မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

၁၉၇၀ ပြည့်နှစ်နှင့် ၂၀၀၅ ခုနှစ်စပ်ကြား ၃၅ နှစ်အတွင်းတွင် ကျောရိုးရှိမျိုးစိတ်များဖြစ်သည့် ငါးများ၊ ကုန်းနေရေနေသတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များနှင့် နို့တိုက်သတ္တဝါများ၏ လေးပုံတစ်ပုံမှာ မျိုးသုဉ်းသွားပြီဖြစ်သည်။—SÜDDEUTSCHE ZEITUNG ဂျာမနီ။

ဇင်ဘာဘွေနိုင်ငံသည် ၂.၂ သန်းရာခိုင်နှုန်း ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန်ကြိုးစားသည့်အနေနှင့် ၂၀၀၈၊ ဩဂုတ်တွင် ငွေစက္ကူများ၏တန်ဖိုးကို သုညဆယ်လုံးလျှော့ချလိုက်သည်။ ထို့ကြောင့် ဒေါ်လာ ၁၀ ဘီလီယံတန်ငွေစက္ကူသည် ဇင်ဘာဘွေငွေတစ်ဒေါ်လာနှင့် ညီမျှသွားသည်။AGENCE FRANCE PRESSE ဇင်ဘာဘွေ။

“အမေရိကန်နိုင်ငံတွင် ၂၀၀၅ ခုနှစ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသူ ၁၂,၀၀၀ ကျော်ရှိခဲ့သည်။ သို့သော် ဒဏ်ရာရသော်လည်း အသက်မသေသူ အရေ အတွက်မှာ ပိုမိုများပြားခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ၅၃,၀၀၀ နီးပါးသည် အရေးပေါ်အခန်းများ၌ ကုသမှုခံယူခဲ့ရ၏။”—THE SEATTLE TIMES အမေရိကန်။

ခရစ္စမတ်သည် “ရွှင်မြူးစရာ” ချိန်ခါလော

ဩစတြေးလျတွင် ကွာရှင်းမှု ၂၀ ရာခိုင်နှုန်းခန့်သည် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ပြီးပြီးချင်းအချိန်တွင် ဖြစ်သည်ဟု ဆစ်ဒနီ ဆန်းဒေးတယ်လီဂရပ်သတင်းစာကဆိုသည်။ “ရန်ဖြစ်ထားတဲ့သူတွေ ဒါမှမဟုတ် အိမ်ထောင်ပြိုကွဲနေတဲ့သူတွေအများကြီး ကျွန်တော်တို့ ရုံးခန်းတွေပြန်ဖွင့်တာနဲ့ တံခါးပေါက်တွေမှာ ရောက်နေကြတာကို မြင်တွေ့ရတယ်။ တီဗွီအစီအစဉ်တွေနဲ့ ကြော်ငြာတွေမှာပြသလို ခရစ္စမတ်က အရမ်းပျော်စရာကောင်းမယ်လို့ လူတွေ မျှော်လင့်ကြတယ်” ဟု ကွာရှင်းပေးသည့်ရှေ့နေ ဘယ်ရီဖရိတ်ခ်ကဆိုသည်။ သူတို့ရဲ့အသက်တာတွေက ဒီလို “ဖြစ်ချင်တဲ့ မိသားစုပုံစံ” အတိုင်း ဖြစ်မလာတဲ့အခါ ကွာရှင်းဖို့ ရှာကြံလာကြတယ်ဟု သူက ထပ်ဆင့်၍ဆိုသည်။ ဩစတြေးလျမိသားစုအသင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အန်ဂျလာကွန်ဝါ၏အဆိုအရ “ကွာရှင်းခြင်းသည် ရေရှည်ပြဿနာများကို မဖြေရှင်းပေးချေ သို့မဟုတ် လူများတွေးထင်ထားသကဲ့သို့ ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုမရရှိစေပါ။” “သင့်အိမ်ထောင်အပေါ် စွဲကပ်နေပြီး အောင်မြင်အောင်ကြိုးစားတာက အကျိုးနပ်စေတယ်” ဟုသူကဆိုသည်။

“မီးနေသည်ဆောင်များ” အသက်ကယ်

ပီရူးနိုင်ငံသည် မီးဖွားစဉ်သေဆုံးမှုနှုန်းကို လျှော့ချရန် အကြီးအကျယ် ကြိုးစားအားထုတ်ခဲ့သည်။ အင်ဒီးစ်အမျိုးသမီးများအား အိမ်တွင်မီးဖွားခြင်းထက် ဆေးခန်းတွင် ကျွမ်းကျင်သည့်ဆေးဝါးစောင့်ရှောက်မှုကို ခံယူရန် အားပေးသည့်အနေနှင့် ပီရူးနိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ်ကျော်က “မီးနေသည်ဆောင်” ပေါင်း ၃၉၀ ကိုဖွင့်လှစ်ခဲ့သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် သူ၏မိသားစုသည် ဆေးခန်းအနီးတွင်ရှိသော မီးနေသည်ဆောင်တစ်ခုတွင် ကလေးမွေးဖွားချိန်အထိ နေထိုင်နိုင်သည်။ ဤအဆောင်များ၏ ဆွဲဆောင်မှုတစ်ခုမှာ “မတ်တတ်ရပ်၍ ကလေးမွေး” ခြင်းကဲ့သို့သော “ခေတ်မီဆေးဝါးနှင့် ဒေသခံဓလေ့များကို” ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်၊ ယင်းသည် “အားစိုက်ထုတ်ရခြင်းနှင့် မွေးဖွားချိန်ကို လျော့နည်းစေပြီး . . . လှဲလျောင်းနေခြင်းထက် ကလေးမွေးခြင်းကို မိခင်များအား မြင်တွေ့စေသည်” ဟု ကူစကိုမှရိုက်တာသတင်းက ဖော်ပြသည်။

အမြဲနောက်ကျ

၂၀၀၈ ခုနှစ် အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန၏ မှတ်တမ်းအရ အမေရိကန်ရှိ ဇယားဆွဲထားသော လေကြောင်းလိုင်းအားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်သည် ၁၅ မိနစ်ကျော်နောက်ကျမှ ဆိုက်ရောက်လာသည်။ အချိန်မမှန်ဆုံးလေကြောင်းလိုင်းများထဲမှ တစ်ခုမှာ တက္ကဆက်မှ ကယ်လီဖိုးနီးယားသို့ ပျံသန်းသောလေကြောင်းလိုင်းဖြစ်ပြီး မည်သည့်အခါမျှ သတ်မှတ်ထားသောအချိန်တွင် မဆိုက်ရောက်ခဲ့ချေ။