ်လကြာ အကျဉ်းချခံရပြီးနောက် လွတ်လာသည်၊ သို့သော် သူ၏ပိုင်ဆိုင်ရာအားလုံးကိုမူ မင်းဘဏ္ဍာအဖြစ်သိမ်းယူခဲ့သည်။ ၁၅၅၂ ခုနှစ်တွင် မာကာတာသည် ထိုကဲ့သို့ ဘာသာရေးကွဲပြားမှုများကို ပိုမိုသည်းခံသော ဂျာမနီနိုင်ငံ၊ ဒရူးစဘာ့ဂ်မြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။

ပထမဆုံးမြေပုံပေါင်းချုပ်

မာကာတာသည် ကျမ်းစာဆိုင်ရာဖန်ဆင်းခြင်းမှတ်တမ်းဘက်မှ ဆက်လက်ခုခံကာကွယ်ခဲ့သည်။ သူသည် ကမ္ဘာဦးမှစ၍ လက်ရှိအချိန်အထိ ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခြင်းတစ်ခုလုံးကို ပေါင်းစပ်ခြင်း သို့မဟုတ် ခြုံငုံသုံးသပ်ခြင်းများပြုလုပ်ရာတွင် ၎င်းအသက်တာ၏အချိန်အများစုကို မြှုပ်နှံခဲ့သည်။ ထိုအလုပ်တွင် သက္ကရာဇ်စဉ်နှင့် ပထဝီဝင်ဆိုင်ရာအချက်အလက်များ ပါဝင်သည်။

၁၅၆၉ ခုနှစ်တွင် မာကာတာသည် ကရိုနိုလိုဂျီယာ ဟုအမည်ပေးထားသော ဖန်ဆင်းချိန်မှစ၍ အရေးကြီးဆုံးသမိုင်းဝင်ဖြစ်ရပ်များကို စုစည်းထားသည့် ပထမဆုံးအပိုင်းတစ်ပိုင်းကို ထုတ်ဝေခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ၎င်း၏စာဖတ်သူများအနေဖြင့် မိမိတို့ရောက်ရှိနေသော အချိန်ကာလနှင့် သမိုင်းကြောင်းကို သိရှိနားလည်စေရန်ဖြစ်သည်။ သို့သော် ၁၅၁၇ ခုနှစ်၌ မာကာတာသည် လူသာ၏ အာပတ်ဖြေမှုကို ဆန့်ကျင်ခြင်းကို မိမိ၏စာအုပ်တွင် ထည့်သွင်းဖော်ပြခဲ့သောကြောင့် ကရိုနိုလိုဂျီယာသည် ကက်သလစ် ချာ့ခ်ျ၏ ပိတ်ပင်ထားသောစာအုပ်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။

နောက်ပိုင်းနှစ်များတွင် မာကာတာသည် သူ၏ အသစ်သောပထဝီဝင်ဆိုင်ရာ မြေပုံများရေးဆွဲခြင်းနှင့် သတ္တုပြားများပေါ်၌ ပုံနှိပ်စာလုံးများထွင်းခြင်းတွင် အချိန်များစွာမြှုပ်နှံခဲ့သည်။ ၁၅၉၀ ပြည့်နှစ်တွင် မာကာတာသည် လေဖြတ်သွားရာ စကားမပြောနိုင်တော့ဘဲ ကိုယ်တစ်ခြမ်းသေသွားသဖြင့် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ရန် အလွန်ခက်ခဲသွားခဲ့သည်။ သို့သော်၊ သူသည် မိမိ၏တစ်သက်တာလုပ်ငန်းကို မပြီးမပြတ်ဖြင့် မထားခဲ့ရန် သန္နိဋ္ဌာန်ချထားသောကြောင့် သူသေဆုံးသည့် ၁၅၉၄ ခုနှစ်၊ အသက် ၈၂ အရွယ်အထိ ယင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ မာကာတာ၏သား ရူမိုးလ်သည် မပြီးစီးသေးသော မြေပုံငါးခုကို အပြီးသတ်ခဲ့သည်။ ၁၅၉၅ ခုနှစ်တွင် မာကာတာ၏ ပြီးပြည့်စုံသော မြေပုံပေါင်းချုပ်ကို ဖြန့်ချိခဲ့သည်။ ယင်းစာအုပ်သည် မြေပုံပေါင်းချုပ်ဟူသည့်အမည်နှင့်လိုက်အောင် မြေပုံများကိုစုစည်းထားသော ပထမဆုံးစာအုပ်ဖြစ်၏။

မာကာတာ၏မြေပုံပေါင်းချုပ်တွင် ကမ္ဘာဦးကျမ်း၏ ပထမဦးဆုံးအခန်းကြီးကို ဆွေးနွေးထားသည်၊ ယင်းတွင် အတွေးအခေါ်ပညာရှင်များ၏ ဆန့်ကျင်မှုများကို ချေပကာ ဘုရားသခင့်နှုတ်မြွက်တော်၏စစ်မှန်မှုကို ခုခံကာကွယ်ထားသည်။ မာကာတာက ယင်းစာအုပ်ကို “ကျွန်ုပ် တပင်တပန်းလုပ်ဆောင်ခဲ့ရာအားလုံး၏ပန်းတိုင်” ဟုခေါ်ဆိုခဲ့သည်။

“ကျွန်ုပ်တို့ခေတ်၏ အကြီးကျယ်ဆုံး ပထဝီပညာရှင်”

၁၆၀၆ ခုနှစ်တွင် ယိုဒိုကပ်စ် ဟွန်ဒီးရပ်စ် ထုတ်ဝေခဲ့သော အကျယ်ချဲ့ထားသည့် မြေပုံပေါင်းချုပ်ကို ဘာသာစကားများစွာဖြင့် ပုံနှိပ်ဖြန့်ချိခဲ့ရာ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်လာခဲ့သည်။ ၁၆ ရာစုမှ မြေပုံရေးဆွဲသူတစ်ဦးဖြစ်သူ အာဗရာဟမ် အော်တယ်လ်လီးယပ်စ်က မာကာတာကို “ကျွန်ုပ်တို့ခေတ်၏ အကြီးကျယ်ဆုံး ပထဝီပညာရှင်” ဟု ချီးကျူးခဲ့သည်။ မကြာသေးမီက စာရေးဆရာ နီကိုးလပ်စ် ကရိန်းက မာကာတာအား “ကမ္ဘာဂြိုဟ်ကို မြေပုံဆွဲခဲ့သူ” ဟုဖော်ပြခဲ့သည်။

မာကာတာ ထားရှိခဲ့သော အမွေအနှစ်သည် ကျွန်ုပ်တို့နေ့စဉ်အသက်တာ၏ အစိတ်အပိုင်း ဖြစ်နေဆဲပင်။ ဥပမာ၊ မြေပုံစာအုပ်တစ်အုပ်ကို ရှာဖွေကြည့်ရှုသောအခါ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်၏ ခလုတ်ကိုဖွင့်သောအခါ ဘုရားသခင့်ဖန်ဆင်းခြင်းတွင် မိမိရှိနေသည့် အချိန်ကာလနှင့် တည်နေရာကိုသိရှိရန် ဘဝတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံခဲ့သည့် အာဂပုဂ္ဂိုလ် မာကာတာ၏ ကြိုးစားအားထုတ်မှုများမှ ကျွန်ုပ်တို့ အကျိုးကျေးဇူးခံစားနေကြရသည်။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

မာကာတာ—ဇွဲလုံ့လရှိသော ကျမ်းစာကျောင်းသားတစ်ဦး

ကမ္ဘာမြေကြီးသည် ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ကြွယ်ဝခြင်းတို့တည်ရာ နေရာတစ်ခု ပြန်ဖြစ်လာမည်ကို မာကာတာ ယုံကြည်ခဲ့သည်။ သူသည် ရောမ အခန်းကြီး ၁-၁၁ နှင့်ပတ်သက်သည့် မထုတ်ဝေခဲ့သော ရှင်းလင်းချက်မှတ်စုကိုရေးသားခဲ့၏၊ ယင်းတွင် ကြိုတင်သတ်မှတ်ထားခြင်းဟူသည့် ကယ်လ်ဗင်၏အယူအဆမှာ မဟုတ်မမှန်ကြောင်း ချေပထားသည်။ စိတ်ဝင်စားစရာမှာ သူသည် မာတင်လူသာနှင့်လည်း သဘောထားချင်းကွဲလွဲခဲ့ပြီး ကယ်တင်ခြင်းအတွက် ယုံကြည်ခြင်းအပြင် လုပ်ရပ်လည်းလိုအပ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ စာတစ်စောင်တွင် မာကာတာက အပြစ်တရားသည် “ဂြိုဟ်များ [နက္ခတ်ဗေဒင်] မှ ဖြစ်တည်လာခြင်းမဟုတ်သကဲ့သို့ ဘုရားသခင် ဖန်ဆင်းထားသည့် မည်သည့်သဘာဝဗီဇမဆိုမှလည်း လာခြင်း မဟုတ်ပါ၊ လူ၏လွတ်လပ်စွာရွေးချယ်ခွင့်မှသာ ဖြစ်ပေါ်လာခြင်းဖြစ်သည်” ဟု ရေးသားခဲ့သည်။ ၎င်းရေးသားသည့်စာတွင် မုန့်နှင့် စပျစ်ရည်သည် ခရစ်တော်၏ပကတိအသား၊ အသွေးအဖြစ်သို့ အံ့ဖွယ်နည်းဖြင့် ပြောင်းလဲသွားသည်ဟူသည့် ရိုမန်ကက်သလစ်တို့၏ အခြေခံအယူဝါဒကို ငြင်းဆန်ခဲ့ပြီး “ဤမုန့်သည် ငါ၏ကိုယ်ဖြစ်သည်” ဟူသော ယေရှု၏နှုတ်ထွက်စကားကို စာသားအတိုင်းမဟုတ်ဘဲ ပုံဆောင်သဘောအရသာ ယူမှတ်သင့်ကြောင်း ဖော်ပြထားသည်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မာကာတာတန်းဆွဲခြင်း

လိမ္မော်သီးတစ်လုံး၏အခွံကို ပြန့်သွားအောင် သင်ကြိုးစားဖူးသလော။ မှန်ပါသည်၊ ထိုလိမ္မော်သီးအခွံပုံမပျက်ဘဲနှင့်တော့ ယင်းသို့လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။ ပြန့်ပြူးသောမြေပုံပေါ်တွင် ကမ္ဘာလုံး (ကမ္ဘာမြေကြီး) ကို မည်သို့တန်းဆွဲရမည်နည်းဟူသည့် မြေပုံရေးဆွဲသူများ ရင်ဆိုင်ရသောပြဿနာကို ထိုဥပမာကဖော်ပြသည်။ မာကာတာသည် ယခုအချိန်တွင် မာကာတာတန်းဆွဲခြင်းဟု လူသိများသည့် စနစ်တစ်ခုကို မိတ်ဆက်ပေးခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းပေးခဲ့သည်။ အဆိုပါစနစ်တွင် အီကွေတာမှ ဝင်ရိုးစွန်းများအထိ လတ္တီတွဒ်အကွာအဝေးကိုဖြစ်စေသော လိုင်းများကို အချိုးကျစွာ ခြားထားသည်။ ထိုနည်းလမ်းသည် အကွာအဝေးနှင့် အရွယ်အစားကို (အထူးသဖြင့် မြောက်နှင့်တောင်) ယုံ့ရွဲ့သွားစေသော်လည်း ယင်းသည် မြေပုံရေးဆွဲခြင်းအတတ်ပညာတွင် ကြီးမားသော အောင်မြင်မှုကြီး တစ်ရပ်ဖြစ်ခဲ့သည်။ ၁၅၆၉ ခုနှစ်တွင် ထုတ်ဝေသော မာကာတာ၏ နံရံကပ်ကမ္ဘာ့မြေပုံသည် မြေပုံရေးဆွဲသူ တစ်ဦးအနေနှင့် ၎င်း၏ဂုဏ်ပုဒ်ကို များစွာတက်စေခဲ့သော အပြောင်မြောက်ဆုံးလက်ရာတစ်ခုဖြစ်သည်။ အမှန်မှာ၊ ၎င်း၏တန်းဆွဲခြင်းကို သမုဒ္ဒရာမြေပုံများတွင်နှင့် ခေတ်သစ်ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်တို့တွင် အသုံးပြုနေဆဲဖြစ်သည်။

[ရုပ်ပုံ]

မာကာတာတန်းဆွဲခြင်းကို အဖုံးဖွင့်ဆလင်ဒါပုံစံ စာရွက်တစ်ရွက်ကို သုံးကာ ကမ္ဘာကြီးကို ပြန့်ပြား သွားအောင် ပြုလုပ်ခြင်းနှင့်နှိုင်းယှဉ်နိုင်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

၁၅၃၇ ခုနှစ်မှ မာကာတာ၏ သန့်ရှင်းသောနယ်မြေဆိုင်ရာ မြေပုံသည် နေရာ ဒေသ ၄၀၀ ကျော်ကို ခွဲခြားဖော်ပြခဲ့

[စာမျက်နှာ ၁၇၊ ၁၈ ပါ ရုပ်ပုံ]

၁၅၃၈ ခုနှစ်မှ မာကာတာ၏ ကမ္ဘာ့မြေပုံ

အမေရိကတိုက်များမှ “AMERI CAE” ဟူသော စကားလုံးကို သတိပြုပါ

[Picture Credit Line on page 15]

Antwerpen, Stedelijk Prentenkabinet

[Picture Credit Line on page 26]

Both maps: From the American Geographical Society Library, University of Wisconsin-Milwaukee Libraries